Switch Mode

Chapter – 11

ချန်ယောင်

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၁ – ချန်ယောင်
ယွဲ့ကျုံးက ချွေးများ ရွှဲရွှဲစိုလျက် ကုတင်တစ်လုံးပေါ်တွင် မျက်လုံးများ မှိတ်ကာ ထိုင်နေ၏။ သူသည် ကျီချွင်းဝူထက် သန်မာသော်လည်း ဇွန်ဘီများနှင့် တိုက်ခိုက်ရမှုက သူ၏သက်လုံအတော်များများကို ကုန်ဆုံးသွားစေသည်။ ယခုတွင် သူ့၌ သက်လုံ ၄ မှတ်သာ ကျန်တော့၏။
ကျီချွင်းဝူအပြင် မိန်းကလေးဆောင်အတွင်း၌ မိန်းကလေး ၄ ယောက်ရှိ၏။ မိန်းကလေး ၄ ယောက်မှာ ယွဲ့ကျုံးဘေးတွင် ရပ်နေသော အရိုးဖြူအား စူးစမ်းစစ်ဆေးလိုစိတ်များဖြင့် ကြည့်နေကြလေသည်။ စောစောက ဇွန်ဘီများ အဆောင်အတွင်း ၀င်မလာနိုင်‌တောင် တားဆီးနေသော မြင်ကွင်းကို သူမတို့၏စိတ်ထဲမှ ထုတ်မရချေ။
ထိုအချိန်တွင် ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှပ်အင်္ကျီ၀တ်ထားသော ဆံပင်ရှည်ဖြင့် မိန်းကလေးတစ်ယောက်ထံ မွှေးပျံ့နေသာရနံ့တစ်ခုက ပျံ့လွင့်လာ၏။ အလွန်လှပ၍ မြူးမြူးကြွကြွဟန်ရှိသော မိန်းကလေးတစ်ယောက်က တခစ်ခစ်ရယ်ရင်း ယွဲ့ကျုံးအနား လျှောက်လာလေသည်။
“ဟိုင်း ငါ့နာမည်က ချန်ယောင်ပါ။ နင့်နာမည်ကရော ဘယ်လိုခေါ်လဲ”
ယွဲ့ကျုံးက ချန်ယောင်ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြော၏။
“ငါ့နာမည်က ယွဲ့ကျုံး”
ချန်ယောင်သည် ယွန်းဟွာတက္ကသိုလ်၌ နာမည်ကြီးမိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် လှပပြီး ကြင်နာတတ်၏။ အက‌လည်း‌တော်သလို အဆိုတွင်လည်း ထူးချွန်ပြီး ကျောင်း၏အလှပဂေးများထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်သည်။ သူမ၏အပြုံးချိုချိုလေးများကြောင့် ကြွေကျသွား‌ခဲ့ရသော ယွန်းဟွာတက္ကသိုလ်ကျောင်းသားများမှာ အများအပြားပင်။
ချန်ယောင်က ယွဲ့ကျုံးကို ပြုံးပြ၍ ပြော၏။
“ချွင်းဝူနဲ့အတူ ငါတို့ကို လာကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”
ယွဲ့ကျုံးက ပေါ့ပေါ့ပါးပါးသာ ဖြေသည်။
“အပန်းမကြီးပါဘူး”
“ယွဲ့ကျုံး ငါက ကျန့်ရှန်ပါ”
ကလေးတစ်ယောက်ကဲ့သို့ ချစ်စဖွယ်မျက်နှာလေးနှင့် အသားဖြူဥနေသော မိန်းကလေးတစ်ယောက်က ယွဲ့ကျုံးအနားလာ၍ သူမကိုယ်သူမ မိတ်ဆက်လိုက်၏။
“ဟိုင်း ငါ့နာမည်က ချိုင်ရှောင်”
ထက်မြတ်သွက်လက်ပုံပေါ်သည့် ဆံပင်အတိုနှင့် မိန်းမလှလေးတစ်ဦးကလည်း သူမကိုယ်သူမ မိတ်ဆက်လေသည်။
မိတ်ကပ်ပြင်ထားပြီး စတိုင်ကျကျ ၀တ်စားထားသော အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက်က ယွဲ့ကျုံးအရှေ့၌ လာရပ်၏။ သူမက ချိုသာစွာ ပြုံးလိုက်သည်။
“ဟိုင်း ငါက ၀မ်ဖန်ပါ။ နင်က တော်တော်အစွမ်းထက်တာပဲ။ ဇွန်ဘီတွေကိုတောင် သတ်ရဲတယ်”
ယွဲ့ကျုံးက ခပ်ဖျော့ဖျော့ပြုံး၏။
“ငါ အဲ့လောက်ကြီး ခွန်အားမကြီးပါဘူး။ ပြီးတော့ ရွေးချယ်စရာမရှိလို့သာ သတ်နေရတာပါ”
ဖြစ်နိုင်လျှင် ယွဲ့ကျုံးသည် ဇွန်ဘီများကို မသတ်ဖြတ်လိုပေ။ ခြစ်ရာလေးတစ်ခုကပင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားစေနိုင်သဖြင့် တိုက်ခိုက်ရသည်မှာ လွန်စွာ အန္တရာယ်များပေသည်။
စကားပြောပြီးနောက်တွင် ယွဲ့ကျုံးက ကျောပိုးအိတ်ကို ဖွင့်လိုက်၏။ အထဲ၌ ချောကလက်၊ သကြားလုံးများနှင့် သောက်စရာများ ရှိချေသည်။ သူက ရေတစ်ဘူးကို ထုတ်ကာ တဂွပ်ဂွပ် သောက်ချလိုက်၏။ ရှည်ကြာလှသော တိုက်ပွဲက သူ့ကို ချွေးများစွာ ထွက်သွားစေသဖြင့် ရေဓာတ် ပြန်လည်ဖြည့်တင်းရန် လိုအပ်ပေသည်။
ယွဲ့ကျုံးသည် သေရေးရှင်ရေးအခြေအနေတွင်ပင် ရိက္ခာအပြည့်ပါသော ကျောပိုးအိတ်ကို မလွှတ်ပစ်ခဲ့ချေ။
ရိက္ခာများသာရှိပါက နေရာတစ်ခုတည်းတွင် ၃ ရက်ကြာ ပိတ်မိနေပါစေ ယွဲ့ကျုံး တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ကျောပိုးအိတ်အတွင်းရှိ ချောကလက်၊ သကြားလုံးများနှင့် သောက်စရာများကို မြင်သောအခါ မိန်းကလေး ၄ ယောက်၏မျက်လုံးများမှာ ချက်ချင်း ၀င်းလက်တောက်ပသွား၏။ အချိန်မှာ မွန်းတည့်ကျော်လွန်နေပြီဖြစ်သည်။ အခန်းထဲတွင် မိန်းကလေးများသည် ကြောက်အားလန့်အားဖြင့် ပစ္စည်းများကို ရွေ့ကာ တံခါး၀၌ ပိတ်ဆို့ထားခဲ့သဖြင့် သက်လုံများ ကုန်ဆုံးခဲ့ရသည်။ သူတို့မှာ ယခုတွင် အလွန်ဗိုက်ဆာနေကြရှာ၏။ အရင်အချိန်များတုန်းက မိန်းကလေးများသည် မာနကြီးသူများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ယခုတွင် ယွဲ့ကျုံးဆီမှ မုန့်တောင်းရန် ရှက်ရွံ့နေကြလေသည်။
“ရေ၊ ချောကလက်”
ကျီချွင်းဝူက တုံ့ဆိုင်းခြင်းမရှိဘဲ ယွဲ့ကျုံးကို ပြောလိုက်၏။
ယွဲ့ကျုံးက ဘာမှမပြောဘဲ ကိုလာတစ်ဘူးနှင့် ချောကလက် ၄ တောင့်ကို ကျီချွင်းဝူအား ပေးလိုက်၏။ ကျီချွင်းဝူသည် သန်မာသည်။ ဤကမ္ဘာကြီး၌ တိုက်ခိုက်နိုင်သူများကို အားကိုးယုံကြည်ရပေမည်။
သူမ၏ပွင့်လင်းသော အကျင့်စရိုက်ကြောင့် ချန်ယောင်က တည့်တိုးပင် မေးလိုက်၏။
“ယွဲ့ကျုံး ငါတို့လည်း ရေဆာလို့။ ကျေးဇူးပြုပြီး ငါတို့ကို သောက်စရာတစ်ခုခု ပေးလို့ရမလား”
ယွဲ့ကျုံးက တခဏမျှ တုံ့ဆိုင်းနေသော်လည်း ကျောပိုးအိတ်ထဲမှ ကိုလာတစ်ဘူးနှင့် ချောကလက် ၄ တောင့်ကို ထုတ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို ချန်ယောင်ကို ပေးကာ ပြော၏။
“မင်းတို့ မျှစားလိုက်ပါ။ ငါ့မှာ ရိက္ခာများများ မရှိဘူး”
“ကျေးဇူးတင်ပါတယ် ယွဲ့ကျုံး”
ချန်ယောင်က ယွဲ့ကျုံးကို တရိုတသေ ကျေးဇူးတင်လိုက်သည်။ ထို့နောက် ကိုလာဘူးနှင့် ချောကလက် ၄ တောင့်ကို ယူကာ ကျန်မိန်းကလေး ၃ ယောက်ထံ လျှောက်သွား၏။
“သူ့စိတ်ထဲမှာ တကယ်ပဲ ကျီချွင်းဝူက ငါတို့ထက်ပို၍ အရေးပါတာပဲ”
ချန်ယောင်က ချောကလက် စားနေရင်း ယွဲ့ကျုံးကို လှမ်းကြည့်ကာ တွေးလိုက်မိသည်။
ယွဲ့ကျုံး၏ရိက္ခာခွဲဝေပေးမှုကို ကြည့်ရင်း အဆောင်ထဲရှိ မိန်းကလေးတစ်ယောက်စီအပေါ် အရေးထားမှုကို ချန်ယောင်မှာ သဘောပေါက်သွား၏။
ပုံမှန်ဆိုလျှင် ချောကလက်နှင့် ကိုလာကဲ့သို့ ကယ်လိုရီများသော အစားအစာများကို မိန်းကလေးများသည် များများစားစား မစားကြချေ။ သို့သော် ယခုကား အရင်အချိန်များနှင့်မတူတော့ကြောင်း ကောင်းကောင်းသိကြပေသည်။ စားစရာ၊ သောက်စရာ ရှိနေခြင်းကပင် လုံလောက်၏။
ထိုအခိုက်အတန့်တွင် မိန်းကလေးဆောင်အပြင်ရှိ ဇွန်ဘီများမှာ တံခါး၀ကို ထုရိုက်နေကြသဖြင့် အဆောင်တစ်လုံးမှာ အဆက်မပြတ် တုန်ခါနေသည်။ ယွဲ့ကျုံးနှင့်ကျီချွင်းဝူတို့၏ ကာကွယ်တိုက်ခိုက်မှုမရှိသောကြောင့် တတိယထပ်ရှိ ဇွန်ဘီအားလုံးမှာ စုစည်း၍ အခန်းတွင်းသို့ ၀င်နိုင်ရန် အပြင်တွင် အဆက်မပြတ်ထုရိုက် တိုက်ခိုက်နေကြ၏။
မိန်းကလေး ၄ ယောက်မှာ ယွဲ့ကျုံးနှင့်အရိုးဖြူနောက်တွင် ပုန်းနေကြသည်။ တံခါးမှာ သံမဏိဖြင့် ပြုလုပ်ထားသော်လည်း ဇွန်ဘီများ ဖောက်၀င်နိုင်ခြင်းရှိ၊မရှိ မည်သူမှ ကြိုမသိချေ။
ကျီချွင်းဝူသည် သန်မာသော်လည်း ယွဲ့ကျုံးနှင့်အရိုးဖြူကဲ့သို့ ဘေးကင်းလုံခြုံစေသော ခံစားချက်ကို အပြည့်အ၀မပေးစွမ်းနိုင်ချေ။ အမှန်ပြောရလျှင် သူမသည် မိန်းကလေးတစ်ဦးသာဖြစ်ပြီး အကြိမ်ကြိမ် အဆင့်တက်ထားသော ယွဲ့ကျုံးထက် သိသိသာသာ အားနည်းသည် မဟုတ်ပါလော။
“မမကျီချွင်းဝူ ညီမတို့ ဘာလုပ်ကြမလဲ”
ကလေးမျက်နှာလေးနှင့် ကျန့်ရှန်က ကျီချွင်းဝူကို ကြည့်ကာ မေးလိုက်သည်။
ကျီချွင်းဝူက မျက်မှောင်ကြုတ်လျက် တံခါး၀ထံ လျှောက်သွား၏။ သူမက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အပြင်ဘက်၌ အကောင်ရေ ၃၀ ထက်မနည်းသော ဇွန်ဘီများကို တွေ့လိုက်ရ၏။ အရေအတွက်မှာ များပြားသည့်အပြင် အပေါက်၀၌ လုံး၀ ပိတ်နေကြသဖြင့် ရှောင်ရှားသွားရန်မှာ မဖြစ်နိုင်ချေ။ ဤသို့ ပတ်၀န်းကျင်တွင် တိုက်ခိုက်လိုက်ပါက သေကြောင်းကြံစည်ခြင်းနှင့် ထူးမခြားနားဖြစ်သွားပေလိမ့်မည်။
“ယွဲ့ကျုံး အကြံလေးဘာလေးများ မရှိဘူးလား”
ကျီချွင်းဝူက ယွဲ့ကျုံးဘက်လှည့်၍ မေးလိုက်သည်။
ယွဲ့ကျုံးကလည်း တံခါး၀အနားလျှောက်လာ၍ တံခါးပေါက်မှတဆင့် အပြင်ရှိ ဇွန်ဘီများကို လှမ်းကြည့်လိုက်သည်။ ဟိုဟိုသည်သည် တိုးဝှေ့သွားလာနေသော ဇွန်ဘီများကို မြင်သောအခါ သူ၏မျက်ခုံးများက တွန့်ချိုးသွား၏။
အပြင်တွင် ဇွန်ဘီများမှာ ပြည့်ကျပ်နေ၏။ ဤအခြေအနေတွင် တိုက်ခိုက်ပါက သူတို့ထဲတွင် အသန်မာဆုံးဖြစ်သည့် အရိုးဖြူပင်လျှင် ရှုံးနိမ့်ပေလိမ့်မည်။
ယွဲ့ကျုံးက ချက်ချင်း သူ့အနောက်ရှိ ပြတင်းပေါက်ဆီသွား၍ ကြည့်လိုက်သည်။
မိန်းကလေးဆောင်၏အနောက်ဘက်တွင် ဟိုဟိုသည်သည် သွားလာနေသော ဇွန်ဘီအချို့သာ ရှိ၏။
မြေပြင်အခြေအနေကို အကဲခတ်ပြီးနောက် ယွဲ့ကျုံးက မိန်းကလေးများထံ ပြန်လျှောက်လာ၏။
“ဒီကနေ ထွက်ဖို့က မခက်ဘူး။ ခက်တာက ကျောင်းထဲကနေထွက်ပြီး အပြင်မှာ အသက်ရှင်အောင်နေနိုင်ဖို့ပဲ။ အခု တစ်ကမ္ဘာလုံးက ဇွန်ဘီတွေနဲ့ ပြည့်နေပြီ။ ဘေးကင်းတဲ့နေရာမရှိသေးရင် ငါတို့ ဒီမှာပဲ နေတာကောင်းမယ်”
“မင်းတို့ သိတဲ့ ဘေးကင်းတဲ့နေရာတွေ ရှိလား။ ဥပမာ – တစ်ဦးပိုင် ဗီလာ ဒါမှမဟုတ် လူနေအိမ်လိုမျိုးပေါ့။ တကယ်လို့ ဗီလာ‌နဲ့လူနေအိမ်တွေက မြို့လည်ခေါင်နဲ့နီးနေတယ်ဆိုရင် ငါတို့ အပြင်ကို လောပြီးမသွားသင့်ဘူး”
ယွဲ့ကျုံးက မိန်းကလေးများကို ကြည့်၍ မေးသည်။
ချန်ယောင်က ယွဲ့ကျုံးကို ကြည့်၍ ပြော၏။
“ငါ့အိမ်က ဥယျာဉ်ရပ်ကွက်မှာ။ အိမ်သော့လည်း ရှိတယ်။ အဲ့ဒီကို သွားလို့ရလား”
“ရတယ်”
ယွဲ့ကျုံးက ခေါင်းညိတ်လိုက်သည်။ ဥယျာဉ်ရပ်ကွက်မှာ ယွန်းဟွာတက္ကသိုလ်နှင့် နီးကပ်၏။ ယင်းနေရာမှာ မြို့လည်ခေါင်နှင့် ဝေးလံသော ကောလိပ်မြို့လေးတစ်မြို့ဖြစ်ပြီး ကျောင်းသားများနှင့် အခြားအပြင်လူအချို့သာ ရှိပေသည်။ ပုန်းခိုရန်အကောင်းဆုံး နေရာတစ်နေရာပင်။
ယွဲ့ကျုံးက မိန်းကလေး ၄ ယောက်ကို ကြည့်ပြီးနောက် လေးနက်စွာ မေး၏။
“မင်းတို့ထဲက ဘယ်သူ ကားမောင်းတတ်လဲ”
“ငါ မောင်းမယ်”
ချန်ယောင်က ထရပ်ကာ ဖြေသည်။
“ငါလည်း မောင်းတတ်တယ်”
၀မ်ဖန်ကလည်း ထရပ်၏။ သူမ၏လုပ်နိုင်စွမ်းများကို ယွဲ့ကျုံးအား ပြသလိုပေသည်။ သူမ၏ဆွဲဆောင်မှုနှင့် အရည်အချင်းတို့ကို ပြသမှသာ အသက်ရှင်နိုင်ရန်အခွင့်အရေးရှိကြောင်း သူမ ကောင်းကောင်းသိသွားလေပြီ။
အပိုင်း ၁၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset