Switch Mode

Chapter – 2

အမကြီး နားလည်မှုလွဲမှာ ငါ စိုးရိမ်တယ် ( ၂ )

ရတနာတန်ခိုးရှင်၏ကံကြမ္မာ
မူရင်း – Tang Jia San Shao

အခန်း (၂) အစ်မကြီး နားလည်မှုလွဲမှာ ငါစိုးရိမ်တယ် – ၂

ကျိုးဝေ့ချင်းမှာ သူ့အတွေးများတစ်ကယ်ဖြစ်လာသဖြင့် မျက်လုံးများပင်ပြူးကျယ်သွားသည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံ တစ်ခုကိုကြားလိုက်ရသည်။
“မင်းသမီး သတိထားပါ ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ်”
အော်သံကြောင့် ပန်းရောင်ဆံပင်နှင့်မိန်းကလေးသည် ထိတ်လန့်သွားသည့် ငှက်ငယ်လေးတစ်ကောင်လို လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရေထဲကိုလည်ပင်းထိ နှိမ့်ချလိုက်ပြီး ပတ်ဝန်းကျင်ကို အလန့်တကြားကြည့်လိုက်သည်။
ကျိုးဝေ့ချင်း ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ သူ့ခန္ဓာကိုယ် လေထဲမြောက်တက်သွားကာ ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရသည်။

ရေထဲကျသံတစ်ခုကိုကြားလိုက်ရပြီး ကမ်းစပ်မြေကြီးပေါ် သူကျသွားသည်။
“ဘာဖြစ်တာလဲ”
ကျိုးဝေ့ချင်းသည် ကောင်းကင်စွမ်းအင်ကို မကျင့်နိုင်သော်လည်း ငယ်စဉ်ကတည်းက စည်းကမ်းကြီးသည့် ဖခင်ထံ၌ လေ့ကျင့်မှုများပြုလုပ်ခဲ့ရသဖြင့်သူ့ခန္ဓာကိုယ်မှာ အရေးကြုံလာလျှင်သာမန်လူများထက် ပိုသန်မာပြီးပေါ့ပါးလျင်မြန်သည်။
သူမြေပြင်ပေါ်တွင် တစ်ပတ်လှိမ့်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
သူ့အရှေ့သုံးမီတာခန့်တွင် အသက်နှစ်ဆယ်ခန့်ရှိ မိန်းမပျိုတစ်ယောက်ရပ်နေပြီး သူ့ကို စူးစူးရဲရဲကြည့်နေသည်။
မိန်းမပျိုမှာအတော်အသင့်ကြည့်ကောင်းပြီး သားရေချပ်ဝတ်ကို ဝတ်ဆင်ထားကာ လက်ထဲတွင်ဓားရှည်တစ်လက်ကိုင်ထားသည်။ ကျောတွင်ကြယ်တာရာသစ်သားနှင့် ပြုလုပ်ထားသောလေးနှင့် မြှားကျည်တောက်ကိုလွယ်ထားသည်။ သူမ၏သားရေချပ်ဝတ်ပေါ်တွင် ကြယ်တာရာပန်းပွင့်ပုံ သင်္ကေတပါရှိသည်။
၄င်းသင်္ကေတသည် တော်ဝင်မိသားစု၏ သီးသန့်သင်္ကေတ ဖြစ်ကြောင်းကျိုးဝေ့ချင်းနားလည်လိုက်သည်။ သူ့ရှေ့ရှိမိန်းမပျိုမှာ တော်ဝင်ကိုယ်ရံတော် တစ်ယောက်ဖြစ်သည်။
ကျိုးဝေ့ချင်း၏အာရုံကို မိန်းမပျို၏ ညာလက်ကောက်ဝတ်ရှိ ရတနာသုံးမျိုးက ဆွဲဆောင်ထားသည်။ ရတနာသုံးမျိုးမှာ ကျောက်စိမ်းအမျိုးအစားများဖြစ်သည်။
ကျောက်စိမ်း အရောင်၏ တောက်ပမှုနှင့် ကျိုးဝေ့ချင်း၏ အမြင်အရ ရတနာတွင် ဖယောင်းကျောက်စိမ်း ၃၀ ရာခိုင်နှုန်း ရေခဲကျောက်စိမ်း ၃ဝ ရာခိုင်နှုန်း နှင့် နဂါးအမြုတေကျောက်စိမ်း ၄၀ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။
ကျိုးဝေ့ချင်းသည်တန်ခိုးမကျင့်နိုင်သော်လည်း ထိုရတနာမှာ အဆင်တန်ဆာ မဟုတ်ဘဲ စွမ်းအား၏ အမှတ်အသားဖြစ်ကြောင်း သိသည်။

အဆုံးမရှိသည့် အဓိကကုန်းမြေတိုက်ကြီးတွင် လူတစ်ယောက်၏ အစစ်မှန် ခွန်အားကို နည်းလမ်းသုံးမျိုး ဖြင့်ဆုံးဖြတ်သည်။ သင့်အနေဖြင့် မည်သည့်နည်းလမ်းပေါ်တွင်မဆို ရပ်တည်နေလျှင် သန်မာသူဟုသတ်မှတ်နိုင်သည်။
ထိုနည်းလမ်းသုံးမျိုးမှာ ကောင်းကင်စွမ်းအင် | ရုပ်ဝတ္ထုရတနာ နှင့် အဓိကရတနာ တို့ဖြစ်သည်။
လူသားများက သူတို့သည် နတ်ဘုရားများဖန်ဆင်းထားသည့် အမ္ဘာလောကရှိ အဆင့်အမြင့်ဆုံး မျိုးစိတ်များဖြစ်ပြီး လူသားခန္ဓာကိုယ်သည် နတ်ဘုရားများ၏ အဖိုးတန်လက်ဆောင်ဖြစ်သည်ဟု ယုံကြည်ကြသည်။
ကောင်းကင်စွမ်းအင် ကျင့်သည့်နည်းလမ်းများစွာရှိသည်။ကောင်းကင်စွမ်းအင်ကို အဆင့်ဆင့် ခွဲခြားသတ်မှတ်ထားသည်။
၁။ ကောင်းကင် ကျင်းစွမ်းအင်
၂။ကောင်းကင် ရူစွမ်းအင်
၃။ ကောင်းကင် နတ်ဘုရားစွမ်းအင်
၄။ကောင်းကင် တာအိုစွမ်းအင်

အဆင့်ကြီးတစ်ခုစီတွင် အဆင့်ငယ် ၁၂ ခုခွဲခြားထားသည်။ ဒဏ္ဍာရီအရ ကောင်းကင်တာအိုစွမ်းအင်၏ အမြင့်ဆုံးအဆင့်ရောက်ရှိသွားသူသည် စကြာဝဠာ၏ စွမ်းအင်များကိုလိုသလို ထိန်းချုပ်အသုံးချနိုင်ပြီး ဖျက်စီးနိုင် ဖန်ဆင်းနိုင်ကာ သက်တမ်းလည်း အလွန့်အလွန် ရှည်သည်ဟု ဆိုကြသည်။
ရုပ်ဝတ္ထုရတနာ သခင်ဖြစ်စေ အဓိကရတနာသခင်ဖြစ်စေ အားလုံး၏အခြေခံမှာ ကောင်းကင်စွမ်းအင်ဖြစ်သည်။
ကောင်းကင်စွမ်းအင်ခိုင်မြဲမှုမရှိလျှင် ရတနာပစ္စည်း အရည်အသွေး မည်မျှကောင်းစေကာမူ အရေးမပါပေ။
ကြီးမားကျယ်ပြန့်ပြီး အကန့်သတ်မရှိသည့် အဓိကကုန်းမြေတိုက်ကြီးတွင် လူတစ်ယောက်မွေးဖွားသည်နှင့် သူ၏ကိုယ်ပိုင် ရတနာပစ္စည်း လည်းပါလာမြဲဖြစ်သည်။ သို့သော် သူ၏ရတနာသည် မည်သည့်စွမ်းရည်ရှိသည်ကို မည်သူမှမပြောနိုင်ပေ။
ကောင်းကင်ကျင်းစွမ်းအင်၏ အဆင့် ၃ရောက်မှသာ သူ၏ ရတနာ နိုးထလာပေလိမ့်မည်။
ကောင်းကင်စွမ်းအင်ကျင့်ခြင်းသည်လွယ်ကူသောကိစ္စမဟုတ်ပေ။အထူးသဖြင့် စတင်ကျင့်ခါစ၌ လူတစ်ယောက်သည် သူ၏စွမ်းရည်ကို မွေးရာပါ ရတနာပစ္စည်း နှင့်ချိတ်ဆက်နိုင်ပါက အောင်မြင်နိုင်ပေမည်။

ကောင်းကင် ကျင်းစွမ်းအင်၏ ပထမအဆင့် ၃ ဆင့်သည် ခန္ဓာကိုယ်ကို သုံးကြိမ်အသစ်ပြောင်းလဲပေးသည်။ ယင်းအဆင့်ကို အမှန်တကယ်ပြီးပြည့်စုံအောင်ကျင့်နိုင်သူ တစ်ရာခိုင်နှုန်းပင်မရှိချေ။
ကောင်းကင်ကျင်းစွမ်းအင်၏ ပထမအဆင့် ၃ ဆင့်ပြီးမြောက်အောင်မြင်သွားပါက သူ၏ ရတနာစွမ်းအား လည်းနိုးထလာမည်။ နောက်ဆုံးတွင် သာမန်လူဘဝမှ စွမ်းအားရှင်တစ်ယောက်အဖြစ် ပထမခြေလှမ်းကိုစတင်လှမ်းနိုင်ပေမည်။
ကျိုးဝေ့ချင်းမှာ သွေးကြောပိတ်ဆို့ နေသဖြင့် တန်ခိုးမကျင့်နိုင်ပေ။ ထို့ကြောင့် ကောင်းကင်ကျင်းစွမ်းအင် အဆင့် ၃ သို့မရောက်နိုင်ဘဲ သာမန်လူတစ်ယောက်အဖြစ်နှင့်သာ ရှိနေသည်။
ရတနာပစ္စည်းသည် နိုးထပြီးသည့်အခါ တွင် ပုံစံနှစ်မျိုးရှိသည်။ ညာလက်ကောက်ဝတ်တွင်ပေါ်လာသည့် ရတနာပစ္စည်း ကို Physical Jewels (ရုပ်ဝတ္ထုရတနာ) ဟုခေါ်ပြီး ဘယ်လက်ကောက်ဝတ်တွင်ပေါ်လာပါက Elemental Jewels (အဓိကရတနာ ) ဟုသတ်မှတ်ကြသည်။
ရုပ်ဝတ္ထုရတနာ နှင့် အဓိကရတနာများမှာ ပင်ကိုယ်အားဖြင့်မတူညီကြပေ။ ယေဘုယျအားဖြင့် ရုပ်ဝတ္ထုရတနာအသုံးပြုသူများသည် သန်မာသည့် စစ်သည်တော်များဖြစ်ကြသည်။
ရုပ်ဝတ္ထုရတနာတစ်ခုစီက ရုပ်ဝတ္ထုရတနာသခင်၏ ပင်ကိုစွမ်းရည်လောက် မသန်မာပေ။သို့သော် လက်နက်တစ်ခု သို့မဟုတ် ချပ်ဝတ်တစ်ခုနှင့် ပေါင်းစပ်လိုက်ပါက ရုပ်ဝတ္ထုရတနာသခင်ထက် များစွာစွမ်းအားကြီးသွားပေမည်။

ဘယ်လက်ကောက်ဝတ်တွင်ရှိသော အဓိကရတနာသည် စိတ်စွမ်းအင်ကိုမြှင့်တင်ပေးသည်။ အသုံးပြုသူသည် အဓိကရတနာနှင့် ပေါင်းစည်းကာ ပတ်ဝန်းကျင်ရှိမည်သည့်အရာကိုမဆို ထိန်းချုပ်နိုင်သည်။ သူ၏ စွမ်းရည်များ ကို အဓိကရတနာ ဖြင့်ဖော်ထုတ်နိုင်သည်။
ရုပ်ဝတ္ထုရတနာသခင်များနှင့် အဓိကရတနာသခင်များ၏ စွမ်းအင်သည် သူတို့တွင်ရှိသော ရတနာအရေအတွက်ပေါ်မူတည်သည်။ သူတို့အတွက် ရတနာအများဆုံး ကိုးမျိုးအထိ ပေါင်းစပ်အသုံးပြုနိုင်သည်။
ရတနာ တစ်မျိုးမှ သုံးမျိုးအထိ ပေါင်းစပ်အသုံးပြုသူကို ချီအဆင့်
လေးမျိုးမှ ခြောက်မျိုးအထိကို ဇွန်အဆင့်
ခုနစ်မျိုးမှ ကိုးမျိုးအထိကို ဇုံအဆင့် ဟူ၍ သတ်မှတ်ခွဲခြားထားသည်။

ထို့ကြောင့်ကျိုးဝေ့ချင်းရှေ့ရှိ တော်ဝင်ကိုယ်ရံတော်မိန်းမပျိုမှာ အဆင့်မြင့်ရုပ်ဝတ္ထုရတနာသခင်တစ်ယောက်ဖြစ်လေသည်။
ချီအဆင့်သည် ပထမအဆင့်ဖြစ်သော်လည်း သူ့ရှေ့ရှိမိန်းမပျိုကိုလျှော့တွက်မိပါက အမှားကြီးမှားပေလိမ့်မည်။ ကောင်းကင်လေးအင်ပါယာကဲ့သို့သော နိုင်ငံငယ်လေးတွင်ရှိသည့် ရတနာသခင်အရေအတွက်မှာ တစ်ရာပင်မပြည့်ပေ။
ကျိုးဝေ့ချင်းရှေ့ရှိမိန်းမပျိုမှာ တစ်နိုင်ငံလုံး အဆင့် အသန်မာဆုံး အယောက်၅၀ တွင်ပါဝင်နေနိုင်သည်။ ထို့ကြောင့် ရတနာသခင်တစ်ယောက်မည်မျှရှားပါးသည်ကို သင်တွေ့နိုင်မည်။
ရတနာသုံးမျိုးပိုင်ဆိုင်ခြင်းက သူမ၏ကောင်းကင်ကျင်းစွမ်းအင်မှာ အဆင့် ၁၀ သို့ရောက်နေပြီဖြစ်ကြောင်းသိနိုင်သည်။ မြေပြင်ကတိစွမ်းအင်အဆင့်ကိုပင်ရောက်နေနိုင်သည်။
သူမ၏ စွမ်းအားနှင့်ဆိုလျှင် သာမန်စစ်သားအယောက်တစ်ရာလောက်ကို အလွယ်တကူအနိုင်ယူနိုင်ပေလိမ့်မည်။
ရုပ်ဝတ္ထုရတနာများနှင့် အဓိကရတနာများသည် အမျိုးအစားမတူညီပေ။ ရုပ်ဝတ္ထုရတနာများသည် ကျောက်စိမ်းအမျိုးအစားများဖြစ်၍ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို တိုးပွါးစေသည်။ ရတနာကျောက်စိမ်းအမျိုးအစားနှင့် မြှင့်တင်ပေးသောစွမ်းရည် ၆ မျိုးရှိသည်။
၁။ခွန်အားကိုမြှင့်တင်ပေးသော ရေခဲကျောက်စိမ်း
၂။ပျော့ပြောင်းမှုကို မြှင့်တင်ပေးသော ဖယောင်းကျောက်စိမ်း
၃။ကြံ့ခိုင်မှုကို မြှင့်တင်ပေးသောကျောက်စိမ်းဝါ
၄။လျင်မြန်မှုကို မြှင့်တင်ပေးသောနဂါးအမြုတေကျောက်စိမ်း
၅။ညီညွတ်မျှတမှုကို မြှင့်တင်ပေးသော ကျောက်စိမ်းနီ
၆။ သက်လုံစွမ်းအားကို မြှင့်တင်ပေးသောကျောက်စိမ်းနက်

ရုပ်ဝတ္ထုရတနာသခင်များ၏ ကျောက်စိမ်းများသည် ထိုကျောက်စိမ်းများကို ပေါင်းစပ်ထားခြင်းဖြစ်လေသည်။
တော်ဝင်ကိုယ်ရံတော်မိန်းမပျို၏ရတနာမှာ ဖယောင်းကျောက်စိမ်း ၃၀ ရာခိုင်နှုန်း… ရေခဲကျောက်စိမ်း ၃၀ ရာခိုင်နှုန်း နှင့် နဂါးအမြုတေကျောက်စိမ်း ၄၀ ရာခိုင်နှုန်း ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရတနာက စွမ်းအင် ၁၀၀ မြှင့်တင်ပေးမည်ဆိုလျှင် သူမမှာ ပျော့ပြောင်းမှု ၃၀ … သန်မာမှု၃၀ နှင့် လျင်မြန်မှု ၄၀ တိုးလာမည်။ ၄င်းမှာ အတော်အတန် ကောင်းမွန်သော ပေါင်းစပ်မှုဖြစ်လေသည်။
သူမမျက်လုံးမှသတ်ဖြတ်လိုသည့် အငွေ့အသတ်ကိုခံစားမိသဖြင့် ကျိုးဝေ့ချင်း၏နောက်ကျောတစ်လျှောက်တွင် အေးစိမ့်လာသည်။သူအလျင်အမြန်ရှင်းပြလိုက်သည်။
“အစ်မကြီး နားလည်မှုလွဲမှာ ငါကြောက်တယ်”
“နားလည်မှုလွဲတာလား”
တော်ဝင်ကိုယ်ရံတော်မိန်းမပျိုက သူမလက်ကောက်ဝတ်ကိုတစ်ချက်လှုပ်ရှားလိုက်ကာ ဓားကိုဆွဲထုတ်လိုက်သည်။ သူမ၏သုံးမျိုးစပ်ရုပ်ဝတ္ထုရတနာကို အသက်မသွင်းသေးသော်လည်း ဓားမှာအရောင်များတလက်လက်တောက်ပနေသည်။
ဓားမှာကောင်းကင်စွမ်းအင်ထွက်ပေါ်လာမှုမရှိသဖြင့် သူမ၏အဆင့်မှာကောင်းကင်ဘုံကျင်းစွမ်းအင်အဆင့်၌ပင်ရှိသေးကြောင်းသိနိုင်သည်။ ကောင်းကင်ရူစွမ်းအင်အဆင့်ရောက်ရှိနေသူများသာ လက်နက်များ၌ ကောင်းကင်စွမ်းအင် ထုတ်ဖော်အသုံးပြုနိုင်ကြသည်။
ရုပ်ဝတ္ထုရတနာကို သူမအသုံးမပြုထားပေ။ ကျိုးဝေ့ချင်းကဲ့သို့သော သာမန်လူတစ်ယောက်အတွက် ရုပ်ဝတ္ထုရတနာသုံးရန်လုံးဝ မလိုအပ်ပေ။
အေးစက်သောအရောင်တစ်ချက် လက်သွားပြီး ဓားဖျားကကျိုးဝေ့ချင်း၏ လည်ပင်းပ်ါတွင် ရပ်နေသည်။အနည်းငယ်မျှလှုပ်ရှားလိုက်လျှင် ကျိုးဝေ့ချင်း၏ ဘဝမှာဤနေရာတွင်ပင် အဆုံးသတ်သွားပေလိမ့်မည်။
” ရတနာသခင် အစ်မကြီး ဒါကတကယ်ကို နားလည်မှုလွဲတာပါဗျာ။တကယ့်ကို ငါဘာမှမမြင်တာပါ။ ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ။”
ကျိုးဝေ့ချင်းက တော်ဝင်ကိုယ်ရံတော်မိန်းမပျိုကို သနားစဖွယ်ကြည့်လိုက်သည်။ သူ၏ရိုးသားသောပုံစံမှာ အလွန်ယုံကြည်ချင်စရာကောင်းသည်။

Comment

Leave a Reply

Options

not work with dark mode
Reset