Switch Mode

Chapter – 11

တပ်ရင်းမှုးရဲ့ ရင်ဘတ် ကြွက်သားတွေက မဆိုးဘူး - ၃

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ

မူရင်း – Tang Jia Sang Shao

အခန်း – ( ၁၁ ) တပ်ရင်းမှူးရဲ့ ရင်ဘက်ကြွက်သားတွေက မဆိုးဘူး – ၃

” ဟိုင်း…အရာရှိ ဘာမှာချင်ပါသလဲခင်ဗျ။ ”
ဆိုင်မန်နေဂျာက ကျိုးဝေ့ချင်း၏ စစ်ယူနီဖောင်းကိုကြည့်ပြီး ချက်ချင်းနှုတ်ဆက်လိုက်သည်။ ကောင်းကင်လေးအင်ပါယာတွင် ပန်းပဲလုပ်ငန်းမှာ မနိမ့်ကျလှသော်လည်း စစ်သားတစ်ယောက်ကိုတော့ မမှီသေးပေ။ ဤလောကတွင် အလေးစားခံရဆုံးလုပ်ငန်းမှာ ရတနာသခင်များအပြင် စစ်တပ်ရှိစစ်သားများပါဝင်သည်။ ကောင်းကင်လေးအင်ပါယာ၏ ငါးသောင်းမျှရှိသော စစ်သားများက ပတ်ဝန်းကျင်နိုင်ငံများမှ မရေတွက်နိုင်သော ကျူးကျော်မှုများကို ခုခံကာကွယ်နေရသည်။ ထို့ကြောင့် နိုင်ငံသားများက သူတို့ကို အလွန်ချစ်ခင်ကြသည်။ ကျိုးဝေ့ချင်းမှာအလွန်ငယ်ရွယ်သေးသည့်ပုံပေါ်သော်လည်း စစ်ယူနီဖောင်းနှင့် အလွန်စမတ်ကျနေသည်။

ကျိုးဝေ့ချင်းမေးလိုက်သည်။
” ခင်ဗျားက ဒီဆိုင်ရှင်လား။ ”

” ဟုတ်ကဲ့။ ကျွန်တော်ပါ။ ကျွန်တော်တို့ဆိုင်က အရမ်းမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကောင်းကင်လေးမြို့တော်မှာ အချိန်မှန်တဲ့ဂုဏ်ပြုတံဆိပ် ရထားပြီး ဂုဏ်သတင်းလဲကျော်ကြားပါတယ်။ ခင်ဗျားတို့က တိုင်းပြည်ကိုကာကွယ်ပေးနေလို့ ဘာကိုမှာမှာ ကျွန်တော်လျှော့ဈေးနဲ့ပေးပါမယ်။ ”

ကျိုးဝေ့ချင်း အားရပါးရပြုံးလိုက်သည်။ လက်ကိုမြှောက်၍ ဦးထုပ်ကိုချွတ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို သတိထားပြီးကြည့်လိုက်သည်။ ထို့နောက်ဆိုင်ရှင်အနားကိုကပ်သွားပြီး ထူးဆန်းစွာခပ်တိုးတိုးပြောလိုက်သည်။
” ဆိုင်ရှင်…ကျုပ်ကအမှတ်( ၅ )မဟာတပ်ရင်းရဲ့ အမှတ်( ၃ )မြှားတပ်ရင်းကပဲ။ ကျုပ်ကဒီနေရာကို တပ်ရင်းမှူးရဲ့ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ရောက်လာတာ။ ခင်ဗျားသိပြီးသားပါ။ ဒါကိုကောင်းကောင်းလုပ်နိုင်ရင် ခင်ဗျားကိုဆုကောင်းကောင်းချလိမ့်မယ်။ ”

ဆိုင်ရှင်ခဏမျှတုံ့ဆိုင်းသွားပြီး ကျိုးဝေ့ချင်းကိုအကဲခတ်လိုက်သည်။ ဤလေးတပ်သားမှာ ငယ်ရွယ်ပုံပေါ်သော်လည်း မျက်နှာမှာရိုးသားဟန်ရှိပြီး လူလိမ်တစ်ယောက်ဟုတ်ပုံမရချေ။

ကျိုးဝေ့ချင်းက အသံကိုနှိမ့်ကာ ဆက်ပြီးပြောလိုက်သည်။
” ခင်ဗျား ကျုပ်တို့ရဲ့ အမှတ်( ၃ )တပ်ရင်းကိုမသိဘူးလား။ ကျုပ်တို့တပ်ရင်းမှူးအကြောင်းပြောရင် ခင်ဗျားနားလည်သွားလိမ့်မယ်။ သူကကျုပ်တို့အင်ပါယာရဲ့ မှူးမတ်ဘွဲ့ရ အလှပဆုံးမိန်းကလေးရှမ်ကွမ်းပင်းအာကိုယ်တိုင်ပဲ။ ခင်ဗျားလိုက်မေးကြည့်ပြီး စစ်ဆေးလို့တယ်။ ”

ရှမ်ကွမ်းပင်းအာ၏ နာမည်ကိုကြားပြီး ဆိုင်ရှင်၏မျက်လုံးများက ချက်ချင်းတောက်ပသွားသည်။
” အရာရှိ… အမတ် ရှမ်ကွမ်းပင်းအာက ဘယ်လိုလုပ်စေဖို့ ဆန္ဒရှိပါသလဲ။ ”
အင်ပါယာ၏ သာမန်လူများအနေဖြင့် ရှမ်ကွမ်းပင်းအာမှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူမက သာမန်လူမှမွေးဖွားလာပြီး သာမန်လူများ၏ နတ်ဘုရားမသဖွယ်ပင်ဖြစ်သည်။ ဘာမှမသိရှာသောဆိုင်ရှင်မှာ တစ်စုံတစ်ယောက်က လိမ်ရန်အတွက် သူမ၏နာမည်ကို သုံးလိမ့်မည်ဟု ထင်မထားပေ။
ယင်းသို့သာလုပ်ပါက ထိုလူသည် လူတိုင်း၏ ဒေါသကိုခံစားရပေလိမ့်မည်။ သူ့ရှေ့ကလူသည်လည်း အမတ်ဘွဲ့ရ လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မည်သို့ထင်မည်နည်း။ ကျိုးဝေ့ချင်း သူမ၏အမည်နာမအားအသုံးချနေသည်ကိုသာ ရှမ်ကွမ်းပင်းအာသိရှိသွားပါက ကျိန်းသေပေါက် သင်းကွပ်ပစ်မည်ကိုလဲ သူမသိချေ။

ကျိုးဝေ့ချင်းပြောလိုက်သည်။
” ကျုပ်လိုချင်တာက အရမ်းကြာရှည်ခံရမယ်။ ခိုင်ခံ့ပြီး ပေါ့ပါးတဲ့သတ္တုမျိုးနဲ့လုပ်ထားတဲ့အရာဖြစ်ရမယ်။ အဲ့ဒါကို ဒီနေ့ပဲအရေးတကြီးလိုချင်တယ်။ ပိုက်ဆံကအရေးမကြီးဘူး။ ကျုပ် ခုချက်ချင်း အဲ့ဒါကိုလိုအပ်နေတယ်။ ”
ထို့နောက် သူ့တွင်ရှိသည့်ရွှေဒင်္ဂါးများကို စားပွဲပေါ်ကိုတင်လိုက်သည်။

ကျိုးဝေ့ချင်းသည် ငယ်စဉ်ကတည်းက တန်ခိုးမကျင့်နိုင်သော်လည်း သူ့အတွေးအခေါ်များသည် ရွယ်တူလူများထက် ပိုမိုပါးနပ်သည်။ ရှမ်ကွမ်းပင်းအာ၏နာမည်ကိုသုံးရသည့် အကြောင်းရင်းမှာ အော်ဒါမှာခဲ့လျှင် ကြန့်ကြာမည့်အချိန်များကို မစောင့်နိုင်၍ဖြစ်သည်။

ဆိုင်ရှင်က ချက်ချင်းခေါင်းညိတ်ကာ ပြောလိုက်သည်။
” ပြဿနာမရှိဘူး။ ကျွန်တော်တို့မှာ မီးရတနာသခင်တစ်ယောက်ပြန်သန့်စင်ပေးထားတဲ့ တန်ဖိုးကြီးတိုက်တေနီယမ်သတ္တုစပ် တစ်မျိုးရှိတယ်။ အဲ့ဒါကဈေးကြီးပေမယ့် ခင်ဗျားလိုအပ်ချက်နဲ့လုံးဝသင့်တော်တယ်။
သတ္တုစပ်ကတစ်ကီလိုဂရမ်ကို ရွှေဒင်္ဂါးဆယ်ပြားကျပေမယ့် အမတ်ရှမ်ကွမ်းပင်းအာအတွက်ဆိုတော့ ကျွန်တော်က ခင်ဗျားကို တစ်ကီလိုဂရမ်ကို ခုနစ်ပြားနဲ့ပေးလိုက်မယ်။ ဒါဆို ဘယ်လိုလဲ။ ”
ကျိုးဝေ့ချင်း ရွှေဒင်္ဂါးများကိုထုတ်လိုက်သည်နှင့် ဆိုင်ရှင်က သူ့ပုံပြင်ကိုယုံသွားပြီးဖြစ်သည်။

တိုက်တေနီယမ်သတ္တုစပ် ဆိုသောစကားလုံးကိုကြားလိုက်ကတည်းက ကျိုးဝေ့ချင်း၏မျက်လုံးများတောက်ပသွားသည်။ သူက ယင်းသတ္တုအကြောင်း ယခင်ကတည်းက ကြားဖူးသည်။ သူ့အဖေ၏ချပ်ဝတ်ကို တိုက်တေနီယမ်သတ္တုစပ်နှင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ၄င်းမှာ အလွန်ပင်မာကျောခိုင်ခံ့သည်။ အလွန်ပေါ့ပါး၍ လှုပ်ရှားမှုပြုရာတွင်လည်းလွယ်ကူချောမွေ့သောကြောင့် ပန်းပဲပစ္စည်းများပြုလုပ်ရာတွင် အကောင်းဆုံးပစ္စည်းများထဲမှတစ်ခုအဖြစ်သတ်မှတ်ထားသည်။

ထို့ကြောင့် သူအလွန်ပျော်ရွှင်သွားပြီး ချက်ချင်းပြန်ပြောလိုက်သည်။
” ဒါက……အကောင်းဆုံးပဲ။ ကျုပ်ဒါကို လုပ်ချင်တယ်။ ”
ထိုသို့ပြောလိုက်သလို သူ့ဦးထုပ်အား ဆိုင်ရှင်ကိုထိုးပေးလိုက်သည်။

ဆိုင်ရှင်ခဏမျှစိတ်ရှုပ်ထွေးသွားသည်။
” ဒါက လေးတပ်သားတွေရဲ့ ဦးထုပ်မဟုတ်ဘူးလား။ ”

ကျိုးဝေ့ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
” အမှန်ပဲ။ ကျုပ်တို့ ဒီလိုဦးထုပ်မျိုးလုပ်ချင်တာ။ စဉ်းစားကြည့်လိုက်။ စစ်မြေပြင်မှာ ကျုပ်တို့လေးသမားတွေရဲ့အန္တရာယ်က ရန်သူ့မြားတွေ မျက်နှာကိုလာတာပဲ။ ဦးထုပ်တွေကို တိုက်တေနီယမ်သတ္တုစပ်နဲ့လုပ်လိုက်မယ်ဆိုရင် ရန်သူဘက်ကမြှားမိုးရွာချမယ်ဆိုတောင် ကျုပ်တို့ကိုထိခိုက်လိမ့်မှာမဟုတ်ဘူး။ ပြီးရင် ဦးထုပ်အတွင်းပိုင်းကို ပတ္တူစထူထူနဲ့ လက်ကိုင်လုပ်ချင်သေးတယ်။ အဲ့ဒါဆိုရင် ဦးထုပ်ကို ဒိုင်းလိုလက်မှာကိုင်ထားလို့လည်းရတယ်။ ”

ကျိုးဝေ့ချင်း၏ ရှင်းလင်းပြသချက်များကိုကြားပြီး ဆိုင်ရှင်က လုပ်ရမည့်လုပ်ငန်းများကို အလွန်သဘောကျသွားသည်။ သို့သော်လည်း တိုက်တေနီယမ်သတ္တုစပ်မှာ အလွန်ရှားပါးကာ ဈေးကြီးသည်။ လေးသမားအကုန်အတွက် ဘယ်လိုလုပ်ထုတ်ပေးနိုင်မှာလဲ။

အမှန်တကယ်တော့ ကျိုးဝေ့ချင်းဤစိတ်ကူးကို စဉ်းစားမိသည်မှာ အတော်ကြာပြီဖြစ်သည်။ အရင်တုန်းက အိမ်မှာသူပြင်းလာလျှင် ထူးဆန်းသည့်ရူးကြောင်ကြောင်စိတ်ကူးများနှင့်အချိန်ကုန်နေတတ်သည်။ စောစောက သူစစ်ထဲကိုစဝင်သည့်အချိန်တွင် တပ်စုမှူးက လေးသည်တပ်ဖွဲ့သည် အန္တရာယ်အကင်းဆုံးတပ်ဖွဲ့ဟုပြောခဲ့သည်။ ထိုစဉ်ကတည်းက ယင်းသည် သူ့ကို ဂျင်းထည့်လိုက်ကြောင်း သူကောင်းကောင်းသိလေသည်။ ဗိုလ်ချုပ်ကျိုး၏သားတစ်ယောက်အနေဖြင့် လေးတပ်ဖွဲ့ မည်မျှအန္တရာယ်ကြီးသည်ကို မည်သို့မသိဘဲနေမည်နည်း။ အထူးသဖြင့် ကောင်းကင်လေးအင်ပါယာတွင် ၄င်းတပ်ဖွဲ့သည် turn overates အများဆုံးထဲက တစ်ခုဖြစ်နေသည်။ လေးသမားများ၏စွမ်းရည်သည် အလွန်မြင့်မားလှသဖြင့် ရန်သူများ၏ ပစ်မှတ်ထား၍ ဖိအားပေးတိုက်ခိုက်ခြင်းကိုမကြာခဏ ခံရသည်။ လေးတပ်များကြား တစ်တပ်ပြုတ်သွား၍ နောက်တစ်တပ်နှင့်လဲလိုက်ရခြင်းဆိုသည်မှာလည်း ဖြစ်နေကျကိစ္စပင်ဖြစ်သည်။ ကျိုးဝေ့ချင်း လေးတပ်ဖွဲ့ထဲကိုဝင်လိုက်ခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်မှာ သူ့လုံခြုံရေးကို မည်သို့အဆင့်တိုးမြှင့်ရမည်ဆိုသော အစီစဉ်ရှိပြီး၍ဖြစ်သည်။ ထို့ပြင် သူတို့သည် လူများစွာနှင့်တိုက်ရိုက်တိုက်ခိုက်ရသောတိုက်ပွဲများကိုလည်း မတိုက်ခိုက်ရပေ။

သူကလေးတပ်သားများ၏ ဦးထုပ်များအား ဒိုင်းကာတစ်ခုအဖြစ်ပြောင်းလဲလိုသည့် စိတ်ကူးကို အသက် ၁၁ နှစ်ကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ စစ်မြေပြင်တွင်သာ သုံးလိုက်ပါကအလွန်အကျိုးရှိမည်ဖြစ်သည်။ ရန်သူ့မြားးချက်များအောက်ရောက်နေလျှင် သူကဝပ်ချလိုက်ပြီး ခေါင်းကိုအနည်းငယ်ငုံ့လိုက်ပါက မြားးများကို ဦးထုပ်ကလုံးဝပိတ်ဆို့ကာကွယ်လိုက်လိမ့်မည်ဖြစ်သည်။ အမှန်တကယ်တော့ ထိုကဲ့သို့သောစိတ်ကူးမျိုးကို သာမန်လူများ၏ဥာဏ်ရည်နှင့်မည်သို့မျှတတ်နိုင်လိမ့်မည်မဟုတ်ချေ။ ကျိုးဝေ့ချင်းကဲ့သို့ မဟာကြောက်ရွံ့ခြင်းနှင့်အတူမွေးဖွားလာပြီး ကလိမ်ကကျစ်ဥာဏ်များလှသည့်လူများသာ ထိုကဲ့သို့သောစိတ်ကူးအကြံမျိုးကို တတ်နိုင်ပေသည်။ ထိုအချိန်တုန်းက သူ့အဖေအား ယင်းစိတ်ကူးအကြောင်းကို ပြောချင်နေခဲ့သည်။ သို့သော်လည်း သူ့အဖေ၏ ခက်ထန်သည့်မျက်နှာကိုကြည့်လိုက်တိုင်း သူ့မှာစကားပင်မပြောနိုင်တော့ချေ။ သူ့အဖေက သူ့စိတ်ကူးကို လက်ခံသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ လေးတပ်သားအားလုံးအတွက် တိုက်တေနီယမ်ဦးထုပ် ဝတ်ဆင်ပေးမည့်ကိစ္စမှာလုံးဝမဖြစ်နိုင်သည်ကို လူတိုင်းသိသည်။

” လေးစားပါတယ်။ ဒါက တကယ့်ကို မှူးမတ်ဘွဲ့ရအရှင်သခင်တစ်ယောက်ရဲ့ စိတ်ကူးပဲ။ အရမ်းကောင်းတဲ့ တီထွင်ဖန်တီးမှုပဲ။ ကောင်းပြီ။ ကျွန်တော်တို့ ဒီအလုပ်ကိုလက်ခံလိုက်ပြီ။ ကျွန်တော်အလုပ်သမားတွေကိုခေါ်ပြီး ဒီညပဲစလုပ်လိုက်မယ်။ ပစ္စည်းရဲ့ကုန်ကျစရိတ်ပဲယူမယ်။ လက်ခ မယူတော့ဘူး။ အဲ့ဒီတော့ တိုက်တေနီယမ်သတ္တုစပ်က တစ်ကီလိုဂရမ်ကို ရွှေပြား ခြောက်ပြားဝန်းကျင်ပဲကုန်မယ်။ ”

ဤဟာကား လုပ်ငန်းအထာနပ်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ လျှော့ဈေးကို တောင်းဆိုစရာမလိုဘဲ ဆိုင်ရှင်ကသူ့ဘာသာပေးနေသည်။ ကျိုးဝေ့ချင်း သူ့ကိုယ်သူ အနည်းငယ်ဂုဏ်ယူလိုက်သည်။ ဆိုင်ရှင်၏စိတ်ထဲတွင်တော့ ကလိမ်ကကျစ်စိတ်ကူးအား ရှမ်ကွမ်းပင်းအာထံမှ လာသည်ဟုအထင်ရှိနေသဖြင့် မစိုးရိမ်မိပေ။

နောက်ဆုံးမှာတော့ သူ၏ဆောင်ပုဒ်မှာ လုံခြုံရေးက ဦးစားပေး ဟူ၍ပင်ဖြစ်သည်။

” ဆိုင်ရှင်…ခင်ဗျားမှာ တိုက်တေနီယမ်သတ္တုစပ်နဲ့လုပ်ထားတဲ့ ဘာပစ္စည်းတွေရှိလဲ။ အကာအကွယ်ပစ္စည်းမျိုးလေ။ ”
ကျိုးဝေ့ချင်းသည် တိုက်တေနီယမ်သတ္တုစပ် တစ်ကီလိုဂရမ်ကို ရွှေပြားခြောက်ပြားနှင့် ရသည်ဟု တစ်ခါမှပင်မကြားဖူးပေ။ သူအများဆုံးအထိ သိသည်မှာ တစ်ကီလိုဂရမ်ကို ၁၀-၁၂ပြားအထိဖြစ်သည်။ သူက ရှေ့အနာဂတ်မှာ စစ်မြေပြင်ကိုထွက်ရမည်ဖြစ်သောကြောင့် တတ်နိုင်သမျှကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားချင်နေသည်။

” ခင်ဗျား မှန်ကန်တဲ့လူကိုမေးလိုက်တာပဲ။ ကျွန်တော့်မှာတိုက်တေနီယမ်သတ္တုစပ်နဲ့ လုပ်ထားတဲ့ ကိုယ်ကြပ်ချပ်ဝတ် တစ်စုံရှိတယ်။ အဲ့ဒါကို ကောင်းကင်သားရဲဖြစ်တဲ့ ငြှိုးမာန်မှော်မြွေရဲ့ အရွတ်နဲ့ချုပ်ထားတာ။ ပေါ့ပါးပြီး အရမ်းခိုင်ခံ့တယ်။ မြှားသမားတွေနဲ့ လုံးဝသင့်တော်တယ်။ ”
ထိုသို့ပြောလိုက်ပြီး ကောင်တာအနောက်ကိုလျှောက်သွားကာ ငွေရောင်တာက်ပနေသော ကိုယ်ကြပ်ချပ်ဝတ်တစ်စုံကိုထုတ်ယူလိုက်သည်။

ကျိုးဝေ့ချင်း ၄င်းကိုလှမ်းယူပြီး လှုပ်ခါဖွင့်ကြည့်လိုက်သည်။ ၄င်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းကိုလုံခြုံအောင်ဝတ်ဆင်နိုင်သည့် လက်ရှည်ချပ်ဝတ်ဖြစ်သည်။ အလွန်ပေါ့ပါးပြီး ၂ကီလိုဂရမ်ပင်မလေးချေ။ ယင်းသည် တိုက်တေနီယမ်သတ္တုစပ်၏ အားသာချက်ဖြစ်သည်။

ကျိုးဝေ့ချင်းမှာ ထိုကဲ့သို့သောအရာကိုမြင်လိုက်ရသဖြင့် အလွန်ကျေနပ်နေသည်။
” ကောင်းတယ်…အရမ်းကောင်းတယ်။ ကျုပ်လိုချင်တာ ဒါပဲ။ ကျုပ်ခန့်မှန်းသလောက်ဆိုရင် ဒါက တစ်ကီလိုဂရမ်သာသာပဲရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်လိုက်နဲ့။ ကျုပ် ခင်ဗျားကို အကျိုးမရှိအောင်မလုပ်ပါဘူး။ အဲ့ဒါကို နှစ်ကီလိုဂရမ်နဲ့တွက်ပေးမယ်။ ဒီမှာ နောက်ထပ် ၁၂ ပြား။ ”
ထိုသို့ပြောရင်း ကျိုးဝေ့ချင်း ရွှေပြား ၁၂ ပြားကိုထုတ်လိုက်ကာ စားပွဲပေါ်သို့ လျင်မြန်စွာ တင်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset