ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၅ – လွတ်မြောက်ခြင်း
စတုတ္ထထပ်တွင် မိန်းကလေးတစ်ယောက်သည် မိန်းကလေး ၄ ယောက်နှင့်အတူ ထွက်သွားသည့် ယွဲ့ကျုံးကို စိုက်ကြည့်နေ၏။ သူမ၏မျက်လုံးလေးများမှာ နီရဲတွတ်နေပြီး မျက်ရည်များကလည်း တသွင်သွင် စီးကျနေ၏။ သူမက ရှိုက်သံများမထွက်အောင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ငိုနေရှာသည်။
ယွဲ့ကျုံးနှင့်ကျီချွင်းဝူတို့ အဆောင်တွင်းသို့ ၀င်လာတုန်းက အတော်လေး ဆူညံပွက်လောရိုက်ခဲ့၏။ ယွဲ့ကျုံး၏မိန်းကလေးများကို ခေါ်၍ ထွက်လာခြင်းက သူမမအတွက်တော့ ဤဇွန်ဘီများ ပြည့်ကြပ်နေသည့် အဆောင်မှထွက်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည်လေးဖြစ်ချေသည်။
ယွဲ့ကျုံး၏ထွက်ခွာသွားမှုက သူမ၏မျှော်လင့်ချက်လေးကို ရိုက်ချိုးသွားသည့်အလားပင်။ အခွင့်အရေးသာရှိပါက ချုံးပွဲချငိုကြွေးမိပေလိမ့်မည်။
“ချီချီရာ မငိုပါနဲ့။ သူ ပြန်လာမယ်လို့ ပြောသွားတယ်လေ”
ဆံပင်ရှည်နှင့်မိန်းကလေးတစ်ယောက်က လင်းချီအနားလာ၍ နှစ်သိမ့်ပေး၏။
လင်းချီက တိုးညှင်းစွာ ပြောသည်။
“ဒါပေမဲ့ ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ် ကျန့်လီရဲ့။ သူပြန်မလာရင် ဘယ်လိုလုပ်မလဲ”
ကျန့်လီက ညင်သာစွာ နှစ်သိမ့်စကား ဆိုပြန်သည်။
“စိတ်မပူပါနဲ့။ အဲ့လူရဲ့နာမည်က ယွဲ့ကျုံးတဲ့။ ငါ သူ့ကို သိတယ်။ ယုံကြည်စရာလူပါ။ သူပြန်လာမယ်လို့ ပြောသွားရင် ပြန်လာနိုင်ချေ များပါတယ်။ ငါတို့ သူ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြတာပေါ့”
လင်းချီက သိချင်စိတ်ဖြင့် မေး၏။
“တကယ်လား ကျန့်လီ နင် သူ့ကို သိတယ်လား”
ကျန့်လီက တခစ်ခစ် ရယ်သည်။
“ဒါပေါ့ သူ့အလုပ်တွေက ငါ မိတ်ဆက်ပေးထားတဲ့အလုပ်တွေလေ”
“ဒါဆို ငါ့ကို သူ့အကြောင်း ပြောပြစမ်းပါ”
လင်းချီက ကျန့်လီကို အပူကပ်တော့သည်။ ဤသို့ အန္တရာယ်များလှသော ပတ်၀န်းကျင်မျိုးတွင် သူမစိတ်သက်သာရန်အတွက် အသစ်အဆန်းတစ်ခုခု သိရန် လိုအပ်၏။
ကျန့်လီက လင်းချီကို အနားတိုးထိုင်စေပြီး ယွဲ့ကျုံးအကြောင်း သူမ,သိသမျှအားလုံးကို ခပ်တိုးတိုး ပြောပြတော့သည်။
“အင်းပါ”
မိန်းကလေးဆောင်အတွင်းမှ ထွက်လာပြီးနောက် ယွဲ့ကျုံးနှင့်အရိုးဖြူတို့သည် အချိန်ဆွဲမနေဘဲ ကျောင်းကားရှိရာသို့ တစိုက်မတ်မတ် ဦးတည်သွား၏။
မိန်းကလေး ၄ ယောက်က သူ့အနောက်မှ လိုက်လာကြသည်။
ယွဲ့ကျုံးတို့အဖွဲ့ အပြင်သို့ ရောက်သည့်အခိုက်အတန့်တွင် ဇွန်ဘီများက သူတို့အနား ချဉ်းကပ်လာကြ၏။
ကိုက်ရာဗလပွနှင့် ပေါက်ပြဲနေသော မျက်နှာများကို မြင်သောအခါ မိန်းကလေး ၄ ယောက်မှာ ကြောက်ရွံ့လွန်းသဖြင့် ဒူးများပင်ချောင်လာ၏။ အရှိန်မှာ နှေးကွေးလာသည်။
ဇွန်ဘီအုပ်ကို မည်သည့်သာမန်လူမှ စိတ်အေးအေးထား၍ မကြည့်နိုင်ကြပေ။ ဇွန်ဘီများစွာကို မသတ်ဖြတ်ခဲ့ပါက ယွဲ့ကျုံးသည်လည်း စိတ်အေးနေနိုင်မည်မဟုတ်ချေ။
“မြန်မြန်ပြေး မရပ်လိုက်နဲ့”
ကျီချွင်းဝူက အော်ပြောသည်။
အရှေ့ရှိ ဇွန်ဘီများကို ယွဲ့ကျုံးက သတ်ဖြတ်ပေးသော်လည်း ကျီချွင်းဝူအတွက် ပို၍ ဖိအားများ၏။ မိန်းကလေး ၄ ယောက်ကို ကာကွယ်ရသည်မှာ မလွယ်ကူချေ။ ဇွန်ဘီတစ်ကောင်သာ သူမကို ကျော်တက်သွားပါက တိုက်ခိုက်နိုင်စွမ်းမရှိသေးသော မိန်းကလေးများမှာ အသက်ဆုံးရှုံးသွားကြရလိမ့်မည်။
ကျီချွင်းဝူ၏အော်သံကြောင့် မိန်းကလေးများမှာ အရှိန်မလျှော့ရဲဘဲ ရှေ့သို့သာ ဆက်ပြေးကြ၏။
ပြေးနေကြစဉ် ကျန့်ရှန်သည် ရုတ်တရက် ကျောက်ခဲတစ်လုံးကို ခလုတ်တိုက်မိကာ လဲကျသွားသည်။
၀မ်ဖန်က ကျန့်ရှန်ကို ကျော်ကာ ပြေးနေသေးသည့် ယွဲ့ကျုံးနောက်မှ လိုက်သွား၏။ ကျန့်ရှန်အတွက်နှင့် သူမကိုယ်သူမ အန္တရာယ်တွင်းထဲ မကျရောက်လိုချေ။
“ကယ်ပါဦး ကယ်ကြပါဦး ခြေထောက်ထိသွားလို့”
ကျန့်ရှန်မှာ ငိုလျက် ထရပ်ရန် ကြိုးစားရင်း မိန်းကလေးများကို လှမ်းအကူအညီတောင်းနေရှာ၏။
ချန်ယောင်က တုံ့ဆိုင်းစွာဖြင့် ချိုင်ရှောင်ကို ကြည့်လိုက်သည်။ နှစ်ယောက်လုံးက ကျန့်ရှန်ကို အလျင်အမြန် ဆွဲထူလိုက်ကြ၏။ သူမတို့သုံးယောက်မှာ ခက်ခဲစွာဖြင့် ရှေ့ဆက်တိုးနေရလေသည်။
“ကျေးဇူးပါ ချန်ယောင်.. ချိုင်ရှောင် တကယ်ကျေးဇူးတင်ပါတယ်”
ကျန့်ရှန်၏နှာခေါင်းလေးမှာ ငိုနေမှုကြောင့် နီရဲနေ၏။ သူမက မျက်ရည်များစီးကျနေလျက် ပြောရှာသည်။ အခက်အခဲကြုံသည့်အချိန်များတွင်သာ မည်သူကမိတ်ဆွေစစ်၊ မည်သူက အတုအယောင်ဖြစ်ကြောင်း သိနိုင်သည်မဟုတ်ပါလော။
ကျန့်ရှန်သည် ၆၀ ကီလိုဂရမ်မျှသာ လေး၏။ ချန်ယောင်နှင့် ချိုင်ရှောင်တို့နှစ်ယောက်လုံး ကူတွဲထားမှုကြောင့် အရှိန်မှာ လွန်စွာ လျော့ကျမသွားချေ။ သို့သော ၁၀ မီတာမျှ သွားပြီးသောအခါ ၃ ယောက်လုံးမှာ မောပန်းလာကြ၏။
“ငါ ကူလိုက်မယ်။ မင်းတို့ အရိုးစုနောက်လိုက်ကြ”
ယွဲ့ကျုံးက ရှေ့ဆုံးမှ ပြန်လှည့်လာပြီး ကျန်ရှန့်ကို ချန်ယောင်နှင့် ချိုင်ရှောင်ဆီမှ လွှဲပြောင်း၍ တွဲလိုက်သည်။
“ဂရုစိုက်ဦးနော်”
ချန်ယောင်နှင့် ချိုင်ယောင်မှာ စိတ်အေးစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်ကာ ပြော၏။ ထို့နောက် သူမတို့နှစ်ယောက်လုံးက အရိုးဖြူနောက်မှ ပြေးလိုက်သွားကြတော့သည်။
“ဒါကို လွယ်လိုက်။ ပြီးရင် ငါ့ကျောပေါ်တက်”
ယွဲ့ကျုံးက သူ၏ကျောပိုးအိတ်ကို ကျန့်ရှန်အား ပေးလိုက်ပြီး သူမကို ကျောပေးကာ ဆို၏။
ကျန့်ရှန်က ကျောပိုးအိတ်ကို အလျင်အမြန် လွယ်လိုက်ပြီး ယွဲ့ကျုံးကျောပေါ် တက်လိုက်သည်။
ကျန့်ရှန်ကို ကျောပိုးလိုက်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေးပင်သွားသည်ကို ယွဲ့ကျုံး ခံစားလိုက်ရ၏။ သူ၏စွမ်းအားကိုသာ အကြိမ်အတော်များများ မြှင့်တင်မထားခဲ့ပါက ကျန့်ရှန်နှင့်ရိက္ခာပစ္စည်းအပြည့် ပါ၀င်သော ကျောပိုးအိတ်ကို သယ်၍ လုပ်ရှားနိုင်မည်မဟုတ်ပေ။
“သေချာကိုင်ထား။ မင်း ပြုတ်ကျသွားရင် ငါကယ်လို့မရဘူး”
ထိုသို့ ပြောပြီးနောက် ယွဲ့ကျုံးသည် အသက်တစ်ရှိုက်ရှူသွင်းကာ ကျောင်းကားရှိရာသို့ ဦးတည်၍ တဟုန်ထိုး ပြေးသွားတော့သည်။
ကျန့်ရှန်က ယွဲ့ကျုံးကို တင်းကြပ်စွာ ဖက်တွယ်ထား၏။ နွေးထွေးသော ကျောပြင်ကျယ်ကြောင့် သူမ၏နှလုံးသားထဲတွင် ဘေးကင်းလုံခြုံမှုကို ခံစားနေရလေသည်။
“သူသာ ငါ့ကောင်လေးဆို ကောင်းမှာပဲ”
ထိုအချိန်တွင် အရိုးဖြူသည် အဆင့် ၇ အထိ တက်သွားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူတစ်ယောက်ထက် ၆၀ ရာခိုင်နှုန်း သာလွန်နေပြီဖြစ်သည်။ ၎င်းက ပုဆိန်ကြီးကို လွှဲရမ်းသွားရာ ၎င်းသွားရာ လမ်းတစ်လျှောက်တွင် ဇွန်ဘီအလောင်းများမှာ ပြန့်ကျဲနေ၏။
ယွဲ့ကျုံးခန္ဓာကိုယ်မှာ အကြိမ်အတော်များများ တိုးမြှင့်ထားသဖြင့် မိန်းကလေးများထက် များစွာ နောက်မကျဘဲ ကျောင်းကားအတွင်းသို့ အလျင်အမြန် ၀င်ရောက်သွားလေသည်။
ကျောင်းကားပေါ် တက်ပြီးနောက် ယွဲ့ကျုံးက ကျန့်ရှန်အား ကျောပိုးထားရာမှ ဘေးတွင်ရပ်လိုက်စေပြီး ချန်ယောင်ကို သော့များပစ်ပေးလိုက်၏။
“မြန်မြန်မောင်းတော့”
ကျန့်ရှန်သည် ယွဲ့ကျုံးကျောပေါ်မှ ဆင်းလိုက်ရသည့်အခါ သူမ၏နှလုံးထဲ၌ လစ်ဟာမှုကြီးတစ်ခုကို ခံစားလိုက်ရလေသည်။
“ရပြီ”
ချန်ယောင်က ကားသော့ကို အလျင်အမြန်ထည့်ပြီးနောက် ကားစက်နှိုးလိုက်၏။
“မင်းတို့နှစ်ယောက်က ကျန့်ရှန်ကို ဂရုစိုက်ပေးပါ”
ယွဲ့ကျုံးက ချိုင်ရှောင်နှင့် ၀မ်ဖန်ကို ကြည့်၍ ပြောသည်။ ထို့နောက် ထိုင်ချ၍ စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ပြင်းထန်စွာ တရစပ် တိုက်ခိုက်ခဲ့ရသဖြင့် သူ၏သက်လုံမှာ ၆ မှတ်သာ ကျန်တော့လေသည်။ ရနိုင်သမျှ အခွင့်အရေးအားလုံးကို အသုံးချ၍ အနားယူမှာသာ သက်လုံပြန်လည်ပြည့်တင်းလာပြီး ဖြစ်လာနိုင်သည့် တိုက်ပွဲများတွင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
ချိုင်ရှောင်က ခေါင်းညိတ်လျက် ကျန့်ရှန်ထံ ချက်ချင်းသွားသော်လည်း ၀မ်ဖန်ကတော့ အနေခက်စွာဖြင့် ယွဲ့ကျုံးကို စိုက်ကြည့်နေ၏။ သူမသည် စောစောက သူငယ်ချင်း အသက်အန္တရာယ်ကျရောက်နေချိန်တွင် ကူညီခြင်းအလျင်းမရှိဘဲ ကိုယ်လွတ်ရုန်းလျက် ထွက်ပြေးခဲ့သည့်မဟုတ်ပါလော။
ကျီချွင်းဝူက ယွဲ့ကျုံးရှေ့တည့်တည့်၌ ထိုင်၍ လက်ဖြူဖြူသွယ်သွယ်လေးကို ဆန့်တန်းကာ ဆို၏။
“ရေ”
ယွဲ့ကျုံးက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ကျောပိုးအိတ်အတွင်းမှ ကိုလာတစ်ဘူးကို ထုတ်ပေးသည်။
“အခု ဘယ်ကို သွားကြမှာလဲ။ ငါ့အိမ်လား”
ကားစက်နိုးပြီးနောက် ချန်ယောင်က ယွဲ့ကျုံးအား မေး၏။
“မဟုတ်ဘူး။ စူပါမားကတ်လေးဆီအရင်သွား။ ရိက္ခာတွေ ယူရမယ်။ ရိက္ခာမရှိရင် ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ၀မ်ဖန် ဒီကိုလာပြီး ကားဘယ်လိုမောင်းရလဲ ရှင်းပြပေးပါဦး”
ယွဲ့ကျုံးက ချန်ယောင်ထံ လျှောက်သွားရင်း ၀မ်ဖန်ကို ကြည့်ကာ ပြော၏။ သူ ယာဉ်တစ်ခု မည်သို့မည်ပုံအလုပ်လုပ်သည်၊ ၎င်းကို မည်သို့မောင်းနှင်ရမည်ကို သိထားရန် လိုပေသည်။ သူ တစ်ယောက်တည်း ဖြစ်နေသည့်အချိန်တွင် ထွက်ပြေးရန် ကားမောင်းတတ်ထားသင့်၏။
“အိုကေ”
၀မ်ဖန်က ချက်ချင်း ယွဲ့ကျုံးအနားသွား၍ ကားအကြောင်းအလုံးစုံကို ရှင်းပြပေးလေသည်။
အမှန်ပြောရလျှင် ကားမောင်းရာ၌ အခက်ခဲဆုံးအရာမှာ လမ်းစည်းကမ်းများပင်။ ကားစက်နှိုးနည်း၊ ရပ်နည်း၊ အရှိန်တင်နည်းနှင့် ဘရိတ်ဆွဲနည်းတို့မှာ မခက်ခဲချေ။ ၀မ်ဖန် ရှင်းပြသဖြင့် ယွဲ့ကျုံးမှာ အတော်များများ နားလည်သွားသည်။
မှန်ပါသည်။ ယွဲ့ကျုံး၏ကားမောင်းစကေးများဖြင့် လမ်းပေါ်တွင် ပြိုင်စံရှား တန်းဖြစ်သွားမည်မဟုတ်ပေ။ သို့သော် သူသည် အလျင်အမြန်ပင် စက်နှိုးနည်း၊ ရပ်နည်း၊ ဘရိတ်နင်းနည်းများကို တတ်မြောက်သွား၏။
အပိုင်း ၁၅ ပြီး၏။
Chapter – 15
လွတ်မြောက်ခြင်း
? Views, Released on August 27, 2024