ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia Sang Shao
အခန်း – ( ၇ ) ဆန်းကြယ်သောပုလဲနက် – ၃
“ဘာလဲ။ မင်းငါ့ကိုလာကစားနေတာလား။”
တပ်စုမှူးမှာ စိတ်ဆိုးပြီးရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ၁.၉မီတာရှိသည့် သူ့အရပ်က ကျိုးဝေ့ချင်းပေါ်တွင် မိုးနေသည်။ သူ့ခန္ဓာကိုယ်မှခြိမ်းခြောက်သည့် အရှိန်အဝါများထွက်နေသည်။ ကျိုးဝေ့ချင်းကို ဘောင်းဘီအနားစမှ ဆွဲယူလိုက်ပြီး ဒေါသထွက်နေသည့် သူ့မျက်နှာနားကို ကပ်လိုက်သည်။
“အာ့…ကျွန်တော်အဲ့လို ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်အဖွဲ့ထဲကိုဝင်ရမလဲဆိုတာ နည်းနည်းလောက်အချိန်ယူပြီးတွေးချင်လို့ပါ။”
ကြေကွဲနေသောအပြုံးလေးနှင့် ကျိုးဝေ့ချင်းအလျင်အမြန်ပြန်ပြောလိုက်သည်။ ကိုယ့်ကြမ္မာအခြေအနေက သိပ်မကောင်းဘူးဆိုလျှင် တိုက်ခိုက်ခြင်းထက် ပါးစပ်နှင့်ပြောခြင်းက ပိုပြီးကောင်းကြောင်း ဥာဏ်ကောင်းသည့်လူတစ်တိုင်း နားလည်သည်။
ကျိုးဝေ့ချင်းမှာ လုံးဝအရိုက်မခံချင်သေးပေ။ သူ့နောက်ခံအင်အားကိုသာ ထုတ်ဖော်ပြောလိုက်လျှင် ဤနေရာရှိလူအကုန်လုံး သူ့ရှေ့တွင်ကျိန်းသေပေါက် ဒူးထောက်ကြပေလိမ့်မည်။ သို့သော် ကျိုးဝေ့ချင်းသည် ဥာဏ်နီဥာဏ်နက်များတတ်သော်လည်းသူ့အဖေ၏အလွန်တင်းကျပ်ပြင်းထန်သော စည်းကမ်းများကိုလိုက်နာသည်။ သူငယ်စဉ်ကတည်းက သူ့အဖေက စစ်မှန်သောလူသားတစ်ယောက်သည် မိမိကိုယ်ပိုင် ကံကြမ္မာအတိုင်းသာ နေလေ့ရှိပြီး မိသားစု၏နောက်ခံအင်အားကို အားမကိုးကြောင်း အမြဲသွန်သင်ထားသည်။ ထို့ကြောင့်ကျိုးဝေ့ချင်းသည် အင်ပါယာတွင် အဆင့်အမြင့်ဆုံးသော နောက်ခံအင်အားရှိသော်လည်း မင်းသမီးတီဖူရာကဲ့သို့နောက်ခံအင်အားသုံးကာ တစ်ဦးတစ်ယောက်ကိုမှ အနိုင်မကျင့်ဖူးပေ။
အကယ်၍ ကျိုးဝေ့ချင်းက ကတိမတည်တောင်မှ တပ်စုမှူးအနေဖြင့် မည်သည့်အရာမှ မလုပ်နိုင်ပေ။ သူ့မှာအသက်အလွန်ငယ်ရွယ်သဖြင့် အတွေ့အကြုံမရှိသည့်အပြင် အကြောင်းအရင်းကိုသေချာမသိဘဲ ခြိမ်းခြောက်ခံနေရခြင်းမှာ အလွန်ပင်ဆိုးဝါးလှသည်။
ကျိုးဝေ့ချင်းပြန်ပြောသည်ကိုကြားပြီးမှ တပ်စုမှူးက ကျေနပ်စွာပြုံးကာ ပြန်ထိုင်လိုက်သည်။ ခေါင်းကိုညိတ်လိုက်ပြီး ကျိုးဝေ့ချင်းကိုပြောလိုက်သည်။
“ကောင်းပြီလေ…မြန်မြန်ဆုံးဖြတ်လိုက်။ ပြီးရင်ဒီဖောင်ကိုဖြည့်လိုက်။ မင်းအစစ်ဆေးခံချင်တဲ့ အဖွဲ့ကိုရွေးနိုင်တယ်။ ကောင်လေး…မင်းအရမ်းကံကောင်းတယ်။ မင်းကပထမဆုံးတပ်သားသစ်ပဲ။ ဒါ့ကြောင့် မင်းကို ငါတို့လျှော့ပေါ့ပြီး စစ်ဆေးပေးမယ်။စစ်တပ်ထဲဝင်တာ ဒီလောက်မလွယ်ဘူး။”
ကျိုးဝေ့ချင်း မျက်နှာသုန်သုန်မှုန်မှုန်ဖြစ်သွားပြီး ပြန်မေးလိုက်သည်။
“အရာရှိအစ်ကိုကြီး…အမ်… ကျွန်တော်တစ်ခုမေးလို့ရမလား။ စစ်ပွဲမှာရန်သူတွေနဲ့အရမ်းကြီးတိုက်စရာမလိုဘဲ နောက်မှာပဲနေလို့ရတဲ့ အဖွဲ့ရှိလားမသိဘူးခင်ဗျ။”
ကျိုးဝေ့ချင်းမှာ သူ့ကိုယ်ပိုင်အတွေးနှင့်သူရှိသည်။ လူတိုင်းသည် သူတို့ငယ်ရွယ်စဉ်က သူရဲကောင်းတစ်ယောက်ဖြစ်ရမည် ဟူသောစိတ်ကူးရှိသည်။ ကျိုးဝေ့ချင်းက ရိက္ခာထောက်/ပို့တပ်ဖွဲ့ရော ထမင်းချက်သည့် အဖွဲ့ကိုပါ မဝင်ချင်ပေ။ သူသာစစ်သားတစ်ယောက်ဖြစ်လျှင် သာမန်ထက်ပိုတော်မှရမည်။ မဟုတ်လျှင် သူ့အဖေသာသိပါက သေလောက်အောင်အရိုက်ခံရပေလိမ့်မည်။ သူကိုယ့်သူလည်း မျက်နှာလွဲခဲပစ်မလုပ်ချင်ပေ။ စစ်တိုက်မည့်စစ်သားတစ်ယောက်အတွက် အတော်အသင့်လုံခြုံသည့်နေရာတစ်ခုကိုတော့ ရှာထားရပေမည်။ သူ့စိတ်ထဲတွင် လုံခြုံမှုသည် အမြဲတမ်း နံပါတ် – ၁ ဖြစ်သည်။
သေရမည်ကိုကြောက်ခြင်းက လူ့သဘာဝပင်ဖြစ်သည်။ သူ့မျက်နှာက သူသည်သေသည်အထိ သူရဲကောင်းဆန်သည့်လူတစ်ယောက်မဟုတ်ကြောင်း ဖော်ပြနေသည်။
တပ်စုမှူး၏မျက်လုံးများက စဉ်းလဲမှုများဖြင့်တောက်ပသွားပြီး အမြန်ပြောလိုက်သည်။
“ဒါက လွယ်ပါတယ်။လေးသည်တွေပဲလေ။ လေးသည်တွေကို နောက်တန်းမှာပဲထားတယ်လေ။ ရှေ့တန်းမှာတိုက်ရမယ်ဆိုရင်တောင် တိုက်ပွဲဖြစ်ရင် နောက်ကိုပြန်ဆုတ်ပြီးတိုက်ရတယ်။ ရန်သူစစ်တပ်ကို အပြီးသတ်ချေမှုန်းနိုင်ရင်ပဲဖြစ်ဖြစ် မနိုင်ရင်ပဲဖြစ်ဖြစ် လေးသည်တွေက ရန်သူနဲ့တိုက်ရိုက်မတိုက်ခိုက်ရဘူးလေ။”
ထိုစကားကိုကြားပြီးကျိုးဝေ့ချင်းပျော်ရွှင်သွားသည်။
ပြီးနောက် ချက်ချင်းပြောလိုက်သည်။
” အကောင်းဆုံးပဲ။ အဲ့ဒါ အကောင်းဆုံးပဲ။ ကောင်းကင်လေးအင်ပါယာရဲ့ အကျော်ကြားဆုံးအလုပ်ကို ငါဘာလို့မစဉ်းမိတာပါလိမ့်။ အရာရှိအစ်ကိုကြီး ကျွန်တော် လေးသည်ဖြစ်ချင်တယ်။ ”
လေးသည်များသည် အကာအကွယ်အတွက် အခြားတပ်ဖွဲ့များ၏နောက်တွင် နေရလေ့ရှိသည်။သူဒီလောက်တော့သိသေးသည်။ တပ်စုမှူးသည် သူ့ဆွဲဆောင်မှု အစီအစဉ်အောင်မြင်သွားသဖြင့် ကျေနပ်စွာရယ်မောလိုက်သည်။ ဖောင်တိန်ကိုယူပြီး မတ်တပ်ရပ်လိုက်သည်။
” နာမည်…အသက်”
” ကျွန်တော့်ကို ကျိုး……”
ကျိုးဝေ့ချင်း သူ့နာမည်အမှန်ကို ပေးမိတော့မလိုဖြစ်သွားသည်။ ပြီးမှ အချိန်မီပြန်ထိန်းလိုက်နိုင်သည်။
“ကျွန်တော့်ကို ဖက်တီးလေးကျိုးလို့ ခေါ်ပါတယ်။ အသက်က ၁၆ နှစ်ပါ။”
ကျိုးဝေ့ချင်း၏ အသက်မှာ ၁၃ နှစ်သာရှိသေးသော်လည်း မြင့်မြတ်သောမိသားစုတွင် မွေးဖွားကာ တစ်ဦးတည်းသောသားလည်း ဖြစ်သဖြင့် အပြင်လောက ဗဟုသုတအနည်းငယ်မျှတော့ရှိသည်။ အနည်းဆုံးတော့ သာမန်ကလေးများထက်သာသည်။
သူ့အဖေ၏လက်မှ ပုန်းရှောင်နေရန်အတွက် စစ်တပ်ထဲကိုဝင်ရန်ဆုံးဖြတ်ပြီးကတည်းက သူ့ကိုယ်သူနာမည်တုတစ်ခု ပေးရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။ ‘ ဖက်တီးလေး ကျိုး’ ဆိုသည့်နာမည်မှာ သူ့အသက်ဆယ်နှစ်မတိုင်မီက ခေါ်ခဲ့သော ကလေးဘဝနာမည်ဖြစ်သည်။ ထိုကဲ့သို့ဆိုပါက သူ့အဖေရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
” ဖက်တီးလေးကျိုးလား။ မင်းကဝလဲ မဝပါဘူး။ ”
တပ်စုမှူး အသေးစိတ်မှတ်တမ်းရေးနေရင်း သူ့ကိုယ်သူရေရွတ်ပြောလိုက်သည်။ ကျိုးဝေ့ချင်းမှာ ကြေညာထားခဲ့သော အသက် ၁၆ နှစ်အောက် ငယ်နေလိမ့်မည်ဟု သူသံသယမရှိပေ။
မကြာမီမှာပင် စာရင်းသွင်းပြီးသွားသည်။ သူက ကျိုးဝေ့ချင်း၏ အကြောင်းကို ဖောင်တွင်ရေးသွင်းပေးပြီးနောက် ထောင့်တစ်နေရာကို ညွှန်ပြလိုက်သည်။
” ကျေးဇူးတင်ပါတယ်…အရာရှိအစ်ကိုကြီး။ ”
ကျိုးဝေ့ချင်းသည် ဖောင်ကိုပျော်ရွှင်စွာယူလိုက်သည်။ စိတ်ထဲတွင်တော့ သူ အန္တရာယ်အလွန်မများသည့် တပ်ဖွဲ့တစ်ခုထဲကိုဝင်လိုက်နိုင်ခြင်းသည်ကိုအကောင်းဆုံးသောဆုလာဘ်အဖြစ်ဂုဏ်ယူနေသည်။ ပြီးပြည့်စုံမှု။
စစ်ဆေးသည့်နေရာသို့ သူစိတ်လှုပ်ရှားစွာပြေးသွားလိုက်သည်။ ထိုနေရာတွင် စစ်သား ၄- ၅ ယောက်ရှိနေသည်။ စစ်သားများသည် မီးခိုးရောင်နှင့် အနက်ရောင်ရှိသော ပေါ့ပါးသည့်သားရေချပ်ဝတ် ယူနီဖောင်းကိုဝတ်ဆင်ထားသည်။ လက်ကောက်ဝတ်ကိုကာကွယ်သော လက်စည်းငေါကို ဝတ်ဆင်ထားပြီး ဆောင်းထားသောစစ်ဦးထုပ်ကြီးမှာ နေရောင်ကိုပင်ကာကွယ်နိုင်လေသည်။ သူတို့၏နောက်ကျောတွင် လေးတစ်လက်နှင့် မြှားကျည်တောက်တစ်ဘူးကို သိုင်းလွယ်ထားသည်။ ထိုပစ္စည်းများမှာ လေးသည်များ၏ သာမန်ပစ္စည်းများဖြစ်သည်။ သူတို့ပုံစံမှာ ရဲစွမ်းသတ္တိရှိပုံပေါ်သည်။ အစစ်ဆေးခံနေသည့်လူ တစ်ယောက်မှရှိမနေပေ။ သို့သော် လေးသည်အနည်းငယ်သည် သတိအနေအထားဖြင့် မတ်တပ်ရပ်နေသည်။ ကျိုးဝေ့ချင်းသည် သူ့အဖေမည်မျှ စည်းကမ်းကြီးသည်ကို သိသည်။ သူ့သားကိုတောင်မှ ရက်စက်လျှင် သူ့စစ်တပ်တွင်ချမှတ်ထားသည့် စည်းကမ်းများမှာလည်း ထို့အတူပင်ဖြစ်ရပေမည်။ ထို့ကြောင့် ကောင်းကင်လေးအင်ပါယာသည် သေးငယ်သောအင်ပါယာတစ်ခုမျှသာဖြစ်၍ စစ်တပ်အင်အားမှာသောင်းဂဏန်းအရေအတွက်မျှသာရှိသော်လည်း တပ်သားအားလုံးမှာ လက်ရွေးစင်ထဲက လက်ရွေးစင်များဖြစ်ကြသည်။ သူတို့နှင့် အဆင့်တူ သို့မဟုတ် ပိုပြီးအဆင့်မြင့်သည့် ရန်သူကိုပင်ထိန်းထားနိုင်စွမ်းရှိသည်။ ကျိုးဝေ့ချင်းသည် သူ့အဖေမှာ ပတ်ဝန်းကျင်နိုင်ငံများတွင် အလွန်ကျော်ကြားပြီး သူတိုက်သည့်စစ်ပွဲများတွင်လည်း တစ်ခါမှ မရှုံးဖူးသေးကြောင်း သိလေသည်။
” မင်္ဂလာပါ…အစ်ကိုကြီး… ကျွန်တော်အစစ်ဆေးခံဖို့လာတာပါ။ ”
ကျိုးဝေ့ချင်းက သူ့ဖောင်အား လေးသည်တစ်ယောက်ကိုပေးလိုက်သည်။ ထိုလူက သူ့ကိုကြည့်ပြီးပြောလိုက်သည်။
” ညီလေး… ကောင်းတယ်။ ငါတို့တပ်ဖွဲ့ကိုဝင်လို့ ဂုဏ်ယူပါတယ်။ စစ်တပ်ထဲမှာ တို့တပ်ဖွဲ့က မျှော်လင့်ချက်အရှိဆုံး တပ်ဖွဲ့တွေထဲက တစ်ခုပဲ။ ဒီမှာ… ဒါကိုဆွဲကြည့်ပါဦး။ ”
လေးစစ်သည်က သူ့လေးကိုတင်လိုက်ပြီး ကျိုးဝေ့ချင်းကိုပေးလိုက်သည်။
ကျိုးဝေ့ချင်းက လေးကိုယူပြီး အနီးကပ်စစ်ဆေးလိုက်သည်။ လေးမှာ အရည်သွေးမြင့် ကြယ်တာရာသစ်သားနှင့် ပြုလုပ်ထားပြီး ၁.၈ မီတာရှည်ကာ ၀.၉ မီတာအနံရှိသည်။ လေး၏ အရှေ့ဘက်ကိုင်းမှာ စက်ဝန်းပိုင်းပုံစံရှိပြီး အနောက်ဘက်ကြိုးမှာ မျဉ်းဖြောင့်ဖြစ်သည်။ လေး၏လက်ကိုင်မှာ ၄ စင်တီမီတာခန့်ထူသည်။ အစွန်းနှစ်ဘက်ကို တဖြည်းဖြည်းပါးသွားပြီး အစွန်းထိပ်ကို အရွတ်ကြောဖြင့်တုပ်နှောင်ထားသည်။
ဤကဲ့သို့သော လေးအမျိုးအစားသည် စစ်ပွဲများစွာကို နှစ်ပေါင်းများစွာဖြတ်သန်းလာရပြီး ပိုမိုအစွမ်းထက်လာသည်။ အဆုံးမရှိကျယ်ဝန်းလှသော အဓိက ကုန်းမြေကြီးတွင် ရှေးဟောင်းပစ္စည်းအမျိုးမျိုးကို ပေါင်းစပ်ကာ ဒူးလေးအဖြစ်ပြုလုပ်နိုင်သည်။ ဒူးလေးများ၏အရှည်မှာ ၁.၂ မီတာပင်မရှိပေ။ အဝေးဆုံးရောက်နိုင်သည့်အကွာအဝေးမှာ ၂၀၀ မီတာနီးပါးရှိပြီး ထိရောက်စွာပစ်ခတ်နိုင်သောအကွာအဝေးမှာ ၁၀၀ မီတာနီးပါး ဖြစ်သည်။ ဒူးလေး၏ ထိုးဖောက်နိုင်သည့်စွမ်းအားမှာ နိမ့်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဒူးလေးများ၏စွမ်းအားကတိုးတက်လာသည်။ အထူးသဖြင့်ကြယ်တာရာသစ်သားကဲ့သို့သော ထိပ်တန်းအဆင့်ပစ္စည်းများကိုအသုံးပြုကာ ပြုလုပ်ထားသောဒူးလေးများဖြစ်သည်။ဒူးလေးအသုံးပြုမှုနယ်ပယ်သည် ကျယ်ဝန်းလှသည်။
ကောင်းကင်လေးအင်ပါယာရှိ လေးသသည်အတွက် သာမန်လေးတစ်လက်ပင် အသက်အန္တရာယ်ပေးနိုင်လေသည်။ အနိမ့်ဆုံးသောသာမန်လေးများ၏ အမြင့်ဆုံးရောက်နိုင်သည့်အကွာအဝေးမှာ ၄၀၀ မီတာနီးပါးရှိပြီး ထိရောက်စွာပစ်ခတ်နိုင်သည့်အကွာအဝေးမှာ ၂၅၀ မီတာနီးပါးရှိသည်။
သက်တမ်းရင့်ဒူးလေးများ ပစ်နိုင်သောအကွာအဝေး၏ နှစ်ဆဖြစ်သည်။ သူတို့၏ ပစ်ခတ်နိုင်သည့်နှုန်းမှာ တစ်မိနစ်လျှင် မြှား ၁၀ ချောင်းမှ ၁၂ ချောင်းအထိဖြစ်ပြီး ဒူးလေးများ၏ပစ်ခတ်နိုင်နှုန်းထက်ပိုမြင့်သည်။ ကျွမ်းကျင်သည့်မြှားသမားတစ်ယောက်၏လက်ထဲတွင် ဤနှုန်းသည် ဘာမှ မဟုတ်တော့ပေ။ လေးများသည် ပစ်ခတ်နိုင်သည့်အကွာအဝေးမြင့်ပြီး ထိခိုက်ပျက်စီးများစေသော်လည်း ၄င်းတို့တွင်ပါဝင်သောပစ္စည်းများက ပေါ့ပေါ့ပါးပါးရှိသဖြင့် ကိုင်ဆောင်အသုံးပြုရာတွင် အလွန်လွယ်ကူသည်။ ထို့ကြောင့် တိုက်ပွဲများအားလုံးတွင် အသုံးဝင်သည်။
ထိုကဲ့သို့ လေးများ၏စွမ်းရည်များကြာင့် ဒူးလေးခေတ်ကုန်ဆုံးသွားတော့သည်။ လေးများကို စစ်မြေပြင်၌ အဝေးပစ်လက်နက်အားလုံးထဲတွင် စစ်ပွဲဘုရင်များ ဟုပင်ပြောနိုင်လေသည်။ လေးများ၏ပစ်ခတ်နိုင်နှုန်းသည် အမြှောက်တပ်တစ်ခုပစ်ခတ်လိုက်သကဲ့သို့ပင် အကျိုးသက်ရောက်မှုကြီးမားသည်။ခြေလျင်တပ်များက ရှေ့သို့ချီတက်သည့်အခါ နောက်တွင်ရှိသော လေးသည်များက ရန်သူကိုတိုက်ခိုက်ရန် အမြင့်သို့ချိန်၍ပစ်လွှတ်နိုင်သည်။ ချပ်ဝတ်မရှိသည့်မြင်းတပ်များကို လေးသည်များက အားနည်းချက်အဖြစ်ထားကာတိုက်ခိုက်ကြသည်။ အမြင့်ဆုံးသောအကွာအဝေးသို့ရောက်နိုင်သည့်နှုန်းဖြင့်ပစ်ခတ်လိုက်ပါက ထက်ရှသည့်မြှားများသည် အနည်းငယ်အားနည်းသော ချပ်ဝတ်များကိုပင်ထိုးဖောက်နိုင်လေသည်။