ရတနာတန်ခိုးရှင်၏ကံကြမ္မာ
မူရင်းရေးသူ – Tang Jia San Shao
အခန်း – ( ၁၃ ) ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များ – ၁
စစ်တပ်ဝင်းမှာ မြို့အပြင်တွင်ရှိလေသည်။ ကျိုးဝေ့ချင်းသည် သူ၏အသစ်ကျပ်ချွတ် ကိုယ်ကျပ်ချပ်ဝတ်နှင့် တစ်ကီလိုဂရမ်သာရှိသော လတ်လတ်ဆတ်ဆတ်ဦးထုပ်လေးအတွက် ကြည်နူးနေလျက် စစ်တပ်ဝင်းထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်လာသည်။ မနေ့ကရောက်ခဲ့သော ဒုက္ခသုက္ခများကို လုံးဝသတိမရတော့သည့်ပုံရှိသည်။
သူတပ်ဝင်းထဲကိုဝင်လိုက်သောအခါ ရင်းနှီးသည့်လူတစ်ယောက်နှင့်တိုက်မိလေသည်။ ၄င်းမှာ သူ့ကို ဘယ်လိုနေလဲ ဟုမေးခဲ့သော တပ်ခွဲမှူးဖြစ်သည်။ သို့သော် ဤအချိန်တွင်ကား သူကောင့်သား၏ မျက်နှာသည် အလွန်တည်ကြည်နေသည်။ သူက ကျိုးဝေ့ချင်းရပ်သွားရန် လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။
” မင်းက ဖက်တီးလေးကျိုး… ဟုတ်တယ်မဟုတ်လား။ ”
ကျိုးဝေ့ချင်းက ရိုးသားသောအပြုံးနှင့်ပြန်ဖြေလိုက်သည်။
” ဟုတ်ပါတယ် ခွဲမှူးအစ်ကိုကြီး။ ကျွန်တော်က ဖက်တီးလေးကျိုးပါ။ ”
တပ်ခွဲမှူးက အသံမာမာနှင့်ပြောလိုက်သည်။
” ဘာအစ်ကိုကြီးလဲကွ။ တပ်ထဲမှာ ရာထူးနဲ့ အဆင့်ပဲရှိတယ်။ အမှတ်( ၅ )မဟာတပ်ရင်းက အမှတ်( ၃ )တပ်ရင်းရဲ့အမှတ်( ၄ )တပ်ခွဲမှူး…မောင်းလီဆိုတာ ငါပဲ။ အခုကနေ ရှေ့ကို မင်းကငါ့အမှတ်( ၄ )တပ်ခွဲရဲ့ တပ်ဖွဲ့ဝင်ဖြစ်သွားပြီ။ နားလည်လား။ ”
ကျိုးဝေ့ချင်းပြန်ပြောလိုက်သည်။
” နားလည်ပါတယ်။ ”
ခွဲမှူးထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲမှာတော့ အ,မနာပပြောလိုက်သည်။ ‘ မောင်းလီလား။ မြည်းလား။ တပ်ခွဲမှူး မြည်းလား။ ‘
စကားချပ်။ ။ မောင်းလီ Mao Li ဆိုသောနာမည်သည် မောင်းလူ Mao Lu ဟူသောအသံနှင့် နီးစပ်သည်။ Mao Lu ၏ အဓိပ္ပာယ်မှာ မြည်းဖြစ်သည်။
တပ်ခွဲမှူးမောင်းလီမှာ တည်တည်ကြည်ကြည်နေကာမှ သူ၏စစ်သားဘဝတစ်လျှောက်လုံးတွင်စေမည့် ဤကဲ့သို့နာမည်ပြောင်မျိုးအား ထိုလူရှုပ်ကောင်က ပေးလိုက်သည်ကို မသိရှာခဲ့ပေ။
” ငါ့နောက်လိုက်ခဲ့။ ” မောင်းလီ လှည့်လျက် ပင်မရွက်ဖျင်တဲဆီသို့ ဦးတည်သွားလိုက်သည်။
ကျိုးဝေ့ချင်းမှာ မည်သည့်အတွက်ကြောင့် တပ်ခွဲမှူးက သူ့ကိုကိုယ်တိုင်လာတွေ့သလဲဆိုတာကို တအံ့တသြဖြစ်လျက် စိတ်ရှုပ်ထွေးစွာလိုက်ပါသွားသည်။
သူကလတ်လတ်ဆတ်ဆတ်တပ်သားသစ်လေးဖြစ်သည်။ သာမန်အားဖြင့် တပ်စုမှူးတစ်ယောက်ကသာ သူ့ကိုကိုင်တွယ်ရမည်ဖြစ်သည်။ တပ်ခွဲမှူးဆိုသည်မှာ လူတစ်ရာကိုဦးဆောင်ရသူဖြစ်သည်။ ကောင်းကင်လေးအင်ပါယာ၏ စစ်တပ်မှာအတော်အတန်သေးငယ်သောကြောင့် စစ်တပ်၏အလယ်အလတ်အရာရှိအဆင့်တွင်ရှိလေသည်။ ရှမ်ကွမ်းပင်းအာကဲ့သို့သော တပ်ရင်းမှူးများကိုသာ အဆင့်မြင့်ဗိုလ်ချုပ်များအဖြစ်သတ်မှတ်သည်။
မောင်းလီက သူ့ကိုတပ်ဝင်း၏ လူသူကင်းမဲ့သောအတွင်းဘက်နေရာသို့ဆက်လက်ခေါ်ဆောင်သွားသည်။ နောက်ဆုံးတွင် တပ်ဝင်း၏အစွန်ဘက်အကျဆုံးနေရာတွင်ရှိသည့် ရွက်ဖျင်တဲလေးတစ်ခုထဲကို ဝင်ရောက်သွားသည်။
ကျိုးဝေ့ချင်း သူ့နောက်ကလိုက်ဝင်လိုက်သည်။ ရွက်ဖျင်တဲမှာ ၁၀ မီတာအလွန်ဆုံးရှိပြီး အတွင်းထဲတွင်မည်သည့်အပြင်အဆင်နှင့် ပစ္စည်းကိရိယာမှမရှိဘဲ အိပ်စင်တစ်ခုသာရှိသည်။
မောင်းလီ တဲထဲမှာမတ်တပ်ရပ်ပြီးပြောလိုက်သည်။
” တပ်သားသစ်စုဆောင်းတာမပြီးသေးခင်နဲ့ လေ့ကျင့်ရေးသင်တန်းမစခင် မင်းဒီနေရာမှာနေရမယ်။ အခုငါတို့ရဲ့ အမှတ်( ၅ )မဟာတပ်ရင်းက တပ်သားတစ်ထောင် ခေါ်ယူနေတယ်။ ငါတို့အမှတ် ( ၃ )တပ်ရင်းပဲ တပ်သားတစ်ရာရသေးတယ်။ ငါခန့်မှန်းသလောက်ဆိုရင် တပ်သားသစ်စုဆာင်းရေးက အနည်းဆုံးလဝက်လောက်ကြာရင်ပြီးလိမ့်မယ်။ ”
ကျိုးဝေ့ချင်း အံ့အားတသင့်ပြောလိုက်သည်။
” ဝိုး……ခွဲမှူး။ ကျွန်တော်တို့ စစ်သားတွေက တော်တော်အဆင့်မြင့်တာပဲ။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ရွက်ဖျင်တဲတွေ ရှိတယ်လား။ ”
” ဟ…ဟ.. ” မောင်းလီ ရယ်မောရင်းပြောလိုက်သည်။
” အမှန်က မင်းအတွက် အထူးသီးသန့်ပဲ။ လူညစ်ကလေး။ ငါမင်းကို ဒီနေရာမှာမကူညီနိုင်တော့ဘူး။ မင်းရဲ့ အပြုအမူတွေကို မင်းဘာသာပဲတာဝန်ယူရလိမ့်မယ်။ ကောင်းပြီ…မင်းအခုအနားယူလို့ရပြီ။ တပ်စားသောက်ခန်းက တပ်ဝင်းရဲ့ ဘယ်ဘက်ထောင့်မှာပဲ။ မင်းအလွယ်တကူရှာတွေ့လိမ့်မယ်။ တပ်သားသစ်လေ့ကျင့်ရေးသင်တန်းစရင် မင်းကိုတစ်ယောက်ယောက်က သတင်းလာပို့လိမ့်မယ်။ ”
ထို့နောက် တဲအတွင်းမှ လှည့်ထွက်သွားတော့သည်။
မောင်းလီ ထွက်ခွါသွားပြီးနောက် ကျိုးဝေ့ချင်းမှာ သူ့အနာဂတ်အခြေအနေသိပ်မကောင်းဟု ခံစားမိနေသည်။ လေးနှင့် မြှားကျည်တောက်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီး တဲအတွင်းမှထွက်လိုက်သည်။
စောစောက သူဤနေရာကို သေသေချာချာမစစ်ဆေးမိခဲ့ပေ။ ယခုမှ သတိထားပြီး သူ့ပတ်ဝန်းကျင်ကို အသေးစိတ်လေ့လာကြည့်လိုက်သောအခါ သူနှင့်အနီးဆုံး ရွက်ဖျင်တဲမှာ မီတာ၅၀လောက်ဝေးနေသည်ကို နားလည်လိုက်သည်။ သူ့တဲမှာ တပ်ဝင်း၏ အစွန်ဘက်အကျဆုံးတွင်ရှိသည်ဟုပြောနိုင်သည်။
သူ့ရဲ့ ဘဝအမှန်ကိုသိသွားကြတာများလား။ ဒါလဲမဖြစ်နိုင်သေးဘူး။ သူ အရမ်းသတိထားခဲ့တာပဲ။
ရုတ်တရက် လှပပြီး ဒေါသထွက်နေသည့် မျက်နှာလေးတစ်ခု သူ့စိတ်ထဲမှာ ဖျက်ခနဲပေါ်လာပြီး စိတ်အားငယ်သွားသည်။ သူ့ကိုယ်သူရေရွတ်လိုက်သည်။
” ရှမ်ကွမ်းပင်းအာ… ဒီစကီလေးက အင်ပါယာရဲ့ ထိပ်တန်းပါရမီရှင်လေးပဲ။ သူမက ရင်သားကြီးကြီးနဲ့ ဇီဇာအရမ်းကြောင်တဲ့စော်မဟုတ်ပါဘူး။ ငါ့ကိုထိခိုက်အောင်အန္တရာယ်ပေးပါ့မလား။ ”
” ကျိုး……ဖက်တီးကောင် ”
ထိုအခိုက်တွင် အံကြိတ်ကာအော်လိုက်သည့် ဒေါသသံလေးတစ်ခုက သူ့နားအတွင်းသို့ ဝင်ရောက်လာသည်။ အသံလေးမှာ အော်ရီယိုငှက်၏ကျည်ကျည်ကျာကျာမြည်သံလေးကဲ့သို့ စွဲမက်ကြည်နူးစရာကောင်းလှသည်။ သို့သော်လည်း ထိုတူရိယာသံလေးက ကျိုးဝေ့ချင်းအတွက်တော့ မကောင်းသည့်အတိတ်နိမိတ်ကို ဆောင်ကျဉ်းလာနေသည်။
ကျိုးဝေ့ချင်း ရှမ်ကွမ်းပင်းအာကိုတွေ့ရန် လှည့်ကြည့်လိုက်သည်။ ရှမ်ကွမ်းပင်းအာမှာ ခရမ်းရင့်ရောင်ရှိသောတာဝန်ကျ ဝတ်စုံအပွကိုဝတ်ဆင်ထားပြီး ရှည်လျားသော လေးကြီးတစ်လက်ကို ကျောတွင်လွယ်ထားသည်။ ကျိုးဝေ့ချင်းမှာကူကယ်ရာမဲ့နေသော်လည်း သူမကိုရပ်လျက်ငေးမောကြည့်နေမိသည်။ သူမ၏ဆံပင်ကို မြင်းမြီးပုံစံစည်းထားသည်။ မည်သည့်ချပ်ဝတ်ကိုမှဝတ်ဆင်ထားခြင်းမရှိသဖြင့် ခရမ်းရင့်ရောင်ဝတ်စုံပွမှာ သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်နေစေသည်။ သူမနောက်ကျောက လေးကြီးနှင့်တွဲဖက်လိုက်ပါက သူမမှာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော စစ်သည်မယ်တစ်ဦး၏လှပသည့်ကောင်းသည့်ပန်းချီကားတစ်ချပ်နှင့်တူနေသည်။ ကံမကောင်းစွာပဲ သူမ၏ချစ်စရာကောင်းသည့်မျက်နှာလေးမှာ အလွန်ပင်မည်းမှောင်နေသည်။ သူမကိုတံတွေးနှင့်ထွေးလိုက်သလို သူပြောခဲ့သည့် ‘ရင်သားကြီးတဲ့စော်’ ဟူသောစကားကို သူမရှင်းရှင်းလင်းလင်းကြားလိုက်သည်။
အာ ဒါကဘယ်လိုကံမျိုးလဲ။ ကျိုးဝေ့ချင်း စိတ်ထဲကနေသက်ပြင်းချလိုက်သည်။ မျက်နှာပေါ်တွင် ရိုးသားသည့်အပြုံးကို အမြန်ဖော်ထုတ်လိုက်သည်။
” ကြီးမြတ်တဲ့ တပ်ရင်းမှူးကြီး…ကျွန်တော်ကတပ်ရင်းမှူးကို ချီးကျူးနေတာ…အဲ…တပ်ရင်းမှူးရဲ့ကြီးထွားတာကို…အမ်…ဖွံ့ဖြိုးတာကို…… ”
လက်ပူးလက်ကြပ်မိသွားသဖြင့် နှုတ်အာသွက်လှသော ကျိုးဝေ့ချင်းမှာ ဤတစ်ကြိမ်တွင် မည်သို့ပြောရမည်မှန်းမသိတော့ချေ။
ရှမ်ကွမ်းပင်းအာမှာ အလွန်စိတ်ဆိုးနေသည်။ သူမ အစကတည်းက ကျိုးဝေ့ချင်းကို ဤသီးသန့်ရှိသောတဲတွင်ထားရန် မောင်းလီကိုစေခိုင်းခဲ့သည်။ သို့မှသာ သူမကသူ့ကို လက်စားချေလို့ရမည်ဖြစ်သည်။ မူလတုန်းက သူမမှာ ကျိုးဝေ့ချင်းကိုခက်ခဲအောင်လုပ်ရန်အတွက် စိတ်ထဲတွင် အနည်းငယ်စနိုးစနောင့်ဖြစ်နေသည်။ တကယ်တော့ကျိုးဝေ့ချင်းမှာတပ်သားသစ်တစ်ဦးဖြစ်သည်။ သူကစိတ်တိုစရာကောင်းသော်လည်း အရင်သူ၏မဟုတ်ကဟုတ်ကအပြုအမူများက မတော်တဆများဖြစ်သည်။ သို့သော်လည်း ယခုစကားများကိုကြားပြီးနောက် သူ၏ရိုးသားသည့်ပုံစံနှင့် ဘယ်လိုမှအရူးအလုပ်မခံနိုင်တော့ပေ။
” တပ်သားကျိုး။ သတိ… ”
ရှမ်ကွမ်းပင်းအာ ကျယ်လောင်စွာအော်လိုက်သည်။
ကျိုးဝေ့ချင်းမြန်မြန်မတ်တပ်ရပ်၍ သတိစွဲလိုက်သည်။ ဤနေရာတွင် သူတို့နှစ်ယောက်ကို နှိုင်းယှဉ်၍မရပေ။ ရှမ်ကွမ်းပင်းအာမှာ သူ့ထက်အဆင့်မြင့်သော အရာရှိဖြစ်နေရုံသာမက ကောင်းကင်ရတနာသခင်တစ်ယောက်လည်းဖြစ်သည်။ ဆိုရိုးတစ်ခုလို ‘ပညာရှိတစ်ယောက်သည် ကံကြမ္မာကသူ့ဘက်တွင်မရှိလျှင် တိုက်ခိုက်ခြင်းမပြုအပ်ပေ။’
ရှမ်ကွမ်းပင်းအာက သူမခါးမှမြင်းရိုက်ကြာပွတ်ကို ညာလက်ဖြင့်ထုတ်ယူလိုက်ကာ ကျိုးဝေ့ချင်းကိုစိုက်ကြည့်လျက် အေးစက်စွာပြောလိုက်သည်။
” တပ်သား ကျိုး။ အထက်အရာရှိကို မလေးမစားလုပ်တဲ့အတွက် မင်းအပြစ်က ကြာပွတ် ၁၀ ချက်။ အပြစ်ကို ရှမ်ကွမ်းပင်းအာက စီရင်မယ်။ ဖက်တီးလေးကျိုး ခုချက်ချင်း တစ်ဖက်ကိုလှည့်လိုက်။ ”
ကျိုးဝေ့ချင်း ရှမ်ကွမ်းပင်းအာလက်ထဲက ကြာပွတ်ကိုဝမ်းနည်းပက်လက်နှင့်ကြည့်လိုက်ပြီး နှလုံးသားထဲတွင်အော်ဟစ်ငိုနေသည်။ စစ်တပ်ကိုရောက်သော သူ၏ပထမဆုံးနေ့မှာပင် ကြာပွတ်နှင့်အရိုက်ခံရလိမ့်မည်ဟု မထင်ထားပေ။ သို့သော် ယခုအခါတွင် သူမ၏အမိန့်အောက်တွင်ရှိနေပြီး လေးလံသောစိတ်နှင့် စိတ်မပါစွာလှည့်လိုက်ရသည်။
‘ဟမ့်’
ရှမ်ကွမ်းပင်းအာ၏ ဒေါသနေသည့်အသံထွက်ပေါ်လာပြီး လျင်မြန်သည့်ရိုက်ချက်နှင့်အတူ ကျိုးဝေ့ချင်း၏နောက်ကျောကုန်းပေါ် ကျရောက်သွားသည်။
‘ ဖက် ‘
ကျိုးဝေ့ချင်း၏ ကျောကုန်းပေါ်ကြာပွတ်ကျသံဖြစ်သည်။
” အားးးးးးးးးးး ” သင်းကွပ်ခံလိုက်ရသလို ကျိုးဝေ့ချင်း၏ စူးဝါးသောအသံကြီးထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်ပစ်လဲကျသွားပြီး ပြင်းထန်သောဝေဒနာကြောင့်လူးလိမ့်နေသည်။
ရှမ်ကွမ်းပင်းအာ သူမလက်ထဲကကြာပွတ်ကို မယုံသင်္ကာကြည့်ပြီး ချီတုံချတုံဖြစ်လျက်တွေးတောနေသည်။
‘ဒီလောက်တောင်နာနေလား။ ငါကောင်းကင်စွမ်းအင်လည်းထည့်မထားပါဘူး။ ဒီဖက်တီးလေးကျိုးက ကြံ့ခိုင်တဲ့ပုံပါ။ သူကဒီလောက်အားနည်းမယ်လို့ ဘယ်သူထင်မှာလဲ။’
ကျိုးဝေ့ချင်း၏အမူအရာမှာ အလွန်သရုပ်ပါလှသည်။ သူက သေတော့မလို မြေပြင်ပေါ်မှာလူးလိမ့်နေလျက် အရမ်းနာကျင်နေသလို ခန္ဓာကိုယ်ကိုတွန့်လိမ်ကာ ထွန့်ထွန့်လူးနေလိုက်သည်။
အရိုက်ခံရခြင်းနှင့်ပတ်သက်လာလျှင် သူ့ထက်အတွေ့အကြုံရှိသည့်သူ ရှိပါဦးမလား။ ငယ်စဉ်ကတည်းက အပြစ်ပေးခံရသည့်အခါ သူ့အဖေ၏ မရေမတွက်နိုင်သော ရိုက်ချက်များကိုရလေ့ရှိခဲ့သည်။ သူအရိုက်ခံရသည့်အခါ မာယာဆောင်နည်းအမျိုးမျိုးကို အတွေ့အကြုံကြွယ်ဝစွာအသုံးချနေကျဖြစ်သည်။
ရှမ်ကွမ်းပင်းအာက သူ့ကို ကြာပွတ်နှင့်ရိုက်လိုက်သည့်အခါ ကြာပွတ်ဒဏ်ကိုလျော့ပါးသွားနိုင်ရန် အချိန်ကိုက် အရှေ့ကို ထိုးစိုက်ချလိုက်သည်။ ထို့နောက် ရှေ့ဆက် ဆောင်ရွက်ရန်ရှိသည့်အတိုင်း သူ့ကိုသနားလာအောင် နာကျင်မှုကိုပြသလိုက်သည်။ သူ့မှာအသုံးပြုမည့် ဗျူဟာအများအပြားရှိသည်။ ထို့ပြင် သူ၏နောက်ထပ်ပင်ကိုယ်စွမ်းရည်တစ်ခုဖြစ်သော အထမြောက် အောင်မြင်အောင်လုပ်နိုင်ခြင်းတွင်လည်း အလွန်ကျွမ်းကျင်ပိုင်နိုင်သည်။
အမှန်တော့ ဤငညစ်ကျယ်ကောင်သည် စိတ်ထဲတွင်အားရပီတိဖြာနေသည်။ သူကတိုက်တေနီယမ်ကိုယ်ကြပ်ချပ်ဝတ်ကို ဝတ်ထားသည်။ ရှမ်ကွမ်းပင်းအာက ကောင်းကင်စွမ်းအင်မသုံးထားသည့်အချက်နှင့်ဆိုလျင် သူဘာမှတောင်မခံစားလိုက်ရပေ။ ထို့ကြောင့် သူ၏နာကျင်နေသည့်ပုံစံမှာ သရုပ်ဆောင်မှုတစ်ခုသာဖြစ်သည်။ သူ ထိုကဲ့သို့ပြုလုပ်လိုက်သောကြောင့် အခြေအနေကိုကောင်းစွာပြောင်းလဲနိုင်ပေမည်။
ကျိုးဝေ့ချင်း၏နာကျင်မှုကိုကြည့်ရင်း ရှမ်ကွမ်းပင်းအာ နောက်တစ်ကြိမ်မရိုက်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် ခဏအကြာမျှလူးလိမ့်ပြီးနောက် ကျိုးဝေ့ချင်းငြိမ်ကျသွားသည်။ သို့သော် ဘာမှမလုပ်နိုင်တော့သလို တဆက်ဆက်အကြောဆွဲနေသေးသည်။