Switch Mode

Chapter – 17

အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း - ၁

ရတနာတန်ခိုးရှင်၏ကံကြမ္မာ

မူရင်းရေးသူ – Tang Jia San Shao

အခန်း ( ၁၇ ) အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်…ကောင်းကင် ရတနာ နှိုးထခြင်း – ၁

ဗိုလ်ချုပ်စံအိမ်

ဧည့်ခန်းထဲတွင် လူနှစ်ယောက်သည် ပင်မထိုင်ခုံများတွင်ထိုင်နေကြသည်။ တစ်ယောက်မှာ ကောင်းကင်လေးအင်ပါယာ၏ လက်ရှိဧကရာဇ်တီဖုန်းလင်ဖြစ်သည်။ တစ်ခြားတစ်ဖက်တွင် အသက် ၅၀ အရွယ်ခန့်ရှိပြီး သံစေတီကြီးတစ်ခုကဲ့သို့ တည်ငြိမ်ခိုင်မတ်စွာထိုင်နေသော ကြံ့ခိုင်သန်မာသည့်လူကြီးတစ်ဦးရှိနေသည်။ ကျန်းမာသန်စွမ်းသည့်အရောင်တလက်လက်တောက်ပနေသော ကြေးနီရောင်အသားအရေ၊ လေးထောင့်ကျကျမျက်နှာ၊ ကျားရဲသဏ္ဌာန်စူးရှသည့်မျက်လုံးများ၊ ဖြောင့်စင်းသောနှာတံနှင့် ထောင့်မှန်သဏ္ဌာန်ကျယ်ပြောလှသောပါးစပ် တို့ရှိနေသည်။ ထိုင်နေသော်လည်း မည်သူမဆို သူ၏ကြီးမားကြံ့ခိုင်သောခန္ဓာကိုယ်ကြီးကို အလွယ်တကူမြင်နိုင်သည်။ ကျောက်တုံးကြီးများကဲ့သို့မာကျောကျစ်လျစ်လှသော ကြွက်သားကြီးများက ယူနီဖောင်းအောက်မှ ဖုထစ်ကြွရွနေသည်။ မျက်လုံးများအတွင်းတွင် စွမ်းအင်များပြည့်လျှမ်းနေပြီး နက်မှောင်သောမျက်ဝန်းအတွင်းမှ အရောင်များ တိုးထွက်တောက်ပနေသည်။ ဤလူကြီးမှာ ကောင်းကင်လေးအင်ပါယာ၏ထောက်တိုင်ကြီးဖြစ်သော ကျိုးဝေ့ချင်း၏အဖေ ဗိုလ်ချုပ်ကျိုးတချွေနျူ ဖြစ်သည်။

ဗိုလ်ချုပ်ကျိုးမှာ ရှမ်ကွမ်းပင်းအာနှင့် ဘဝတူသည်။ သူသည်သာမန်မိသားစုမှမွေးဖွားလာသူဖြစ်သည်။ သူ့ဘဝက ရေကျွဲကျောင်းကာ ကြီးပြင်းလာရသည်။ ယင်းက သူ့ဤနာမည်ကိုရရှိခြင်း၏ အကြောင်းအရင်းဖြစ်သည်။ သို့သော် သူ့ထိုနာမည်အား မည်သူမှမလှောင်ပြောင်ရဲပေ။ ယင်းသို့လုပ်သောသူသည် သေရမည်ဖြစ်သည်။

” အရှင်မင်းကြီး ဒါကိုကြည့်လိုက်ပါ။ လူတစ်ယောက်က ကျုပ်ကိုဒီမနက်လာပေးသွားတာ။ ဒါဒီကောင်လေးရဲ့ လက်ရေးပဲ။ ”
ကျိုးတချွေနျူက တီဖုန်းလင်ကို ကမ်းပေးလိုက်သည်။

” အစ်ကိုကျိုး… ခင်းဗျားကျုပ်ကို စိတ်သက်သာအောင်လုပ်နေတာလား။ ကျုပ်ဆုံးဖြတ်ပြီးပြီ။ ဝေ့ချင်းတစ်ခုခုဖြစ်ရင် တီဖူရာလည်းသူနဲ့အတူသေရမယ်။ ”
တီဖုန်းလင် ပြတ်သားစွာပြောလိုက်သည်။ သူ မနေ့ကတည်းက ကိုယ်တိုင်တောင်းပန်ဖို့ တီဖူရာကို စံအိမ်သို့ခေါ်ဆောင်လာခဲ့သည်။ ကျိုးဝေ့ချင်းက ပြန်မရောက်ပေ။ ချက်ချင်း မြို့တော်တစ်ခွင်ရှာဖွေရန် လူအများအပြားကို စေလွှတ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။

ကျိုးတချွေနျူက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
” အရှင်မင်းကြီး… ဒီလိုအရာရှိတစ်ယောက်က အရှင့်ကို ဘယ်လိုလိမ်ညာရဲပါ့မလဲ။ ဒီကောင်လေးရဲ့ ရိုးသားတဲ့အပြင်ပန်းပုံစံကြောင့် အရှင်မင်းကြီး အလိမ်မခံသင့်ဘူး။ ဒီကောင်က အခြားသူတွေထက် ပိုပြီးဥာဏ်များတယ်။ ကျုပ်တောင် ခဏခဏ အလိမ်ခံရတယ်။ ကျုပ်ခန့်မှန်းချက်အရဆိုရင် ဒီအချိန်မှာ သူတော်တော်ဒုက္ခရောက်ရတော့မှာကိုသိပြီး ကျုပ်ရိုက်မှာကိုကြောက်လို့ အိမ်ကထွက်ပြေးသွားတာဖြစ်လိမ့်မယ်။ သူကပြောထားသေးတယ်။ ဟမ့်… ကောင်းကောင်းမွန်မွန်သွားတာ။ အသက်ရှင်သန်ဖို့ခရီးရှည်တဲ့။ အဓိပ္ပါယ်မရှိတာ။ အိမ်မပြန်ရဲတာဆိုရင်ပိုမှန်လိမ့်မယ်။ ကျုပ်တို့ သူ့ကိုလျစ်လျူရှုထားရအောင်။ ”

တီဖုန်းလင် ခါးသီးစွာပြုံးပြီးပြောလိုက်သည်။
” ဝေ့ချင်း အိမ်ကို လုံလုံခြုံခြုံပြန်မရောက်မချင်း ကျုပ်တော့စိတ်အေးရမှာမဟုတ်ဘူး။ ဒီအခြေအနေက တီဖူရာ့အမှားတွေချည်းပဲ။ အစ်ကို…ဝေ့ချင်းအိမ်ကိုပြန်လာရင် မရိုက်ပါနဲ့။ ဒီကလေး ……သနားစရာကောင်းလိုက်တာ။ မွေးကတည်းကသွေးကြောပိတ်လာတာ သူ့အပြစ်မဟုတ်ပါဘူး။ သူ့ကိုပိုပြီးခက်ခဲအောင် ခင်ဗျားမလုပ်သင့်တော့ဘူး။ ”

” ဟမ့် ”
ကျိုးတချွေနျူ မကျေမနပ်ပြောလိုက်သည်။
” အဖေကကျား…သားကခွေး။ ဒီအမှိုက်ကောင်က အနည်းဆုံးတော့ သူ့အကန့်အသတ်ကိုသူသိတယ်။ သူမှန်တယ်။ သူကဘယ်လိုလုပ် မင်းသမီးနဲ့ယှဉ်လို့ရမှာလဲ။ ကျုပ်အမြင်အရ သူပြောသလို ကျုပ်တို့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်မယ်။ ”

တီဖုန်းလင်၏ မျက်နှာမှာပြောင်းလဲသွားသည်။
” ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ တီဖူရာက အခုဆို ခင်ဗျားတို့ကျိုးမိသားစုရဲ့ အစိတ်အပိုင်းပဲ။ ကျိုးမိသားစုဝင်အဖြစ်နဲ့ပဲ သေရမယ်။ အစ်ကို… ဘုရင်တွေက အကြောင်းတစ်ခုခုကို ပေါ့ပေါ့တန်တန်မပြောဘူးဆိုတာ ခင်ဗျားသိပါတယ်။ ဒီကိစ္စကို ဆွေးနွေးစရာအကြောင်းမရှိတော့ဘူး။ ကျုပ်ကဝေ့ချင်း ရတနာသခင် မဖြစ်လို့ အထင်သေးပြီး စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဘယ်လိုမျက်နှာမျိုးနဲ့ ခင်ဗျားကို အစ်ကိုလို့ခေါ်ရတော့မလဲ။ ”

———————————————————-

ကျိုးဝေ့ချင်းသတိ ပြန်ရလာသည့်အခါ သူကိုယ်သူ တဲထဲပြန်ရောက်နေသည်ကိုတွေ့လိုက်သည်။ သူနိုးလာသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေသည်ကိုခံစားလိုက်ရသည်။ချွေးများက ခန္ဓာကိုယ်မှာ မခံမရပ်နိုင်အောင်ချွဲနစ်နေသည်။ အထူးသဖြင့် ခြေထောက်က လှုပ်ဖို့ပြင်လိုက်တိုင်း အပ်ချောင်းထောင်ပေါင်းများစွာနှင့်ထိုးဆွနေသလိုခံစားရသည်။ နာကျင်မှုကြောင့်ညည်းညူနေရသည်။

”ရှမ်ကွမ်းပင်းအာ…မင်းစောင့်နေပါ။ တစ်နေ့နေ့ ငါ့လက်အောက်မှာမင်းကိုနှိပ်ကွပ်ပြီး ဒုက္ခပေးဦးမယ်။ ”

အချိန်အနည်းငယ်မျှအနားယူပြီးနောက် ကျိုးဝေ့ချင်းသည် အိပ်စင်မှထ၍တရွေ့ရွေ့သွားရန်ပြင်လိုက်သည်။ သူထထိုင်လိုက်သည်နှင့် အိပ်စင်ဘေးတွင် ကြီးမားသောဇလုံကြီးနှစ်လုံးနှင့် လက်ရေးစာတစ်ကြောင်းကိုတွေ့လိုက်ရသည်။

ဇလုံကြီးနှစ်လုံးတွင် တစ်လုံး၌ ပူပူနွေးနွေးဘန်းမုန့်တုံးကြီးသုံးတုံးရှိနေပြီး အခြားတစ်လုံးတွင် အသီးအရွက်ကြော်နှင့် အသားဟင်းများထည့်ထားသော ပန်းကန်းပြားနှစ်ချပ်ရှိနေသည်။ နေ့လည်ခင်းက သူ့စွမ်းအင်အားလုံးကုန်ခမ်းသွားကာ ဆာလည်းဆာလောင်နေသည်။ ထို့ကြောင့် ချက်ချင်းအစားအစာများကိုယူစားကာ တွေးတောနေလိုက်သည်။ အနည်းဆုံးတော့ သူမမှာအသိစိတ်လေးတော့ရှိနေသေးသည်။ ဘန်းမုန့်များနှင့် ပန်းကန်ပြားများထဲရှိအစားအစာများမှာ ပူနွေးနေဆဲရှိနေသေးပြီး အရသာမှာလည်း အတော်ကောင်းမွန်သည်။ အတိအကျပင် ၄င်းမှာသာမန်စစ်သားများ၏စားသောက်ခန်းမှ လာသည်မဟုတ်ပေ။

စားနေရင်းက ကျိုးဝေ့ချင်းသည် စာတိုလေးကိုကြည့်လိုက်သည်။ စကားလုံးလေးလုံးသာရှိသည်။ ‘မနက် ဆက်မယ်။ ‘

” သေစမ်း…မပြီးသေးဘူးလား။ ”

” ငါ မင်းကို တစ်ခါကိုင်မိထားတယ်။ ”
ကျိုးဝေ့ချင်း မခံမရပ်နိုင်ပြောလိုက်သည်။ ထို့နောက် ဘန်းမုန့်တုံးကို မကျေမနပ်ဖျစ်ညှစ်ပြီး လက်ထဲကဖီလင်ကိုစိတ်ကူးယဉ်အာရုံနှစ်လိုက်သည်။

ကျိုးဝေ့ချင်း ညစာကိုခပ်သွက်သွက်စားလိုက်သည်။ တဲထဲမှမြန်မြန်ထွက်ကာ နာကျင်မှုကိုကျိတ်မှိတ်ပြီး ရေချိုးလိုက်သည်။ ဤငညစ်ကောင်မှာ ဥာဏ်များပြီး သေရမှာကြောက်သော်လည်း အသန့် အပြန့်ကြိုက်သည်ဆိုသောကောင်းသည့်အချက်တစ်ခုတော့ရှိနေသေးသည်။ အဝတ်များကိုလည်းလျှော်ဖွပ်လိုက်သေးသည်။ သူကအဆင့်အတန်းမြင့်မြင့်မွေးဖွားလာသဖြင့် အိမ်တွင်းမှုလုပ်ငန်းများကို လုပ်တတ်လိမ့်မည်မဟုတ်ဟု မထင်လိုက်ပါနှင့်။ စည်းကမ်းကြီးသည့်သူ့အဖေ၏စနက်ကြောင့် ထမင်းဟင်းချက်ပြုတ်ခြင်းမှသည် အဝတ်အစားလျှော်ဖွပ်ခြင်းအထိ အိမ်မှုကိစ္စအဝဝကို အတွေ့အကြုံမျိုးစုံပြီးဖြစ်သည်။ ဗိုလ်ချုပ်စံအိမ်တွင် ကျိုးဝေ့ချင်းသည် ခြံဝင်းငယ်လေးတစ်ခုထဲ၌ တစ်ယောက်တည်းနေခဲ့ရသည်။ အသက်ခြောက်နှစ်နောက်ပိုင်းတွင် သူ့ကိုလိုအပ်သမျှအရာမှန်သမျှ ထောက်ပံ့ပေးထားသော်လည်း အစေခံမရှိဘဲ မိမိကိုယ်ကိုအားကိုးတတ်အောင်နေစေခဲ့သည်။ ဗိုလ်ချုပ်ကျိုးနှင့်သူ့ဇနီးသည်တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ရသည်။ ယင်းကြောင့် ကျိုးဝေ့ချင်းမှာ ပြောရဆိုရခက်ပြီးပေကပ်ကပ်နိုင်သည်။ နောက်ဆုံး၌ ဗိုလ်ချုပ်ကတော်တစ်ဦးတည်းကသာ ကျိုးဝေ့ချင်း အိမ်မှုလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ဖို့ သင်ကြားခွင့်ရနိုင်ခဲ့သည်။

ရေချိုး ယူနီဖောင်းလျှော်ပြီးနောက် ယူနီဖောင်းအသစ်တစ်စုံလဲလှယ်ကာ တဲသို့ပြန်လာခဲ့သည်။ ယခုအချိန်တွင် တပ်ဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်လျက်ရှိနေသည်။

တဲကိုပြန်ရောက်ပြီးနောက် ကျိုးဝေ့ချင်းသည် သူ့နှင့်အတူပါလာသည့် အဝတ်အိတ်ကိုဖွင့်လိုက်သည်။ အထဲတွင် သူပန်းပဲရုံကထွက်လာပြီးနောက် ဝယ်လာခဲ့သည့်ပစ္စည်းမျိုးစုံရှိနေသည်။ ဟင်းခပ်အမွှေးအကြိုင်မျိုးစုံ၊ မီးအိမ်၊ ဆီ…စသည်ဖြင့်ပါဝင်သည်။ ယင်းတို့မှာ အရေးမပါသည့်အသေးအဖွဲပစ္စည်းလေးများဖြစ်သော်လည်း အသက်ရှင်သန်ရန်အတွက် မရှိမဖြစ်သောအရာများဖြစ်သည်။

သူစစ်သားတစ်ယောက်ဖြစ်လာသည့်အခါ အစိုးရိမ်ဆုံးအရာမှာ ကောင်းကောင်းမစားရမှာကိုဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကိုဝယ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ လိုအပ်လျှင် စားစရာများကိုအလွယ်တကူပြုလုပ်နိုင်မည်ဖြစ်သည်။ မီးအိမ်ဆီကတော့ ယခုပင်အသုံးဝင်လာပေလိမ့်မည်။

ကျိုးဝေ့ချင်း သူဆေးကြောခဲ့သည့် ထမင်းဇလုံကိုထုတ်လိုက်ပြီး မီးအိမ်ဆီအချို့ကို လောင်းထည့်လိုက်သည်။ ထို့နောက် အပ်ချည်ကြိုးမျှင်အနည်းငယ်ကို ရစ်ပတ်ချည်နှောင်လိုက်ပြီး ဆီထဲတွင် တစ်ခဏမျှစိမ်လိုက်ကာ မီးစာပြုလုပ်လိုက်သည်။ မီးထွန်းလိုက်ကာ ယာယီမီးအိမ်လေးတစ်ခုဖန်တီးလိုက်ပြီး သူ့တဲလေးတစ်ခုလုံးလင်းရှင်းနေလေသည်။

လုပ်စရာကိစ္စများပြုလုပ်ပြီးနောက် ခေါင်းကိုတဲအပြင်ဘက်ထုတ်ကာ ပတ်ဝန်းကျင်တွင် သူတစ်ဦးတည်းဟုတ်မဟုတ်သေသေချာချာစစ်ဆေးလိုက်သည်။ ပြီးနောက် ခေါင်းကိုပြန်သွင်းလိုက်သည်။ ထို့နောက် ရှပ်အင်္ကျီထဲကိုဂရုတစိုက်နှိုက်လိုက်ပြီး ထိုထဲတွင်သိမ်းထားသည့် ဆီစိမ်ပိတ်သားအိတ်တစ်လုံးကိုထုတ်ယူလိုက်သည်။

” ကံကောင်းတယ်… ငါဒါကို ဒီဆီစိမ်ပိတ်အိတ်ထဲမှာ ထုပ်ထားခဲ့လို့။ ဒီနေ့ ချွေးတွေတအားကြီးထွက်နေတာ။ ဒါသာပျက်စီးသွားရင် ငါတော့ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ။ ”

သူက အိတ်ကိုဂရုတစိုက်ဖွင့်လိုက်ကာ အထဲတွင်ရှိနေသော စာအုပ်အဟောင်းလေးတစ်အုပ်ကိုထုတ်လိုက်သည်။ ၄င်းကိုစက္ကူသားများဖြင့်ပြုလုပ်ထားသော်လည်း အရည်အသွေးမြင့်ဆိတ်သားရေဖြင့် ဖုံးအုပ်ထားသည်။ နှစ်လက်မခန့်ထူပြီး စာမျက်နှာဆယ်ပေါင်းများစွာပါရှိသည်။ ၄င်းမှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ဟန်ရှိပြီး အနားစများက ဖွာလန်ကျဲနေသည်။ စာအုပ်ထိပ်တွင် စာလုံးကြီးလေးလုံးရှိသည်။
‘ အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ် ‘

ဤဟာမှာ ကျိုးဝေ့ချင်း မနေ့က ကြယ်တာရာသစ်တောထဲတွင် ပြန်လည်ရှာဖွေယူခဲ့သော ရတနာဖြစ်သည်။ ယင်းမှာ သူအသက် ၁၀ နှစ်အရွယ် ဗိုလ်ချုပ်ကျိုးက သူ့ကို အသက်ရှင်သန်နိုင်မည့်စွမ်းရည်များလေ့ကျင့်နိုင်ရန် တောတွင်းရှိ ထူးခြားဆန်းကြယ်သောရှေးဟောင်းနယ်မြေတစ်ခုကို ပို့ခဲ့သည့်အချိန်က သူတွေ့ရှိခဲ့သည့်အရာဖြစ်သည်။ ၄င်းကို သူက အရိုးစုတစ်ခုပေါ်မှာတွေ့ခဲ့ပြီး ဗိုလ်ချုပ်ကျိုးကိုတောင်မပြောခဲ့ပေ။ သို့သော် ၄င်းကို ကြယ်တာရာသစ်တောအတွင်းရှိသစ်ပင်တစ်ပင်၏ သစ်ခေါင်းပေါက်တစ်ခုထဲတွင် ထိုအချိန်ကတည်းက ဖွက်ထားခဲ့သည်။

အဖုံးကိုဖွင့်ပြီးပထမစာမျက်နှာကိုဖတ်လိုက်သည့်အခါ စာကြောင်းငယ်တစ်ကြောင်းကို တွေ့လိုက်သည်။
‘အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်… အခြေခံနည်းလမ်းများ ‘

ပြင်းထန်သောစိတ်ဓာတ်ကြံ့ခိုင်မှုမရှိသူများသည် ဤဟာကိုသင်ယူနိုင်မည်မဟုတ်ပေ။ သေခြင်းတရားကို စိတ်ပိုင်းဖြတ်ပြီးမသင်ယူပါက ကျင့်ကြံနိုင်မည်မဟုတ်ပေ။ အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို မရဏနတ်ဘုရားပညာရပ်ဟုသတ်မှတ်ထားသေးသည်။ တန်ခိုးစွမ်းအင်ကျင့် အမှတ်များကဲ့သို့ မဟာမရဏအပ်စိုက်နေရာ ၃၆ ခုကိုအသုံးပြုပြီး မဖြစ်နိုင်သည့်အရာမှ ဖြစ်နိုင်သည့်အရာသို့ပြောင်းလဲပစ်၍ရသည်။ သေခြင်းမှ ရှင်ခြင်းသို့ပြောင်းလဲနိုင်သည်။ ပေါ့ဆလျှင် လုံးဝသေဆုံးလိမ့်မည်။ ဂရုစိုက်ပါ။ ဂရုစိုက်ပါလေ။

မဟာမရဏအပ်စိုက်မှတ် ၃၆ ခုကို ချိုးဖြတ်အောင်မြင်သောသူသည် လောက၏စွမ်းအားများကို လက်ခံရရှိကာ အသုံးပြုနိုင်မည်။ ကမ္ဘာလောကနှင့်အမျှ အသက်ရှင်သန်နိုင်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset