ရတနာတန်ခိုးရှင်၏ကံကြမ္မာ
မူရင်းရေးသူ – Tang Jia San Shao
အခန်း (၁၄) ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များ – ၂
ရှမ်ကွမ်းပင်းအာ ဒေါသသံနှင့်ပြောလိုက်သည်။
” ငါ ကျန်တဲ့ကိုးချက်ကို နောက်တစ်ကြိမ်မှရိုက်မယ်။ မင်းရဲ့အားနည်းပုံနဲ့ ဘယ်လိုလုပ်စစ်သားတစ်ယောက်ဖြစ်နိုင်မှာလဲ။ တပ်သားသစ်လေ့ကျင့်ရေးသင်တန်းမစခင် ဒီတပ်ရင်းမှူးကပဲမင်းကို တစ်ကိုယ်တော်အထူးလေ့ကျင့်ရေးသင်တန်းပေးလိမ့်မယ်။ မအောင်မြင်ရင် ဒီနေရာကနေထွက်သွားရမယ်။ ငါတို့ အမှတ်( ၃ )တပ်ရင်းကို မျက်နှာပျက်ရအောင်မလုပ်နဲ့။ နေ့လည်စာစားပြီးရင် ငါမင်းကိုလာတွေ့ဦးမယ်။ ”
ပြောပြီးသည့်နောက် ဒေါနှင့်မောနှင့်လှည့်ထွက်သွားတော့သည်။
ကျိုးဝေ့ချင်း သူမထွက်ခွါသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက်ခုန်ထလိုက်ကာ မျက်နှာတွင်ညစ်ကျယ်ကျယ်ပုံစံ ပြန်ပေါ်လာသည်။
” ဒါက လူတစ်ယောက်စီရဲ့ ကိုယ်ရည်ကိုယ်သွေးမတူညီမှုပဲ။ အခုဒီတပ်ရင်းမှူးကို ငါဒေါသမထွက်သင့်ဘူး။ တီဖူရာနဲ့ ယှဉ်မယ်ဆိုရင် သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ ”
သူ့ကိုအပြစ်ကအလွယ်တကူ လွှတ်ပေးလိမ့်မည်ဟု တကယ်ထင်မထားခဲ့ပေ။ အပြစ်စီရင်သည့်သူမှာတီဖူရာသာဖြစ်ခဲ့လျှင် ကျန်သည့်ကိုးချက်စလုံးပါ ရိုက်လိမ့်မည်ဖြစ်ကြောင်း သူကြိုမြင်နေသည်။ ကျိုးဝေ့ချင်းသည် ရှမ်ကွမ်းပင်းအာက ပထမတစ်ကြိမ်ရိုက်ပြီး နောက်တစ်ကြိမ်မရိုက်နိုင်တော့သည်ကို သူမမျက်နှာပေါ်တွင် ရှင်းလင်းစွာမြင်ခဲ့ပြီး အလွန်အထင်ကြီးလေးစားသွားကာ သူမကိုနှစ်သက်သွားသည်။ တကယ်တော့ ဤငညစ်ကောင်နှစ်သက်သွားသည်မှာ အရင်နေ့က သူ့လက်ကရရှိခဲ့သော ဖီလင်ကို ညစ်ပတ်စွာပြန်တွေးပြီး နောက်တစ်ကြိမ်ထပ်ငမ်းချင်လာခြင်းကြောင့်ဖြစ်သည်။
မကြာမီမှာပင် နေ့လည်ခင်းကိုရောက်ရှိလာခဲ့သည်။ စစ်တပ်ထဲက နေ့လည်စာတွင် အထူးစပါယ်ရှယ်ဟူ၍ မရှိပေ။ အစာအိမ်ကိုပြည့်စေလောက်မည့် ရိုးရိုးအစားအစာသာဖြစ်သည်။ ကျိုးဝေ့ချင်းက အိမ်တွင်မည်သည့်အကျွေးအမွေး အပြုအစုကိုမှ ရရှိခဲ့သူမဟုတ်သောကြောင့် သူ့အစာအိမ်ကို ဤစံအကျွေးအမွေးများဖြင့် ကောင်းကောင်းဖြည့်တင်းနိုင်ခဲ့သည်။ တကယ်တော့ သူကသာမန်စစ်သားများ၏ စားသောက်ခန်းမှာစားနေခြင်းဖြစ်သည်။ အရာရှိစားသောက်ခန်းက သီးသန့်ရှိသည်။ နေ့လည်စာစားပြီး ပြန်လာသောအခါ သူ့တဲအရှေ့တွင်မတ်တပ်ရပ်လျက်စောင့်နေသည့် ရှမ်ကွမ်းပင်းအာကိုတွေ့လိုက်ရသည်။ သူမသည် မနက်ကဝတ်ခဲ့သော ဝတ်စုံပြည့်ကိုသာဝတ်ဆင်ထားသည်။ ကျိုးဝေ့ချင်း တိတ်တိတ်လေးစိတ်ကူးယဉ်ကြည့်လိုက်သည်။ သူမသာ သူ့ကိုစောင့်နေသည့် သူ့ကောင်မလေးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကျိုးဝေ့ချင်း၏ အကြီးမားဆုံးအစွမ်းမှာ သူ့အကန့်အသတ်ကို သူသိခြင်းဖြစ်သည်။ အင်ပါယာ၏အတော်ဆုံး ဂျီးနီးယပ်မှာ သူ့ကဲ့သို့သောတန်ခိုးကျင့်မရသည့်အမှိုက်ကောင်၏ အချစ်တွင် ကျရှုံးလိမ့်မည်ဟု သူမျှော်လင့်မည်မဟုတ်ပေ။
” နှုတ်ဆက်ပါတယ်…တပ်ရင်းမှူး။ ”
ကျိုးဝေ့ချင်း ရှမ်ကွမ်းပင်းအာအနားကို အမြန်လျှောက်လာပြီး အရိုအသေပေးလိုက်သည်။
ရှမ်ကွမ်းပင်းအာသည် အလွန်ကြင်နာတတ်ကာ ဥာဏ်လည်းအလွန်ကောင်းသည်။ မနက်ပိုင်းက ကျိုးဝေ့ချင်းကိုရိုက်ပြီး ပြန်သွားပြီးသည့်နောက်ပိုင်းတွင် သူမအရူးလုပ်ခံလိုက်ရကြောင်း နားလည်သွားသည်။
သူမက အားမထည့်လိုက်ဘဲ သူကဘယ်လိုတွေတောင်ဒီလောက်နာနေရတာလဲ။ ဒီငညစ်ကောင် သရုပ်ဆောင်လိုက်တာပဲ။ ဤဖက်တီးလေးကျိုးသည် အလွန်ရိုးသားသည့်ပုံရှိသော်လည်း လုံးဝကိုမကောင်းသည့်ကောင်ဖြစ်သည်။ ထိုအတွက် သူ့ကိုအပြစ်မပေးရပါလျှင် သူမဒေါသကိုသက်သာစေနိုင်မည်မဟုတ်ပေ။ သူမခန္ဓာကိုယ်ကို ပထမဆုံးထိကိုင်သည့်လူက ဤငညစ်ကောင်ဆိုသည်ကို တွေးမိလိုက်တိုင်း ရှမ်ကွမ်းပင်းအာမှာ သူမဒေါသကိုမထိန်းချုပ်နိုင်အောင်ဖြစ်နေရသည်။
” ဖက်တီးလေးကျိုး… ငါမင်းကိုမေးစမ်းမယ်။ လေးသည်တွေမှာ အရေးကြီးဆုံးကဘာလဲ။ ”
ရှမ်ကွမ်းပင်းအာ တည်ကြည်လေးနက်စွာမေးလိုက်သည်။
ကျိုးဝေ့ချင်း တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
” လျင်မြန်မှု..ခွန်အား နဲ့ တိကျမှု။ ”
ရှမ်ကွမ်းပင်းအာသည် သူ၏လျင်မြန်တိကျသောအဖြေကိုကြားပြီး အတော်အံ့သြသွားသည်။
” အရမ်းကောင်းတယ်။ မင်းမှန်တယ်။ ဒီမနက် အခြေအနေအရ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက ဆိုးဝါးနေပြီး လေးသည်တစ်ဦးရဲ့ အခြေခံမရှိဘူး။ အခုကစပြီး ငါမင်းအတွက် အထူးသင်တန်းပေးရမယ်။ ”
ထိုစကားကိုကြားပြီး ကျိုးဝေ့ချင်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။
” တပ်ရင်းမှူးကြီး… ကျွန်တော်တို့နောက်မှစလို့ရမလား။ အခုမှ နေ့လည်စာစားထားလို့ပါ။ ပြီးတော့တစ်မှေးလောက်လည်းအိပ်ချင်လို့။ ”
ရှမ်ကွမ်းပင်းအာ ဒေါသတကြီးပြောလိုက်သည်။
” မင်းကငါနဲ့အပေးအယူလုပ်ဖို့ အရည်အချင်းရှိလား။ စစ်သားတစ်ယောက်က အမိန့်ကိုနာခံရမယ်။ မင်းဒါကိုနားလည်မယ်လို့ ငါထင်တယ်။ အရာရှိဖြစ်ဖို့ကိုထားဦး။ စစ်သားကောင်းတစ်ယောက်ဘယ်တော့မှ မင်းဖြစ်လာမှာမဟုတ်ဘူး။ ငါ့မှာ အခြားလုပ်စရာတွေရှိသေးတယ်။ တစ်နာရီအတွင်း လေ့ကျင့်ရေးစမယ်။ ”
ရှမ်ကွမ်းပင်းအာ ထွက်သွားပြီးနောက် ကျိုးဝေ့ချင်းရယ်မောကာပြောလိုက်သည်။
” ဒီမိန်းကလေးက အကြမ်းပတမ်းလုပ်တတ်ပေမယ့် နှလုံးသားက တကယ်ကိုပျော့ပျောင်းတာပဲ။ ငါ့ကို အနားယူဖို့အချိန်တစ်နာရီတောင်ပေးထားတယ်။ ဟ…ဟ…ဒီလိုသခင်လေးတစ်ယောက်မှာ ဘာမှလုပ်စရာမရှိဘူး။ ကောင်းပြီလေ။ တစ်မှေးလောက်အိပ်လိုက်ဦးမယ်။ နေ့လည်ပိုင်းတစ်ရေးလောက်အိပ်တာ ကောင်းတဲ့အကျင့်ပဲ။ အသားအရေလှပစေတယ်။ ”
တစ်နာရီအကြာ ရှမ်ကွမ်းပင်းအာက ကြီးမားသောအဝတ်အိတ်ကြီးတစ်လုံးကို သယ်ဆောင်ပြီးပြန်လာသည့်အခါ ဖက်တီးလေးကျိုး၏ ဟောက်သံကိုကြားလိုက်ရသည်။
ရှမ်ကွမ်းပင်းအာတစ်ယောက် တစ်ချိန်တည်းမှာပင် ရယ်လည်းရယ်ချင်သလို စိတ်လည်းညစ်သွားသည်။ ဤလူညစ်ကောင် ဖက်တီးလေးကျိုးသည် အမှန်တကယ်ကို စားဖို့နှင့် အိပ်ဖို့သာရသည်။ သူမအဆင့်အတန်းနှင့် သူ့ကိုလက်စားချေလိမ့်မည်ကို မသိတာလား။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေနိုင်သည်မှာ အမှန်ကို အံ့သြစရာကောင်းသည်။
” ဖက်တီးလေးကျိုး…ထတော့။ ”
ရှမ်ကွမ်းပင်းအာ တဲအပြင်ကနေ ကျယ်လောင်စွာအော်လိုက်သည်။ သူမ တဲအတွင်းသို့ မဝင်ရဲပေ။ ဤလူညစ်ကောင်က ကိုယ်လုံးတီးအိပ်နေရင် မခက်ပါလား။
ဟောက်သံက ဆက်လက်ထွက်ပေါ်နေတုန်းပင်။
ရှမ်ကွမ်းပင်းအာ၏လှပသောမျက်လုံးထဲတွင် ကောက်ကျစ်သည့်အလင်းရောင်တစ်ချက်လက်သွားသည်။ သူမရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
”မီး…မီး…”
”အားးးးးးးး”
စူးဝါးသည့်အသံတစ်သံ တဲအတွင်းမှထွက်ပေါ်လာသည်။ ကျိုးဝေ့ချင်း တဲအပြင်ဘက်သို့ ကိုးရိုးကားယားနှင့် တဟုန်ထိုးပြေးထွက်လာသည်။ ကံကောင်းစွာပင် သူ့မှာဘိုသီဘက်သီဖြစ်နေသော်လည်း အဝတ်အစားတော့ရှိနေသေးသည်။
” ဘယ်မှာလဲ။ ဘယ်မှာလဲ။ ”
ကျိုးဝေ့ချင်း ကြောက်စိတ်မွှန်နေလျက် ဒရောသောပါးပြေးလာရင်း အော်လိုက်သည်။
ရှမ်ကွမ်းပင်းအာ သည်းမခံနိုင်အောင်ဖြစ်သွားကာ ပြောလိုက်သည်။
” မင်းက သေမှာကိုတော့ အတော်ကြောက်ပါလား ”
ယခုမှ သူသတိဝင်ပြီး ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိလိုက်သည်။ မည်သည့်နေရာမှ မီးလောင်နေခြင်းမရှိသည်ကိုသိလိုက်သည်။ ချက်ချင်းပဲ သူအညာခံလိုက်ရကြောင်း နားလည်သွားသည်။ သူ မကျေမနပ်ဖြစ်ပြီးပြောလိုက်သည်။
” သေရမှာကြောက်တယ်ဆိုတာ လူ့သဘာဝပဲ။ သေရမှာမကြောက်တဲ့လူတွေက အရူးတွေပဲ။ နောက်ထပ် ဘာအကြောင်းမှမရှိရင် ကျွန်တော်ပြန်အိပ်တော့မယ်။ ”
ပြောပြီးသည်နှင့် အမှန်တကယ်နောက်လှည့်ကာ တဲဘက်ကို ဦးတည်လိုက်သည်။
” အလကားကောင်…ခုချက်ချင်း ရပ်လိုက်စမ်း။ ”
ရှမ်ကွမ်းပင်းအာ နားလည်လိုက်သည်။ သူမ ဖက်တီးလေးကျိုးနှင့် တွေ့လိုက်သည့်အခါတိုင်း အမြဲဒေါသထွက်ရသည်။
” တပ်ရင်းမှူး… တစ်ခြားကိစ္စရှိသေးလား။ ”
ကျိုးဝေ့ချင်းစိတ်မရှည်စွာမေးလိုက်သည်။
” အထူးလေ့ကျင့်ရေး ”
ရှမ်ကွမ်းပင်းအာ ငညစ်ကောင်ကိုကြည့်လျက် အံကြိတ်လိုက်သည်။ ထို့နောက်သူမလက်ထဲက အဝတ်အိတ်ကြီးကို ကျိုးဝေ့ချင်းထံသို့ပစ်ပေးလိုက်သည်။မည်သည့်ကိစ္စပဲဖြစ်ဖြစ်သူမ ဒီနေ့ သူ့ကို lessonပေးပြီး သူမ၏ဒေါသများကို ဖြေဖျောက်ရမည်။
ကျိုးဝေ့ချင်းသည် သူ့လက်ထဲတွင် ရုတ်တရက်လေးလံသွားသည်ကို ခံစားလိုက်ရသည်။ အိတ်ကိုဖွင့်လိုက်သည့်အခါ စုစုပေါင်း ၂၀ ကီလိုဂရမ်မျှလေးသော အိတ်နှုတ်ခမ်းထိပြည့်နေသည့် ကျောက်တုံးများကိုတွေ့လိုက်သည်။ ချက်ချင်း သူဘာမှမလှုပ်ရှားရဲတော့ပဲ မျင်နှာငယ်လေးနှင့်ပြောလိုက်သည်။
” တပ်ရင်းမှူး …ရက်စက်လွန်းတယ်။ ”
ရှမ်ကွမ်းပင်းအာ အေးစက်စွာပြောလိုက်သည်။
” လေးသည်တစ်ယောက်အနေနဲ့ မင်းရဲ့အမြန်နှုန်းနဲ့ခွန်အားက လုံးဝအဆင်မပြေဘူး။ မင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေသာမရှိထားရင် မင်းဘယ်လိုအသက်ရှင်နိုင်မှာလဲ။ ”
ကျိုးဝေ့ချင်း ပြောလိုက်သည်။
” ဒါပေမယ့် ပစ်ခတ်တဲ့နေရာမှာ တိကျမှုရှိတာက မလုံလောက်ဘူးလား။ ”
ရှမ်ကွမ်းပင်းအာ သံသယနှင့်မေးလိုက်သည်။
” မင်းရဲ့မြားပစ်စွမ်းရည်က အရမ်းတိကျနေလို့လား။ ”
ကျိုးဝေ့ချင်းက သူ့မြားပစ်စွမ်းရည်ကိုအနည်းငယ်တော့ ယုံကြည်မှုရှိသဖြင့် ချက်ချင်းခေါင်းညိတ်လိုက်သည်။
ရှမ်ကွမ်းပင်းအာပြောလိုက်သည်။
” ကောင်းပြီလေ… မင်းရဲ့မြားပစ်စွမ်းရည်က ပိုပြီးတော့တိကျမှုရှိတယ် ဒါမှမဟုတ် ငါနဲ့တူတယ်ဆိုရင် မင်းရဲ့အထူးလေ့ကျင့်ရေးကို ဆက်လုပ်စရာမလိုတော့ဘူး။ မင်းရဲ့ ပစ္စည်းတွေကိုယူပြီး ငါ့နောက်လိုက်ခဲ့။ ”
ကျိုးဝေ့ချင်း သူ့လေးကြီးကိုပုခုံးမှာလွယ်ပြီး မြားကျည်တောက်ကိုယူကာ တပ်ဝင်းအပြင်ဘက်ကို ရှမ်ကွမ်းပင်းအာနောက်က လိုက်ပါသွားသည်။
တပ်ဝင်းအပြင်ကိုရောက်သည်နှင့် ရှမ်ကွမ်းပင်းအာက ရပ်လိုက်ပြီး ကိုက်နှစ်ရာအဝေးရှိ ပင်စည်လုံးပတ် လူတစ်ယောက်ခန္ဓာကိုယ်လောက်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ပြလိုက်သည်။
” အဲ့သစ်ပင်ကိုမြင်လား။ အလယ်အလတ်လေးသည်တစ်ယောက်ဖြစ်ဖို့ အနည်းဆုံးကိုက်နှစ်ရာအကွာက လူတစ်ယောက်ကို ပစ်နိုင်ရမယ်။ မင်းရဲ့ပစ်မှတ်က အဲ့ဒီသစ်ပင်ရဲ့ အလယ်တည့်တည့်ပဲ။ ရှေ့ကိုသွား။ ”
ကျိုးဝေ့ချင်း လေးကိုဖြုတ်ယူလိုက်ပြီး ၉၀စင်တီမီတာခန့်ရှည်သောမြားတစ်စင်းကို မြားကျည်တောက်မှ ထုတ်ယူလိုက်ကာ လေးတွင်တပ်လိုက်သည်။
လေးကိုတင်လိုက်ပြီး ကိုက်နှစ်ရာအကွာအဝေးမှ ပိန်ပိန်ရှည်ရှည်သစ်ပင်ကို ချိန်ကာ မြားကိုပစ်လွှတ်လိုက်သည်။