ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia Sang Shao
အခန်း (၃) အစ်မကြီး နားလည်မှုလွဲမှာငါစိုးရိမ်တယ် – ၃
တော်ဝင်ကိုယ်ရံတော်မိန်းမပျိုမှာ ကျိုးဝေ့ချင်း၏ရိုးသားသည့်ပုံစံနှင့် ရှင်းရှင်းလင်းလင်းပင် လှည့်စားခံလိုက်ရချေပြီ။ သူမ၏ မျက်လုံးထဲက ဒေါသများလည်း လျော့နည်းသွားလေပြီ။ ထို့နောက် အေးစက်သည့်အသံဖြင့် “မင်းကိုပြန်လွှတ်ရမယ့်ကိစ္စက ငါနဲ့မဆိုင်ဘူး။ မင်းသမီးကဆုံးဖြတ်ပေးလိမ့်မယ်။ ”
“မင်းသမီးလား။ ဘုရားရေ။ မင်းသမီး တီဖူရာကိုပြောတာလား”
” မင်းကငါ့ကိုသိတယ်လား”
မာနကြီးပြီးအေးစက်သည့်အသံတစ်ခုက မိန်းမပျို၏နောက်မှပေါ်ထွက်လာသည်။အသံမှာ ဒေါသသံစွက်နေသည်။
ဖျက်ခနဲအလင်းတန်းတစ်ခုနှင့်အတူ ကျိုးဝေ့ချင်းရှေ့ရှိကိုယ်ရံတော်မိန်းမပျိုဘေးတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ပန်းရောင်ဆံပင်များမှာပုခုံးပေါ်ပြန့်ကျနေပြီး ညှို့ဓာတ်ပါသောပုံရိပ်လေးကို ပန်းရောင်ဝတ်စုံက ဖုံးလွှမ်းထားသည်။ အပြာရင့်ရောင်မျက်လုံးတစ်စုံက သူမ၏နူးညံ့သောအသွင်အပြင်ကို ဖော်ပြနေသည်။ ဒေါသကြောင့်သူမ၏ ရင်အုံလေးမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်းဆုံမိပြီး ပြိုင်တူတအံ့တသြထအော်လိုက်သည်။
“နင်ကိုး”
ကျိုးဝေ့ချင်းရှက်ရွံ့မှုကြောင့်မျက်နှာတစ်ခုလုံးရဲနေသည်။ဒုက္ခတော့အကြီးအကျယ်ရောက်ပြီဟုလည်း ထင်လိုက်သည်။သူ အနေရခက်စွာပြောလိုက်သည်။
” မင်းသမီး တီဖူးရာ ပါလား။ ငါနင့်ကိုဒီနေရာမှာတွေ့လိမ့်မယ်လို့မထင်မိဘူး။ ”
ဒီအကြပ်အတည်းကြီးကမြန်မြန်လွတ်ဖို့ သူ့အသံကိုရော ရုပ်ပါထိန်း၍ အစွမ်းကုန်ကြိုးစားနေရသည်။ ကံမကောင်းစွာပဲ တီဖူရာက အညှာလွယ်သူမဟုတ်ပေ။
တစ်ခဏမျှ အံ့သြနေပြီးသူမ၏မျက်နှာမှာဒေါသများနှင့် ရစ်ဆိုင်းလာကာ လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။
” ဒါ့ကြောင့်နင်ဖြစ်နေတာကိုး။အမှိုက်ကောင် ငါ့ကိုချောင်းကြည့်ဖို့ ဒီနေရာထိ လိုက်လာရဲတယ်။ နီရာ သူ့ကိုသတ်လိုက်!”
တော်ဝင်ကိုယ်ရံတော်မိန်းမပျိုလည်း မင်းသမီးအမိန့်အတိုင်းရှေ့သို့တက်လိုက်သည်။ တစ်ခုခုမှားနေပြီဟု သူမထင်နေသော်လည်း ဒီကောင်လေးက သူမ သတိမထားမိဘဲ မင်းသမီးနောက်ကလိုက်လာသည်။ ထို့ပြင်သူက မင်းသမီး၏ ဝတ်လစ်စလစ်ကိုယ်ကို မြင်လိုက်ရသည့် အတွက်နှင့်ပင် လုံးဝသေသင့်နေပြီ။
” နေဦး ”
ကျိုးဝေ့ချင်းက မင်းသမီးတီဖူရာ ကိုသိပ်မမြင်ဖူးသည့်အပြင် သူမ၏ သတင်းများကိုအရင်ကကြားဖူးသော်လည်း တစ်ခါမှစကားမပြောဖူးပေ။သူ့ကိုရုတ်တရက်ကြီးသတ်ခိုင်းလိမ့်မည်ဟုလည်းမထင်မိပေ။သူသာထုတ်မပြောရင် လုံးဝအသတ်ခံရပေတော့မည်။
နီရာ ဓားရှည်ကိုအနည်းငယ်ထုတ်လိုက်သည်နှင့် ကျိုးဝေ့ချင်းအလျင်အမြန်ပြောလိုက်သည်။
” ရပ်စမ်း ငါကသူမရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းလောင်းပဲ ”
နီရာစိတ်ရှုပ်သွားပြီး မင်သမီးဘက်လှည့်ကြည့်လိုက်သည်။ မင်းသမီး၏မျက်နှာမှာ နီမြန်းနေသည်။
” ဘယ်သူပြောတာလဲ။ ငါ့မှာဒီလိုအမှိုက်လိုစေ့စပ်ထားတဲ့ယောက်ျားရှိတယ်လို့။ ပြီးတော့နင်က အသုံးမကျတဲ့ကောင်။ ရွံစရာကောင်းတဲ့ကောင်။နင်က ငါ့ကိုချောင်းကြည့်ရဲတယ်။ နီရာ သူ့ကိုအခုသတ်လိုက်။ ငါလက်စားချေရမယ်။ ”
တီဖူရာမှာဒေါသဖြစ်နေပြီး ခြင်္သေ့မလေးလိုအော်လိုက်သည်။သူမစိတ်တိုနေသည့်အဓိကအကြောင်းရင်းမှာ မနေ့က သူမအဖေအား ဒီလက်ထပ်ပွဲကို ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပြီး ဒီနေ့ကျိုးဝေ့ချင်းက သူမကိုလာချောင်းကြည့်သည်။ သူမ၏စိတ်ထဲတွင် ကျိုးဝေ့ချင်းက သူမတောင်းပန်သည့်အကြောင်းကိုသိပြီး ဒီလိုအရှက်မရှိတဲ့အလုပ်ကိုလာလုပ်သည်ဟုထင်သည်။
ထို့ပြင် သူမက စွမ်းအားကျင့်မရသည့်ကျိုးဝေ့ချင်းကို အမြဲအထင်သေးသည်။ ဤသည်ကပဲ သူမဒေါသကိုပိုထွက်စေသည်။
နီရာကမင်းသမီးကိုတစ်ဖန်ပြန်ကြည့်လိုက်သည်။ ပြီးနောက်ကျိုးဝေ့ချင်းကိုကြည့်ပြီး တုံ့ဆိုင်းစွာမေးလိုက်သည်။
” နင်က စစ်သေနာပတိချုပ် နျူ ရဲ့သား မှူးမတ်ကျိုးလား ”
ကျိုးဝေ့ချင်း အကူအညီမဲ့သလိုခံစားလိုက်ရသည်။ သူ့ကိုယ်သူပျက်ရယ်ပြုလိုက်ပြီး
” ဟုတ်တယ် ငါကကျိုးဝေ့ချင်းပဲ။ ကျားလိုအဖေရဲ့အသုံးမကျတဲ့ခွေးလိုသားပဲ။မင်းသမီးတီဖူရာရဲ့ကြင်ယာလောင်းလည်းဟုတ်တယ်။ ငါ အမှန်တကယ်ကို ချောင်းကြည့်ဖို့လာတာမဟုတ်ဘူး။ ငါဒီနေရာမှာ ရေခဏခဏလာချိုးတယ်။ဒါကတိုက်ဆိုင်လို့ဖြစ်သွားတာပါ။ ”
ကိုယ်ရံတော်မိန်းမပျို နီရာက မင်းသမီးဘက်လှည့်လိုက်သည်။
” မင်းသမီး ဒါကအထင်လွဲတာဖြစ်မှာပါ။ ကျိုးအမတ်ငယ်က ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ပြီးတော့သူက မင်းသမီးရဲ့….”
” ပိတ်ထားစမ်း ”
တီဖူရာ၏ မျက်ခုံးကဒေါသကြောင့်မြင့်တက်သွားသည်။နီရာ့ကိုတွန်းဖယ်လိုက်ပြီး ကျိုးဝေ့ချင်းနဲ့မျက်နှာချင်းဆိုင်လိုက်သည်။
“ငါ တီဖူရာ ရည်ရွယ်တဲ့လူက စွမ်းအားရှိတဲ့လူပဲ။အခြေခံ ဇုံအဆင့်ရှိတဲ့လူပဲဖြစ်ရမယ်။ ငါ့ယောက်ျားဟာ အကုန်လုံးရဲ့အပေါ်မှာ အမြဲတမ်းရှိနေတဲ့ သူဖြစ်နေရမယ်။ဒီလိုအရှက်မရှိ ရွံစရာကောင်းတဲ့အမှိုက်ကောင်ကို ငါကဘယ်လိုအသိအမှတ်ပြုရမှာလဲ။”
အသက်ရှင်ဖို့အတွက်လုံးပန်းနေရသည့် ကျိုးဝေ့ချင်း၏မျက်နှာပေါ်ရှိ မျက်နှာလိုမျက်နှာပုံစံနေရာတွင် ဒေါသများတဖြည်းဖြည်းအစားထိုးလာသည်။ မြင့်မြတ်သည့်သူတော်စင်များမှာတောင် သူ့အကန့်သတ်နှင့်သူရှိလေသည်။ သူ့မျက်လုံးများထဲတွင် ဒေါသများဖြင့်ပြည့်နှက်နေသည်။
“ငါ မင်းကိုကြည့်တော့ရော ဘာဖြစ်လဲ။ အင်ပါယာ ဥပဒေအတိုင်းဆို မင်းကငါ့ဇနီးလောင်းပဲ။ ခုချက်ချင်းမင်းကိုယူရင်တောင် ဧကရာဇ်တောင်မှ ငါ့ကိုအပြစ်ပေးလို့မရဘူး။ ဟမ့် ငါကရွံစရာကောင်းတယ်။ အရှက်မရှိဘူး။ ငါက ငါ့ဇနီးလောင်းပေါ်မှာ ရွံစရာကောင်းတယ် အရှက်မရှိဘူး။ ကဲ ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ပြီးတော့ ဒီအရှက်မရှိ ရွံစရာကောင်းတဲ့ အမှိုက်နဲ့ လက်ထပ်ရတော့မယ်။ မင်းကဘာကိုမာနကြီးပြနေတာလဲ။ မင်းကတော်ဝင်မျိုးနွယ်မှာ မွေးလာတယ်။ မွေးရာပါစွမ်းရည်တွေနဲ့ မွေးလာတယ်။ တကယ်လို့ ငါသာသွေးကြောမပိတ်ဘဲ မွေးပြီးစွမ်းအင်ကျင့်နိုင်ရင် မင်းရေချိုးနေတာကိုကြည့်ဖို့ ငါ့ကိုလာတောင်းပန်နေလောက်ပြီ။ ခေါင်းထဲမှာ ဘာဦးနှောက်မှမရှိတဲ့ မိန်းမ မင်းကိုငါလက်ထပ်ချင်နေတယ်လို့ မထင်ဘူးလား။”
ပြောပြီးတာနဲ့ သူချာခနဲလှည့်ထွက်သွားသည်။ဒီလူငယ်ကား မျက်နှာပြောင်ပြီး ကလီကမာများသော်လည်း ဒေါသထွက်လာသည့်အခါ တခြားလူများလို ခေါင်းမာတတ်လေသည်။
သူတို့အဆင့်ကိုယှဉ်ကြည့်လျှင် တီဖူရာကမင်းသမီးဖြစ်ပေမယ့် ကျိုးဝေ့ချင်းကသူမကို လုံးဝမကြောက်ပေ။ ကောင်းကင်လေးအင်ပါယာတွင် လူများစွာ၏အမြင်မှာ သူက ရယ်စရာကောင်ဖြစ်နေသော်လည်း သူ့အဖေမှာ အင်ပါယာ၏စစ်သေနာပတိချုပ်ဖြစ်လေသည်။ ထို့အပြင် သူ့အဖေကား အင်ပါယာတစ်ခုလုံးတွင် အတော်ဆုံးနှင့် အသန်မာဆုံးဖြစ်ပြီး အင်ပါယာ၏ထောက်တိုင်ကြီးဟုပင်ခေါ်နိုင်သည်။
ဧကရာဇ် တီဖုန်းလင်နှင့်ကျိုးဝေ့ချင်း၏အဖေမှာသွေးသောက်ညီအစ်ကိုများဖြစ်ကြပြီး ကျိုးဝေ့ချင်းနှင့် တီဖူရာ မွေးကတည်းက အရွယ်ရောက်လာလျှင် လက်ထပ်ပေးကြဖို့ သဘောတူထားပြီးဖြစ်လေသည်။
ကျိုးဝေ့ချင်း၏စကားလုံးများက တီဖူရာ၏စိတ်ကို အတော်ပင်ရိုက်ခတ်သွားသည်။ သူမက အင်ပါယာ၏ ရယ်စရာကောင်ကို လက်မထပ်ချင်သော်လည်း သူမအဖေ၏အမိန့်ကိုတော့ လွန်ဆန်၍မရပေ။ ရုတ်တရက်ပဲ သူမ၏မကျေနပ်ချက်ဟောင်းများနှင့် ဒေါသအသစ်များကပေါင်းစည်းသွားလေပြီ။ တီဖူရာ၏မျက်နှာမှာ ဒေါသကြောင့်နီရဲလာသည်။
သူမဘယ်လက်ကိုမြှောက်လိုက်သည်။ သူမ၏လက်ကောက်ဝတ်မှ အနီရောင်များတောက်ပလာပြီး ရတနာနှစ်မျိုးပေါ်လာသည်။ နီရာ့ ရတနာနှင့်ယှဉ်လျှင် တီဖူရာ၏ရတနာနှစ်မျိုးမှာ အနီရောင်ပတ္တမြားများဖြစ်ပြီး အဓိကရတနာများဖြစ်လေသည်။ တီဖူရာမှာ ယခုနှစ်တွင်မှ ၁၆ နှစ်ရောက်ပြီး တော်ဝင်မိသားစု၏ ပါရီမီရှင်မျိုးဆက်များထဲက တစ်ယောက်အဖြစ်သတ်မှတ်ထားခြင်းခံထားရသည်။ သူမ၏ ကောင်းကင်စွမ်းအင်အဆင့်မှာ ကောင်းကင်ကျင်းစွမ်းအင်ဖြစ်ပြီး အဓိကရတနာ ဒုတိယအဆင့်ကိုရောက်ရှိပြီးဖြစ်သည်။
အဓိကရတနာမှာရုပ်ဝတ္ထုရတနာနှင့်မတူပေ။ ရုပ်ပိုင်းဆိုင်ရာကိုမြှင့်တင်ခြင်းမဟုတ်ဘဲ အဓိကရတနာက အခြေခံစွမ်းအင်ကိုထိန်းချုပ်နိုင်သည်။ ရုပ်ဝတ္ထုရတနာများက ကျောက်စိမ်းအမျိုးအစားများဖြစ်ပြီး အဓိကရတနာများက ရောင်စုံကျောက်မျက်များဖြစ်သည်။ သူတို့တွင်ရှိသည့်စွမ်းအင် အမျိုးအစားများမှာ မတူညီသောအခြေခံဆက်နွယ်မှုများပေါ်တွင် မူတည်သည်။
ဥပမာ တီဖူရာ၏ အနီရောင်ပတ္တမြားများက မီးအခြေခံဆက်နွယ်မှု၏ အမှတ်အသားဖြစ်သည်။ ထို့အပြင် ရေဆက်နွယ်မှု နီလာ… မြေဆက်နွယ်မှု စိန်… လေဆက်နွယ်မှု ဖရဲအူကျောက်… အလင်းဆက်နွယ်မှု မြကျောက်စိမ်း…အမှောင်ဆက်နွယ်မှု ပုလဲနက်… အကွာအဝေးဆက်နွယ်မှု ကြောင်မျက်ရှင်နှင့် အသက်ဆက်နွယ်မှု ကျောက်စိမ်း ဟူ၍ရှိကြသည်။ ထို့ကြောင့် အဓိကရတနာသခင်တစ်ယောက်ကို မည်သည့်ဆက်နွယ်မှုရှိကြောင်း အလွယ်တကူခွဲခြားနိုင်သည်။