Switch Mode

Chapter – 10

မိန်းကလေး အဆောင်

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁၀ – မိန်းကလေးဆောင်
ပူးပေါင်းတိုက်ခိုက်ကြသဖြင့် သူတို့ ၃ ယောက်သည် မိန်းကလေးဆောင်ကို ဝိုင်းရံထားသော ဇွန်ဘီများကို သတ်ဖြတ်နိုင်ခဲ့၏။
ယွဲ့ကျုံးက မိန်းကလေးဆောင်၏ လုံခြုံရေးအခန်းတွင်းသို့ အလျင်အမြန်သွားကာ သော့ခလောက်နှင့်သော့များကို ယူ၍ ဂိတ်တံခါး၀ကို သော့ခတ်လိုက်သည်။
မိန်းကလေးဆောင်၏အပြင်တွင် ခြေဦးတည့်ရာသွားလာနေသော ဇွန်ဘီ ၁၀၀ ကျော်ရှိ၏။ ထိုဇွန်ဘီများက ယွဲ့ကျုံးနှင့်ကျီချွင်းဝူတို့ကြောင့် ဖြစ်ပေါ်ခဲ့သော ဆူညံသံများကို အာရုံစိုက်မိသွားကြသည်။
ယွန်းဟွာတက္ကသိုလ်၏မိန်းကလေးဆောင်မှာ ယောက်ျားလေးဆောင်နှင့်ယှဉ်လျှင် ပိုမိုဂရုတစိုက် တည်ဆောက်ထားပြီး ကြည့်ပျော်ရှုပျော်ရှိ၏။ ယောက်ျားလေးဆောင်၏တံခါးပေါက်များမှာ ယိုင်နဲ့နေသော သစ်သားတံခါးဟောင်းများ ဖြစ်ကြသော်လည်း မိန်းကလေး‌ဆောင်တံခါးများကိုတာ့ အလူမီနီယံဖြင့် ပြုလုပ်ထားသဖြင့် ခုခံနိုင်စွမ်းမှာ ယောက်ျားလေးဆောင်ထက် ပိုမိုသာလွန်ပေသည်။
ဤသို့ ဖြစ်နေရခြင်းမှာ ယွန်းဟွာတက္ကသိုလ်၌ အင်မတန်ဆိုးရွားသော ဖောက်ခွင်းမှုတစ်ရပ်ဖြစ်ခဲ့ခြင်း‌ကြောင့်ပင်။ ထိုဖြစ်ရပ်၍ ရလဒ်အနေဖြင့် မိန်းကလေးများ ပိုမိုဘေးကင်းစေရန် သစ်သားတံခါးများအားလုံးကို အလူမီနီယံတံခါးများဖြင့် အစားထိုးခဲ့၏။
မိန်းက‌လေးဆောင်အတွင်းရှိ ဇွန်ဘီများက အပြင်မှ အသံများကြောင့် အခန်းများထဲမှ ယိမ်းထိုးကာ ထွက်လာကြသည်။ ဇွန်ဘီအများစုမှာ တံခါးတွင် ညပ်နေကြပြီး မရပ်မနား ထုရိုက်နေကြ၏။ ကမ္ဘာကြီးပျက်သုဉ်းခြင်း စတင်ချိန်သည် နေ့လည်ခင်းဖြစ်သဖြင့် လူအတော်များများမှာ အိပ်စက်အနားယူနေကြကာ အခန်းတံခါးအများစုမှာ ပိတ်ထားလျက် ရှိကြသည်။
သို့ထိတိုင် ယိုင်တိယိုင်တိုင် ထွက်လာသော ဇွန်ဘီအကောင် ၂၀ ‌ရှိသေး၏။
အဆောင်အပြင်၌ ဇွန်ဘီ ၁၀၀ ကျော်မှာ ဧရိယာကို ဝိုင်း၀န်းထားလေသည်။ အခြေအနေမှာ သေရေးရှင်ရေးအချိန်အခါ ဖြစ်ပေသည်။ ဇွန်ဘီများဖြင့် လုံး၀အဝိုင်းလိုက်ခံရပါက သူတို့ ၃ ယောက်လုံး ဇွန်ဘီကိုက်ရာများဖြင့် သေဆုံးသွားလိမ့်မည်။
“ကျွန်မနောက်လိုက်ခဲ့”
ကျီချွင်း၀ူက သူမတို့အနား ချဉ်းကပ်လာသော ပတ်ပတ်လည်ရှိ ဇွန်ဘီများကို ကြည့်ပြီး လှေကားထစ်များအပေါ် အလျင်အမြန် တက်လိုက်၏။
ယွဲ့ကျုံးနှင့်အရိုးဖြူတို့ကလည်း သူမနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။
လှေကားထစ်များတွင် သွားလာနေသော ဇွန်ဘီအချို့ရှိ၏။ ကျီချွင်းဝူ၊ ယွဲ့ကျုံးနှင့်အရိုးဖြူတို့က ထိုဇွန်ဘီများကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်ကြသည်။
ကျီချွင်းဝူ တတိယအထပ်သို့ ရောက်သောအခါ ရုတ်တရက် ဇွန်ဘီ ၄ ကောင်က လှေကားထစ်များထိပ်တွင် ပေါ်လာပြီး သူမအနား လျှောက်လာကြ၏။
ဇွန်ဘီ ၄ ကောင်က လှေကားထစ်တွင် နေရာအပြည့်ယူထားသဖြင့် ကျီချွင်းဝူမှာ ၎င်းတို့ကို ရှောင်တိမ်းမသွားနိုင်ချေ။
ကျီချွင်းဝူက သူမ၏တုတ်ချောင်းကို အသုံးပြု၍ ဇွန်ဘီတစ်‌ကောင်၏ဦးခေါင်းကို လည်ထွက်သွားအောင် ရိုက်ချလိုက်သည်။
ကျန်ဇွန်ဘီ ၃ ကောင်က ရှောင်စရာနေရာမရှိသော သူမကို ခုန်အုပ်လိုက်ကြ၏။
ကျီချွင်းဝူ ဇွန်ဘီ ၃ ကောင်ဖြင့် အဝိုင်းခံနေရသည်ကို မြင်သောအခါ အရိုးဖြူက ပုဆိန်ကြီးကို လွှဲရမ်း၍ လေဆင်နှာမောင်းတစ်ခုနှယ် ပြေး၀င်လာ၏။ ထို့နောက် ဇွန်ဘီတစ်ကောင်၏ခေါင်းကို စိစိညက်ညက် ကြေသွားအောင် ဝင်တိုက်လိုက်သည်။
ယွဲ့ကျုံးကလည်း ရှေ့သို့တက်၍ ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို ရိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူမက ကျီချွင်းဝူကို အနည်းငယ် ဘေးသို့ တွန်းလိုက်ရာ သူမမှာ မြေပြင်ပေါ် လဲကျသွားသည်။
ကျန်ဇွန်ဘီတစ်ကောင်က ယွဲ့ကျုံး၏ဘယ်လက်ကို အားကုန် ကုတ်ချလိုက်ရာ သူ၏အင်္ကျီလက်တစ်ဖက်လုံးမှာ စုတ်ပြဲသွား၏။ သူ၏ဘယ်လက်တစ်ဖက်လုံးမှာ ဇွန်ဘီ၏ခွန်အားကြောင့် ကျိုးလုဆဲဆဲပင်။
မိန်းကလေးဇွန်ဘီမှာ ယွဲ့ကျုံးနှင့် အလွန်နီးကပ်နေပြီး သူမထံမှ အပုပ်နံ့ကိုပင် အနံ့ခံရနိုင်၏။ ကိုက်ရာများကြောင့် စုတ်ပြတ်သတ်နေသော ဇွန်ဘီ၏မျက်နှာက ယွဲ့ကျုံးကို အော်ဂလီဆန်လာစေသည်။ သူ ၎င်းတို့နှင့် မျိုးတူတစ်‌ကောင် ဖြစ်မသွားလိုချေ။
ယွဲ့ကျုံးက ဇွန်ဘီ၏၀မ်းဗိုက်ကို အားကုန်ကန်ချလိုက်ရာ အဆင့်တက်ခြင်းကြောင့် ရရှိလာသော ခွန်အားများက ပေါက်ကွဲထွက်လာပြီး ဇွန်ဘီမှာ နောက်သို့ ၂ မီတာခန့် လွင့်ထွက်သွား၏။ အရိုးဖြူက ရှေ့တက်၍ ဇွန်ဘီ၏ခေါင်းကိုဖြတ်ကာ သတ်ပစ်လိုက်သည်။
ထိုမိန်းကလေးဇွန်ဘီ သေသွားသည့်အချိန်တွင် အဖြူရောင်‌ရတနာသေတ္တာတစ်လုံးက ၎င်းဘေးတွင် ပေါ်လာ၏။
ကျီချွင်းဝူက မြေပေါ်မှ ချက်ချင်းထလာပြီး ယွဲ့ကျုံးအနားသို့ မျက်နှာဖျော့တော့စွာဖြင့် ပြေးလာသည်။ သူမက သူ၏ဒဏ်ရာရထားသော ဘယ်လက်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။
“ယွဲ့ကျုံး အဆင်ပြေရဲ့လား”
ဇွန်ဘီများနှင့်တိုက်ခိုက်ရာတွင် ကြောက်စရာ‌အကောင်းဆုံးအချက်မှာ ၎င်းတို့ထံမှ ခြစ်ရာလေးတစ်ချက်က သင့်ကို ဇွန်ဘီအဖြစ် ပြောင်းလဲသွားစေနိုင်သည့်အချက်ပင်။
“အဆင်ပြေပါတယ်။ ငါ ၀တ်ထားတဲ့ အကာအကွယ်၀တ်စုံက ဇွန်ဘီကိုက်ရာကို ၃ ကြိမ် ကာကွယ်ပေးနိုင်တယ်”
ယွဲ့ကျုံးက သွေးဆုတ်ဖြူဖျော့လျက် ဖြည်းဖြည်းချင်း ပြော၏။
ဤသည်ကာ သူ တွေ့ကြုံခဲ့ရသမျှထဲတွင် အန္တရာယ်အကြီးဆုံး အခိုက်အတန့်ဖြစ်သည်။ သူသာ အကာအကွယ်၀တ်စုံကို ၀တ်မထားခဲ့လျှင် သူ့မှာ ယခုအချိန်တွင် ကူးစက်ခံရပေလိမ့်မည်။
ကျီချွင်းဝူက ကြည်လင်သောမျက်လုံး‌လေးများဖြင့် ယွဲ့ကျုံးကို ညှိုးငယ်စွာ ကြည့်ကာ ကျေးဇူးစကားဆို၏။
“ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ကျေးဇူးကို ကျွန်မ ပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ်”
“မင်းရဲ့ သူငယ်ချင်းတွေကို သွားရှာ‌တော့။ ငါတို့မှာ အချိန်မရှိဘူး”
ယွဲ့ကျုံးက ပတ်၀န်းကျင်ကို အကဲခတ်ပြီးနောက် အဖြူရောင်ရတနာသေတ္တာကို ကောက်ယူကာ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ မိန်းကလေးဇွန်ဘီများက သူတို့အနောက်မှ လိုက်ပါလာကြ၏။ တတိယထပ်အခန်းများထဲမှ ဇွန်ဘီများကလည်း ထွက်လာကြလေသည်။
ကျီချွင်းဝူက အချိန်ဆွဲမနေဘဲ ရှေ့သို့တက်ကာ ဇွန်ဘီ ၂ ကောင်ကို ရိုက်ချလိုက်၏။ ထို့နောက် အခန်း ၃၀၄ ရှေ့၌ ရပ်ကာ အော်လိုက်သည်။
“ချန်ယောင် ငါပါ ကျီချွင်းဝူ။ နင့်ကို လာကယ်တာ တံခါးဖွင့်ပေးပါဦး”
“ချွင်းဝူ တကယ်ပဲ နင်လား။ ပစ္စည်းတွေ မြန်မြန် ဖယ်စမ်းပါဟာ”
ထိုအခန်းထဲမှ အားရ၀မ်းသာအော်သံနှင့်အတူ ပစ္စည်းများကို ရွှေ့နေသောအသံများ ထွက်ပေါ်လာ၏။
ထိုအချိန်တွင် တတိယထပ်မှ ဇွန်ဘီများက ထပ်မံ၍ ထွက်လာကြလေသည်။
ဇွန်ဘီများ ထွက်လာသည်ကို ကြည့်ရင်း ယွဲ့ကျုံး၏မျက်လုံးက မှိုင်းညို့သွား၏။
“ငါ သူတို့တွေကို ခဏ သွားရှင်းလိုက်ဦးမယ်။ ဒီနေရာမှာ စောင့်နေ”
ယွဲ့ကျုံးက ကျီချွင်းဝူဘက်လှည့်၍ ပြောသည်။
ဇွန်ဘီများ၏အရေအတွက်မှာ တစတစ များပြားလာ‌လေပြီ။ သူသာ ယခု အချို့ကို သွားရောက်မသတ်ဖြတ်ပါက ခဏအကြာ ရင်ဆိုင်ရာတွင် ခက်ခဲပင်ပန်းရလိမ့်မည်။
ကျီချွင်းဝူ၏မျက်လုံးများက တောက်ပသွားပြီး သူမက ပြုံး၍ ယွဲ့ကျုံးအနား လျှောက်လာ၏။။
“တူတူသွားမယ်”
“အိုကေလေ”
ယွဲ့ကျုံးက ခေါင်းညိတ်လိုက်ပြီး အရိုးဖြူနှင့်အတူ ဇွန်ဘီများထံ လျှောက်သွား၏။
ကျီချွင်းဝူက သူတို့နှစ်ယောက်နောက်မှ လိုက်လာသည်။ သူတို့ ၃ ယောက်က တတိယထပ်သို့ တက်လာနေသည့် ဇွန်ဘီများကို ပူးပေါင်းတိုက်ခိုက်ကြလေသည်။
“မိုက်လိုက်တာ”
မျက်နှာဝိုင်းဝိုင်းလေးဖြင့် မိန်းကလေးတစ်ယောက်က အခန်းတွင်းမှ လှမ်းကြည့်လိုက်၏။ ဇွန်ဘီများကို သတ်ဖြတ်နေသော ကျီချွင်းဝူ၊ ယွဲ့ကျုံးနှင့် အရိုးဖြူတို့ကို မြင်သောအခါ သူမ၏မျက်လုံးလေးများတွင် လေးစားအားကျမှုတို့ ပြည့်နှက်သွားချေသည်။
တတိယထပ်တွင် ဇွန်ဘီ ၁၀၀ ကျော်ရှိသည်။ တခဏကြာသော် ယွဲ့ကျုံးတို့ ၃ ယောက်မှာ သက်လုံများကို တရစပ် သုံးစွဲနေရသောကြောင့် ခန္ဓာကိုယ်များ လေးလံလာသည်ကို ခံစားလိုက်ကြရ၏။
သူ၏ခန္ဓာကိုယ်ကို တိုးမြှင့်ထားသောကြောင့် ယွဲ့ကျုံးမှာ အနည်းငယ် ခံနိုင်ရည်ရှိပေသည်။ သို့သော် ကျီချွင်းဝူမှာ ချွေးသီးချွေးပေါက်များ ကျနေပြီး အသက်ပြင်းပြင်း ရှူသွင်းနေရ၏။ သူမမှာ စောစောကကဲ့သို့ ခွန်အားမပြင်းတော့ချေ။ သူမ၏အမြန်နှုန်းမှာလည်း လျော့ကျလာပြီး ဇွန်ဘီများအဖမ်းခံရတော့မည့်ဆဲဆဲ အခြေအနေမှာ ၂ ကြိမ်၊ ၃ ကြိမ်မျှ ရှိလာသည်။
ဤသို့ သေရေးရှင်ရေးအခြေအနေတွင် ချန်ယောင်၏အခန်းတံခါးမှာ နောက်ဆုံးတော့ ပွင့်လာခဲ့လေပြီ။
“ချွင်းဝူရေ ဒီကို လာခဲ့တော့”
ချန်ယောင်က ခေါင်းပြူကာ ကျီချွင်းဝူကို လှမ်းအော်လိုက်၏။
ယွဲ့ကျုံးတို့ ၃ ယောက်က အခန်းတွင်းသို့ အလျင်အမြန် ပြေး၀င်ကာ တံခါးကို ပိတ်လိုက်သည်။
တံခါးပိတ်သွားသည့်အခါ မိန်းကလေး ၄ ယောက်က ကွန်ပျူတာစားပွဲ၊ စားပွဲခုံတစ်လုံးနှင့် ဗီဒိုများကို ရွှေ့ကာ တံခါး၀၌ ပိတ်ထားလိုက်ကြ၏။
အခန်းတွင်းသို့ ရောက်သည်နှင့် ကျီချွင်းဝူက အသက်ပြင်းပြင်းရှုသွင်းရင်း ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမတစ်ကိုယ်လုံးမှာ ချွေးများနှင့် ရွှဲနစ်နေ၏။ စောစောက တိုက်ခိုက်မှုမှာ ပြင်းထန်သဖြင့် သူမ၏သက်လုံအားလုံး ကုန်ဆုံးသွားခဲ့သည်။ ယွဲ့ကျုံးသာ မကူညီခဲ့လျှင် သူမတစ်ယောက်တည်းဖြင့် မိန်းကလေးဆောင်သို့ ရောက်လာနိုင်မည်မဟုတ်ပေ။
အပိုင်း ၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset