ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၂ – တန် ပုံတူကူး ဓား
“ကျောင်းကားကို မောင်းဖို့ ပြဿနာမရှိဘူးမလား”
ယွဲ့ကျုံးက မေးသည်။ သူ ယခု လိုအပ်နေသည့်မှာ ကျောင်းကားမောင်းနိုင်သည့် လူတစ်ယောက်ပင်။
ချန်ယောင်က ချက်ချင်း ပြန်ဖြေသည်။
“ကျောင်းကားရဲ့ ဒရိုင်ဘာက ကျန့်ရှောင်ပဲ။ သူ့အခန်းက အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ကျောင်းသားရေးရာကြားထဲမှာ ရှိတယ်။ ငါတို့ သူ့ကို အဲ့နေရာနှစ်ခုမှာ ရှာလို့ရနိုင်တယ်”
ချန်ယောင်မှာ ကျောင်းကောင်စီဥက္ကဌဖြစ်သဖြင့် ကျောင်း၏အကြီးအကဲများနှင့် အမြဲလိုလို တွေ့ဆုံရ၏။ သူမသည် ကျောင်းကားကို ယူ၍ သွားလာတတ်သောကြောင့် ဒရိုင်ဘာနေသည့်နေရာကို သိနေခြင်းဖြစ်သည်။
ယွဲ့ကျုံးက သူ့ကကျောပိုးအိတ်ထဲရှိ အဖြူရောင်ရတနာသေတ္တာကို ထုတ်လိုက်၏။ အလင်းရောင်တစ်ခုက စူးခနဲ လက်သွားပြီး သူ့အရှေ့တွင် ချွန်မြနေသော တန်ဓားတစ်လက် ပေါ်လာသည်။
[တန်ပုံတူကူးဓား၊ အဆင့် ၁ – တိုက်ခိုက်မှု : ၅ – ၈။ ဤဓားသည် အလွန်ထက်ပြီး လူတစ်ယောက်ကို အလွယ်တကူ ခေါင်းဖြတ်ပစ်နိုင်၏။ ကူးစက်ခံထားရသူများနှင့် ရင်ဆိုင်ရန် လက်နက်ကောင်းတစ်ခု ဖြစ်သည်]
“ဓားကောင်းပဲ။ ဒီဓားနဲ့ဆို ဇွန်ဘီတွေကို တိုက်ရမှာ ပိုလွယ်လာမှာပဲ”
ယွဲ့ကျုံးက တန်ပုံတူကူးဓားကို ပွတ်ကြည့်လိုက်ရာ ၎င်း၏ဓားသွားမှ အေးစက်မှုကို ခံစားလိုက်ရ၏။
စဦးတုတ်ချောင်းကို သုံး၍ တိုက်ခိုက်ရာတွင် ပြန်ကန်မှုက ပြင်းထန်လေသည်။ ဤတန်ပုံတူကူးဓားနှင့်သာဆိုလျှင် ဇွန်ဘီများကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဖြစ်သည်။
ယွဲ့ကျုံးက မီးလုံးငယ်စွမ်းရည်စာအုပ်ကို ထုတ်၍ ချန်ယောင်ကို ပေးကာ လေးနက်စွာ ပြော၏။
“မင်းတို့လည်း အသံကို ကြားလိုက်ရမှာပေါ့။ ငါသိထားတာ မင်းတို့ကို ပြောပြမယ်။ မင်းတို့ ဇွန်ဘီအလုံအလောက်သတ်ရင် အဆင့်တက်ပြီးတော့ သန်မာလာလိမ့်မယ်။ အဲ့ဒီအရိုးစုက ငါ့ရဲ့စွမ်းရည်ထဲက တစ်ခုပဲ။ ဒါက အဆင့် ၁ စွမ်းရည်စာအုပ် [မီးလုံးငယ်]။ ဒါက မင်းတို့ကို စွမ်းရည်ကို သင်ပေးလိမ့်မယ်။ ချန်ယောင် ဒီစွမ်းရည်စာအုပ်ကို မင်းကို ပေးမယ်။ ဒါပေမယ့် ငါတို့ ဘေးကင်းသွားတဲ့အခါကျရင် ငါ့သူငယ်ချင်းတစ်ယောက်ကို လိုက်ကယ်ပေးပါ့မယ်လို့ ကတိပေးရမယ်”
ယွဲ့ကျုံးအတွက် မီးလုံးငယ်စွမ်းရည်မှာ သာမန်ကာလျှံကာ စွမ်းရည်သာဖြစ်ပေသည်။ သို့သော် သူ့အဖွဲ့အား သန်မာလာစေလိုပါက ပေးရန် နှမြောတွန့်တိုမနေနိုင်ချေ။ ဤအချိန်တွင် ယွဲ့ကျုံး၌ သူ၏အချစ်ဆုံးသူငယ်ချင်းကို ကယ်တင်ရန်သာ ဆန္ဒရှိပေသည်။
ချန်ယောင်သည် အားနည်း၍ မတိုက်အခိုက်မထူးချွန်သည့်တိုင် လုပ်နိုင်စွမ်းရှိပြီး အကြောင်းစုံသိသူ ဖြစ်၏။ ယွဲ့ကျုံးသည် အသက်ရှင်နိုင်ခြေကို မြှင့်တင်ပေးနိုင်သည့် အဖော်တစ်ယောက် အလိုရှိပေသည်။ ချန်ယောင်သည် တိကျပြတ်သား၏။ ကျန်မိန်းကလေး ၃ ယောက်၏မျက်၀န်းများတွင် စွမ်းရည်စာအုပ် ရရှိသွားသည့်သူမအပေါ် မနာလိုမှုများ၊ အားကျမှုများနှင့် ပြည့်နှက်နေပေသည်။
“အင်း။ ငါတို့ ဘေးကင်းသွားရင် နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းကို လိုက်ကယ်ပေးပါ့မယ်လို့ ကတိပေးတယ်”
အလင်းရောင်တစ်ခု တောက်ပသွားပြီး စွမ်းရည်စာအုပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချန်ယောင်၏ကိုယ်ထဲ ၀င်ရောက်သွား၏။
“မှော်အစွမ်းပဲ”
ကျန့်ရှန်က ချန်ယောင်အား ဘေးမှ ကြည့်ရှုနေ၏။ တစ်စုံတစ်ယောက် စွမ်းရည်ရရှိသွားခြင်းကို သူမ ပထမဆုံးမြင်ဖူးခြင်းဖြစ်ပေသည်။
“တကယ်ပဲ။ သူပဲ ဘာလို့ ကောင်းတာတွေ ရနေတာလဲ။ ဘုရားသခင်တောင် သူ့ကို ကောင်းချီးပေးနေတာပါလား”
၀မ်ဖန်မှာ မနာလိုမုန်းတီးသော မျက်၀န်းများဖြင့် ချန်ယောင် စွမ်းရည်စာအုပ်ကို စုပ်ယူနေသည်ကို ကြည့်နေ၏။
ချန်ယောင်မှာ လူတကာ ငေးမောရအောင် လှပသည်သာမက သူမ၏မိသားစုမှာလည်း ကြွယ်၀ချမ်းသာသူများဖြစ်၏။ တက္ကသိုလ်ရှိ ယောက်ျားလေးတိုင်းက သူမအား လိုချင်ကြ၏။ ၀မ်ဖန်မှာ နှစ်လိုဖွယ်မိန်းကလေးဖြစ်သော်လည်း ချန်ယောင်နှင့်တော့ မယှဉ်နိုင်ပါချေ။ သူမသည် ချန်ယောင်၏ကံကြမ္မာကို အမြဲ အားကျမနာလိုဖြစ်နေခဲ့ရ၏။ ယခု ကမ္ဘာကြီးပြိုလဲပျက်စီးသွားသည့်အချိန်တွင်လည်း ယွဲ့ကျုံးက ချန်ယောင်ကို စွမ်းရည်စာအုပ်ပေးလိုက်သဖြင့် သူမ၏အသက်ရှင်နိုင်ချေမှာ မြင့်တက်သွားစေသည်။ ယင်းက ၀မ်ဖန်ကို ပို၍ပင် သ၀န်တိုလာစေ၏။
“ချန်ယောင် ဘယ်လိုနေလဲဟင်။ ငါတို့ကို အဲ့မှော်အစွမ်းထုတ်ပြပါလား”
ကျန့်ရှန်က ချန်ယောင်ဘေး၌ရပ်ကာ စူးစမ်းချင်သဖြင့် အပူကပ်နေလေသည်။
ချန်ယောင်၏မျက်နှာလေးမှာ စိတ်အားသက်ထန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူမသည် စွမ်းအားအသစ်တစ်မျိုးကို ရရှိလိုက်သဖြင့် စွမ်းရည်က မည်မျှသန်မာသည်လဲ သိလိုစိတ်ပြင်းပြနေလေသည်။
ယွဲ့ကျုံးက သူမကို အလျင်အမြန် တားလိုက်၏။
“မလုပ်နဲ့။ မင်းရဲ့ အခုအခြေအနေမှာ တစ်နေ့ကို မီးလုံးတစ်လုံးပဲ ထုတ်နိုင်တာ။ မင်း အဲ့ဒါကို သေရေးရှင်ရေးအခြေအနေမှာမှ သုံးရမယ်”
မီးလုံးတစ်လုံးသည် အရေးပေါ်အခြေအနေတွင် သူတို့အသက်ကို ကယ်တင်ပေးနိုင်၏။ ထို့ကြောင့် ယွဲ့ကျုံးသည် ယင်းစွမ်းရည်အား ချန်ယောင်ကို လက်လွတ်စပယ်အသုံးပြုခွင့် မပေးနိုင်ပေ။
ချန်ယောင်က စိတ်အေးအေးထားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆို၏။
“ငါ သိပါပြီ”
ယွဲ့ကျုံးက ကျီချွင်းဝူကို ကြည့်ကာ ပြောသည်။
“ချွင်းဝူ မင်း သက်လုံပြန်ပြည့်တာ အခြေအနေ ဘယ်လိုလဲ”
သူမက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဖြေ၏။
“၆ မှတ်။ ငါ့ရဲ့အမြင့်ဆုံးက ၁၂ မှတ်ရှိတာ။ ပြန်ပြည့်လာဖို့က အရမ်းခက်လွန်းတယ်။ ကြည့်ရတာ ငါ့ခန္ဓာကိုယ်က အရမ်းပင်းပန်နေတယ်ထင်တယ်”
“မင်းတို့ ဒီမှာ စောင့်ပေးကြ။ ငါ အနားယူပြီးရင် ကားသော့တွေ သွားရှာမယ်။ ကျီချွင်းဝူ ၅ မိနစ်ကြာရင် ငါ့ကို နှိုးပေးပါ”
ယွဲ့ကျုံးက စကားဆုံးသောအခါ အသက်ပန်းသီးတစ်လုံးကို ထုတ်ကာ စားပြီးနောက် ကုတင်ပေါ်တွင် လှဲ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ယင်းသို့ လုပ်ခြင်းက သူ့ကို ပို၍မြန်မြန် အားပြန်ပြည့်လာစေလိမ့်မည်။
ယွဲ့ကျုံး ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည့်အခါ ကလေးမျက်နှာလေးနှင့် ကျန့်ရှန်မှာ ရှက်သွေးဖြာသွားပြီး ခပ်တိုးတိုး ပြော၏။
“အဲ့ဒါ ငါ့ကုတင်”
ယွဲ့ကျုံးမှာ အင်မတန် ပင်ပန်းနေသည့်အတွက် ခေါင်းအုံးနှင့်ခေါင်း ထိမိလျှင်ချင်း အိပ်ပျော်သွားတော့သည်။
အပြင်ဘက်၌ ဇွန်ဘီများမှာ အဆောင်တံခါးကို အဆက်မပြတ် ထုရိုက်နေကြ၏။ ကျီချွင်း၀ူမှလွဲ၍ အခြားမိန်းကလေးများမှာ ဘယ်အချိန်တွင် တံခါးကျိုးပျက်သွားမလဲ မသိသဖြင့် ယွဲ့ကျုံးအနားတွင် စု၍ ထိုင်နေကြလေသည်။
ငါးမိနစ်ကြာသော် ကျီချွင်းဝူက ယွဲ့ကျုံးကို လှုပ်၍ ပြော၏။
“ထတော့။ ငါးမိနစ် ကုန်သွားပြီ”
“ငါးမိနစ်ကုန်သွားပြီလား။ မြန်လိုက်တာကွာ”
ယွဲ့ကျုံးက မျက်လုံးများဖွင့်ကာ အနည်းငယ်မဲ့နေသော အပြုံးဖြင့် ကျီချွင်းဝူကို ကြည့်ကာ ပြောသည်။ သူသည် နေ့လည်စောစောကတည်းက မရပ်မနား တိုက်ပွဲ၀င်ခဲ့ရ၏။ မည်သို့ဆိုစေ အသက်ပန်းသီး၏အားပြန်ဖြည့်ပေးမှုကြောင့် သူ၏သက်လုံမှာ ၁၁ မှတ်သို့ ရောက်ရှိခဲ့လေပြီ။
ယွဲ့ကျုံးက ကုတင်ပေါ်မှ ထလိုက်ပြီး သူ၏ကျောပိုးအိတ်ထဲမှ တောင်တက်ကြိုးကို ထုတ်ကာ တိုင်တစ်တိုင်တွင် မြဲမြံစွာ ချည်နှောင်လိုက်၏။ ထို့နောက် ပြတင်းပေါက်မှ ပစ်ချလိုက်လေသည်။
“မင်းတို့ တောင့်မခံနိုင်တော့ရင် ဒီကနေ ထွက်ပြေးလို့ရတယ်”
ယွဲ့ကျုံးက မိန်းကလေးများကို ပြောပြီးနောက် ကြိုးကိုတွယ်၍ အလျင်အမြန် အောက်သို့ ဆင်းသွား၏။
အရိုးဖြူကလည်း ကြိုးကိုတွယ်၍ ယွဲ့ကျုံးနောက်မှ လိုက်ဆင်းသွားလေသည်။
ယွဲ့ကျုံး၏ခြေထောက် မြေပေါ်ကျသည်နှင့် ဇွန်ဘီ လေးကောင်က သူ့အနား ဒယိမ်းဒယိုင် ချဉ်းကပ်လာကြ၏။
ယွဲ့ကျုံးက တန်ပုံတူကူးဓားကို ကျစ်ကျစ်ပါအောင် ကိုင်၍ ရှေသို့ တက်လိုက်သည်။ ထို့နောက် ဇွန်ဘီတစ်ကောင်၏ဦးခေါင်းထံ လွှဲရမ်းလိုက်ရာ ခေါင်းမှာ တိကနဲ ပြတ်သွား၏။ သွေးပုပ်သွေးညစ်များက ပန်းထွက်လာလေသည်။
“ကောင်းလိုက်တဲ့ဓား”
နောက်ထပ်ဇွန်ဘီတစ်ကောင်ကို ခေါင်းဖြတ်လိုက်ပြီးနောက်တွင် ယွဲ့ကျုံးက တန်ပုံတူကူးဓားကို ချီးကျူးလိုက်၏။
တန်ပုံတူကူးဓားမှာ တုတ်ချောင်းထက် များစွာ ချွန်မြပြီး ဇွန်ဘီကို ခေါင်းဖြတ်ရန်လည်း တုတ်ချောင်းထက် အားတစ်၀က်သာ ထည့်ရန်လိုသည်။ ဆိုလိုသည်ကား ဇွန်ဘီများကို သတ်ရန် စွမ်းအားသိပ်သုံးစရာ မလိုတော့ပေ။
တန်ပုံတူကူးဓား ကိုင်ဆွဲထားသော ယွဲ့ကျုံးနှင့် အရိုးဖြူတို့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇွန်ဘီ ၄ ကောင်ကို ခဏတာအတွင်း သတ်ဖြတ်လိုက်နိုင်ပြီး အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ကျောင်းသာရေးရာရှိရာသို့ ခပ်မြန်မြန် လျှောက်သွားနိုင်လေသည်။
ယွဲ့ကျူံးကို မြင်သည်နှင့် လမ်းတစ်လျှောက်ရှိ ဇွန်ဘီများက သူ့အနောက်မှ လိုက်လာကြ၏။
အပိုင်း ၁၂ ပြီး၏။
Chapter – 12
ပုံတူကူး ဓါး
? Views, Released on August 27, 2024