Switch Mode

Chapter – 16

ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များ - ၄

ရတနာတန်ခိုးရှင်၏ကံကြမ္မာ

မူရင်းရေးသူ – Tang Jia San Shao

အခန်း ( ၁၆ ) ကောငျးကငျရတနာသခငျမြား၏ လြှို့ဝှကျခကျြမြား – ၄

”ဝိုး……အရမ်းကြောက်စရာကောင်းတယ်။ ဒါက ကောင်းကင်ရတနာသခင်ရဲ့ ရတနာတစ်မျိုးတည်းက သဘာဝဒြပ်ရတနာသခင် ဒါမှမဟုတ်ရင် ခန္ဓာဒြပ်ရတနာသခင်ရဲ့ ရတနာနှစ်မျိုးထက်ပိုပြီးစွမ်းတယ်လို့ပြောချင်တာလား။ ”
ကျိုးဝေ့ချင်းအထိတ်တလန့်ပြောလိုက်သည်။

ရှမ်ကွမ်းပင်းအာ ဆိုလိုက်သည်။
” ဟုတ်တယ်…အကြမ်းဖျင်းအနေနဲ့တော့အားကောင်းတယ်။ ဒါပေမယ့် ကောင်းကင်ရတနာသခင်တွေက တန်ခိုးကျင့်တဲ့နေရာမှာ ခန္ဓာဒြပ်နဲ့ သဘာဝဒြပ်ရတနာသခင်တွေထက် ပိုပြီးခက်ခဲကြမ်းတမ်းတယ်။ ဒီအဓိကကုန်းမြေကြီးတစ်ခုလုံးမှာ အဆင့် ၉ အထိတန်ခိုးကျင့်သွားနိုင်တဲ့ ခန္ဓာဒြပ်ရတနာသခင်တွေနဲ့ သဘာဝဒြပ်ရတနာသခင်တွေအများကြီးရှိတယ်။ ဒါပေမယ့် အမြင့်ဆုံးအထိတန်ခိုးကျင့်ပြီးတဲ့ ကောင်းကင်ရတနာသခင်တစ်ယောက်ကိုမှ ငါမကြားဖူးသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြုံကြည့်လိုက်ရင် ကောင်းကင်ရတနာသခင်တွေက အဆင့်တန်းမြင့်ပြီးကွဲပြားတဲ့ပညာရှင်တွေပဲ။ ဒဏ္ဍာရီမှာဆိုရင် စွမ်းအားအကြီးဆုံးကောင်းကင်ရတနာသခင်တွေက ရတနာအဆင့်၁၂အထိလေ့ကျင့်နိုင်တယ်။ ဒီအဆင့်က သဘာဝနိယာမတွေနဲ့ ဆန့်ကျင်သွားပြီ။ လောကမှာရှိတဲ့ ဘယ်အရာကိုမဆို ပြောင်းလဲပစ်နိုင်တယ်။ ”
ပြောနေရင်း သူမမျက်လုံးများမှ ထိုအဆင့်ကိုဆန္ဒပြင်းပြနေကြောင်း ဖော်ပြနေသည်။

ရတနာအဆင့် ၁၂…ထို့ကြောင့်ကောင်းကင်ရတနာသခင်များသည် ရတနာအဆင့် ၁၂ အထိကျင့်ကြံနိုင်ပြီး သာမန်ခန္ဓာဒြပ်ရတနာသခင်များနှင့် သဘာဝဒြပ်ရတနာသခင်များ၏အဆင့် ၉ ကဲ့သို့မဟုတ်ပေ။ ရှမ်ကွမ်းပင်းအာ၏ ပို့ချချက်ကိုကြားပြီးမှသာ ကျိုးဝေ့ချင်းတစ်ယောက် သူ့အဖေမည်မျှသန်မာသည်ကို နားလည်လိုက်သည်။ သူ့အဖေမှာရတနာအဆင့် ၈ ကောင်းကင်ရတနာသခင်တစ်ယောက်ဖြစ်လေသည်။

ထို့နောက် သိချင်သည့်ပုံစံနှင့် ကျိုးဝေ့ချင်းမေးလိုက်သည်။
” ကျွန်တော်ကြားဖူးတယ်။ ကျွန်တော်တို့ ကောင်းကင်လေးအင်ပါယာရဲ့ ဗိုလ်ချုပ်ကျိုးကလည်း ကောင်းကင်ရတနာသခင်တစ်ယောက်ပဲတဲ့။ သူကရော အရမ်းအားကောင်းလား။ ”

ရှမ်ကွမ်းပင်းအာလည်း တုံ့ဆိုင်းခြင်းမရှိဘဲပြောလိုက်သည်။
” သူက တကယ်ကိုအားကောင်းတယ်။ ဗိုလ်ချုပ်ကျိုးက ငါအလေးစားရဆုံးလူတစ်ယောက်ပဲ။ သူ့အဆင့်က ငါတို့ကောင်းကင်လေးအင်ပါယာကိုထားဦး…ဒီကနိုင်ငံတွေအများကြီးထဲမှာတောင်မှ အားကောင်းတယ်လို့ပြောလို့ရတယ်။ မင်းကြီး တစ်ခါတုန်းကပြောဖူးတယ်။ ကောင်းကင်လေးအင်ပါယာမှာရှိတဲ့ ရတနာသခင်တွေအကုန်ပေါင်းရင်တောင် ဗိုလ်ချုပ်ကျိုးတစ်ယောက်ထဲကို နိုင်မှာမဟုတ်ဘူးတဲ့။ ဗိုလ်ချုပ်ကျိုးက ကောင်းကင်ရတနာအဆင့် ၈ မှာရှိပြီးတော့ ချန်းဇုံအလယ်ဆင့်မှာပဲ။ အဓိကကုန်းမြေကြီးတစ်ခုလုံးမှာ သူ့ကိုပထမတန်းစားပညာရှင်လို့သတ်မှတ်လို့ရတယ်။ အဲ့ဒါအပြင် ဗိုလ်ချုပ်ကျိုးရဲ့ သဘာဝဒြပ်စွမ်းအားပေါင်းစည်းမှုက ထိပ်တန်းအဆင့် သဘာဝဒြပ်ဒြပ်စွမ်းအားပေါင်းစည်းမှုလေးမျိုးထဲက တစ်မျိုးပဲ။ ”

ကျိုးဝေ့ချင်းမှာ ရှမ်ကွမ်းပင်းအာကသူ့အဖေကိုချီးကျူးနေသော်လည်း ဘာကြောင့်မှန်းမသိ ပျော်ရွှင်ခြင်းမဖြစ်မိပေ။ အကြောင်းအရင်းမှာရှင်းလင်းသည်။ သူကြိုးစားပမ်းစားမြန်မြန်ပြေးပြီးနောက် သက်လုံများတော်တော်ကျလာသောကြောင့်ဖြစ်သည်။ ချွေးများစိုရွှဲနေပြီး ဟောဟဲလိုက်လာသည်။ ယခုအခါမှာ စကားကိုတောင် အတော်ခက်ခက်ခဲခဲပြောနေရသည်။

” မြန်မြန် ”
ရှမ်ကွမ်းပင်းအာ၏လက်ထဲတွင် ကြာပွတ်ပြန်ပေါ်လာသည်။ ကျိုးဝေ့ချင်း၏မျက်နှာကို ကြည့်ပြီး ချိုမြိန်စွာပြုံးလိုက်သည်။ သူမ မနေနိုင်အောင်ကို ပျော်ရွှင်နေသည်။ ဤလူညစ်ကောင်သည် အတော်ကောင်းမွန်ကြံ့ခိုင်သည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေရှိသည်။ ဝန်အားနှင့် အချိန်အကြာကြီးပြေးပြီးတာတောင် ဆက်ပြေးနေနိုင်သေးသည်။ ဤဟာသည် မနက်ပိုင်းက ကြာပွတ်တစ်ချက်ကြောင့် သူပြသခဲ့သည့်နာကျင်မှုမှာ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။

” တပ်ရင်းမှူး…ကျွန်တော်ဆက်ပြီးမပြေးနိုင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခဏလောက်တော့နားခွင့်ပေးပါ။ ”
ကျိုးဝေ့ချင်း မျက်နှာကချွေးများကို သုတ်လိုက်ကာ သူမကိုကြည့်ပြီးအသနားခံလိုက်သည်။

ကံမကောင်းစွာပင် ဤအကြိမ်၌ ရှမ်ကွမ်းပင်းအာသည် နောက်တစ်ခါအလိမ်မခံရအောင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူမ၏လှပသောမျက်နှာလေးမှာ အေးစက်သွားပြီး ကြာပွတ်ကလျှပ်စီးလက်သလို ကျိုးဝေ့ချင်း၏ တင်ပါးပေါ်ကျရောက်သွားသည်။ အသည်းခိုက်အောင်နာကျင်မှုက ကျိုးဝေ့ချင်းထံရောက်လာပြီး နှေးကွေးနေသော ခြေလှမ်းများက နောက်တစ်ကြိမ်ပြန်လည်အရှိန်တက်လာသည်။ ကိုယ်ကျပ်ချပ်ဝတ်မှာ တင်ပါးကိုတော့လုံအောင်မကာကွယ်နိုင်ပေ။

အခြားတစ်ဖက်တွင် ရှမ်ကွမ်းပင်းအာသည် ကျိုးဝေ့ချင်း၏ဘေးဘက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ တောက်လျှောက်ပြေးလိုက်နေသည်။ သူမ၏ခြေထောက်များက မြေပြင်ကိုပေါ့ပါးစွာထိနေပြီး ခြေလှမ်းတိုင်းက ၁၀ မီတာနီးပါးအထိရောက်ကာ လွင့်မျောနေသလိုရှိသည်။ သူမခန္ဓာဒြပ်ရတနာက လျင်မြန်မှုနှင့်အရှိန်နှုန်းကိုတိုးမြှင့်ပေးပြီး သဘာဝဒြပ်ရတနာမှာလည်း အမြန်ဆုံးဖြစ်သောလေဓာတ်စွမ်းရည်ဖြစ်သည်။ ၄င်းမှာ လျင်မြန်မှုအထူးပြုကောင်းကင်ရတနာသခင်တစ်ဦးအတွက် ပြည့်စုံကောင်းမွန်သောပေါင်းစပ်မှုဟု ပြောနိုင်သည်။ သူမသာအမြန်ဆုံးနှုန်းနှင့်ပြေးပါက ရတနာအဆင့် ၄ ခန္ဓာဒြပ်ရတနာသခင်ပင် လိုက်၍မှီနိုင်မည်မဟုတ်ပေ။

” အား……ငါ နာလို့သေတော့မယ်။ ”
ကြာပွတ်ရောက်လာသောအခါ ကျိုးဝေ့ချင်းသည် အမှတ်တမဲ့ ကြာပွတ်အဟုန်အတိုင်းလိုက်ကာ လှဲချရန်ကြိုးစားလိုက်သည်။ သို့သော် သူထိုကဲ့သို့ပြုလုပ်လိုက်သည့်အခါမှာပင် သေးသွယ်လှပသောခြေထောက်ကလေးတစ်ချောင်းက သူ့ရှေ့တွင်ပေါ်လာသည်။ ခြေချောင်းလေးများဖြင့် သူ့ရင်ဘက်ကိုဝိုက်ချိတ်လိုက်ကာ လဲမကျသွားအောင်ထိန်းပေးလိုက်သည်။ နောက်မှ ကြာပွတ်ချက်ကလည်းသူ့တင်ပါးပေါ်ရောက်လာပြီး နာကျင်မှုကြောင့်အော်လိုက်ပြန်သည်။

” ပိုပြီးသရုပ်ဆောင်လိုက်ပါဦး ”
ရှမ်ကွမ်းပင်းအာ အံကြိတ်လျက်ပြောလိုက်သည်။ သူမက ပထမအချက်ကို စမ်းသပ်သည့်အနေဖြင့် အားနည်းနည်းသာထည့်၍ရိုက်လိုက်ခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူကအလွန်ဆိုးဝါးစွာကျရှုံးသွားပြီဖြစ်သည်။ တစ်ချိန်လုံး သရုပ်ဆောင်နေကြောင်း သက်သေပြသွားပြီဖြစ်သည်။

ရှမ်ကွမ်းပင်းအာရှေ့၌ ကျိုးဝေ့ချင်းသည် လှဲချနိုင်မည့်အခွင့်အရေးမရတော့ချေ။ သူမက သူ့နောက်မှလိုက်နေသည့် ခရမ်းရောင်အရိပ်တစ်ခုနှင့်တူနေလေသည်။ သူနှေးသွားသည်နှင့်ချက်ချင်း ကြာပွတ်က ကပ်ပါလာသည်။ သူလှဲချဖို့ဟန်ပြင်သည်နှင့်နောက်ထပ်ကြာပွတ်တစ်ခုက ချက်ချင်းလိုက်ပါလာပြီး ထိန်းပေးလိုက်သည်။ ဤအချိန်တွင်တော့ သူတကယ် ဆိုးဝါးနေပြီဖြစ်သည်။ သူ့တင်ပါးများသည် နာကျင်မှုကြောင့် ပူလောင်နေသည်။ ခန္ဓာကိုယ်က ခဏအတွင်းအလွန်မောပန်းလာကာ အဆုတ်များမှာလည်း မီးလိုပူလောင်လာသည်။ သို့သော်လည်း သူလုံးဝနှေးမသွားနိုင်ပေ။

” တပ်ရင်းမှူး…ကျွန်တော်…ကျွန်တော်……ကျွန်တော် ……မှားပါပြီ။ ”
ချိုသာယဉ်ကျေးစွာစကားပြောခြင်းသည် ကျိုးဝေ့ချင်း၏အထူးကျွမ်းကျင်မှုဖြစ်သည်။ ထို့ကြောင့်အမှားကိုဝန်ခံသည်မှာ အံ့သြစရာမဟုတ်ပေ။ ကံကြမ္မာအလေးမသာပါက ပညာရှိသည်ဘယ်တော့မှတိုက်ခိုက်မည်မဟုတ်ပေ။ အမလေး….
တစ်ကြိမ်အကိုက်ခံရရင် နှစ်ကြိမ်လန့်သည်။ အကြိမ်များစွာ အရူးလုပ်ခံရပြီးနောက် ရှမ်ကွမ်းပင်းအာမှာ နောက်တစ်ကြိမ် အရှုံးမခံနိုင်တော့ပေ။

” မင်းက အခုမှ မှားမှန်းသိတာလား။ နောက်ကျလွန်းနေပြီ။ ”
ရှမ်ကွမ်းပင်းအာ ဒေါသတကြီးပြောလိုက်သည်။

၁၅ မိနစ်ခန့်ကြာသောအခါ ကျိုးဝေ့ချင်း၏ စစ်ဝတ်စုံမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ နှစ်ဆယ်ကီလိုဂရမ်အလေးချိန်ကို သယ်၍လည်းပြေးနေရသေးသည်။ ထို့ပြင် သူက ၁၃ နှစ်သာရှိသေးသည်။ ထိုကဲ့သို့သော ပြင်းထန်သည့်အလုပ်များကို ကြာကြာတောင့်မခံနိုင်ပေ။

သူ့အမြင်များ မှုန်ဝါးသွားကာ မှောင်အတိကျသွားသည်။ သူ့ခန္ဓာကိုယ်လည်း နောက်တစ်ကြိမ် ရှေ့ကိုထိုးလျက်လဲကျသွားသည်။ ရှမ်ကွမ်းပင်းအာ၏ခြေထောက်က ထုံးစံအတိုင်းသူ့ဆီကိုရောက်သွားသည်။ သို့သော် ဤအကြိမ်တွင် သူမကလှမ်းချိတ်လိုက်သော်လည်း ကြာပွတ်ဖြင့်မရိုက်နိုင်ခင်မှာပင် ဆက်ပြီးလဲကျသွားတော့သည်။ ရှမ်ကွမ်းပင်အာ တစ်ခဏမျှကြောင်အသွားသည်။ ထို့နောက် သူ့နောက်ကိုအလျင်အမြန်သွားကာ သူ့ခန္ဓာကိုယ်ကို လဲမကျသွားအောင်ခြေထောက်နှင့် ထောက်ပင့်ထားလိုက်သည်။ ထို့နာက်မှ ဤအခါတွင်တော့ ဒီကောင် တကယ်သတိလစ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

” ဟေ့…ဟေ့…ဖက်တီးလေးကျိုး။ ”
ရှမ်ကွမ်းပင်းအာ သူ့ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် နှစ်ကြိမ်မျှတွတ်လိုက်သည်။ သူမ၏ဘယ်လက်ကောက်ဝတ်မှ ဖရဲအူကျောက်မှာ လင်းလက်သွားပြီး အနီဖျော့ဖျော့အရောင်တစ်ခုက ကျိုးဝေ့ချင်း၏လက်ကောက်ဝတ်သို့ ပျံသန်းကျဆင်းသွားသည်။ သူမက သူ့ကိုမကိုင်ချင်ပေ။ ထို့ကြောင့် စွမ်းအင်ကိုသုံးကာ သူ့သွေးခုန်နှုန်းကိုစစ်ဆေးလိုက်ခြင်းဖြစ်သည်။

” သူ တကယ် သတိလစ်သွားပါလား။ ”
ရှမ်ကွမ်းပင်းအာမှာ ကောင်းကင်ကျင်းစွမ်းအင်၏ အဆင့် ၈ ကိုရောက်ရှိပြီးဖြစ်သည်။ သဘာဝဒြပ်ရတနာမှ ကောင်းကင်စွမ်းအင်ကိုသာ သုံးပြီးကျိုးဝေ့ချင်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးလိုက်သော်လည်း ဤအချိန်၌ သူကသရုပ်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်မောလွန်း၍ သတိလစ်သွားခြင်းဖြစ်ကြောင်းရှင်းလင်းသွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset