အခန်း (၅) ဆန်းကြယ်သောပုလဲနက် – ၁
ကြယ်တာရာသစ်တော ရေခဲစမ်းချောင်းရေကန်ဘေး…..
ကျိုးဝေ့ချင်းမှာ သတိလစ်လဲကျနေလျက် ခန္ဓာကိုယ်မှာ T ပုံစံဖြစ်နေသည်။တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသောပြောင်းလဲမှုများဖြစ်ပွါးနေသည်။
ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်အလင်းလွှာတစ်ခုပေါ်လာသည်။ နေရောင်အစားသူ့ခန္ဓာကိုယ်မှထွက်လာသော နက်မှောင်သည့်အရောင်က ပိုးအိမ်တစ်ခုကဲ့သို့ ခန္ဓာကိုယ်ကိုလွှမ်းထားသည်။ပွင့်နေသည့်မျက်လုံးကြီးက တီဖူရာ့မီးဘောလုံးကြောင့်ဖြစ်လာသော ကျောကုန်းရှိအသားစများကို အလျင်နှုန်းတစ်ခုဖြင့် ကုသပေးနေသည်။အသားစများပြန်ကောင်းလာနေစဉ်မှာ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် အရာတစ်ခုဖြစ်ပွားနေသည်။ ယင်းမှာ မီးခိုးနက်ရောင်စွမ်းအင်အလွှာတစ်ခုက သူ့အရိုးများ ကြွက်သားများ နှင့် ကိုယ်တွင်းအင်္ဂါများကိုသာမက သွေးကြောများကိုပါ စွမ်းအင်များဖြည့်သွင်းပေနေခြင်းဖြစ်သည်။
ယင်းမီးခိုးနက်ရောင်အလွှာမှာ ကျိုးဝေ့ချင်းကိုဝန်းရံလွှမ်းခြုံထားသည့် အနက်ရောင်ပိုးအိမ်ထက်ပိုပြီးအေးပုံပေါ်လေသည်။ ထူးဆန်းသည့်အသက်စွမ်းအင်များနှင့်လည်းပြည့်နေလေသည်။ သူ့ကိုဖုံးလွှမ်းထားသည့် အနက်ရောင်အလွှာနေရာတွင် မီးခိုးရောင်အလွှာက တဖြည်းဖြည်းပျံ့နှံ့နေရာယူလာသောကြောင့် သူ့ပတ်ပတ်လည်တွင်ရှိသည့် အပင်များပေါ်တွင်ထူးဆန်းသည့်ပြောင်းလဲမှုများဖြစ်လာသည်။
တစ်စုံတစ်ယောက်က အပင်များသည်မီးခိုးရောင်များပြောင်းလဲလာသည်ကိုရှင်းရှင်းလင်းလင်းပင် မြင်နိုင်လိမ့်မည်ဖြစ်သည်။ ကျိုးဝေ့ချင်း၏ခန္ဓာကိုယ်မှ အချင်းဝက် ၅ မီတာပတ်လည်တွင်အပင်များကလျင်မြန်စွာခြောက်သွေ့ညှိုးနွမ်းလာပြီး ကျိုးဝေ့ချင်း ခန္ဓာကိုယ်ကုသပေးမှုမှာလည်းပိုမြန်လာသည်။ လေထုထဲတွင် မိစ္ဆာအငွေ့အသက်များပျံ့နှံ့လွှမ်းမိုလာပုံပေါ်လေသည်။
မီးခိုးနက်ရောင်စွမ်းအင်အလွှာမှာ အနက်ရောင်အလင်းလွှာနှင့်ပေါင်းစည်းပြီး ထူသထက်ထူလာသည်။ မကောင်းဆိုးဝါးမိစ္ဆာအငွေ့အသက်များက ပိုပြီးလွှမ်းခြုံလာသဖြင့် လေထုမှာပိုပြီးအေးစက်လာသည်။ကျိုးဝေ့ချင်းခန္ဓာကိုယ်ပတ်လည်တွင်လည်းမတူညီသော အငွေ့အသက်များလှည့်ပတ်နေသည်။
အနက်ရောင်ပိုးအိမ်မှအရောင်သုံးမျိုး ထုတ်လွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ်အထက်တွင် အရောင်တဖျက်ဖျက်လက်နေကာ သူ့ကိုယ်မှာလည်းအနည်းငယ်အေးစိမ့်လာသည်။ အရောင်သုံးမျိုးမှာ အစိမ်းရောင် အနက်ရောင်နှင့် ငွေရောင်တို့ဖြစ်ပြီး စောစောကသူမျိုချခဲ့သည့် ပုလဲနက်မှထွက်လာခြင်းဖြစ်သည်။
နွေးထွေးသည့်နေရောင်ခြည်မှာ ကျိုးဝေ့ချင်း၏ ခန္ဓာကိုယ်ဆီသို့မရောက်နိုင်ပေ။ သူ့နဖူးပေါ်တွင် ‘ ဘုရင် ‘ ဟူသော အနက်ရောင်စာလုံးတစ်လုံးပေါ်လာသည်။ သူ့အရေပြားများပေါ်တွင်လည်း အနက်ရောင်တက်တူးအလွှာများတဖြည်းဖြည်း ဖြစ်ပေါ်နေသည်။ မီးခိုးရောင်အလွှာအောက်တွင် အလားတူတက်တူးများကိုမြင်နိုင်ပေမည်။ တက်တူးအလွှာနှစ်ခုမှာ သုံးဖက်မြင် ပုံရိပ်သဏ္ဌာန်များဖြစ်နေပြီး မျက်နှာပါမကျန် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
အရောင်အားလုံး ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်ပျောက်ကွယ်မသွားမီ တစ်နာရီနီးပါးအထိ ဤဖြစ်စဉ်မှာဖြစ်ပွားနေသည်။ ထို့နောက်ကိုယ်ပေါ်ရှိ တက်တူးအားလုံးပျောက်ကွယ်သွားလေသည်။ ကျိုးဝေ့ချင်း၏ကျန်းမာသန်စွမ်းသည့် ကြေးနီရောင်အသားအရေမှာ ပိုပြီးဖြူလျော်လာပုံပေါ်လေသည်။ မျက်နှာမှာလည်းယခုအခါတွင် ပိုမိုခံ့ညားလာသည်ထင်ရ၏။မီးလုံးထိမှန်ထားသော သူ့ကျောကုန်းမှာလုံးဝပြန်ကောင်းနေပြီး အမာရွတ်ပင်မကျန်တော့ပေ။ မည်သည့်နာကျင်မှုမှလည်းမခံစားရတော့ပေ။
အချိန်အတော်ကြာသည့်အခါ လက်ချောင်းကလေးများ ဆက်ခနဲလှုပ်လာပြီး ကျိုးဝေ့ချင်းတစ်ယောက်သတိပြန်ရလာသည်။ မျက်လုံးများပွင့်လာပြီး ရုတ်တရက်အေးစိမ့်မှုကြောင့်တဆက်ဆက်တုန်နေသည်။ သတိလစ်နေစဉ်ဘာဖြစ်သွားခဲ့သလဲဆိုသည်ကို မသိသော်လည်း နိုးလာသည့်အခါခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်မှုကို ခံစားနေရသည်။
အေးစိမ့်မှုမှာနှလုံးသားထဲအထိထိုးဖောက်ဝင်ရောက်နေပြီး ဤရေခဲလိုအေးစက်မှုကြောင့်သူ့မှာ မသက်မသာဖြစ်နေပြီး မဖော်ပြနိုင်သောစိတ်အခြေအနေကိုခံစားနေရသည်။
” ငါ မသဘေူးလား ”
ရုတ်တရက် သူထထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာပုံမှန်ထက်ပိုပြီးပေါ့ပါးနေသလိုခံစားရသဖြင့် ကျောကုန်းကိုပြန်စမ်းကြည့်လိုက်သည်။ ကျောကုန်းတစ်ခုလုံးဘာမှဖြစ်မထားသလို ချောမွတ်နေသည်။ တုန်လှုပ်မှုကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
” ဒါတွေအကုန်လုံး အိပ်မက်တွေလား ”
သူ့တစ်ကိုယ်လုံးလှည့်ပတ်ကြည့်လိုက်သည်။ အဝတ်အစားများတွင် အပေါက်အပြဲများရှိနေပြီး ပတ်ဝန်းကျင်မှာလည်း တွန့်လိမ်နေသည့်အပင်သေများကို တွေ့လိုက်ရသည်။ ၄င်းမှာလုံးဝအိပ်မက်မဟုတ်ပေ။နဖူးကိုလက်ဝါးဖြင့်အုပ်ပြီး နားထင်နှစ်ဖက်ကိုဖိကာပြန်စဉ်းစားလိုက်သည်။ မှတ်ဥာဏ်များပြန်လည်ကြည်လင်လာသည်။
” ဒီဆန်းကြယ်တဲ့ပုလဲနက်က ငါ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား ”
ကျိုးဝေ့ချင်း သူ့နောက်ဆုံးမှတ်ဥာဏ်များကို မြန်မြန်ပြန်စဉ်းစားလိုက်သည်။ ထိုအချိန်မှာပဲ သူ့ဗိုက်ထဲကအေးစက်စက်အရာတစ်ခုက အပြင်းအထန်လှုပ်ရှားလာသည်ကိုခံစားလိုက်ရသည်။ အအေးဒဏ်ကြောင့် နောက်ထပ်မည်သည့်အရာကိုမှ စဉ်းစားလို့မရတော့ပေ။ သူ့ဘေးက အပင်သေများကိုကြည့်၍ တီဖူရာ၏မီးလုံးကိုသာဆက်စပ်စဉ်းစားနိုင်ပြီး မည်သည့်အရာမှထွက်မလာပေ။
ကျိုးဝေ့ချင်းမှာ မြင့်မြတ်သောအမျိုးအနွယ်မှဖြစ်သော်လည်း သွေးကြောပိတ်ဆို့နေသဖြင့် သာမန်ကျောင်းတစ်ကျောင်းတွင်သာတက်ရောင်ခွင့်ရသည်။ သာမန်ကျောင်းများတွင် ရတနာသခင်စွမ်းအားနှင့်သက်ဆိုင်သော သင်ခန်းစာများကိုမသင်ကြားသဖြင့် ထိုပုလဲနက်ကိစ္စကို သူနားမလည်ဖြစ်နေသည်။သူထင်သလို တီဖူရာ၏သဘာဝဒြပ်ရတနာစွမ်းအားကပြင်းထန်နေပါက သူမကသာမန်မျိုးဆက်များကဲ့သို့ဖြစ်မည်မဟုတ်ပေ။ ထို့ပြင်ယင်းလောက် အဖျက်စွမ်းအားကောင်းလျှင် မီးလုံးကသူ့ကိုတစ်စစီ ဖြစ်သွားစေလိမ့်မည်။
” ဒီပုလဲနက်က ဘယ်လိုဟာမျိုးလဲ ”
သူ့ခန့်မှန်းချက်ကလုံးဝမှန်ကန်သည်။ သူအသေအချာသိသည်မှာ မီးလုံးကြောင့်သေလောက်သည့် ဒဏ်ရာရခဲ့ပြီး ပုလဲနက်ကသူ့ကိုပြန်လည်ကုသပေးသည် ဆိုခြင်းပင်။
” ငါ့အကျင့်သိက္ခာက ကောင်းလွန်းနေလို့လား။ အံ့သြစရာကောင်းတဲ့ကံကောင်းမှုကြီး တစ်ခုများဖြစ်သွားတာလား ”
တွေးနေရင်းနှင့် ကျိုးဝေ့ချင်းမှာပိုပြီးစိတ်လှုပ်ရှားလားသည်။ သူက အကောင်းမြင်ပျော်ပျော်နေတတ်သော်လည်း မွေးရာပါကံတရားကချော်ထွက်နေသည်။ သို့သော်ဂုဏ်သိက္ခာရှိသည့် မိသားစုမှမွေးလာသူဖြစ်သဖြင့် ရည်မှန်းချက်ကြီးကြီးတော့ထားသည်။
သူ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။ သူဘေးဘက်တွင်ကြီးမားသည့်ကြယ်တာရာသစ်ပင်ကြီးတစ်ပင်ရှိသည်။ ယင်းသစ်ပင်ကိုစမ်းသပ်ဖို့ရွေးလိုက်သည်။ ကြယ်တာရာသစ်ပင်ဟု ခေါ်ရသည့်အကြောင်းမှာ သစ်ရွက်များက ကြယ်များလို ထောင့်ငါးထောင့်ပါသည့် ပဉ္စဂံပုံစံရှိနေသောကြောင့်ဖြစ်လေသည်။ နှစ်တစ်ရာသက်တမ်းရှိသည့် ကြယ်တာရာပင်တစ်ပင်သည် အလွန့်အလွန်မာကျောပြီး ပျော့ပျောင်းသည့်နေရာဟူ၍ မရှိပေ။ ယင်းကြောင့်ပင် လေးပြုလုပ်ရန် အကောင်းဆုံးပစ္စည်းများထဲကတစ်ခုအဖြစ်ကျော်ကြားလေသည်။
ကျိုးဝေ့ချင်း သူရွေးထားသည့်ကြယ်တာရာပင်နားသို့ တိုးသွားသည်။ လက်သီးကိုယမ်းလိုက်ပြီး ထူထဲသည့်ပင်စည်ကြီးကို အရှိန်ဖြင့်အားကုန်ထိုးချလိုက်လေသည်။
” ဘုန်း ”
” အာ့ရှ် ”
ပထမအသံက လက်သီးနှင့်သစ်ပင်ထိသည့် အသံ ဖြစ်သည်။ နောက်အသံက ကြောင်တစ်ကောင် အမြီးနင်းခံလိုက်ရသည့်အသံနှင့် လွန်စွာတူလွန်းလှသော လူအော်သံဖြစ်လေသည်။
ငယ်ငယ်တည်းက နာကျင်မှုဆိုလျှင် ကျိုးဝေ့ချင်းကြောက်ပြီးသားဖြစ်သည်။ ထူထဲလှသည့်ကြယ်တာရာပင်ကြီးကတော့ ရွေ့မသွားပေ။ ကျိုးဝေ့ချင်းကတော့ သူ့ညာလက်သီးကိုကျန်လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ခြေတစ်ပေါင်ကျိုးထခုန်နေသည်။ ညာလက်သီးမှအလွန်ပြင်းထန်သောနာကျင်မှုကြောင့် လက်တစ်ဖက်လုံးထုံနေသလိုဖြစ်နေသည်။ လက်သီး၏အရေပြားတွင် ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားသည်။ အလွန်ပြင်းထန်သည့်နာကျင်မှုကြောင့် နည်းနည်းပြန်မသက်သာမီ ဆယ်မိနစ်လောက် ထခုန်နေရသည်။
” သောက်ခွေးပဲ ”
လက်သီးကိုလေနှင့်မှုတ်လိုက်ပြီး ဆဲလိုက်သည်။
” သေလိုက်စမ်း ။ ကောင်းကင်ဘုံကသောက်သုံးမကျတဲ့ လေလုံးကြီး ငါ့ကိုပေးလိုက်တာပဲ။ ”
ကံအားလျော်စွာ သူ့မှာအသက်ငယ်ငယ်သာရှိနေသဖြင့် လက်သီး၏အားမှာသိပ်မပြင်းချေ။ ထို့ကြောင့် လက်သီးရိုးများ မည်သည့်အန္တရာယ်မှမဖြစ်လိုက်ပါ။ နာကျင်မှုပျောက်သွားပြီးနောက် သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်သည်။ ရေကန်ဘေးကအပေါ်ရုံကြီးကို ယူလိုက်ပြီး ခေါင်းငိုက်စိုက်ချလျက်ထွက်ခွါသွားတော့သည်။
သူ မသိခဲ့သည်မှာ သူထွက်သွားပြီး ၁၅ မိနစ်ခန့်အကြာတွင် လက်သီးနှင့်ထိုးခဲ့သော ကြယ်တာရာသစ်ပင်ကြီးပေါ်ရှိ လက်ဒဏ်ရာကသွေးအချို့ကြောင့် ပင်စည်၏ ပတ်ပတ်လည်မှ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာပြီး စတင်ဆွေးမြည့်လာသည်။ မီးခိုးရင့်ရောင်အလွှာပါးလည်း လေထဲမှာပျောက်ကွယ်သွားပုံပေါ်သည်။ သုံးရက်ကြာသောအခါ ထိုအနှစ် ၅၀ သက်တမ်းရှိသည့် ကြယ်တာရာသစ်ပင်ကြီးမှာ လုံးဝခြောက်သွေ့ပြီး သေဆုံးသွားလေတော့သည်။ ယင်းကို ကျိုးဝေ့ချင်းတစ်ယောက် ဘယ်တော့မှသိမသွားခဲ့ပေ။