Switch Mode

Chapter – 10

တပ်ရင်းမှူးရဲ့ ရင်ဘက်ကြွက်သားတွေက မဆိုးဘူး - ၂

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ

မူရင်း – Tang Jia San Shao

အခန်း – ( ၁၀ ) တပ်ရင်းမှူးရဲ့ ရင်ဘက်ကြွက်သားတွေက မဆိုးဘူး – ၂

” ဖက်တီးလေးကျိုး ဝင်လာခဲ့ ”
အခန်းထဲမှ ရှမ်ကွမ်းပင်းအာ၏ တင်းမာသောအသံ ထွက်ပေါ်လာသည်။ ကျိုးဝေ့ချင်း သူ့နာမည်ခေါ်သည်ကို သတိမရမိသေးခင် တစ်ခဏမျှ ကြောင်အသွားသည်။ ပြီးမှခပ်မြန်မြန် ဝင်သွားလိုက်သည်။

အဆောက်အဦကြီးတစ်ခုလုံးမှာ မြှားတပ်သားများ၏ ပစ္စည်းများနှင့် ပြည့်နေလေသည်။ ရှမ်ကွမ်းပင်းအာက သူမ၏ဓားကို ဓားအိမ်ထဲပြန်မသွင်းဘဲ စားပွဲခုံပေါ်ကို ဝုန်းခနဲပစ်ချလိုက်သည်။ ထို့နောက်ထောက်ပံ့ရေးတပ်သားတစ်ဦးကို အမိန့်ပေးလိုက်သည်။
” သူ့ကို လက်နက်ပစ္စည်းတစ်စုံ ထုတ်ပေးလိုက်။ ပြီးရင်မြန်မြန်ခေါ်သွားတော့။ ”

လက်နက်ပစ္စည်းများကို စောင့်ကြပ်ပြီး ထုတ်ပေးရသည့် ထောက်ပံ့ရေးတပ်သား ၁၀ ယောက်ကျော်ရှိသည်။ စောစောကပြဿနာကို သူတို့မသိလိုက်ပေ။ မည်သည့်အတွက်ကြောင့် သာမန်အားဖြင့်သဘောကောင်းသည့် တပ်ရင်းမှူးက အလွန်အမင်းစိတ်ဆိုးနေသည်ကို သိချင်နေကြသည်။ စစ်သားကြီးတစ်ယောက်က လေးလက်နက်ပစ္စည်းတစ်စုံကို ခပ်မြန်မြန်ယူပြီး ကျိုးဝေ့ချင်းကို ပေးလိုက်သည်။

ကျိုးဝေ့ချင်း သူ့ပစ္စည်းများကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။ ခြေအိတ်… ရှူးဖိနပ် …အဝတ်များပါဝင်သော စစ်တပ်ယူနီဖောင်းနှစ်စုံ…… သားရေချပ်ဝတ်တစ်စုံ… ကျိုးဝေ့ချင်းအရပ်ထက်ပင် ရှည်သော လေးကြီးတစ်လက်… မြှားကျည်တောက်နှစ်ဘူးနှင့် ဦးထုပ်ကြီးတစ်လုံးတို့ပါဝင်သည်။

စစ်တပ်တစ်ခုလုံးတွင် လေးတပ်သားများကိုသာ ထိုကဲ့သို့သောဦးထုပ်များ ထုတ်ပေးသည်။ ၄င်း၏ ရည်ရွယ်ချက်မှာ မျက်နှာကို နေရောင်ထိုးခြင်းနှင့် လေတိုးခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ လေးသည်များသည် ပစ်မှတ်ကိုမြင်နိုင်ရန် မြင်ကွင်းကောင်းကောင်းလိုအပ်သည်။ သူတို့နေရောင်အောက်တွင် မတ်တပ်ရပ်ပစ်ရလျှင် နေရောင်ကြောင့် ပစ်မှတ်ကိုထိမည်မဟုတ်ပေ။ ထို့ကြောင့် ဦးထုပ်များထုတ်ပေးရခြင်းအကြောင်းအရင်းမှာ မျက်လုံးများကို နေရောင်ထိုးခြင်းမှကာကွယ်ပြီး ပစ်မှတ်ကိုထိမှန်အောင်ပစ်ခတ်နိုင်ရန်ဖြစ်သည်။

ထို့နောက် စစ်သားကြီးက ကျိုးဝေ့ချင်းကို ရွှေဒင်္ဂါးသုံးပြားထုတ်ပေးပြီး ပြောလိုက်သည်။
” ဒါက မင်းရဲ့ပထမတစ်နှစ်စာပဲ။ မင်းအိမ်ကိုပြန်တဲ့နေ့ကျရင် သုံးလို့ရအောင်။ မနက်ဖြန်နေ့လည် ဒီနေရာမှာပြန်စုမယ်။ မှတ်ထားပါ… စစ်တပ်ရဲ့အထောက်အပံ့တွေကို အလွဲသုံးစားမလုပ်နဲ့။ မနက်ဖြန် ဒီနေရာမှာပြန်စုရင် ယူနီဖောင်းဝတ်လာရမယ်။ နားလည်လား။ ”
” နားလည်ပါတယ် ”
စောစောကသာ ရှမ်ကွမ်းပင်းအာနှင့် ဘာမှမဖြစ်ခဲ့လျှင် ဤပစ္စည်းများလက်ခံရရှိမှုကြောင့် ကျိုးဝေ့ချင်း အလွန်စိတ်လှုပ်ရှားကောင်းလှုပ်ရှားနိုင်ပေလိမ့်မည်။ သို့သော်သူ့စိတ်က ခုနက ဖီလင် ထဲတွင် လုံးဝနစ်မျောနေသည်။ သူ့ခေါင်းထဲမှာတွေးနေသည်က သူ့လက်ကိုမဆေးတော့ ဟူ၍ပင်ဖြစ်သည်။

ပုံအမှန်အတိုင်းဆိုပါက တပ်ရင်းမှူးတစ်ယောက်အနေဖြင့် ရှမ်ကွမ်းပင်းအာသည် ယခုအချိန်တွင် စိတ်ဓာတ်အားပေးစကားများ ပြောရမည်ဖြစ်သည်။
သို့သော် ထိုခဏတွင် သူမဘယ်လိုဖြစ်နေသနည်း။
သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျိုးဝေ့ချင်းကို ကျောစိမ့်စရာကောင်းလောက်အောင် စူးရဲစွာစိုက်ကြည့်နေခြင်းဖြစ်သည်။ ကျိုးဝေ့ချင်းလည်း အတော်ပင်တုန်လှုပ်နေပြီး ကြာကြာမနေရဲတော့ပေ။ ပစ္စည်းများကို ဆွဲယူပြီး ဌာနချုပ်အပြင်ဘက်ကို ဒရောသောပါးထွက်ပြေးတော့သည်။

ရှမ်ကွမ်းပင်းအာက ထွက်ပြေးနေသော သူ့နောက်ကျောကိုကြည့်ရင်း သူမဘာသာတွေးလိုက်သည်။
‘ ဖက်တီးလေးကျိုး… ဖက်တီးလေးကျိုး… မင်းစောင့်နေစမ်းပါ။ ဒီအတွက်မင်းပြန်ပေးဆပ်ရအောင် ငါလုပ်ပစ်မယ်။ ‘

ကျိုးဝေ့ချင်းသာ ရှမ်ကွမ်းပင်းအာ၏ အတွေးကိုသိလျှင် ဤကဲ့သို့သော ညစ်ပတ်သည့်စကားများကို သေချာပေါက်ပြန်ပြောလိမ့်မည်။
‘ သေချာတယ် ငါရဲ့ဘယ်နေရာကိုမဆို မင်းထိဖို့ငါခွင့်ပြုတယ်။ မဖြစ်နိုင်သေးတာက ငါ့ရဲ့ရင်ဘက်ကြွက်သားတွေက မင်းရဲ့ဟာလောက် မကြီးသေးဘူး။ ‘

ကျိုးဝေ့ချင်းသည် ဌာနချုပ်အပြင်ဘက်သို့ ထွက်လာသည့်အခါ မည်သူမှမတွေ့ရသည့် နေရာတစ်ခုကို သတိထားမိလိုက်သည်။ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည့်အခါ သူနားမလည်သည့် အမှတ်အသားနှင့် ရေအိမ်ဆိုင်းဘုတ်တင်ထားသော နေရာတစ်ခုကိုတွေ့လိုက်ရသည်။ သူ့ဘောင်းဘီကိုဆွဲတင်လိုက်ပြီး တဟုန်ထိုးပြေးသွားလိုက်သည်။ ရေအိမ်မှာ သစ်သားတံခါးတစ်ချပ်နှင့် အခန်းငယ်တစ်ခုဖြစ်သည်။ သူမျှော်လင့်ထားသည်ထက် အလွန်သန့်ရှင်းနေပြီး သင်းပျံ့သည့်အနံ့များထွက်နေသည်။ ကျိုးဝေ့ချင်း သူ့ပစ္စည်းများကိုထားရန် သန့်ရှင်းသောနေရာတစ်ခုရှာလိုက်ပြီး သူ့အဝတ်အစားများကိုချွတ်လိုက်သည်။ စောစောကတည်းက သူ့အပေါ်အင်္ကျီမှလွဲပြီး အဝတ်အစားအကုန်လုံးမှာ ပျက်စီးသွားသဖြင့် အတော်မသက်မသာဖြစ်နေရသည်။ စစ်တပ်ဝတ်စုံယူနီဖောင်းများ ရပြီးဖြစ်သဖြင့် မြန်မြန်လဲရန် ဆုံးဖြတ်လိုက်သည်။

သူ့အပေါ်အင်္ကျီကိုချွတ်လိုက်သည့်အခါ ကိုယ်လုံးတီးဖြစ်သွားသည်။ အဝတ်အစုတ်များကိုမလဲသေးဘဲ မတ်တပ်ရပ်လျက်စိတ်ကိုလျှော့ကာ ရှူရှူးများကိုထုတ်လိုက်သည်။

ထိုအချိန်တွင် ဖွင့်ထားသောတံခါးဘက်ကိုသူလှည့်ကြည့်လိုက်သည်။ ကျိုးဝေ့ချင်းမှာ ပေါက်ကောင်းဆဲရှိနေသေးသည်။ သူ အမှတ်တမဲ့တံခါးအပြင်ဘက်ကို ကြည့်လိုက်သည့်အခါ ရှမ်ကွမ်းပင်းအာ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။

ရေအိမ်ထဲကို ရှမ်ကွမ်းပင်းအာ ဝင်လာသည့်အခါ သူမတွေ့လိုက်သည့် ပထမဆုံးအရာမှာ ကျိုးဝေ့ချင်း၏ ကိုယ်လုံးတီးပင်ဖြစ်သည်။ သူကပြီးသွားသဖြင့် သူ့ပစ္စည်းကို ခါနေလိုက်သေးသည်။ ထိုမြင်ကွင်းကြောင့် သူမလန့်ဖျန့်သွားသည်။ ထိုအခိုက်တွင် ကျိုးဝေ့ချင်းလှည့်လာသည်။ အကြည့်ချင်းဆုံသွားပြီး တစ်ချိန်တည်းမှာပင် စူးစူးရှရှ အော်သံနှစ်ခုတစ်ပြိုင်တည်းထွက်ပေါ်လာသည်။ အထူးဆန်းဆုံးအချက်မှာ ကျိုးဝေ့ချင်း၏ စက်ဆုပ်စရာကောင်းသည့်အသံက ရှမ်ကွမ်းပင်းအာထက်ပင် ပိုပြီးကျယ်လောင်နေခြင်းဖြစ်သည်။

ရှမ်ကွမ်းပင်းအာ၏ ချစ်စရာကောင်းသည့်မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့်နီမြန်းသွားသည်။ သူမ နောက်ကိုဖျက်ခနဲပြေးထွက်သွားသည်။ ကျိုးဝေ့ချင်း သူ့ပစ္စည်းကိုမြန်မြန်ပြီးသွားအောင် လှုပ်ခါလိုက်သည်။ သူ ခုနက ခံလိုက်ရသည့်အကြောင်းကိုတွေးရင်း ယူနီဖောင်းကိုမြန်မြန်ဝတ်လိုက်သည်။ လေးကိုပုခုံးတွင်သိုင်းလိုက်၍ မြှားဘူးကိုလွယ်ပြီး ဦးထုပ်ကိုဆောင်းလိုက်သည်။ ခြေလှမ်းကိုအပြင်ဘက်သို့ ခပ်သွက်သွက်လှမ်းရင်း သူ့ဘာသာသူတွေးလိုက်သည်။
‘ငါအဆင်ပြေအောင် မြန်မြန်ပြေးတာပဲ။ အကောင်းဆုံးဖြစ်မယ် မျှော်လင့်ရတာပဲ။’

” ရပ်စမ်း ”
ရှမ်ကွမ်းပင်းအာ ကျိုးဝေ့ချင်းကို ဒေါသနှင့်အော်လိုက်သည်။ သူမ၏မျက်နှာလေးမှာ ဒေါသကြောင့်ဖြူလျော်နေသည်။
” မင်း……… မဟုတ်တာတွေ လုပ်တဲ့ကောင်။ ဒီနေရာမှာစောင့်နေ။ ပြီးရင်မင်းနဲ့စာရင်းရှင်းရမယ်။ ”
ပြောပြီးသည်နှင့် ရေအိမ်ဘက်ကို ကပျာကယာ ထွက်သွားသည်။

အမှန်တကယ်ကို မယုံနိုင်စရာတိုက်ဆိုင်မှုဖြစ်ပြန်ချေပြီ။ ရှမ်ကွမ်းပင်းအာက ရေအိမ်ထဲကို မစစ်ဆေးဘဲနှင့် ဝင်လာခြင်းမှာ ထိုရေအိမ်သည် သူမတစ်ကိုယ်တည်းသုံးသည့်အရာဖြစ်သောကြောင့်ဖြစ်သည်။
ထိုဆိုင်းဘုတ်ပေါ်က နားမလည်သောသင်္ကေတမှာ တပ်ရင်းမှူး၏ တစ်ကိုယ်ရည်သုံးကိုရည်ညွှန်းထားခြင်းဖြစ်သည်။ သူမက မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့ပြင် အင်ပါယာ၏မျှော်လင့်ချက်ဟု ပြော၍ရသော ကောင်းကင်ရတနာသခင်တစ်ယောက်လည်းဖြစ်သဖြင့် လုံခြုံရပေမည်။ မဟာတပ်ရင်းမှူးတစ်ယောက်က သူမကို ကိုယ်ပိုင်ရေအိမ်ကဲ့သို့သော အချို့သောအထူးခံစားခွင့်များကိုပေးထားမည်မှာ မလွဲပေ။

အရင်နေရာမှာကတည်းက သူမ ရေအိမ်ကိုသွားခြင်းဖြစ်သည်။ ကျိုးဝေ့ချင်းဝင်ရှုပ်နေသောကြောင့် အချိန်ကြာနေရခြင်းဖြစ်သည်။ ကျိုးဝေ့ချင်းထွက်သွားပြီးမှ သူမ၏စိတ် အလွန်အေးသွားကာ ရေအိမ်ကို နောက်တစ်ကြိမ်ထွက်လာခြင်းဖြစ်လေသည်။

ဘယ်သူကသိမှာလဲ။ မွေးရာပါဝတ်စုံကြီးနဲ့ ကျိုးဝေ့ချင်းကို နောက်တစ်ကြိမ်ပက်ပင်းတိုးရမယ်ဆိုတာ။

ထို့ကြောင့် သူမမှာ ရှက်ရွံ့ ဒေါသဖြစ်နေရုံသာမက စိတ်လည်းအလွန်ရှုပ်ထွေးနေရသည်။ ရေအိမ်ဝင်ချင်နေတာနှင့်ပါ ပေါင်းလိုက်ပါက ကျိုးဝေ့ချင်းကို သူမအလွန်ပင်ရိုက်သတ်ပစ်ချင်နေသည်။ သို့သော်လည်း သူမ၏ကိုယ်ပိုင်ကိစ္စက အမှန်ကိုအရင်ပြီးရန် လိုနေသည်။

‘ဒီနေရာမှာ စောင့်နေတဲ့လား’
ကျိုးဝေ့ချင်း သူ့ဘာသာတွေးလိုက်သည်။
‘အရူးတွေပဲ စောင့်လိမ့်မယ်။ မင်းရဲ့ဒေါသတွေက မနက်ဖန်လောက်ဆိုရင် ပျောက်သွားလိမ့်မယ်။’

သူကောင့်သားက သူ့တပ်ရင်းမှူး၏အမိန့်ကို လုံးဝဂရုမစိုက်ပေ။ သူ့လေးကြီးကိုလွယ်ပြီး အလျင်အမြန်ထွက်ပြေးတော့သည်။ စစ်တပ်ဝင်းထဲက အမြန်ထွက်ပြီးနောက် ကောင်းကင်လေးမြို့တော်ထဲသို့ တဟုန်ထိုးပြေးထွက်သွားသည်။ ရှမ်ကွမ်းပင်းအာ ရေအိမ်ထဲမှထွက်လာသည့်အခါ သူမမျက်လုံးများကအမြင်မှားနေသည်လားမသိ။ ကျိုးဝေ့ချင်းကတော့ ထွက်သွားနှင့်သည်မှာကြာနေပြီ။ သူမ ဘာမှမလုပ်လိုက်ရသဖြင့် မုန်းတီးမှုကြောင့် အံကိုတင်းတင်းကြိတ်လိုက်သည်။

ကောင်းကင်လေးမြို့တော်ထဲသို့ ပြန်ရောက်ပြီးနောက် ဤတစ်ညအတွက်တည်းစရာ ဧည့်ရိပ်သာတစ်ခုကိုရှာဖွေလိုက်သည်။ ထို့နောက် သူ့အဖေထံသို့ စာရေးရန် ဖောင်တိန်နှင့်စာရွက်ကိုယူလိုက်သည်။

‘ အဖေ…ကျွန်တော်က အသုံးမကျဘူးလို့ အဖေအမြဲတမ်းပြောတယ်။ ကျွန်တော်လည်း အဲ့လိုပဲထင်ခဲ့တယ်။ အဲ့ဒါကြောင့် အဖေကိုနောက်တစ်ကြိမ်ဒုက္ခ မပေးချင်လို့ ကျွန်တော်အိမ်မှာမနေတော့ဘူး။ စကားပုံတစ်ခုလိုပဲ။ ‘စာအုပ်တစ်ထောင်ဖတ်ခြင်းက ခရီး လီတစ်ထောင်သွားတာနဲ့ နှိုင်းယှဉ်လို့မရဘူး’တဲ့။ ကျွန်တော်နာမည်တစ်ခုရဖို့အတွက် အပြင်ထွက်ပြီး ဘဝခရီးရှည်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီ။ ကျေးဇူးပြုပြီးတော့ မင်းသမီးတီဖူရာနဲ့ ကျွန်တော့်စေ့စပ်ပွဲကိုလည်းဖျက်သိမ်းပေးပါဦး။ သူကပါရမီရှင်တစ်ယောက်ဖြစ်နေချိန်မှာ ကျွန်တော်က အသုံးမဝင်တဲ့အမှိုက်တစ်ကောင်ဖြစ်နေတယ်။ သူရဲ့ဘဝကို ကျွန်တော် မချုပ်ကိုင်ထားချင်ဘူး။ အထူးသဖြင့် သူကကျွန်တော့်ကို လုံးဝမနှစ်သက်ဘူး။ ကျွန်တော်ပြောချင်တာကုန်ပြီ။ အမေ့ကို ဂရုစိုက်ပေးပါ။ ပြီးတော့ ကျွန်တော့်ကိုလိုက်ရှာဖို့လဲမကြိုးစားပါနဲ့။ ကျွန်တော်က သေရမှာကို အခြားလူတွေထက်ပိုကြောက်တတ်တယ်ဆိုတာ အဖေသိပါတယ်။ ကျွန်တော်အသက်ရှင်ရက်နဲ့ပြန်လာခဲ့ပါမယ်။ ကျွန်တော့်ကို မစိုးရိမ်ပါနဲ့။ ‘

စာကိုရေးပြီးသည့်နောက် ပို့ဆောင်ရေးလုပ်သည့် ဆိုင်တစ်ခုကိုရှာဖွေရန် အပြင်ကိုထွက်လာလိုက်သည်။ မနက်ဖြန် အိမ်ကိုပို့ပေးရန် စာကိုပေးထားခဲ့သည်။ ပြီးနောက် ပန်းပဲဆိုင်ကို ဦးတည်လိုက်သည်။ စစ်သားတစ်ယောက်ဖြစ်လာသဖြင့် သူ့ပထမဦးစားပေးမှာ ကိုယ်ပိုင်လုံခြုံရေးဖြစ်သည်။ သူ့စာမှာ ဖော်ပြခဲ့သည့်အတိုင်း သေရမှာကို သူ့အပြင်ပိုကြောက်သည့်လူ မရှိပေ။ ဤနေ့တစ်နေ့တည်းသာ သူ့ကိုယ်ပိုင်လွတ်လပ်ရေးနေ့ဖြစ်သည်။ ထို့ကြောင့် မနက်ဖြန် တပ်ဝင်းထဲကိုမပြန်ခင် သူ့ကိုယ်သူ သင့်တင့်အောင် ပြင်ဆင်ထားရပေမည်။

ကောင်းကင်လေးမြို့တော်မှာ ကြီးပြင်းလာသူဖြစ်သောကြောင့် မြို့တော်၏ဖွဲ့စည်းပုံနှင့် ကျိုးဝေ့ချင်းရင်းနှီးပြီးသားဖြစ်သည်။ သူကငယ်ရွယ်ပြီး သူ့ဘဝက အိမ်တွင်ဆိုလျှင် ပြင်းထန်သည့်ဆူပူခြင်းများအောက်၌ ကြီးပြင်းလာခြင်းကြောင့် ယခုအချိန်တွင် အိမ်မှထွက်လာခြင်းသည် လှောင်အိမ်ကလွတ်သွားသော ငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်ခြင်း၏အရသာကို ပေးနေလေသည်။ အိမ်လွမ်းနာကျခြင်းဆိုသည်ကား သူ့ကိုမည်သို့မှခံစားမနေရစေပေ။

သိပ်မကြာမီတွင် ကျိုးဝေ့ချင်းတစ်ယောက် အနီးဆုံးသောပန်းပဲဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset