Switch Mode

Chapter – 15

ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များ - ၃

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ

မူရင်းရေးသူ – Tang Jia San Shao

အခန်း ( ၁၅ ) ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များ – ၃

လေကိုခွင်းသွားသည့်အသံတစ်ခုနှင့်အတူ မြားတံသည်ပျံထွက်သွားကာ အလယ်ဗဟိုမှအမှတ်နှင့်အနည်းငယ်သာလွဲပြီး ဒုတ်ခနဲအသံနှင့် ပင်စည်ထဲကို မြဲမြံစွာစိုက်ဝင်သွားသည်။ ထိုကဲ့သို့သော ပစ်ချက်မျိုးကို တပ်ခွဲမှူးတစ်ယောက်ကသာလုပ်နိုင်သဖြင့် အမှတ်( ၃ )တပ်ရင်းတွင် အတော်တိကျသည်ဟုဆိုနိုင်သည်။ နှစ်ရာမီတာအကွာအဝေးက ပစ်မှတ်ကိုထိမှသာ စစ်မှန်သည်ဟုဆိုသော်လည်း ၄င်းကိုအောင်မြင်အောင်လုပ်နိုင်သည့်စစ်သားဦးရေမှာ မများလှပေ။

”ဟ ဟ…ငါထိပွီ”
ကျိုးဝေ့ချင်း ရှမ်ကွမ်းပင်းအာရှေ့မှာ လေးကိုအားရဝမ်းသာဝှေ့ယမ်းလိုက်သည်။အမှန်တော့ သူ့တွင် ပစ်မှတ်ကိုထိမှန်နိုင်မည့် ယုံကြည်မှုသည် ၁၀၀ရာခိုင်နှုန်းမရှိပေ။ သူ့စွမ်းရည်မှာ ဆယ်ချက်ပစ်လျှင် ခုနစ်ချက်ထိမှန်နိုင်သည်။ ထိုအရာကပင် အရင်တုန်းက လေးတပ်ဖွဲ့ကိုရွေးချယ်ဝင်ရောက်ရသည့် အကြောင်းအရင်းဖြစ်သည်။

” ဒါကို ထိတယ်လို့ပြောလို့ရလား။ ငါက မင်းကို ပင်စည်အလယ်တည့်တည့်ကိုပစ်ခိုင်းတာ။ ငါ့ခြေထောက်နဲ့ ပစ်တာတောင်မင်းထက်ပိုပြီး တိကျသေးတယ်။ ”
ရှမ်ကွမ်းပင်းအာက အထင်တသေးပြောလိုက်သည်။

ကျိုးဝေ့ချင်းက ချက်ချင်းသူမ၏စကားကို လက်ခံလိုက်သည်။
” မင်းရဲ့ခြေထောက်ကိုသုံးမယ်လား။ လုပ်ပြစမ်းပါ။
မင်းသာပင်စည်အလယ်ကို ခြေထောက်နဲ့ပစ်နိုင်ရင် ငါမင်းပြောတဲ့အတိုင်းအကုန်နားထောင်ပြီး လေ့ကျင့်ခန်းလည်းလုပ်မယ်။ ”

”ငါကမင်းရဲ့တပ်ရင်းမှူး။ ငါ့အမိန့်ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းနာခံရမယ်။ မင်းရဲ့ လေးနဲ့မြားကို ပေးစမ်း။ ”
ရှမ်ကွမ်းပင်းအာ ဒေါသတကြီးပြောလိုက်သည်။

ကျိုးဝေ့ချင်းက သူ့လေးနှင့်မြားကို ကမ်းပေးလိုက်သည်။ ရှမ်းကွမ်းပင်းအာ အေးစက်စွာပြောလိုက်သည်။
” စောင့်ကြည့်နေ ”

သူမကပြောလိုက်ပြီး စစ်ဘွတ်ဖိနပ်ရှည်ကိုလည်း ကန်ချွတ်လိုက်ရာ ဖြူဖွေးနူးညံ့သောခြေထောက်တစ်စုံ ပေါ်လာသည်။ ကျိုးဝေ့ချင်း ဘာမှမတုံ့ပြန်နိုင်မီမှာပင် လေးကိုင်းကို သူမ၏ခြေထောက်နှင့်လှမ်းယူလိုက်သည်။ လေးကိုမြှောက်တင်ရန် ညာခြေထောက်ကို အနောက်ဘက်သို့ရွှေ့လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ထောက်ကာသူမခန္ဓာကိုယ်ကိုမလိုက်ပြီး အခြားခြေထောက်နှင့် မြားကျည်တောက်ထဲက မြားတစ်ချောင်းကိုဆွဲယူလိုက်သည်။

ရှမ်ကွမ်းပင်းအာ လုပ်နေသည်တို့ကို ကျိုးဝေ့ချင်း ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီးငေးကြည့်နေသည်။ ရှမ်ကွမ်းပင်အာ၏(ဘေးတိုက်ဇောက်ထိုးပုံစံ) ခန္ဓာကိုယ်မှာ လေးကိုင်းသဏ္ဌာန်ဖြစ်နေသည်။ ညာခြေထောက်ကိုရှေ့တွင်ထားကာ ဘယ်ခြေဖြင့်မြှားကို လေးကြိုးတွင်တပ်ဆင်ပြီး ဆွဲတင်လိုက်ရာ လခြမ်းပုံသဏ္ဌာန်ဖြစ်သွားသည်။ သူမ၏ပြေပြစ်လှပသောတင်ပါးများက ဦးခေါင်းအထက်ကိုရောက်နေပြီး ရှည်လျားသောခြေထောက်များက ကျိုးဝေ့ချင်း၏ရှေ့တည့်တည့်တွင်ရှိနေသည်။

ဘယ်ခြေထောက်က ကြိုးကိုလွှတ်ပေးလိုက်သည့်အခါ လေခွင်းသံတစ်ခုနှင့်အတူ လျပ်စီးလက်သလို မြားသည်ပျံထွက်သွား၏။ ကျိုးဝေ့ချင်း၏မျက်လုံးများက မြားနောက်ကိုလိုက်ပါသွားသည်။ မြားကပင်စည်ကို ဒုတ်ခနဲစိုက်ဝင်သွားသည်ကိုတွေ့လိုက်ရသည်။ တကယ်ပင် အလယ်တည့်တည့်တွင် စိုက်ဝင်နေသည်။

ဒါကဖြစ်နိုင်တာလား။ သူမ၏ခြေထောက်နှင့်ပစ်သည့်စွမ်းရည်မှာ မယုံနိုင်စရာကောင်းလောက်အောင် ညက်ညောတင့်တယ်လှသည်။ ကျိုးဝေ့ချင်းစိတ်ထဲကနေ ချီးကျူးလိုက်သည်။ သူမကအမှန်တကယ်ကိုအဖိုးတန်သည့် အင်ပါယာ၏ထိပ်တန်းဂျီးနီးယပ်ဖြစ်သည်။ ရှမ်ကွမ်းပင်းအာ စောစောကပြသခဲ့သည်မှာ သူမခန္ဓာကိုယ်၏ ပျော့ပျောင်းမှုနှင့်ထိန်းချုပ်နိုင်မှုဖြစ်သည်။ သူမသည် ကောင်းကင်စွမ်းအင်သို့မဟုတ် ကောင်းကင်ရတနာ တစ်မျိုးမျိုးကိုအသုံးပြုခဲ့ခြင်းမဟုတ်ပေ။ ပြင်ပကိုယ်ခန္ဓာစွမ်းရည်ကိုသာသုံးပြီး ပစ်ခဲ့ခြင်းဖြစ်သည်။

ရှမ်ကွမ်းပင်းအာ ကျွမ်းထိုးကာ ကျိုးဝေ့ချင်းရှေ့တည့်တည့်တွင်မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လေးနှင့်မြားကျည်တောက်ကို ပစ်ပေးလိုက်သည်။ သူမ တိတ်ဆိတ်စွာပြောလိုက်သည်။
” အခု မင်းယုံပြီလား ။ ”

ကျိုးဝေ့ချင်းက ရှမ်ကွမ်းပင်းအာကို တည်ကြည်စွာကြည့်ပြီးပြောလိုက်သည်။
” တပ်ရင်းမှူး… နောင်တစ်ကြိမ်ဆို ဂါဝန်ဝတ်ထားရင် ဒီလိုစွမ်းရည်ကို မပြသင့်ဘူး။ နောင်ထပ် အကုန်လုံးကိုပြသလိုဖြစ်နေလိမ့်မယ်။ ဒါပေမယ့် တပ်ရင်းမှူးရဲ့ခြေထောက်တွေက အမှန်ကိုအရမ်းလှတယ်။ ”
သူ့မှာ သူ့ကိုသူ ပြောလိုက်သည့်စကားလည်းရှိသေးသည်။ ‘ တင်ပါးတွေလည်း တကယ်ကို ပုံကျတယ်။ ”

ရှမ်ကွမ်းပင်းအာသည် စောစောကသူငေးကြည့်နေသည်ကို ကြည့်ပြီး သူမကိုအထင်ကြီးသွားသည်ဟု ထင်နေမိခဲ့သည်။ သူထိုကဲ့သို့ ပြောလာလိမ့်မည်ဟု နည်းနည်းမှ မမျှော်လင့်မိချေ။ သူမမျက်လုံးများထဲမှ ဒေါသအမျက်များကနောက်တစ်ဖန် တချောင်းချောင်းထွက်လာကာ မျက်နှာမှာလည်း ရှက်စိတ်ကြောင့် ရဲတွတ်သွားသည်။

” မင်းခေါင်းထဲမှာ ဘာတွေပြည့်နေတာလဲ။ အမြဲတမ်း ညစ်ပတ်တဲ့အတွေးတွေနဲ့ပဲပြည့်နေတာလား။ ခုချက်ချင်း…မကြာစေနဲ့… ငါက ရပ်မခိုင်းမချင်း ဒါမှမဟုတ်ရင် ငါကနောက်ထပ်အတိုက်အခိုက်လေ့ကျင်းခန်းတစ်ခုမပြောင်းမချင်း ဒီအိတ်ကို သယ်ပြီးစစ်တပ်ဝင်း ကိုပတ်ပြေး။ ”

” ကျွန်တော် ခုပဲပြေးပါ့မယ်။ ”
ကျိုးဝေ့ချင်း အပြစ်ရှိနေသည့် ပုံစံနှင့်ပြောလိုက်သည်။ ထို့နောက် အိတ်ကိုထမ်းကာ နှေးကွေးစွာပြေးတော့သည်။ သူ့အတွက် ကံမကောင်းစွာပင် မည်မျှသနားစရာကောင်းသည့်ပုံစံကို သရုပ်ဆောင်နေသော်လည်း ရှမ်ကွမ်းပင်းအာ၏မျက်လုံးထဲတွင် သူ့ကိုရိုက်ချင်လာအောင် ဒေါသကိုဆွပေးနေသလိုဖြစ်နေသည်။

” မြန်မြန် ”
ရှမ်ကွမ်းပင်းအာ သူ့ကျောကုန်းကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူမ၏ဘွတ်ဖိနပ်များကိုဝတ်ကာ သူ့နောက်ကလိုက်လေတော့သည်။ သူမက သူပြေးနေသည်ကို ကိုယ်တိုင်စောင့်ကြည့်နေပြီး သက်သာစေမည့်အခွင့်အရေးကို လုံးဝမပေးပေ။

ကျိုးဝ့ချင်း ရှမ်ကွမ်းပင်းအာကိုလှည့်ကြည့်လိုက်ရာ ယခုအခါ၌သူမ၏လက်ကောက်ဝတ်တွင် တောက်ပသည့်အနီရောင် ကျောက်မျက်နှစ်စုံရှိနေသည်ကို တွေ့လိုက်သည်။

ဒါတွေက ကောင်းကင်ရတနာတွေလား။ ကျိုးဝေ့ချင်း တအံ့တသြကြည့်လိုက်သည်။ နှစ်ဆယ်ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်ပြေးရသည်မှာ မလွယ်ကူသော်လည်း သူက ကိုင်ထားနိုင်နေတုန်းဖြစ်သည်။ ကောင်းကင်ရတနာများဆိုပါက သူစိတ်သည် အလွန်ကိုမနေနိုင်မထိုင်နိုင်စပ်စုချင်တတ်သည်။ ထို့ကြောင့် ဣ​နြေ္ဒ မဆည်နိုင်ဘဲမေးလိုက်သည်။
” တပ်ရင်းမှူး… အဲ့ဒါတွေက ကောင်းကင်ရတနာတွေလား။ ကောင်းကင်ရတနာသခင်တွေမှာ ခန္ဓာဒြပ်ရတနာနဲ့ သဘာဝဒြပ်ရတနာ နှစ်မျိုးစလုံးရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်။ တပ်ရင်းမှူးရဲ့သဘာဝဒြပ်ရတနာတွေက မီးဓာတ်ပတ္တမြားကျောက်မျက်တွေလား။ ”

အနီရောင်ကျောက်မျက်နှစ်ခုမှာ တီဖူရာ၏ မီးစွမ်းအင်သဘာဝဒြပ်ရတနာနှင့် တူလွန်းသည်။ သူတွေ့ရသည့်တစ်ခုတည်းသော ကွာခြားချက်မှာ အရောင်တောက်ပမှုဖြစ်လေသည်။ တီဖူရာ၏ရတနာနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်ကွမ်းပင်းအာ၏ဘယ်လက်ကောက်ဝတ်ကရတနာများက နှစ်ဆနီးပါးပိုမိုတောက်ပနေသည်။ တီဖူရာ့ ပတ္တမြား၏တန်ဖိုးနှင့်ယှဉ်မည်ဆိုပါက ယခုသူမ၏လက်ကောက်ဝတ်မှ ရတနာနှစ်ခုမှာ ပိုမိုနူးညံ့၍ သက်သောင့်သက်သာဖြစ်ပြီးအေးချမ်းစေသောစိတ်ခံစားမှုကို ပေးနေသည်။

ရှမ်ကွမ်းပင်းအာပြောလိုက်သည်။
” မင်းမြန်မြန်ပြေးရင် ငါပြောပြမယ်။ ”
ဖက်တီးလေးကျိုးကို သူမစိတ်ဆိုးနေသော်လည်း အမှတ်ထားလိုသည့်စိတ်တော့မရှိပေ။ ကောင်းကင်ရတနာသခင်တစ်ဦးအနေဖြင့် ကျိုးဝေ့ချင်းမှာ မည့်သည့်ကောင်းကင်စွမ်းအင်မှမရှိနိုင်ကြောင်း သူမပြောနိုင်သည်။

​ကျိုးဝေ့ချင်းသည် ပေါ့တီးပေါ့ပျက်မလုပ်တော့ဘဲ အိတ်ကိုယူကာသွက်သွက်လက်လက်သွားတော့သည်။ ၄င်းမှာပိုပြီးခက်ခဲသော်လည်း ကောင်းကင်ရတနာများအကြောင်းကို သိချင်သည့်စိတ်က အားလုံးကိုအနိုင်ယူသွားပြီဖြစ်သည်။

ရှမ်ကွမ်းပင်းအာကပြောလိုက်သည်။
” ကောင်းကင်ရတနာသခင်တွေက သဘာဝဒြပ်ရတနာသခင် ဒါမှမဟုတ် ခန္ဓာဒြပ်ရတနာသခင်တွေနဲ့ ကွဲပြားတယ်။ သူတို့ပိုင်ဆိုင်တဲ့ရတနာနှစ်မျိုးစလုံးကလဲ မရိုးရှင်းဘူး။ ခန္ဓာဒြပ်ရတနာနဲ့ သဘာဝဒြပ်ရတနာသခင်တွေရဲ့အခြေခံကို မင်း သိပုံရတယ်။ ငါနဲ့ဘယ်လိုမတူသလဲဆိုတာ မင်းပြောနိုင်လား။ ”
ထိုကဲ့သို့ပြောလိုက်ပြီး သူမ၏ညာလက်ကောက်ဝတ်မှ ရတနာများကိုပြသလိုက်သည်။

သူမ၏ညာလက်ကောက်ဝတ်တွင် အစိမ်းနုရောင်နှင့် အရည်လဲ့နေသောမြရောင် ကျောက်စိမ်းရတနာနှစ်ခုရှိနေသည်။

” နဂါး ကျောက်စိမ်း……သန့်စင်တာလား ”
ကျိုးဝေ့ချင်းတအံ့တသြပြောလိုက်သည်။ နဂါးကျောက်စိမ်းများသည် လျင်မြန်မှုစွမ်းအားကို တိုးမြှင့်ရာတွင် အရေးပါသောကြောင့် ရတနာသခင်များအတွက် အဆင့်မြင့်ရတနာတစ်ခုအဖြစ်သတ်မှတ်ထားသည်။ သို့သော် ကျိုးဝေ့ချင်း အံ့သြသည်မှာယင်းကိုမဟုတ်ပေ။ ကျောက်မျက်၏ သန့်စင်လွန်းမှုကို ဖြစ်သည်။ ရှမ်ကွမ်းပင်းအာ၏ကျောက်မျက်မှာ မည့်သည့်ကျောက်စိမ်းမှပေါင်းစပ်ပါဝင်နေခြင်းမရှိဘဲ နဂါးကျောက်စိမ်း၏လျင်မြန်မှုအမျိုးအစားတစ်ခုတည်းသာ သန့်စင်စွာရှိနေခြင်းဖြစ်သည်။

ရှမ်ကွမ်းပင်းအာပြောလိုက်သည်။
” သန့်စင်မှုမှာ ကောင်းကင်ရတနာသခင်တွေရဲ့ ခန္ဓာဒြပ်ရတနာက ခန္ဓာဒြပ်ရတနာသခင်တွေရဲ့ရတနာနဲ့ ကွဲပြားတယ်။ ပြောချင်တာက ကောင်းကင်ရတနာသခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာတိုးမြှင့်မှု တစ်မျိုးပဲရှိတယ်။ ဥပမာ ငါ့ရဲ့ရတနာက လျင်မြန်မှုပဲ။ ဒါပေမယ့် အစွမ်းတိုးမြှင့်နိုင်မှုပမာဏက သာမန်ရုပ်ဝတ္ထုရတနာတွေရဲ့ ၁.၅ ဆနဲ့ညီတယ်။ ဒီပညာတွေအကုန်လုံးကို ရတနာသခင်ကျောင်းတွေမှာသင်ရတယ်။ ”

သန့်စင်မှု…ဒါကသန့်စင်လွန်းတယ်။ ကျိုးဝေ့ချင်းသည် ခန္ဓာဒြပ်ရတနာသခင်များနှင့် ကောင်းကင်ရတနာသခင်များကြားက ကွဲပြားချက်များကို ရုတ်တရက် ဥာဏ်အလင်းပွင့်သွားသည်။ အစွမ်းမြှင့်နိုင်သည့်စွမ်းရည်မှာတစ်မျိုးတည်းသာရှိသော်လည်း အဆင့်တိုင်းသည် အဆင့်တူများနှင့် ၁၅၀ ရာခိုင်နှုန်းခြားနားသည်ဟုဆိုထားသဖြင့် မည်သို့ပင်ဖြစ်စေ ကောင်းကင်ရတနာသခင်များက ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို မြှင့်တင်လိုက်လျှင် သာမန်ရတနာသခင်များ မည်သို့မှယှဉ်နိုင်မည်မဟုတ်ပေ။

ရှမ်ကွမ်းပင်းအာက ဆက်ပြောလိုက်သည်။
” ငါ့ရဲ့သဘာဝဒြပ်ရတနာက မင်းပြောသလို ပတ္တမြားမဟုတ်ဘူး။ မူလဒြပ်စင်စွမ်းအားက မီးမဟုတ်ဘူး။ လေပဲ။ ”
အမှန်တကယ်တော့ ကျိုးဝေ့ချင်းကို သူမကအရာရာတိုင်းရှင်းပြနေစရာမလိုပေ။ ဤသူကောင့်သား၏ထိတ်လန့်နေသောမျက်နှာကို မြင်နေရလျှင် သူမဘာကြောင့်ပျော်ရွှင်နေသလို ခံစားနေရသလဲဆိုတာကို နားမလည်တော့ပေ။

” လေလား။ ဒါပေမယ့် လေက အစိမ်းရောင်ဖရဲအူကျောက်လေ။ ”
ကျိုးဝေ့ချင်း နောက်တစ်ကြိမ်အံ့သြသွားပြန်သည်။

ရှမ်ကွမ်းပင်းအာ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
” အတူတူပဲ…ကောင်းကင်ရတနာသခင်တွေရဲ့ သဘာဝဒြပ်ရတနာက သာမန်သဘာဝဒြပ်ရတနာသခင်တွေရဲ့ ရတနာတွေနဲ့ မတူပြန်ဘူး။ ငါ့ရဲ့သဘာဝဒြပ်ရတနာတွေကလည်း ဖရဲအူကျောက်ပါပဲ။ ဒါပေမယ့် ဒါကအနီရောင်ဖရဲအူကျောက်လေ။ ဖရဲအူကျောက်တွေထဲမှာ အရှားပါးဆုံး ဖရဲအူကျောက်ဘုရင်ပဲ။ ဒါက ကောင်းကင်ရတနာသခင်နဲ့ သဘာဝဒြပ်ရတနာသခင်တွေရဲ့ နောက်ထပ်ကွဲပြားမှုပဲ။ နှစ်ခုစလုံးက လေစွမ်းအားမူလဒြပ်စင်တွေဆိုပေမယ့် ငါ့ရဲ့ဖရဲအူကျောက်ဘုရင်လေစွမ်းရည်က သာမန်ဖရဲအူကျောက်တွေရဲ့ ၁.၅ ဆရှိတယ်။ ဒါကအခြားစွမ်းရည်တွေနဲ့ တူတယ်။ ရိုးရိုးပြောရရင် ကောင်းကင်ရတနာသခင်တွေရဲ့သဘာဝဒြပ်ရတနာတွေက အမြင့်ဆုံးအဆင့်မှာအမြဲရှိတယ်။ ”

Comment

Leave a Reply

Options

not work with dark mode
Reset