ရတနာတန်ခိုးရှင်၏ကံကြမ္မာ
မူရင်းရေးသူ – Tang Jia San Shao
အခန်း – ( ၁၂ ) တပ်ရင်းမှူးရဲ့ရင်ဘက်ကြွက်သားတွေက မဆိုးဘူး – ၄
ဆိုင်ရှင်က ကျိုးဝေ့ချင်းကို အံ့သြတကြီးကြည့်လိုက်သည်။
” အရာရှိ…ဆရာ……ဒါ……ဒါက။ ခင်ဗျား ဒီလိုတွက်လို့မရဘူးလေ။ ဒါကိုပြီးစီးဖို့အဆင့် ၂ ပန်းပဲဖိုတွေက နှစ်တစ်ဝက်ကျော်လောက်အချိန်ယူထားရတာ။ ပြီးတော့ ငြှိုးမာန်မှော်မြွေရဲ့အရွတ်ကြောဖိုးလဲရှိသေးတယ်။ ”
သူက ထိုကိုယ်ကြပ်ချပ်ဝတ်၏ တန်ဖိုးကို ရွှေပြား ၆၀ သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းတန်ဖိုးမှာ သာမန်စစ်သားတစ်ယောက်၏ နှစ်နှစ်ဆယ်လုပ်ခလစာ နီးပါးရှိသည်။
အံ့သြမှုကြောင့် ကျိုးဝေ့ချင်း၏ မျက်လုံးများပြူးကျယ်သွားသည်။ ပြီးနောက် ရိုးသားသည့်မျက်နှာပေးနှင့် ပြောလိုက်သည်။
” ဆိုင်ရှင်…စောစောတုန်းက တစ်ကီလိုဂရမ်ကို ရွှေပြားခြောက်ပြားလို့ ခင်ဗျားမပြောဘူးလား။ လက်ခလဲမယူဘူးလို့ ခင်ဗျားပဲပြောသေးတယ်လေ။ ကျုပ်က ကျုပ်တို့တပ်ရင်းမှူးကို လက်ဆောင်ပေးမလို့ဝယ်တာ။ ခင်ဗျားက အဲ့လောက်တော့ကပ်စေးမနဲဘူး မဟုတ်လား။ အ……ခင်ဗျားအလုပ်တစ်ခုကိုဦးဆောင်တဲ့အခါမှာ စိတ်ရင်းတော့မှန်မှန်ထားသင့်တယ်။ ဘယ်လိုလဲ။ ခင်ဗျား တကယ်ပဲဈေးနှုန်းကို တင်မှရမယ်ဆိုရင်လဲ ကျုပ်ကမငြင်းပါဘူး။ ဒါပေမယ့်…ကျုပ်မှာ လောလောဆယ် ငွေအလုံအလောက်မရှိသေးဘူး။ ကျုပ်တပ်ရင်းမှူးကို လက်ဆောင်ပေးပြီးရင် ခင်ဗျားကို ပေးဖို့ကျန်တဲ့ငွေပမာဏကို သူပေးလိမ့်မယ်။ ဒါဆို အဆင်ပြေလား။ ပြီးတော့ ကျုပ်တို့ရဲ့တပ်ရင်းမှူးက ကျုပ်တို့ရဲ့ထောက်တိုင်ကြီးပဲ။ ကျုပ်မှာဘာမှမရှိတော့ပေမယ့် သူ့လုံခြုံရေးအတွက် နှစ်နည်းနည်းလောက်စုပြီး ပေးရမယ်ဆိုလဲပေးမယ်ဗျာ။ ”
ပုံပြင်ကိုဆက်နေရင်း ထိုဥာဏ်များသောကလိမ်ကကျစ်ကောင်က သနားစရာကောင်းပြီး စိတ်ရှုပ်ထွေးနေသော အမူအရာကို ပြုလုပ်ထားလိုက်သည်။
”ဒါ……ဒါက…”
ရှမ်ကွမ်းပင်းအာအတွက် လက်ဆောင်ဆိုသည်ကိုကြားပြီး ဆိုင်ရှင်၏မျက်နှာတွင် ကို့ရို့ကားယားနိုင်သောအမူအရာထွက်ပေါ်လာသည်။ ကျိုးဝေ့ချင်းနှင့်တွေ့ရမှ သူ့မှာ မျက်ရည်မထွက်ဘဲငိုချင်စိတ်ပေါက်နေသည်။ နောက်ဆုံးမှာ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး
” ကောင်းပါပြီဗျာ…ကောင်းပါပြီ။ ကြီးမြတ်တဲ့ မှူးမတ်အတွက်ဆိုကတည်းက ကျွန်တော့်မှာ ပြောစရာမရှိတော့ပါဘူး။ ဒါပေမယ့်…အရာရှိဆရာကြီးရယ်။ နောက်တစ်ကြိမ် ကြီးကျယ်တဲ့ အော်ဒါတွေများမှာခဲ့ရင် ကျွန်တော့်ကိုလဲပြန်ကြည့်ပေးဖို့ သတိရပေးပါခင်ဗျာ။ ”
ကျိုးဝေ့ချင်း စိတ်ထဲကကျိတ်ရယ်လိုက်သည်။ နောက်ထပ် အချိန်ကြာကြာမနေရဲတော့သဖြင့်
” ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ဦးထုပ်ယူဖို့ ဒီညပြန်လာပါဦးမယ်။ အိုး…ကျေးဇူးပြုပြီး ဦးထုပ်ပတ်ပတ်လည်ကို ပိတ်စတွေထည့်ပေးထားပါလား။ အဲ့ဒါမှသာမန်ဦးထုပ်တစ်လုံးနဲ့တူမှာ။ ဦးထုပ်နှုတ်ခမ်းကိုလဲ ပိုပြီးကြီးအောင်လုပ်နိုင်ရင်လုပ်ပေးပါ။ အဲ့ဒါမှလည်း ပိုပြီးအကာအကွယ်ကောင်းမှာ။ ”
ပြောပြီးသောအခါ ကျိုးဝေ့ချင်းသည် ကိုယ်ကြပ်ချပ်ဝတ်ကိုယူ၍ ထွက်လာခဲ့သည်။ သူ့ဘာသာသူလည်း အလွန်ကျေနပ်အားရနေသည်။
ပန်းပဲရုံမှထွက်ခွါလာပြီးနောက် ကျိုးဝေ့ချင်းသည် တိတ်ဆိတ်သောနောက်ဖေးလမ်းကြားတစ်ခုက ထောင့်တစ်နေရာသို့ထွက်လာခဲ့သည်။ ထို့နောက် ယူနီဖောင်းကိုချွတ်လိုက်ပြီး ကိုယ်ကြပ်ချပ်ဝတ်ကိုဝတ်ဆင်လိုက်သည်။ ၄င်းမှာ သူ့အတွက်အနည်းငယ်မျှကြီးသော်လည်း အရွတ်ကြောများ၏ ရုန်းကန်အားက အလွန်ကောင်းမွန်သည်။ ထို့ကြောင့် အနည်းငယ်တင်းအောင် ချည်နှောင်လိုက်နိုင်သည်။ ယူနီဖောင်းကိုပြန်ဝတ်လိုက်ပြီးသည့်အခါ ကိုယ်ကြပ်ချပ်ဝတ်ကို သတိမထားမိတော့ချေ။
” ဒီလောက်တောင် ကြီးကျယ်လိုက်တဲ့ ပစ္စည်း။ ဟူး……ကံမကောင်းစွာပဲ တိုက်တေနီယမ်သတ္တုစပ်က ကောင်းကင်စွမ်းအင် မစီးဆင်းနိုင်ဘူး။ နောက်ထပ် အစွမ်းတွေနဲ့လည်း ထပ်ပေါင်းစပ်လို့မရပြန်ဘူး။ အဲ့လိုသာမဟုတ်ရင် လုံးဝပြိုင်ဘက်ကင်းတဲ့ အစွမ်းတွေနဲ့ ဈေးနှုန်းက မိုးထိမြင့်သွားမှာ။ ”
ကျိုးဝေ့ချင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ တိုက်တေနီယမ်သတ္တုစပ်တွင် အလွန်ကောင်းမွန်သည့်အချက်များစွာရှိသည်။ သို့သော် အားလုံးမပြီးပြည့်စုံသေးပေ။ ဖော်ပြထားသလို အားနည်းချက်များလည်းရှိနေသေးသည်။ ထိုအားနည်းချက်များကပဲ ၄င်းကို ရတနာသခင်များအတွက် ထိပ်တန်းလက်နက်တစ်ခု မဖြစ်စေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းလည်း နိမ့်ကျနေခြင်းဖြစ်သည်။
သူ့ပစ္စည်းကိစ္စများကို စာရင်းရှင်းပြီးနောက် ကျိုးဝေ့ချင်းသည် ကြယ်တာရာသစ်တောထဲသို့ ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် သူဝှက်ထားခဲ့သော ရတနာတစ်ခုရှိနေသည်။ ၄င်းမှာ သူနေခဲ့သည့် ၁၃ နှစ်အတွင်းအဖိုးတန်ဆုံးအရာဖြစ်သည်။
———————————————————-
ကျိုးဝေ့ချင်းက ဥာဏ်များသည့်လေးသမားတစ်ဦးဖြစ်လာရန် စစ်တပ်ထဲ ဝင်နေချိန်၌ ကောင်းကင်လေးအင်ပါယာ၏ နန်းတော်ထဲတွင်တော့ ရာသီဥတုအခြေအနေမှာ တထိတ်ထိတ် တလန့်လန့်အနေအထားသို့ရောက်နေသည်။
” ခမည်းတော်… စိတ်မဆိုးပါနဲ့။ သမီးတော်ရဲ့ အမှားတွေပါ။ ”
မင်းသမီးတီဖူရာသည် ဒူးထောက်လျက် ငိုသံပါပါနှင့် ပြောနေသည်။ သူမ၏ရှေ့တွင် အသက်လေးဆယ်ခန့်ရှိ ရွှေရောင်ဝတ်ရုံကြီးတစ်ခုကိုခြုံထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ ဦးခေါင်းတွင် ရွှေရောင်သရဖူတစ်ခုဆင်မြန်းထားလျက် အသားအရေမှာ ကျောက်စိမ်းရောင်တောက်နေပြီး ခန္ဓာကိုယ်မှအရှိန်အဝါများက လေထုတစ်ခုလုံးတွင် ဖြာထွက်လျက်ရှိနေသည်။ ဘေးနားတွင်ရှိသောအစေခံများမှာ အသက်ပင်မရှူရဲလောက်အောင်ဖြစ်နေရသည်။ ထိုခဏတွင် သူ့နဖူးကြောများ တွန့်သွားပြီး မျက်လုံးထဲတွင် ဒေါသများနှင့်ပြည့်နေသည်။ မင်းသမီးတီဖူရာ၏ စကားကိုကြားသောအခါ ရုတ်တရက် ရပ်လိုက်ပြီး ဒေါသနှင့်အော်လိုက်သည်။
” ငါ့ပြောလိုက်မယ်။ ဝေ့ချင်း ဘာမှမဖြစ်ရင် သက်သာမယ်။ သူသာမင်းကြောင့်သေသွားရင် မင်းလည်းသူနဲ့အတူလိုက်သေရမယ်။ ”
တီဖူရာနန်းတော်ကိုပြန်ရောက်သည့်အခါ သူမဖြစ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်တွေးပြီး ကြောက်သထက်ကြောက်လာသည်။ နောက်ဆုံးတွင် သူမ၏ဆင်ခြင်နိုင်မှုက အကြောက်တရားကိုအနိုင်ယူသွားကာ သူမ၏အဖေ ဧကရာဇ်တီဖုန်းလင်အား ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။ ပထမမှာ သူမ၏စကားများက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေခဲ့သည်။ သို့သော် တီဖုန်းလင်က ကျိုးဝေ့ချင်းအကြောင်းကို ပြောမှန်းသိသည်နှင့် ကိုယ်ရံတော်နီရာကိုချက်ချင်းခေါ်ကာ အကြောင်းရင်းကို အသေးစိတ်သိသည်အထိ မေးမြန်းခဲ့သည်။ အကြောင်းရင်းအမှန်ကိုသိသည်နှင့် သူ့စိတ်များအလွန်လှုပ်ရှားသွားသည်။ ထို့နောက် အဆင့် ၄ အသက်စွမ်းအင်သဘာဝဒြပ်ရတနာသခင်များကို ဆင့်ခေါ်ကာ နီရာနှင့်အတူ ကျိုးဝေ့ချင်းကို ရှာဖွေပြီးကုသရန်စေလွှတ်ခဲ့သည်။
တီဖူရာ သူမ၏အဖေကို ထိတ်လန့်တုန်လှုပ်စွာငေးကြောင်ကြည့်နေမိသည်။ ကျိုးဝေ့ချင်းက သူမအဖေ၏စိတ်ထဲတွင် ထိုမျှလောက်အရေးပါနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
” ခမည်းတော်…သူကအဖေရဲ့အမှုထမ်းတစ်ယောက်ပဲလေ။ သမီးတော်က ခမည်းတော်ရဲ့သမီးပါ။ ”
တီဖုန်းလင်တွင် သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ သမီးမှာ အသက်၁၆နှစ်ရှိပြီဖြစ်သော တီဖူရာကိုယ်တိုင်ဖြစ်ပြီး သားမှာ သူမမောင်လေးဖြစ်သည်။ တီဖုန်းလင်မှာ ကျော်ကြားပြီး ပြောင်မြောက်လှသောခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်။ သားတစ်ယောက်ရှိပြီး ကျန်းမာရေးကောင်းနေစဉ်မှာပင် နောက်ထပ်ကလေးမယူတော့ရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းအရင်းက ရိုးရှင်းသည်။ သူသည် သူ့ကလေးများ အနာဂတ်တွင် ထီးနန်းကိစ္စနှင့် တိုက်ခိုက်ပြီးအဆုံးသတ်သွားမှာကို မလိုလားပေ။ ထို့ကြောင့် သူ့တစ်ဦးတည်းသောသားအပေါ်တွင် သူ့ရှိသမျှအကုန်လုံးနှင့် ဂရုတစိုက်ထိန်းကျောင်းခဲ့သည်။
တီဖုန်းလင်ဒေါသတကြီးပြောလိုက်သည်။
” မင်းငါ့သမီးဆိုတာ သိသေးတယ်လား။ အတိတ်တုန်းက ငါတို့နဲ့ ကာလိဆီအင်ပါယာနယ်စပ်မှာ သူသာ သူ့ဘဝဒုက္ခအရောက်ခံပြီး ငါ့ကိုမကယ်ခဲ့ရင် မင်းဒီနေရာမှာ အသက်ရှင်ရက်ရှိနေမှာမဟုတ်ဘူး။ ရန်သူတွေရဲ့ မြှားတွေကို သူ့ခန္ဓာကိုယ်နဲ့ငါ့ကိုကာကွယ်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အစ်ကိုကျိုးကို မြှား ၂၆ ချောင်းတိတိစိုက်ဝင်နေခဲ့တယ်။ ငါတို့ရဲ့အသက်စွမ်းအင် သဘာဝဒြပ်ရတနာသခင်တွေက သူ့အသက်ကိုတစ်လလုံးလုံး ကယ်ဆယ်ဖို့ကြိုးစားခဲ့ရတယ်။ နှစ်ပေါင်းနှစ်ဆယ်ကြာအောင် သူ့ဘဝရဲ့ မရေတွက်နိုင်တဲ့ အချိန်တွေမှာ အစ်ကိုကျိုးဟာ ဒုက္ခတွေခံစားခဲ့ရတယ်။ သူ့ရဲ့သွေးတွေ မျက်ရည်တွေနဲ့ မရေမတွက်နိုင်တဲ့တိုက်ပွဲတွေမှာ သူ့ရဲ့သူရသတ္တိကိုပြသခဲ့တယ်။ သူမရှိဘဲနဲ့ ကောင်းကင်လေးအင်ပါယာဆိုတာမရှိဘူး။ မင်းလဲ မင်းသမီးတစ်ယောက်ဆိုတာ ဖြစ်လာမှာလား။ တော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ ဒီအင်ပါယာတိုးတက်အောင် မင်းဘာမှအားမထုတ်ခဲ့ဖူးဘူး။ အဲ့ဒီအစား မင်းသားတစ်ယောက်ကို လက်ထပ်ဖို့ပဲအမြဲစိတ်ကူးယဉ်နေခဲ့တယ်။ ဒီနေ့ကိစ္စကိုပဲကြည့်ဦး။ ကျိုးဝေ့ချင်းက မင်းကိုမြင်မိတာ မတော်တဆလည်းဖြစ်နိုင်တယ်။ တိုက်ဆိုင်မှုလည်းဖြစ်နိုင်တယ်။ သူရည်ရွယ်ချက်ရှိရှိ ချောင်းလဲ ဘာအရေးလဲ။ မင်းကသူ့ရဲ့ ဇနီးလောင်းပဲ။ ဒီလိုဦးနှောက်မရှိတဲ့ အရုပ်ဆိုးတဲ့အလုပ်ကိုလုပ်ခဲ့သေးတယ်။ သူကမင်းကိုဘာမှတောင်မလုပ်ခဲ့ဘူး။ ဒါပေမယ့် မင်း…မင်းသူ့ကို မင်းရဲ့ သဘာဝဒြပ်ရတနာအစွမ်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ငါမင်းကိုပြောနိုင်တယ်။ ငါ ရယ်စရာပြောနေတာမဟုတ်ဘူး။ ဝေ့ချင်းသာ တကယ်သေသွားရင် မင်းလဲသူနဲ့အတူလိုက်သေရမယ်။ အဲ့လိုမှမဟုတ်ရင် ငါအစ်ကိုကျိုးကို ဘယ်လိုပြန်ပြောရမလဲ။ ”
ယခုအခါမှာ တီဖူရာအမှန်တကယ်ကို ကြောက်လန့်နေသည်။ အထူးသဖြင့် တီဖုန်းလင်က သူမကိုကျိုးဝေ့ချင်းနှင့်အတူသင်္ဂြိုဟ်ပစ်ရန်ပြောသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ မည်သို့ပင် သူမ မယုံကြည်ချင်သော်လည်း သူမအဖေသည် သူ့စိတ်ထဲကဆုံးဖြစ်သည့်အတိုင်း လုပ်တတ်သည်ဆိုတာသူမသိသည်။
” အရှင်မင်းကြီး… ”
ထိုအခိုက်တွင် လူငါးယောက်အခန်းထဲဝင်လာကာ တီဖုန်းလင်ကို ခါးကိုင်းလျက်အရိုအသေပေးလိုက်သည်။ ၄င်းတို့မှာ သူစေလွှတ်ခဲ့သော အဆင့်လေးရတနာသခင်များဖြစ်သည်။
” ဘယ်လိုလဲ။ ဝေ့ချင်းဘယ်လိုနေလဲ။ ”
တီဖုန်းလင်ကစိုးရိမ်စွာမေးလိုက်သည်။
အသက်စွမ်းအင်ရတနာသခင်ခေါင်းဆောင်က ရိုသေစွာပြန်ပြောလိုက်သည်။
” အရှင်မင်းကြီး…မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ အမတ်ကျိုးကိုရှာလို့တော့မတွေ့ခဲ့ဘူး။ ဒါပေမယ့် နေရာကို ဂရုတစိုက်စစ်ဆေးလိုက်တဲ့အခါမှာ အဝေးကိုထွက်သွားတဲ့ သူ့ရဲ့ခြေရာတွေကိုတွေ့ရပါတယ်။ အမတ်ကျိုးက လုံခြုံစွာထွက်ခွါသွားပြီလို့ ကျွန်တော်တို့ကောက်ချက်ချနိုင်ပါတယ်။ ”
တီဖုန်းလင်၏ နဖူးကြောများတွန့်သွားသည်။
” ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျိုးဝေ့ချင်းက ကောင်းကင်စွမ်းအင်မရှိတဲ့သာမန်လူတစ်ယောက်ပဲ။ မီးစွမ်းအင်ပေါက်ကွဲမှုနဲ့ဆိုရင် ကြာကြာခံမှာမဟုတ်ဘူး။ ငါစိုးရိမ်တယ်။ ”
ရတနာသခင်ကပြောလိုက်သည်။
” အမတ်ကျိုးက ဗိုလ်ချုပ်ကျိုးရဲ့သားပဲ။ ဖြစ်နိုင်တာက ဗိုလ်ချုပ်ကအသက်ကယ်နိုင်တဲ့ အကာအကွယ်ပစ္စည်းတစ်ချို့တော့ပေးထားနိုင်တယ်။ ”
နောက်ဆုံးတွင် တီဖုန်းလင်၏အမူအရာမှာ ပြေလျော့သွားပြီး တီဖူရာဘက်ကိုလှည့်၍ပြောလိုက်သည်။
” ထစမ်း။ ဝေ့ချင်းကိုတောင်းပန်ဖို့ ဗိုလ်ချုပ်စံအိမ်ကို ငါနဲ့လိုက်ခဲ့။ ”
ဤနေရာ၌ တီဖူရာမည်သို့ ဆန့်ကျင်ပြောရဲမည်နည်း။ သူမစိတ်ထဲမှာကျိတ်ပြီး ကျိုးဝေ့ချင်းကို ကြိမ်းဝါးနေသော်လည်း ထပြီးသူမအဖေနောက်ကို လိုက်ရတော့သည်။ သူမရင်ထဲတွင် မတရားသလို ခံစားနေရသည်။
———————————————————-
ကျိုးဝေ့ချင်းကတော့ မြို့တော်ကို သူဘယ်လိုဒုက္ခမျိုး ယူဆောင်လာခဲ့သလဲ ဆိုသည်ကို မသိပေ။ နောက်တစ်နေ့အရုဏ်တက်၌ စားသောက်ဆိုင်ထဲတွင်နံနက်စာကို ပျော်ရွှင်စွာစားသောက်လိုက်ပြီး လေးကိုလွယ်ကာ စစ်တပ်ဝင်းထဲသို့ ဦးတည်ထွက်ခွါသွားတော့သည်။