Switch Mode

Chapter – 14

တက္ကသိုလ် ပရ၀ုဏ်အတွင်းမှ ထွက်ပြေးခြင်း

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၄ – တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်ပြေးခြင်း
ကျောက်ကျန်း၏စကားဆုံးသည်နှင့် ကျန်လူများမှာ ရင်ခုန်စိတ်လှုပ်ရှားလာကြ၏။ သို့သော် ဇွန်ဘီများနှင့် အနီးကပ်တိုက်ခိုက်ရမည့်အတွေးက သူတို့ကို ပြန်ငြိမ်ကျသွားစေသည်။ အနီးကပ်တိုက်ခိုက်ရသည်မှာ အင်မတန် အန္တရာယ်များ၏။ ဇွန်ဘီများထံမှ ခြစ်ရာလေးတစ်ခုက သူတို့ကို ကူးစက်ခံရပြီး သေဆုံးသွားစေနိုင်သည်။ လက်တွေ့ဘ၀နှင့် ဗီဒီယိုဂိမ်းများမှာ လားလားမှ မတူချေ။ လူများ၌ အသက်တစ်သက်သာရှိပြီး သေဆုံးသွားပါက နောက်ထပ်အခွင့်အရေးမရှိချေ။ ပြန်လည်အသက်သွင်း၍ရမည်မဟုတ်။
“ရုံးခန်းထဲ ပြန်၀င်ကြ”
ကျောက်ကျန်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျန်လေးယောက်ကို ပြောပြီး ဘဏ္ဍာရေးဌာနထဲ ပြန်၀င်သွားလေသည်။ သန်မာလာရန် နည်းလမ်းကို သိသွားသော်လည်း သူ့အသက်ကို လောင်းကြေးထပ်ရန်အထိ ကျောက်ကျန်း၏စိတ်မှာ အဆင်သင့်မဖြစ်သေးချေ။
ကျန်လူများက တုံ့ဆိုင်းနေပြီးနောက် ဘဏ္ဍာရေးဌာနထဲ ပြန်၀င်လာကြ၏။ ချောင်ပိတ်မိ‌မနေသရွေ့ တစ်ချို့လူများသည် သူတို့အသက်ကို လောင်းကြေးထပ်၍ သန်မာလာရန် ၀န်လေးနေကြမည်မဟုတ်ပေ။
ယွဲ့ကျုံးသည် ဘဏ္ဍာရေးဌာနမှ ထွက်ခွာလာပြီးနောက် မိန်းကလေးအဆောင်သို့ အရှိန်အပြည့်ဖြင့် ဦးတည်ပြေးသွား၏။
ဇွန်ဘီများကလည်း အုပ်စုဖွဲ့လျက် ချဉ်းကပ်လာကြသည်။
ယွဲ့ကျုံးက တန်ပုံတူကူးဓားကို ကျစ်‌ကျစ်ပါအောင် ဆွဲကိုင်၍ ဇွန်ဘီအုပ်ကို ဖောက်ထွက်သွား၏။ သူသည် ကိုယ်ခံပညာကို တစ်ခါမှ မလေ့ကျင့်ဘူးသော်လည်း သူ၏လျင်မြန်မှုကြောင့် မည်သည့်ဇွန်ဘီကမှ သူ့လမ်းကို မတားနိုင်ချေ။
အရိုးဖြူ၏အကူအညီဖြင့် ယွဲ့ကျုံးသည် ဇွန်ဘီ ၇ ကောင်ကို သတ်ဖြတ်ပြီး ဝိုင်းအုံနေသော ဇွန်ဘီများထဲမှ ဖောက်ထွက်ကာ မိန်းကလေးဆောင်အတွင်းသို့ ပြန်လည်ရောက်ရှိလာ၏။
ယွဲ့ကျုံးက ကြိုးမှတွယ်တက်ကာ အခန်းတွင်းသို့ ၀င်သွားသည်။
“ယွဲ့ကျုံး ပြန်ရောက်လာပြီ”
ယွဲ့ကျုံး ပြန်လာသည်ကို မြင်သည်နှင့် ကလေးမျက်နှာလေးနှင့် ကျန့်ရှန်က ၀င်းပစွာပြုံး၍ ချက်ချင်း ထရပ်လိုက်၏။
ကျီချွင်းဝူအပါအ၀င် ကျန်မိန်းကလေးများမှာလည်း စိတ်သက်သာစွာဖြင့် သက်ပြင်းချပြီး ပြုံးနေကြလေသည်။ ယွဲ့ကျုံး ထွက်သွားသည်မှာ သိပ်မကြာလိုက်သော်လည်း ဇွန်ဘီများ ဝိုင်းရံနေခြင်းကြောင့် ဘေးကင်းမှုကို အာမ,မခံနိုင်ချေ။
ကျီချွင်းဝူက ယွဲ့ကျုံးအနား လျှောက်လာပြီး ၀င်းလဲ့တောက်ပနေသော မျက်လုံးဝိုင်းလေးများဖြင့် ယွဲ့ကျုံးကို စိုက်ကြည့်ကာ မေး၏။
“သော့တွေရခဲ့လား”
“ငါ့လက်ထဲမှာ”
ယွဲ့ကျုံးက ကုတင်တစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ရေဘူးတစ်ဘူးကို ထုတ်ကာ သောက်လိုက်၏။
ယွဲ့ကျုံးထွက်သွားသည့်အချိန်မှာ တခဏလေးသာဖြစ်သော်လည်း အပြင်းအထန်တိုက်ခိုက်ခဲ့ရသည်သာမက အလောတကြီး ပြန်လာခဲ့ရလေသည်။ သူ၏သက်လုံကုန်ဆုံးခဲ့မှုက ကြီးမား၏။
“သွားကြစို့”
သူ၏သက်လုံ ၉ မှတ်အထိ ပြန်လည်ပြည့်လာသည်နှင့် ယွဲ့ကျုံးက ထရပ်၍ အခန်းထဲရှိ မိန်းက‌လေး ၅ ယောက်ကို ပြောလိုက်၏။
ယွဲ့ကျုံးက မိန်းကလေး ၄ ယောက်ကို ကြည့်ကာ ပြောသည်။
“ အောက်ကို ရောက်တာနဲ့ မင်းတို့ ငါနဲ့ ကျီချွင်းဝူနောက်မှာနေ။ ထွက်မပြေးနဲ့။ တစ်ယောက်နဲ့တစ်ယောက် တွန်းတာတွေ တိုးတာတွေလည်း မလုပ်နဲ့။ ငါ ကြိုပြောထားလိုက်မယ်။ မင်းတို့ ထွက်ပြေးသွားရင် ငါ လိုက်ကယ်နိုင်မှာမဟုတ်ဘူး”
အပြင်ရှိ ဇွန်ဘီပမာဏမှာ များပြားလွန်းသဖြင့် ထိုမိန်းကလေးများသာ ဇွန်ဘီအုပ်တစ်အုပ်နှင့် ပက်ပင်းတိုးမိသွားပါက ယွဲ့ကျုံး မကယ်တင်နိုင်ပေ။
“နားလည်ပါပြီ”
မိန်းက‌လေး ၄ ယောက်က တရိုတသေ ခေါင်းငြိမ့်လိုက်ကြ၏။ သူတို့နားမထောင်လျှင် သေကြရမည်မဟုတ်ပါလော။
စကားဆုံးသည်နှင့် ယွဲ့ကျုံးက ကြိုးမှတွယ်ဆင်းသွားရာ အချိန်တိုလေးအတွင်း မြေပြင်ပေါ် ရောက်ရှိသွားတော့သည်။
ကျန့်ရှန်က ကြိုးဆီကပ်လာ၍ အောက်သို့ ငုံ့ကြည့်ရင်း တခဏ တွေဝေနေ၏။ သူမသည် အားကစားဝါသနာပါသည့် မိန်းက‌လေးတစ်ယောက်မဟုတ်ပေ။ သုံးလွှာမှ အောက်မြေပြင်ပေါ်သို့ ဆင်းရန်မှာ ကြိုး‌ရှိနေသည့်တိုင် သူမအတွက် မလွယ်ကူချေ။
“နင် မသွားရင် ငါ အရင်သွားမယ်။ အချိန်ဖြုန်းမနေနဲ့ ကျန့်ရှန်”
၀မ်ဖန်က ကျန့်ရှန်ဘေးမှတိုး၍ အောက်သို့ အလျင်အမြန် တွယ်ဆင်းသွား၏။
အနည်းငယ် ကတုန်ကယင်ဖြစ်နေသော်လည်း ၀မ်ဖန်က အံတင်းတင်းကြိတ်၍ အောက်သို့ တွယ်ဆင်းသွားလေသည်။
ချန်ယောင်သည် ကျွမ်းကျင်စွာ ကြိုးကိုတွယ်ရင်း ၀မ်ဖန်နှင့်ယှဉ်လျှင် ပို၍‌လျင်မြန်ချောမွေ့စွာဖြင့် အောက်သို့ ဆင်းသွား၏။
“မဆိုးဘူး”
ယွဲ့ကျုံးက သူမကို ချီးကျူးလေသည်။ ကြိုးကို ကျွမ်းကျင်စွာ တွယ်ဆင်းနိုင်သည့် မိန်းကလေး အနည်းငယ်သာရှိ၏။ ချန်ယောင်၏ပုံပန်းသွင်‌ပြင်လေးမှာ နူးညံ့၍အားနွဲ့သည့်ပုံရှိပြီး မထိရက်စရာအလှတရားကိုလည်း ပိုင်ဆိုင်ထားသဖြင့် ဤမျှသွက်သွက်လက်လက်ရှိမည်ဟု ထင်မထားခဲ့ချေ။
ချန်ယောင်က ယွဲ့ကျုံးကို ကြည့်၍ ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
“အဲ့ဒီလို မကြည့်ပါနဲ့နော်။ ငါက ပုံမှန် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒါပေမဲ့ ချွင်းဝူကိုတော့ မမှီ‌ပါဘူး”
ယွဲ့ကျုံးက ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှမပြောချေ။
ဆံပင်တိုနှင့် ချိုင်ရှောင်ကလည်း ကြိုးမှ
တွယ်ဆင်းလာ၏။
နောက်ဆုံးတွင် ကျန့်ရှန်၏အလှည့်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သူမက အံတင်းတင်းကြိတ်ရင်း ကြိုးကိုတွယ်ရင်း တုန်ရီစွာဖြင့် အောက်သို့ ဆင်းလာ၏။
အောက်မှ ၀မ်ဖန်က လှမ်းအော်လေသည်။
“ကျန့်ရှန် မြန်မြန် နင်‌တစ်ယောက်ပဲ ကျန်တော့တယ်”
မိန်းကလေးဆောင်အနီး၌ ဇွန်ဘီများများစားစား မရှိသော်လည်း အဆောင်မှထွက်သည်နှင့် ဇွန်ဘီများစွာနှင့် တွေ့ရလိမ့်မည်။ ဂရုမစိုက်ပါက ချောင်ပိတ်မိပြီး အသက်ဆုံးရှုံးရနိုင်၏။
၀မ်ဖန်၏အလောတကြီး အော်သံကြောင့် ကျန့်ရှန်မှာ မြန်မြန် ဆင်းလာလေရာ ရုတ်တရက် ခြေချော်သွားပြီး သူမခန္ဓာကိုယ်လေးမှာ ပြုတ်ကျသွားရှာသည်။
“သေပါပြီ”
လေတဟူးဟူးတိုက်သံများကြောင့် ကျန့်ရှန်၏နှလုံးသားမှာ အေးခဲသွား၏။ ဤကမ္ဘာကြီး၌ အရိုးတစ်ချောင်းကျိုးသွားခြင်းက အသက်ရှင်နိုင်ချေကို များစွာ လျော့ကျသွားစေနိုင်သည်။
ထိုအချိန်တွင် ယွဲ့ကျုံးက မြားတစ်စင်းနှယ် ပြေးထွက်လာပြီး ပြုတ်ကျလာသော ကျန့်ရှန်ကို လှမ်းပွေ့လိုက်၏။
ပေါင်ချိန်တစ်ရာ‌ကျော်လေးသော ခန္ဓာကိုယ်က ဒုတိယထပ်မှ ပြုတ်ကျလာခြင်းဖြစ်ပေသည်။ ယွဲ့ကျုံးသည် သန်မာလာသော်လည်း ၀င်တိုက်မှုက သူ၏ရင်ဘတ်ကို အောင့်၍မွန်းကြပ်သွားစေ၏။
ကျန့်ရှန်က ယွဲ့ကျုံးရင်ခွင်ထဲမှ ထွက်လိုက်သည်။ သူမက ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် ယွဲ့ကျုံးကို ကျေးဇူးတင်ရှာ၏။
“ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယွဲ့ကျုံး”
ထိုမြင်ကွင်းကို ကြည့်နေစဉ် ၀မ်ဖန်၏စိတ်ထဲတွင် မနာလို၀န်တိုစိတ်များ ပြည့်နှက်သွားလေသည်။
“ဒီ‌ပိစိလေးက ဉာဏ်နီဉာဏ်နက်များသားပဲ”
မိန်းက‌လေး ၄ ယောက် အောက်သို့ရောက်သွားသည့်အခါ ကျီချွင်းဝူက အလျင်အမြန် ဆင်းလာ၏။
သူတို့ထွက်သွားတော့မည့်အချိန်တွင် မိန်းကလေးတစ်ယောက်က တတိယထပ်ပြတင်းပေါက်မှ အဖြူရောင်စာရွက်တစ်ရွက်ကို လှမ်းပြ၏။ ၎င်းစာရွက်ပေါ်၌ ဤသို့ ရေးထားလေသည်။
“SOS ကျေးဇူးပြုပြီး ကယ်ကြပါ”
“ဘာလုပ်ကြမလဲဟင်။ သွားကယ်မှာလား”
ကျန့်ရှန်က ယွဲ့ကျုံးကို မေး၏။
ကျန်မိန်းကလေးများက ယွဲ့ကျုံးကို ကြည့်နေကြလေသည်။ သူတို့၏စိတ်မှာ အင်မတန် ရှုပ်ထွေးနေရှာ၏။ သူတို့ကို မကယ်တင်ပါက အပြစ်ရှိသလို ခံစားကြရလိမ့်မည်။ သို့သော် ကယ်တင်ပါကလည်း မိမိတို့အတွက် အန္တရာယ်ရှိပေသည်။
ယွဲ့ကျုံးက ခေါင်းခါ၍ ယတိပြတ်ပြော၏။
“ဟင့်အင်း။ အခု ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့တောင် ခက်ခဲနေတာ။ အရင်ဆုံး ဘေးကင်းတဲ့နေရာတစ်ခု ရှာရမယ်။ အဲ့ဒါပြီးမှ ငါတို့ နေစရာပိုသေးရင် ငါတို့ သူတို့ကို ကယ်လို့ရတယ်”
ယွဲ့ကျုံးနှင့်ကျီချွင်းဝူအတွက် မိန်းကလေး ၄ ယောက်ကို ကာကွယ်၍ ကျောင်းကားသို့ သွားရန်ပင်လျှင် အင်မတန် ခက်ခဲ၏။ နောက်ထပ်မိန်းကလေးအချို့သာ ပိုလာပါက တွေးကြည့်ရန်ပင် မတတ်နိုင်ချေ။
“အပေါ်က လူတွေ။ ငါ သက်လုံပိုသေးရင် မင်းတို့ကို လာကယ်မယ်။ အခုတော့ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ကြ”
ယွဲ့ကျုံးက အပေါ်ရှိ မိန်းကလေးများကို အော်ပြောပြီးနောက် မိန်းကလေး ၅ ယောက်ဘက် လှည့်ကာ ပြော၏။
“သွားစို့။ ကျီချွင်းဝူ ငါနဲ့ အရိုးဖြူက ရှေ့ကသွားမယ်။ မင်းက ဒီ ၄ ယောက်ကို ကာကွယ်‌ပေး”
ထိုသို့ပြောပြီးနောက် ယွဲ့ကျုံးနှင့်အရိုးဖြူက ကျောင်းကားရှိရာသို့ ချီတက်သွားကြသည်။
“မြန်မြန်”
ကျီချွင်းဝူက မိန်းကလေး ၄ ယောက်ကို ပြော၏။။
ဤသည်ကား သေရေးရှင်ရေးအခြေအနေဖြစ်ကြောင်း လူတိုင်းသိကြလေသည်။ မိန်းကလေး ၄ ယောက်က ယွဲ့ကျုံးနောက်မှ ထပ်ကြပ်မကွာ လိုက်ကြလေသည်။
ကျီချွင်းဝူက မိန်းကဘေး ၄ ယောက်ကို အဘက်ဘက်မှ ကာကွယ်ပေးနေ၏။
အပိုင်း ၁၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset