Switch Mode

Chapter – 13

သော့များ ရှာဖွေခြင်း

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၃ – သော့များ ရှာဖွေခြင်း
သူ၏တိုက်ခိုက်မှုကြောင့် ဇွန်ဘီများက သူ့အနောက်၌ ပို၍ဝိုင်းအုံလာကြသည်။
ဇွန်ဘီအုပ်မှာ သိပ်သည်းလွန်းသဖြင့် ကြောက်မက်ဖွယ်ပင်။ ယွဲ့ကျုံးသည် ‌တစ်နေရာထဲ၌ ကြာကြာမနေရဲချေ။ သူနှင့်အရိုးဖြူက သူတို့လမ်းရှိ ဇွန်ဘီများကို သတ်ဖြတ်ရင်း ရှေ့ဆက်တိုးနေကြ၏။ ဇွန်ဘီများထံမှ ကျလာသော ရှင်ကျန်သူဒင်္ဂါးများကို ကောက်နေရန်ပင် အချိန်မရှိချေ။
“အဆင့် ၆ သို့ ရောက်ရှိသွားပါပြီ။ ကျေးဇူးပြု၍ အမှတ် ၂ မှတ်ကို သုံးစွဲပေးပါ”
ယွဲ့ကျုံး ဇွန်ဘီတစ်ကောင်ကို ခေါင်းဖြတ်လိုက်သည့်အချိန်၌ ကြည်လင်သောအသံက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
“၂ မှတ်လုံးကို သက်လုံမှာ ထည့်လိုက်”
ယွဲ့ကျုံးက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပြောသည်။ ဤတစ်ကြိမ်တွင် သူ၏အမြန်နှုန်းမှာ ဇွန်ဘီများထက် များစွာ သာလွန်နေလေပြီ။ သူလိုအပ်နေသည်က ဇွန်ဘီများကို အချိန်ကြာကြာ သတ်ဖြတ်နိုင်စေမည့် သက်လုံပင်။
ယွဲ့ကျုံး၏ခန္ဓာကိုယ်ထဲ၌ နွေးထွေးမှုတစ်ခုက စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်ကို တဖန် အားဖြည့်ပေးလိုက်ပြန်သည်။
တိုးမြှင့်မှုကို ရရှိပြီးနောက် ယွဲ့ကျုံးက သက်ပြင်းချလိုက်၏။ ထို့နောက် ‌ကျောင်း၏အဆောက်အဦးများရှိရာသို့ ဆက်လက်ချီတက်သွားတော့သည်။
သွားရာလမ်းတစ်လျှောက်၌ အရိုးဖြူက ရှေ့မှဦးဆောင်၍ ဇွန်ဘီများကို သတ်ဖြတ်သွား၏။ လူတစ်ယောက်နှင့် အရိုးစုတစ်ခုက ကျောင်းအဆောက်အဦးများထံ သွားရာလမ်းကို ရှင်းလင်းနေချေသည်။
ကျောင်းရှိ လူအများစုမှာ ကျောင်းသားများသာ ဖြစ်ကြသည်။ ‌အထွေထွေအုပ်ချုပ်ရေးဌာနအနီးတစ်ဝိုက်ရှိ ဇွန်ဘီအရေအတွက်မှာ နည်းပါး၏။
ယွဲ့ကျုံး အဆောက်အဦးအတွင်း ၀င်လိုက်သောအခါ ဇွန်ဘီ ၃ ကောင်က သူ့အနား ချဉ်းကပ်လာကြသည်။
ယွဲ့ကျုံးက ဓားရှည်ကို လက်တစ်ဖက်၌ ကိုင်ဆွဲရင်း ဇွန်ဘီတစ်ကောင်ကို ရဲရဲဝံ့ဝံ့ ခေါင်းဖြတ်ပစ်လိုက်၏။
အရိုးဖြူကလည်း မြားတစ်စင်းအလား ရှေ့သို့ ပြေးထွက်သွားပြီး ဇွန်ဘီ၏ခေါင်းကို ပုဆိန်ဖြင့် အလွယ်တကူ ခုတ်ချလိုက်သည်။
နောက်ဆုံးဇွန်ဘီ၏ဦးခေါင်း မြေခသွားသည့်အခါ ဇွန်ဘီ၏ခန္ဓာကိုယ်မှ ဖိနပ်ဖြူတစ်ရံ ထွက်ပေါ်လာ၏။
ယွဲ့ကျုံးက‌ ရှေ့တက်၍ ထိုဖိနပ်များကို အလျင်အမြန် ကောက်ယူလိုက်သည်။
“အဆင့် ၁ တိုးမြှင့်ဖိနပ်၊ လျင်မြန်မှု +၃။ ဤတိုးမြှင့်ဖိနပ်ကို ၀တ်ဆင်ထားခြင်းက သင်၏‌လှုပ်ရှားမှုများကို သွက်လက်လာစေမည်။ ခံနိုင်ရည် – ၂၀/၂၀”
ယွဲ့ကျုံး၏စိတ်ထဲတွင် အချက်အလက်များကို လက်ခံရရှိလိုက်ပြီး သူက ဖိနပ်ကို ချက်ချင်း ‌၀တ်လိုက်၏။
၎င်းဖိနပ်ဖြူများကို ‌၀တ်ဆင်သွားပြီးသောအခါ သူ၏ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသယောင်ပင်။ ယွဲ့ကျုံး၏လျင်မြန်မှုမှာ ၁၄ မှတ်အထိ ရောက်ရှိသွားပြီး သာမန်လူတစ်ယောက်ထက် ၄၀ ရာခိုင်နှုန်း သာလွန်နေလေပြီ။
ယွဲ့ကျုံးက တိုးမြှင့်ဖိနပ်များကို ၀တ်ဆင်ပြီးနောက် အရိုးဖြူနှင့်အတူ ရှေ့သို့ တက်သွား၏။
“ကယ်ပါဦး ကယ်ကြပါဦး”
ယွဲ့ကျုံး ကျောင်းမှစီးပွားရေးဆိုင်ရာဌာနများရှေ့မှ ဖြတ်သွားစဉ် ဘဏ္ဍာရေးဌာနထံမှ အော်ဟစ်အကူညီတောင်းသံကို ကြားလိုက်ရလေသည်။
ယွဲ့ကျုံးက ချက်ချင်း ဘဏ္ဍာရေးဌာနထဲသို့ သွား၍ ကြည့်လိုက်ရာ ရုံးခန်းအတွင်း၌ အမျိုးသမီး ၁ ယောက်နှင့် အမျိုးသား ၄ ယောက်၊ စုစုပေါင်း ၅ ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။
“ခင်ဗျားတို့ ကျုပ်ကိုယုံရင် ကျုပ်နောက် လိုက်ခဲ့ကြ”
ယွဲ့ကျုံးက ဘဏ္ဍာရေးဌာနအတွင်းရှိ လူများကို တစ်ချက်ကြည့်၍ ပြောပြီးနောက် အထွေထွေအုပ်ချုပ်ရေးဌာနထံသို့ ဆက်လက် ချီတက်သွား၏။ ဤနေရာ၌ ဇွန်ဘီဟူ၍ ကျောင်း၀န်ထမ်းများသာ ရှိသဖြင့် သူ့အနောက်မှ လိုက်ခဲ့ခြင်းက အန္တရာယ်မကြီးပေ။
“ဘာလုပ်ကြမလဲ ကျောက်ကျန်း”
မျက်မှန်‌နှင့်လူတစ်ယောက်က သူ့ဘေးရှိ ချောချောမောမော လူငယ်ကို မေး၏။ ယင်းလူငယ်သည် နာမည်ကြီးတံဆိပ်အ၀တ်အစားများကို ကြော့မော့နေအောင် ၀တ်ဆင်ထားပြီး တုတ်ချောင်းကို လက်၌ ကိုင်ထားလေသည်။
ကျောက်ကျန်းက ယွဲ့ကျုံးကို လှမ်းကြည့်ကာ မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။
“သူ့နောက်လိုက်ကြ။ ဒီမှာ ဆက်နေလို့ လာကယ်တဲ့လူမရှိရင် သေလိမ့်မယ်”
ကျောက်ကျန်းသည် ပြတ်သားသူတစ်ဦးဖြစ်၏။ သူက ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း ဘဏ္ဍာရေးဌာနတံခါးကို ဖွင့်ကာ ကြည့်လိုက်သည်။
“မိုက်လိုက်တာ”
ကျောက်ကျန်းသည် အပြင်တွင် အသက်ရှိုက်စာအနည်းငယ်အတွင်း ဇွန်ဘီနှစ်ကောင်ကို ခေါင်းဖြတ်သတ်လိုက်သည့် ယွဲ့ကျုံးအား မြင်လိုက်ရ၏။
ကျန်လူများက ကျန်းကျောက်၏ဦးဆောင်မှုကြောင့် အခန်းတွင်းမှ ထွက်လာကာ ယွဲ့ကျုံးနောက်မှ ထပ်ကြပ်မကွာ လိုက်လာကြလေသည်။
“သန်မာလိုက်တာာ။ ဒီလို အစွမ်းထက်တဲ့လူမျိုး ငါတို့ကျောင်းမှာ ရှိနေခဲ့တာလား”
ဇွန်ဘီများကို ထမင်းစားရေသောက် သတ်ဖြတ်နေသည့် ယွဲ့ကျုံး‌ကြောင့် ကျောက်ကျန်း၏စိတ်အစဉ်မှာ အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေချေသည်။
ကျောက်ကျန်းသည် ကျောင်း‌ကောင်စီဥက္ကဌဖြစ်၍ ကျောင်းရှိနာမည်ကြီးလူ‌တော်တော်များများနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ယွဲ့ကျုံးကိုတော့ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
“မိုက်တယ်ဟေ့”
ဇွန်ဘီများကို အလွယ်တကူ သတ်ဖြတ်နေသော ယွဲ့ကျုံးကြောင့် ဘဏ္ဍာရေးဌာနအတွင်းမှ ထွက်လာသော လူတိုင်း၏နှလုံးသားတိုင်းတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားချေသည်။ ဤလူနောက်မှလိုက်နေသရွေ့ သူတို့၌ အသက်ရှင်နိုင်မည့်အခွင့်အရေး ရှိပေလိမ့်မည်။
အထွေထွေအုပ်ချုပ်ရေးဌာနအတွင်းသို့ ရောက်သောအခါ ကိုက်ရာဗလပွဖြစ်နေသော ၀၀ပြည့်ပြည့်ခန္ဓာကိုယ်နှင့် လူတစ်ယောက်က ယွဲ့ကျုံးထံ ဒယိမ်းဒယိုင် ချဉ်းကပ်လာ၏။
“တွေ့ပြီ”
ယွဲ့ကျုံးမှာ အင်မတန် ပျော်ရွှင်သွားလေသည်။ ဤ၀၀တုတ်တုတ်လူမှာ ကျောင်းကားဒရိုင်ဘာ ကျန့်ရှောင်ဖြစ်ကြောင်း သူမှတ်မိလိုက်၏။ သူက ရှေ့သို့တစ်လှမ်းတက်လိုက်စဉ် သူ့လက်ထဲရှိ ဓားသွားက ဖြတ်ခနဲ လက်သွားပြီး ကျန့်ရှောင်၏ဦးခေါင်းမှာ တိခနဲ ပြတ်သွားလေသည်။
ကျန့်ရှောင်သေဆုံးသွားပြီးနောက် ယွဲ့ကျုံးက ရော်ဘာလက်အိပ်တစ်စုံကို စွပ်၍ ခန္ဓာကိုယ်နေရာအနှံ့ရှာဖွေ၏။‌ နောက်ဆုံး၌ သော့ ၃ ချောင်းကို ရှာတွေ့သွားလေသည်။
ယွဲ့ကျုံးက သော့များကို ယူ၍ အခန်းအတွင်းမှ အလျင်အမြန် ထွက်လာခဲ့၏။
ထိုအချိန်တွင် အရိုးဖြူသည် ၎င်း၏ပုဆိန်ကြီးဖြင့် ဇွန်ဘီအားလုံးကို သတ်ဖြတ်ပြီးလေပြီ။
ကျောက်ကျန်းတို့အဖွဲ့က‌ ဘေးတစ်နေရာတွင် စု၍‌ရပ်ကာ ထိုအခြင်းအရာကို ကြည့်နေကြသည်။
ယွဲ့ကျုံးက ကျောက်ကျန်းကို ကြည့်ပြီးနောက် ခပ်ဩဩ အသံဖြင့် ပြော၏။
“ကျုပ် မိန်းကလေးဆောင်ကို သွားမလို့။ ခင်ဗျားတို့မှာ တခြားအစီအစဉ်ရှိလား”
မိန်းကလေးဆောင်နှင့် ဤအဆောက်အဦးကြားတွင် မီတာရာအနည်းငယ်သာ ကွာဝေးသော်လည်း လမ်းတွင် ဇွန်ဘီများ ပြည့်ကျပ်နေလေသည်။
ယွဲ့ကျုံးတစ်ယောက်တည်းဆိုလျှင် အဆင်ပြေသော်လည်း လူများလျှင်တော့ အလောတကြီးသွားရန် မဖြစ်နိုင်ချေ။
ကျောက်ကျန်းက ယွဲ့ကျုံးကို စိုက်ကြည့်ပြီးနောက် ဆို၏။
“သူငယ်ချင်း ငါက ကျောင်းကောင်စီဥက္ကဌကျောက်ကန်းပါ။ မင်းနာမည်ကို သိခွင့်ရှိမလား”
“ငါ့နာမည်က ယွဲ့ကျုံး”
ကျောက်ကျန်းက ခန့်မှန်းလိုက်၏။
“မင်း ဘာလို့ မိန်းကလေးဆောင်ကို သွားချင်တာလဲ။ အဲ့ဒီမှာ မင်း သူငယ်ချင်းတွေ ရှိလို့လား”
ယွဲ့ကျုံးက ကျောက်ကျန်းကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလေသည်။
“ဟုတ်တယ်။ မိန်းကလေးဆောင်ကို သွားတဲ့လမ်းမှာ ဇွန်ဘီတွေ အများကြီးပဲ။ ငါ တစ်ယောက်တည်းနဲ့ မင်းတို့ရဲ့ ဘေးကင်းမှုကို အာမမခံနိုင်ဘူး”
ကျောက်ကျန်းတို့အဖွဲ့၌ တိုက်ခိုက်‌ရေးအတွေ့အကြုံ လုံး၀မရှိသော လူငါးယောက် ပါ၀င်လေသည်။ မိန်းကလေးဆောင်သို့ ပြေးသွားလျှင်ပင် ဇွန်ဘီကိုက်မှုကြောင့် လူတစ်၀က်သေဆုံးသွားနိုင်၏။
ကျောက်ကျန်းက ခပ်မြန်မြန် ပြောသည်။
“ငါတို့ကို ကူမယ့်လူမရှိရင် ဒီမှာ ကျန်နေခဲ့မယ်ဆိုတာ သိပါတယ်။ ယွဲ့ကျုံး မင်း ဒီကျောင်းကနေ ထွက်သွားနိုင်မယ်လို့ ငါ ယုံကြည်တယ်။ မင်း ကျောင်းကနေ ထွက်မသွားခင် ငါတို့ကို လာခေါ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ လာကယ်ပေးမယ်ဆိုရင် မင်းရဲ့ကျေးဇူးကို တစ်ချိန်ကျရင် ငါ သေချာပြန်ဆပ်ပါ့မယ်”
ယွဲ့ကျုံးက ခေါင်းညိတ်၏။
“နေရာပိုရင် ပြန်လာခဲ့မယ်
“နောက်ဆုံးအနေနဲ့ မင်းတို့ ငါပြောပြမယ်။ ဇွန်ဘီအလုံအလောက်သတ်ရင် မင်းတို့ အဆင့်တက်ပြီး သန်မာလာလိမ့်မယ်။ ဇွန်ဘီတွေကို တိုက်ခိုက်ဖို့ သတ္တိရှိရင် သန်မာလာပြီး ဆင့်ကဲပြောင်းလဲလာလိမ့်မယ်။ ကဲ ငါ အရင်သွားပြီ”
ယွဲ့ကျုံးက စကားဆုံးသည်နှင့် ခပ်သုတ်သုတ် ထွက်ခွာသွား၏။
“ကျောက်ကျန်း မင်း သူ့စကားကို ယုံလား”
ယွဲ့ကျုံးထွက်သွားပြီးနောက် မျက်မှန်နှင့်လူက ကျောက်ကျန်းကို မေးသည်။
ကျောက်ကျန်းက သူ့လက်ထဲရှိ စဦးတုတ်ချောင်းကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြော၏။
“ဖြစ်နိုင်တယ်။ မဟုတ်ရင် သူ ဒီလောက်ထိ သန်မာနေမှာမဟုတ်ဘူး”
အပိုင်း ၁၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset