ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia Sang Shao
အခန်း ( ၉ ) တပ်ရင်းမှူးရဲ့ ရင်ဘက်ကြွက်သားတွေက မဆိုးဘူး – ၁
ကျိုးဝေ့ချင်းသည် ရှမ်ကွမ်းပင်းအာကို သူမဆုယူသည့်အခမ်းအနားတွင် တစ်ကြိမ်မြင်ဖူးခဲ့သည်။ အဆုံးစမဲ့အဓိကကုန်းမြေကြီးတွင်ရှိသော တိုင်းပြည်များသည် မြင့်မြတ်သူများကို ဘွဲ့များဖြင့်ချီးမြှင့်မြောက်စားလေ့ရှိကြသည်။ မြင့်မြတ်မှုအလိုက် ချီးမြှင့်ပေးသော ဘွဲ့ခြောက်မျိုးရှိသည်။
၁။ သခင်ဘွဲ့
၂။ မှူးမတ်ငယ်ဘွဲ့
၃။ မှူးမတ်ဘွဲ့
၄။ မြို့စားငယ်ဘွဲ့
၅။ မြို့စားဘွဲ့
၆။ မြို့စားကြီးဘွဲ့ ဟူ၍ဖြစ်သည်။
နိုင်ငံတိုင်းတွင် စွမ်းအားအလိုက် မြင့်မြတ်သောဘွဲ့အမျိုးမျိုးမှာ ကွဲပြားသည်။
ရှမ်ကွမ်းပင်းအာသည် သာမန်မိသားစုတစ်ခုမှ မွေးဖွားလာခဲ့သော်လည်း အသက် ၁၂ နှစ်တွင် သခင်ဘွဲ့ ကိုရှိခဲ့ပြီး နောက်တစ်နှစ်တွင် မှူးမတ်ငယ်ဘွဲ့ကိုရရှိခဲ့သည်။ ကျိုးဝေ့ချင်းထက် နှစ်နှစ်မျှကြီး၍ ယခုအသက် ၁၅ နှစ်တွင် မှူးမတ်ဘွဲ့ ကိုရရှိခဲ့ပြီး ကျိုးဝေ့ချင်းနှင့် အတူတူဖြစ်သွားလေသည်။ သို့သော် နှိုင်းယှဉ်ကြည့်ပါလျှင် သူမရထားသောဘွဲ့က ကျိုးဝေ့ချင်းနှင့်မတူပေ။ ကျိုးဝေ့ချင်းက သူ့အဖေကြောင့်ရ ထားခြင်းဖြစ်ပြီး သူမကတော့ ကိုယ်ပိုင်အရည်အချင်းကြောင့်ရ ထားခြင်းဖြစ်လေသည်။မင်းသမီးတီဖူရာသည် တော်ဝင်မိသားစုတွင် အလွန်တောက်ပသော်လည်း ရှမ်ကွမ်းပင်းအာနှင့်ယှဉ်ပါက နိမ့်ကျနေသေးသည်။
ရှမ်ကွမ်းပင်းအာမှာ မင်းသမီးထက်တစ်နှစ်မျှသာငယ်သော်လည်း ရတနာအဆင့်နှစ်သို့ရောက်ရှိပြီးဖြစ်သည်။ ထို့ပြင်သူမတွင် သဘာဝဒြပ်ရတနာနှင့် ခန္ဓာဒြပ်ရတနာ နှစ်မျိုးစလုံးရှိသည်။ အသက် ၁၂ နှစ်တွင် ရှမ်ကွမ်းပင်းအာသည် ကောင်းကင်စွမ်းအင် အဆင့် ၃ ကိုရောက်ရှိခဲ့ပြီး ကောင်းကင်ရတနာဖြစ်သော ဒွိရတနာစုံကို နိုးထစေနိုင်ခဲ့သည်။ ဤဖြစ်စဉ်သည် မိသားစုများတွင် အမွှာမွေးဖွားခြင်းထက်ပို၍ရှားပါးသည်။ အထူးသဖြင့်ကောင်းကင်လေးအင်ပါယာကဲ့သို့သော နိုင်ငံငယ်လေးတစ်ခုတွင်ရှိသည့် ကောင်းကင်ရတနာသခင်အရေအတွက်မှာအလွန်နည်းပါသည်။ အင်ပါယာက ရှမ်ကွမ်းပင်းအာကို အသက်ငယ်ငယ်နှင့် မှူးမတ်ဘွဲ့ပေး၍အသိအမှတ်ပြုခြင်း အကြောင်းအရင်းမှာ သူမသည် အင်ပါယာတစ်ခုလုံးတွင် ဒုတိယမြောက်ကောင်းကင်ရတနာသခင်တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ ပထမကောင်းကင်ရတနာသခင်မှာ ကျိုးဝေ့ချင်း၏ အဖေဖြစ်သော ဗိုလ်ချုပ်ကျိုးပင်ဖြစ်လေသည်။
ကျိုးဝေ့ချင်း၏ အဖေမှာ ကောင်းကင်ရတနာသခင်တစ်ဦးဖြစ်သော်လည်း ကျိုးဝေ့ချင်း၏ နှလုံးသားထဲတွင် သူနှင့် သူ့အဖေ၏ ခြားနားမှုမှာ အလွန်ဆန်းကြယ်နေသည်။ သူသည် ငယ်စဉ်ကတည်းက သွေးကြောများပိတ်ဆို့နေသဖြင့် ဗိုလ်ချုပ်ကျိုးက သူ့ကိုအထင်သေးကာ ကောင်းကင်ရတနာသခင်များနှင့်သက်ဆိုင်သော အကြောင်းများကို တစ်ခါမှပြောမပြပေ။
ကျိုးဝေ့ချင်းသိသည့်တစ်ခုတည်းသော အကြောင်းအရာမှာ ကောင်းကင်ရတနာသခင်တစ်ဦးသည် ခန္ဓာဒြပ်ရတနာသခင်နှင့် သဘာဝဒြပ်ရတနာသခင် နှစ်ဦးစလုံးဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ သူတို့မှာ တူညီသည့်အချက်များရှိနေသော်လည်း တန်ခိုးကျင့်သည့်အခါတွင် ကောင်းကင်ရတနာသခင်များကပို၍မြင့်မားသည်။ အကြောင်းမှာ ကောင်းကင်ရတနာသခင်များ၏ ရတနာပုံသဏ္ဌာန်နှင့် စွမ်းရည်များသည် သဘာဝဒြပ်ရတနာသခင် သို့မဟုတ် ခန္ဓာဒြပ်ရတနာသခင်များနှင့် ခြားနားမှုများရှိနေသောကြောင့်ဖြစ်သည်။ သို့သော် မည်သည့်အရာများဖြစ်သည်ကိုမူ သူ မသိပေ။ သူသိသည့်အကုန်မှာ ကောင်းကင်ရတနာသခင်သည် အခြားရတနာသခင်များထက်ပို၍ သန်မာသည်ဟူ၍ပင်ဖြစ်သည်။ သူသည် ကောင်းကင်ရတနာသခင်တစ်ယောက်ဖြစ်သည်ဟု စိတ်ကူးယဉ် ရူးသွပ်ခဲ့ရသော အချိန်လည်းမနည်းတော့ပေ။
အရင်ကကျိုးဝေ့ချင်း ရှမ်ကွမ်းပင်းအာကို မြင်ခဲ့သောအချိန်မှာ သူမကို မှူးမတ်ဘွဲ့ ချီးမြှင့်သည့်နေ့ကဖြစ်သည်။ ထိုဘွဲ့ကို ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ခဲ့သည်။ ထိုအချိန်ကဗိုလ်ချုပ်ကျိုးသည် ယင်းပွဲကိုကြည့်ရန် ကျိုးဝေ့ချင်းကို ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ်ကတည်းက ရှမ်ကွမ်းပင်းအာကိုသူတွေ့ပြီးနောက် အင်ပါယာအလှထိပ်ခေါင်ဝင့်လိုက်သော အကြည့်တစ်ချက်ကို ယခုတိုင်အောင် ဘယ်တော့မှမမေ့နိုင်သေးပေ။ သူမကတော့မေ့နေပြီဖြစ်သည်။
ကံမကောင်းစွာပင် ယခုအချိန်ခဏလေးအတွင်း အလှဘုရင်မလေး၏ မျက်နှာသည် အလွန်အရုပ်ဆိုးနေသည်။ သူမ၏လက်များကို ရင်ဘက်ရှေ့တွင် ကြက်ခြေခတ်ပုံကာကွယ်ထားပြီး သူမ၏ရုပ်သွင်ပြင်မှာ ရေခဲတုံးတစ်တုံးကဲ့သို့ အေးစက်နေလျက် ဒေါသကြောင့်ပေါက်ကွဲလုမတတ်ဖြစ်နေသည်။
ထိုအချိန် ရှမ်ကွမ်းပင်းအာလည်းအလွန်စိတ်ပျက်နေသည်။ သူ့မရှေ့ကလူငယ်က ခန်းဆီးစကို သတိမထားဘဲဆွဲလိုက်သည့်အချိန်မှာ ဌာနချုပ်အပြင်ကို ထွက်လာမိသဖြင့် သူမ၏အထိမခံနိုင်သောနေရာကို ဆွဲမိသွားသည်။ သူမအဖေကလွဲ၍ မည်သည့်ယောက်ျားကိုမှ စိတ်ထဲမရှိသလို သူမအမေတစ်ဦးကသာ သူမခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိတွေ့ဖူးသည်။ ထို့ကြောင့် ယခုသူမကို ကိုင်လိုက်သည့်အခါ ရုတ်တရက်မကာကွယ်လိုက်နိုင်သဖြင့် ကျိုးဝေ့ချင်းကို ပြင်းထန်စွာကန်ထုတ်လိုက်ခြင်းဖြစ်သည်။
ကျိုးဝေ့ချင်းလည်းအကြောင်းအရင်းအမှန်ကို သဘောပေါက်လိုက်သည်။ စောစောက လေးတပ်သားကြီးပြောခဲ့သော စကားများကိုစပ်ဆက် စဉ်းစားမိပြီး သူ့ရှေ့ကအလှထိပ်ခေါင်လေးမှာ လက်နက်ပစ္စည်းများထုတ်ပေးမည့် သူ၏အထက်အရာရှိဖြစ်သော အမှတ်( ၃ )တပ်ရင်း၏ တပ်ရင်းမှူးဖြစ်ကြောင်းနားလည်သွားသည်။ ရှမ်ကွမ်းပင်းအာ၏ မျက်နှာနှင့်အမူအရာကိုကြည့်ပြီး စောစောကသူမည်သည့်နေရာကို ကိုင်မိလိုက်ကြောင်း ရှင်းလင်းသွားသည်။
သိပ်မကြာသေးခင်က ကြယ်တာရာတောထဲတွင် မင်းသမီးတီဖူရာ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်နောက်ပိုင်းကို မြင်ခဲ့ရ၍ အလွန်စိတ်လှုပ်ရှားခဲ့သည်။ ယခုအခါတွင် ရှမ်ကွမ်းပင်းအာကို ကိုင်မိလိုက်ပြန်ပြီ။ ဒီနေ့က သူ့ရဲ့ ကံကောင်းတဲ့နေ့များလား။
တစ်နေ့တည်းမှာ အင်ပါယာ၏ အကျော်ကြားဆုံးမိန်းကလေးများနှင့် စိတ်နှစ်ခွဖြစ်စရာ ဆက်ဆံရေးများဖြစ်ပွါးခဲ့ရသည်။ စောစောက သူမည်သည့်နေရာကို ဆွဲလိုက်မိသည်ကို တွေးရင်း……’ ဖူး!။ နောက်တစ်ကြိမ် သူ့နှာခေါင်းမှ သွေးစီးကြောင်းနှစ်ခု ကျလာပြန်သည်။ သူ့မျက်နှာတွင် ရိုးသားသည့်ပုံစံကို ဟန်ဆောင်ထားသော်လည်း ထိုနှာခေါင်းသွေးများက သူ၏ညစ်ပတ်သောအတွေးများကို ထုတ်ဖော်နေသည်။
” မင်းက ဘယ်သူလဲ။ ”
ကျိုးဝေ့ချင်း၏ နှာခေါင်းမှသွေးများကိုမြင်ပြီး ရှမ်ကွမ်းပင်းအာ ပိုပြီးစိတ်တိုလာသည်။ ဓားကိုဆွဲထုတ်ပြီး ကျိုးဝေ့ချင်းကို ချိန်၍ ဒေါသနှင့်အော်လိုက်သည်။
” အာ……နားလည်မှုလွဲတာပါ။ ကျွန်တော်က တပ်သားသစ်တစ်ယောက်ပါ။ ကျွန်တော် ဒီမှာ သတင်းပို့ပြီး ကျွန်တော့်ပစ္စည်းအသစ်တွေကိုလာထုတ်တာပါ။ ”
ကျိုးဝေ့ချင်း သူ့ဖောင်ကိုသူမရှေ့သို့ ခပ်မြန်မြန်ထိုးပေးလိုက်သည်။
ရှမ်ကွမ်းပင်းအာက ကျိုးဝေ့ချင်းဆီကို ညင်သာစွာလျှောက်လာပြီး ဖောင်ကိုဆွဲယူကြည့်လိုက်သည်။ သူမ၏မျက်နှာ အနည်းငယ်ပျော့ပျောင်းသွားသည်။ သူမကျိုးဝေ့ချင်းကို ဒေါသထွက်နေသေးသော်လည်း ဤအဖြစ်အပျက်မှာ အမှန်ပင်တိုက်ဆိုင်မှုဖြစ်ကြောင်းနားလည်လိုက်သည်။
” မင်းက ဘာဖြစ်လို့ဒီနေရာမှာ ပျာယီးပျာယာဖြစ်နေတာလဲ။ ”
ချွင်ခနဲအသံနှင့်အတူ ရှမ်ကွမ်းပင်အာက ဓားရှည်ကိုဓားအိမ်ထဲပြန်သွင်းလိုက်သည်။ သူမ၏မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များပျောက်ကွယ်သွားသည်။ သို့သော် သူမအသံက အေးစက်မာကျောနေသေးသည်။ မည်သည့်မိန်းကလေးက ဒီလိုအကိုင်ခံရလျှင် ဒေါသမထွက်ဘဲနေမည်နည်း။
ကျိုးဝေ့ချင်း သူမ၏အခြေအနေကို သေချာမြင်ပြီး အလွန်စိတ်သက်သာရာရသွားသည်။ ရှမ်ကွမ်းပင်းအာကိုကြည့်စမ်းပါ။ သူမက သာမန်မိသားစုတစ်စုမှ မွေးဖွားလာသူဖြစ်ပြီး မင်းသမီးတီဖူရာထက် ယဉ်ကျေးမှုရှိသည်။ သူမခံစားလိုက်ရသည့် မကျေနပ်မှုမှာလည်း တီဖူရာအောက်မနည်းပေ။ သို့သော် အပြုအမူကားဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူမသာ ငါ့ဇနီးလောင်းဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ။
“အထဲကို ငါနဲ့လိုက်ခဲ့ ”
ရှမ်ကွမ်းပင်းအာ ခန်းဆီးကိုဖယ်ပြီး ဌာနချုပ်ခန်းထဲကို ဝင်လိုက်သည်။
ကျိုးဝေ့ချင်းဝင်ရန်ပြင်နေစဉ် တစ်စုံတစ်ယောင်သူ့ဘေးနားကို တိတဆိတ်ရောက်လာသည်။ ရှမ်းကွမ်းပင်းအာဌာနချုပ်အပြင်ကို ထွက်လာစဉ်က နောက်မှပါလာသော စစ်သားဖြစ်ကြောင်းသိလိုက်သည်။ သူသည် ခန္ဓာကိုယ်၏ အဓိကနေရာများကို ကာကွယ်သည့် အပေါ့စားချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အဝါရောင်စစ်ခမောက်ကို ဆောင်းထားသည်။ ဤသည်မှာ တပ်ခွဲမှူးတစ်ယောက်၏ အမှတ်အသားဖြစ်သည်။ ကျိုးဝေ့ချင်း၏ စိတ်မှာ ရှမ်ကွမ်းပင်းအာ၏ စွဲမက်ဖွယ်ညှို့ယူနိုင်သော ပုံရိပ်လေးပေါ်တွင် လုံးဝအာရုံကျနေပြီး သူ၏ယခုအခြေအနေကို မေ့လျော့နေသည်။
ခြင်တစ်ကောင်၏ အသံကဲ့သို့တိုးညှင်းသောအသံတစ်ခုက သူ့နားထဲဝင်လာသည်။
” ဟေး …ကောင်လေး ဘယ်လိုနေလဲ ”
ကျိုးဝေ့ချင်းသည် ယင်းပုံရိပ်ကိုကြည့်ပြီး စိတ်ထဲတွင်ကျိတ်၍ ပီတိဖြစ်နေသည်။ သူအမှတ်တမဲ့ အော်ဟစ်ချီးမွမ်းလိုက်သည်။
” တပ်ရင်းမှူးရဲ့ ရင်ဘက်ကြွက်သားတွေက မဆိုးဘူး။ ”
တပ်ခွဲမှူးက သူ့ကို အနည်းငယ်မနာလိုဖြစ်ပြီး နောက်ပြောင်လိုက်ခြင်းသာဖြစ်သည်။ ဤအကျင့်မကောင်းသည့်ကောင်ကသူ့ကို အကျယ်ကြီးပြန်ပြောလိမ့်မည်ဟု ထင်မထားချေ။ ဤသည်မှာ အများနှင့်မတူသော ကျိုးဝေ့ချင်း၏ ရိုးသားသည့်ပုံ ဖြစ်နေဟန်ရှိသည်။ ကျိုးဝေ့ချင်း၏ စကားကိုအသိအမှတ်ပြုရင်း သူစကားတစ်ခွန်းသာတွေးလိုက်နိုင်သည်။
” ဘယ်လောက် ရဲရင့်လိုက်လဲ ”
အေးစက်သောအလင်းရောင်တစ်ချက်လက်သွားပြီး ရှေ့မှာရှိသည့် ခန်းဆီးစက နှစ်ခြမ်းကွဲထွက်သွားသဖြင့် သူကြက်သီးမွှေညှင်းများပင်ထသွားသည်။
သူ့ရှေ့က တံခါးပေါက်ဝတွင် ရှမ်ကွမ်းပင်းအာသည် တဖျက်ဖျက်လက်နေသော ဓားရှည်ကိုကိုင်ထားပြီး မတ်တပ်ရပ်လျက် ကျိုးဝေ့ချင်းကို အေးစက်စွာစူးစိုက်ကြည့်နေသည်။
” မင်းဒီလို ပေါက်ကရစကားတွေ ပြောနေဦးမယ်ဆိုရင် ငါကျိန်းသေပေါက် မင်းကို မိန်းမစိုးဖြစ်အောင်လုပ်ပစ်မယ်။ ”
” အ……တပ်ရင်းမှူး….ကျွန်တော့်အမှားပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ”
ကျိုးဝေ့ချင်း စောစောကပြောခဲ့သည့်စကားများကိုနောင်တရသွားသည်။ သူ့အသံ အလွန်ကျယ်သွားသည်။ ရှမ်ကွမ်းပင်းအာက သူ့အနီးတွင်ပင်ရှိသေးသည်။ အားတုံ့အားနာဖြစ်နေသောအပြုံးနှင့် သူ့အမှားကို မြန်မြန်ဝန်ခံလိုက်သည်။
‘ ဟမ့် ‘
ရှမ်ကွမ်းပင်းအာ စိတ်ဆိုးပြီး ဌာနချုပ်ခန်းထဲ လှည့်သွားသည်။ တပ်ခွဲမှူးက အခြေအနေကိုကြည့်နေပြီး ကျိုးဝေ့ချင်းကို လက်မထောင်ပြလိုက်ကာ လျင်မြန်စွာပြေးထွက်သွားတော့သည်။ ရှမ်ကွမ်းပင်းအာသည် စိတ်ထားကောင်းပြီး ဟိတ်ဟန်မရှိသော်လည်း တိုက်ခိုက်ရမည်ဆိုပါက အခြားသူများထက် ပိုပြီးရဲစွမ်းသတ္တိရှိသည်။ သူမ၏ဒေါသများပေါက်ကွဲထွက်လာစေမည့် အဆုံးသတ်မျိုးကိုသူ မလိုလားပေ။