ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia Sang Shao
အခန်း ( ၈ ) ဆန်းကြယ်သောပုလဲနက် – ၄
လေးပစ်သည့်နည်းစနစ်များစွာရှိသည်။ လေးပစ်မည့် လေးသည်တစ်ယောက်သည် ကိုယ်ခန္ဓာဖွဲ့စည်းပုံကောင်းမွန်၍ သန်မာကြံ့ခိုင်ရမည်။ ပစ်မှတ်အမျိုးမျိုးကိုပစ်ခတ်နိုင်သည့်စွမ်းရည် ရှိရမည့်အပြင် လူအများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလည်းရှိရပေမည်။ ဆိုလိုသည်မှာ မြှားတပ်ဖွဲ့ဟူ၍မဖြစ်ပေါ်မီတွင် အချိန်ပေါင်းများစွာကတည်းက လေ့ကျင့်ခြင်း…တိုက်ခိုက်ခြင်းများပြုလုပ်ထားရခြင်းဖြစ်သည်။
စစ်တပ်တစ်တပ်တွင် လေးသည်များသည် အငြင်းပွါးစရာမလိုအောင် အရေးပါလှသည်။ အထူးသဖြင့်ကောင်းကင်လေးအင်ပါယာကဲ့သို့သော နိုင်ငံတွင်ဖြစ်သည်။ အကြောင်းမှာ ကျိုးဝေ့ချင်း၏အဖေ ငယ်ရွယ်စဉ် တပ်မှူးဘဝက သူဦးဆောင်သောလေးတပ်ဖွဲ့သည် တိုက်ပွဲဝင်လေးစစ်သည်များ၏ စံယူလောက်သည့်တိုက်ပွဲကိုဆင်နွှဲခဲ့သည်။ ယင်းအချိန်က ရန်သူတပ်မှာ တောင်ဘက်ရှိ ကာလိဆီအင်ပါယာ၏တပ်ဖြစ်သည်။ ကာလိဆီအင်ပါယာ၏ အဓိကစစ်တပ်မှာ သံချပ်ကာမြင်းတပ်ဖြစ်သည်။
ထိုအချိန်က ဗိုလ်မှူးကျိုးသည် ကာလိဆီတပ် ဖြတ်သန်းမည့် ကုန်းမြင့်ဆင်ခြေလျှောနေရာကို ရွေးချယ်၍ ပြောက်ကျားချုံခိုတိုက်ခိုက်ခဲ့သည်။
ယင်းအချိန်က ကောင်းကင်လေးအင်ပါယာ၏ လေးတပ်ဖွဲ့တွင် အဖွဲ့ဝင်တပ်သား ၂၀၀၀ရှိပြီး တပ်ဖွဲ့သုံးဖွဲ့ ခွဲလိုက်သည်။ ဘယ်ဘက်တပ်ဖွဲ့သည် သစ်ပင်များနှင့် ကတုတ်ကျင်းများတွင် နေရာယူပြီး ညာဘက်တပ်ဖွဲ့သည် သဘာဝအကာအကွယ်အဖြစ် မြစ်တစ်ခုတွင်နေရာယူသည်။ ဗိုလ်မှူးကျိုးကိုယ်တိုင်ဦးဆောင်သော နောက်ဆုံးတပ်ဖွဲ့က အခြားတပ်ဖွဲ့နှစ်ဖွဲ့၏နောက်တွင် နေရာယူလိုက်သည်။ တပ်ဖွဲ့တစ်ဖွဲ့စီ၏ရှေ့တွင် ၁၅၀ ဝန်းကျင်မျှရှိသည့် ကြီးမားသောမြင်းတပ်စုကြီးများက ဆင်ခြေလျှောအတိုင်းဆင်းလာသည်။ ထိုမြင်းသည်တပ်ကြီးကို မြင့်မားသောအကာကွယ်မျှော်စင်ဒိုင်းကြီးများ စုပေါင်းဖွဲ့စည်းထားသည့် အတန်းကြီး ၆ တန်းပါသော တံတိုင်းကြီးတစ်ခုနှင့်ကာကွယ်ထားသည်။ သူတို့ထက်အင်အား သုံးဆများပြီး ယင်းကဲ့သို့သောတံတိုင်းကြီးကာကွယ်ထားသော ရန်သူ့စစ်တပ်ကြီးကို လေးသည်တပ်ဖွဲ့က အနိုင်ယူသတ်ဖြတ်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် ဗိုလ်မှူးကျိုးသည် အလွန်ကျော်ကြားခဲ့ပြီး ကောင်းကင်လေးအင်ပါယာစစ်တပ်တွင် မြင့်မားသောအဆင့်တစ်ခုကိုရခဲ့သည်။
ကျိုးဝေ့ချင်းသည် လေးကိုကိုင်လိုက်ပြီး သူ့အဖေ၏ ကြီးကျယ်သောသမိုင်းကြောင်းကိုတွေးမိကာ သူ့စိတ်များလှုပ်ရှားတက်ကြွလာသည်။ သူ့အဖေ၏ သားတစ်ယောက်အနေဖြင့် အရင်ကတည်းက လေးနှင့်လေ့ကျင့်ဖူးသည်။ သို့သော် ထိုကဲ့သို့ လေ့ကျင့်ချိန်၌လေးကိုင်ခြင်းသည် စစ်မြေပြင်တွင် လေးကိုင်ခြင်းနှင့်မတူညီပေ။
ကျိုးဝေ့ချင်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဘယ်လက်ဖြင့်လေးကိုယူလိုက်ကာ ညာလက်မ၊ လက်ညှိုးနှင့် လက်ခလယ်ကိုသုံး၍ လေးကြိုးကို ကျွမ်းကျင်စွာကိုင်လိုက်သည်။ ရှေ့တည့်တည့်ကိုချိန်ပြီး ယိမ်းယိုင်တုန်လှုပ်ခြင်းမရှိဘဲ ခွန်အားထည့်၍ လေးညှို့ကိုဆွဲတင်လိုက်ရာ လခြမ်းကွေးပုံသဏ္ဌာန်ဖြစ်သွားသည်။
စစ်သား၏မျက်လုံးများတောက်ပသွားပြီး ကျိုးဝေ့ချင်းကိုချီးမွမ်းလိုက်သည်။
“ကောင်းတယ်…ညီလေး။ မင်းက လေးကိုမှန်မှန်ကန်ကန် ကိုင်တတ်တယ်။ စံထားရတဲ့ပုံစံပဲ။ ဒါပေမယ့် မင်းဘယ်လောက် လက်ဖြောင့်သလဲဆိုတာ တို့ကိုပြဦး။ ငါတို့လေးသည်တွေအဖို့က လက်ဖြောင့်ရင် တပ်ထဲမှာ အရမ်းအရေးပါသွားပြီပဲ။ ”
ယင်းကဲ့သို့သော ကိုယ်နေဟန်နှင့် ဆိုပါက မည်သို့လက်မဖြောင့်ပဲနေမည်နည်း။ အမှန်မှာ ကျိုးဝေ့ချင်း၏အဖေသည် သူအိမ်တွင်ရှိနေပါက သူ့သားကို လေ့ကျင့်ပေးပြီး နှိပ်စက်ရခြင်း ကိုသဘောကျသူဖြစ်သည်။ ကျိုးဝေ့ချင်းသည် စွမ်းအင်မကျင့်နိုင်သော်လည်း လက်နက်အမျိုးမျိုးနှင့် တိုက်ခိုက်နည်းအမျိုးမျိုးကို လေ့ကျင့်ရသည်။ ဗိုလ်မှူးက သူအလုပ်ကိစ္စနှင့် အပြင်သွားနေလျှင်ပင် ကျိုးဝေ့ချင်းအတွက် လေ့ကျင့်ခန်းများ ပြုလုပ်ရန်ပေးထားခဲ့၍ုပြီးပါကစစ်ဆေးသည်။ စစ်ဆေးရာတွင် ကျရှုံးပါက ဟီးဟီးဟီး….။
ရလဒ်အနေဖြင့် ကျိုးဝေ့ချင်းသည် လေးကိုပစ်ခတ်ရုံသာမက အလွန်မှလည်းလက်ဖြောင့်လေသည်။ ယင်းမှာ သူလေးတပ်ကိုရွေးချယ်နိုင်၍ အလွန်ကျေနပ်ရသော အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်။
ဤဒေသတစ်ဝိုက်တွင် ကောင်းကင်လေးအင်ပါယာသည် လေးစစ်သည်များကြောင့် ကျော်ကြားသည်။ ဗိုလ်မှူးကျိုးက သူ့ကို ဤနယ်ပယ်တွင် သင်တန်းအများအပြားပေးထားသည်။
ထိုကိုယ်ဟန်ထားအတိုင်း ခဏမျှနေပြီးနောက် ကျိုးဝေ့ချင်းသည် သူ့ကျောကုန်းကိုဆန့်ထားသည့်အတိုင်း အသက်ရှူမထုတ်ဘဲ လေးကိုဖြည်းညှင်းစွာချလိုက်သည်။သူ့အသက်သည် ၁၃ နှစ်သာရှိသေးသည်။ သူ့ခွန်အားများက သာမန်အရွယ်ရောက်ပြီးသူတစ်ယောက်အောက်မနည်းသော်လည်း ထိုကိုယ်ဟန်အတိုင်းအချိန်ကြာကြာမနေနိုင်သေးပေ။
” အရမ်းကောင်းတယ်… ဒီလောက်ဆိုရပါပြီ။ ညီလေး…မင်းက အခုဆိုရင် ငါတို့လေးတပ်ရင်းမှာရှိတဲ့ ညီအစ်ကိုတွေထဲက တစ်ယောက်ဖြစ်သွားပြီ။ ငါတို့တပ်ရင်းက အမှတ်( ၅ ) တပ်ရင်းကြီးထဲမှာပဲ။ အမှတ် ( ၅ )တပ်ရင်းကြီးထဲမှာစုစုပေါင်း တပ်ရင်း ၁၀ ခုရှိတယ်။ လေးခုက ငါတို့မြှားတပ်ရင်းတွေပဲ။ ငါတို့က အမှတ် ( ၃ )တပ်ရင်းပဲ။ ”
အကန့်အသတ်မရှိကျယ်ပြောသော အဓိကကုန်းမြေကြီးတွင် နိုင်ငံအမျိုးမျိုးတွင်ရှိသည့် စစ်တပ်များ၏ဖွဲ့စည်းပုံသည် တစ်မျိုးတစ်စားတည်းပင်ဖြစ်သည်။
၁၀ ယောက် တပ်စုတစ်ခု
တပ်စု ၁၀ ခု တပ်ခွဲတစ်ခု ( ၁၀၀ )
တပ်ခွဲ ၁၀ ခု တပ်ရင်းတစ်ခု( ၁၀၀၀ )
တပ်ရင်း ၁၀ ခု မဟာတပ်ရင်း တစ်ခု ( ၁၀၀၀၀)
မဟာတပ်ရင်း ၁၀ ခု မဟာတပ်ရင်းချုပ် ( ၁၀၀၀၀၀ )
ကောင်းကင်လေးအင်ပါယာတွင် မဟာတပ်ရင်းချုပ်မရှိပေ။ စစ်တပ်တစ်ခုလုံးတွင်ပင် မဟာတပ်ရင်း ၅ ခုသာရှိသည်။ စစ်သားစုစုပေါင်း ငါးသောင်းဖြစ်သည်။
” အာ… ဒါစစ်ဆေးတာလား။ ”
ကျိုးဝေ့ချင်း တအံ့တသြမေးလိုက်သည်။
မြှားတပ်သားက ရယ်မောပြောဆိုလိုက်သည်။
” မင်းကပိုပြီးခက်မယ် ထင်လို့လား။ ငါတို့က တပ်သားသစ်စုနေတာ။ သားမက်ရွေးနေတာမဟုတ်ဘူး။ တပ်သားသစ်က ကျန်းမာတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်ကောင်းမွန်တယ်။ ပြီးတော့ လေးကိုဆွဲတင်နိုင်တယ် ဆိုရင်ပြီးပြီပဲလေ။ အရူးကောင်လေး… မင်းကအသက် ၁၆ နှစ်တော့ပြည့်နိုင်တယ်။မင်းရဲ့အရပ်အမောင်းကလည်း ဒီ့ထက်ပိုကောင်းလာလိမ့်မယ်။ ဒါဆိုရင် ဘာမှမလိုတော့ဘူး။ ပိုအရေးကြီးတာက တပ်သားသစ်အကုန်လုံး သုံးလအခြေခံသင်တန်း တက်ရမယ်။ ငါတို့က တပ်သားသစ်တွေကို စစ်မြေပြင်ကို တစ်ခါတည်း မလွှတ်ပါဘူး။ ကောင်းပြီလေ… အခု မင်းရဲ့ကိုယ်ပိုင်ပစ္စည်းတွေ ထုတ်ဖို့ ဒီဘက်ဘေးကိုသွားလိုက်။ ညီငယ်လေး… မင်းကငါတို့အမှတ်( ၃ ) တပ်ရင်းကို ဝင်နိုင်တာ အရမ်းကံကောင်းတာပဲ။ ဘာဖြစ်လို့လဲဆိုရင် ငါတို့တပ်ရင်းမှူး လက်နက်ကိရိယာတွေ ထုတ်ပေးတဲ့အချိန်ရောက်ရင်သိလိမ့်မယ်။ ”
ပြောပြီးသည့်နောက် ဖောင်ကိုအမှတ်အသားတစ်ခုမှတ်လိုက်ကာ ကျိုးဝေ့ချင်းကို ပြန်ပေးလိုက်သည်။
လေးတပ်သားက ကျိုးဝေ့ချင်းအား တပ်ရင်း၏ယာယီဌာနချုပ်ကို ညွှန်ပြလိုက်သည်။ ဌာနချုပ်သည် စစ်ဆေးသည့်ကွင်းပြင်နှင့် မဝေးသောနေရာတွင်ရှိပြီး အချိန်ကြာကြာစခန်းချမည့် ပုံမရှိပေ။ ကုန်ပစ္စည်းများတင်ပို့နေသော ရထားတွဲများလည်းရှိသည်။
ယခုတွင် သူသည်တကယ့်စစ်သားအစစ်တစ်ယောက်ဖြစ်တော့မည်လား။ ငယ်စဉ်ကတည်းက ကျိုးဝေ့ချင်းကို သူ့အဖေက အသုံးမကျသည့်ကောင်ဟု အမြဲဆူပူကြိမ်းမောင်းသည်။ သူသည်ယနေ့ကဲ့သို့သော ပြီးပြည့်စုံသည့် ခံစားချက်မျိုးကို တစ်ခါမှမခံစားခဲ့ဖူးချေ။ ယခုတင်က စစ်ဆေးမှုသည် အလွန်လွယ်ကူ ရိုးရှင်းသော်လည်း သူ၏ကိုယ်ပိုင်အစွမ်းအစနှင့် အောင်မြင်ခြင်းဖြစ်သည်။ ကျိုးဝေ့ချင်းသည် ဂုဏ်ယူစွာဖြင့်ရင်ကိုကော့၍ ယာယီဌာနချုပ်ရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့်ဝင်သွားလိုက်သည်။
ဌာနချုပ်သို့ဝင်သည့်အခါ အစောင့်စစ်သားများက သူ့လက်ထဲရှိဖောင်ကို စစ်ဆေးကာ ဝင်ခွင့်ပြုကြသည်။ ထို့ပြင်အစောင့်စစ်သားများ၏ လမ်းညွှန်မှုကြောင့် အမှတ်( ၃ ) တပ်ရင်း၏ဌာနချုပ်ကို အလွယ်တကူရှာတွေ့နိုင်ခဲ့သည်။ ကြီးမားသော ကုန်လှောင်ရုံကြီး တစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထားသည်။
” တပ်သားသစ်များ ဤနေရာတွင်
သတင်းပို့ပါ။ ”
ယခုမှ ကျိုးဝေ့ချင်း အလွန်စိတ်လှုပ်ရှားသွားသည်။ ကုန်လှောင်ရုံထဲသို့ ခပ်မြန်မြန်ဝင်လိုက်ပြီး ခန်းဆီးစကို ဘေးသို့ဖယ်ရန် လက်ကိုရှေ့သို့မြှောက်လိုက်သည်။ သူ့လိုက်ကိုမြှောက်လိုက်သည့်အချိန်တွင် မယုံကြည်နိုင်စရာကောင်းသည့် တိုက်ဆိုင်မှုတစ်ခုဖြစ်ပွါးတော့သည်။ တစ်ချိန်တည်းတွင် တစ်စုံတစ်ယောက်သည် လမ်းလျှောက်ထွက်လာသည်။
နွေရာသီအချိန်ဖြစ်သဖြင့် ဌာနချုပ်တွင်ရှိသော ခန်းဆီးစက အလွန်ပါးလွှာသည်။ ခြင်ကိုကာကွယ်ရန်တပ်ဆင်ထားခြင်းဖြစ်သည်။ စိတ်လှုပ်ရှားမှုကြောင့် ကျိုးဝေ့ချင်း၏ လှုပ်ရှားမှုများက အလွန်မတည်မငြိမ်ဖြစ်သွားသည်။ ခန်းဆီးကို ဆွဲဖယ်လိုက်ချိန်တွင် လုံးဝန်းပျော့ပြောင်းပြီ နုအိသောအရာတစ်ခုကိုလည်း ဆွဲကိုင်မိသွားသည်။ ကျိုးဝေ့ချင်း အမှတ်တမဲ့ ဖျစ်ညှစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်ခြားတစ်ဖက်မှ အော်သံတစ်ခုကိုကြားရပြီး အကန်ခံလိုက်ရသည်။
ကန်ချက်ကမပြင်းသော်လည်း နောက်ကိုခုနစ်လှမ်းမျှ ဆုတ်သွားပြီး မြေကြီးပေါ်လဲကျလုမတက် ဖြစ်သွားသည်။ ခန်းဆီးစကိုဖယ်၍ တစ်စုံတစ်ယောက်ထွက်လာသည်။
အသက် ၁၆နှစ်ခန့်ရှိသည့် လှပသော မိန်းမပျိုလေးတစ်ဦးထွက်လာသည်။ ခန္ဓာကိုယ်မှာ ကျစ်လျစ်လှပပြီး အရပ်အမြင့်မှာ ၁.၇ မီတာခန့်ရှိသည်။ ဦးခေါင်းတွင်ရှိသော အပြာရောင်ဆံပင်များကို မြင်းမြီးပုံစံစည်းထားပြီး အနောက်ရောင်ယူနီဖောင်းကိုဝတ်ဆင်ထားသည်။ ယင်းဝတ်စုံမှာ တပ်ရင်းမှူးတစ်ယောက်၏ ဝတ်စုံဖြစ်ကြောင်းကျိုးဝေ့ချင်းနားလည်လိုက်သည်။ သူမက တပ်ရင်းမှူးဝတ်စုံပြည့်ကို ဝတ်ဆင်မထားပေ။
မင်းသမီးတီဖူရာသည် အလွန်လှပသော်လည်း အဆင့်တစ်ခုထိလှပနေသော ဤမိန်းမပျိုနှင့် မနှိုင်းယှဉ်နိုင်ပေ။ သူမ၏ အသားအရေမှာ နို့နှစ်ကဲ့သို့ ချောမွေ့ဖြူစင်လှပြီး ထူးခြားသည့် ညှို့ငင်နိုင်စွမ်းသောအပြာရောင်မျက်လုံးတစ်စုံမှာ နူးညံ့သိမ်မွေ့၍ အရောင်တလက်လက်တောက်ပနေသည်။ သူမ၏သွင်ပြင်လက္ခဏာရပ်များမှာ ပြစ်မျိုးမှဲ့မထင် ကင်းစင်ပြီး မြင်တွေ့ရသူများကို တည်ငြိမ်သောရေပြင်ကဲ့သို့ ကြည်လင်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။
ကျိုးဝေ့ချင်းသည် မိန်းမပျိုကိုတွေ့မြင်ပြီးနောက် သတိလစ်မတတ်ဖြစ်သွားသည်။ သူမကို သူသိသည်။ သူမကိုမမြင်ရသည်မှာကြာပြီဖြစ်သော်လည်း ယခုထိသူ့အား ထိုကဲ့သို့သော ခံစားမှုကို ပေးနိုင်စွမ်းရှိနေဆဲဖြစ်သည်။ ယင်းသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ သူ့ရှေ့ရှိမိန်းမပျိုသည် ကောင်းကင်လေးအင်ပါယာရှိ လူငယ်မျိုးဆက်များထဲတွင် အတော်ဆုံးသော ပါရမီရှင် တစ်ယောက်ဖြစ်ပြီး အင်ပါယာ၏ အလှဆုံးမိန်းကလေးတစ်ယောက်လည်းဖြစ်နေသောကြောင့် ဖြစ်သည်။ သူမအမည်မှာ ရှမ်ကွမ်းပင်းအာ ဖြစ်လေသည်။