ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၉ – မီးလုံးငယ်
ယွဲ့ကျုံး၊ အရိုးဖြူနှင့် ကျီချွင်းဝူတို့က အတူတကွ တိုက်ခိုက်ရင်း ရေကန်ပေါ်ရှိ ဥယျာဉ်ငယ်တစ်ခုပေါ်သို့ ပြေးသွားကြလေသည်။
ဥယျာဉ်ငယ်တွင် လူတစ်ယောက်သာ သွားလာနိုင်သော လူသွားလေးတစ်လမ်းသာ ရှိ၏။ ရေများက ဝိုင်းရံထားသဖြင့် ဇွန်ဘီများကို ခုခံတိုက်ခိုက်ရန် အကောင်းဆုံး ခံစစ်တစ်ခု ဖြစ်ပေသည်။
အရိုးဖြူက ဥယျာဉ်ငယ်အတွင်းမှ ထွက်လိုက်ပြီး လူသွားလမ်း၏အလယ်တည့်တည့်တွင် ပိတ်ရပ်လိုက်၏။ သူတို့ထံ လျှောက်လာကြသည့် ဇွန်ဘီများ၏ဦးခေါင်းမှာ အရိုးဖြူ၏ပုဆိန်ကြောင့် ပျံထွက်ကုန်ကြသည်။
ဇွန်ဘီများမှာ လူသွားလမ်းကျဉ်းအလယ်တွင် ရပ်နေသော အရိုးဖြူနှင့် မယှဉ်နိုင်ကြချေ။
ကျီချွင်းဝူက ယွဲ့ကျုံးကို ကြည့်ပြီး ညှို့အားပြင်းသော အသံဖြင့် မေး၏။
“ဟေ့ ကျွန်မနာမည်က ကျီချွင်းဝူပါ။ ရှင့် နာမည်ကရော”
ယွဲ့ကျုံးက ကျီချွင်းဝူကိုကြည့်ရင်း ခပ်ဟဟ ရယ်လိုက်သည်။
“ညီမကျီ။ ကျုပ်နာမည်က ယွဲ့ကျုံးပါ။ မင်းနာမည်ကို မသိတဲ့လူ ကျောင်းမှာ မရှိသလောက်ဘူးထင်တယ်”
သူမ၏ ပခုံးကျော်သောဆံနွယ်များက ပိတုန်းရောင်ကဲ့သို့ နက်မှောင်တောက်ပနေသည်။ မျက်နှာလေးက သူမတူအောင် လှပပြီး အရပ်ရှည်ကာ ကောက်ကြောင်းကောက်သွယ်အဖြာဖြာနှင့်လည်း ပြည့်စုံ၏။ မျက်၀န်းလေးမှာ စူးရှမည်းနက်နေပြီး အဖြူရောင်ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသော အသားအရည်ကိုလည်း ပိုင်ဆိုင်ထားချေသည်။ သူ့အရှေ့ရှိ မိန်းကလေးမှာ ယွန်းဟွာတက္ကသိုလ်တစ်ခုလုံးတွင် အလှဆုံးမိန်းကလေးအဖြစ် နာမည်ကျော်သော ကျီချွင်းဝူဖြစ်၏။
လွန်ခဲ့သည့်တစ်နှစ် နှစ်သစ်ကူးပွဲတော်တွင် ကျီချွင်းဝူသည် ယွန်းဟွာတက္ကသိုလ်၌ ဓားသိုင်းကို ကပြဖျော်ဖြေခဲ့သည်။ လူအတော်များများမှာ ဤမိန်းကလေး၏အလှတွင် နစ်မြောခဲ့ကြ၏။ တက္ကသိုလ်ရှိ ယောက်ျားလေးတိုင်း၏စိတ်ကူးယဉ်ချစ်သူလည်း ဖြစ်လာခဲ့သည်။ ကျောင်းပြင်ပမှ လူကုံထံသူဌေးသားများပင်လျှင် သူမကို တွေ့မြင်ခွင့်ရန် ဇိမ်ခံကားများစီး၍ လာတတ်ကြ၏။
ယွဲ့ကျုံးက ထိုကိစ္စများကို သိပ်ဂရုမစိုက်သော်လည်း သူမ၏ရင်သပ်ရှုမောဖွယ် ဓားသိုင်းကြောင့် မှတ်မိခဲ့သည်။ သိမ်မွေ့လှပသော ကျီချွင်းဝူမှာ ဇွန်ဘီများကို တိုက်ခိုက်ရဲသည့် သတ္တိရှိပြီး ထိုသို့တိုက်ခိုက်ရာတွင်လည်း အင်မတန် ထူးချွန်လိမ့်မည်ဟု ယွဲ့ကျုံးထင်မထားခဲ့ချေ။
ကျီချွင်းဝူက အရိုးဖြူကို ကြည့်ရင်း ပွင့်ပွင့်လင်းလင်း မေး၏။
“အဲ့ဒါ ရှင်ရခဲ့တဲ့ စွမ်းရည်လား”
ယွဲ့ကျုံးက ခေါင်းညိတ်လျက် ဖြေသည်။
“ဟုတ်တယ်”
ကျီချွင်းဝူက မျက်လုံးလေးများ ဝိုင်းစက်လျက် စိတ်အားသက်သန်စွာ ပြော၏။
“ကျွန်မကို ကူညီပါဦး။ ကျေးဇူးပြုပြီး မိန်းကလေးအဆောင်ကို လိုက်ပို့လို့ရမလား။ ကျွန်မသူငယ်ချင်းက အဆောင်ထဲမှာ ပိတ်မိနေတာ။ အဲ့ဒါကြောင့် ကျွန်မနဲ့အတူ လိုက်ခဲ့ပြီး သူ့ကို ကယ်ပေးပါလား”
မိန်းကလေးဆောင်အတွင်း၌ သွားလာနေကြသော ဇွန်ဘီများစွာ ရှိလေသညိ။ ကျီချွင်းဝူမှာ အစွမ်းထက်သော်လည်း ဇွန်ဘီများစွာကို သတ်ဖြတ်၍ သူမသူငယ်ချင်းကို ကယ်တင်ရန် တစ်ယောက်တည်း မတတ်နိုင်ချေ။
ယွဲ့ကျုံးက ခေါင်းညိတ်လိုက်ပြီး တောင်းဆိုမှုတစ်ခု ပြု၏။
“ကိစ္စမရှိပါဘူး။ ဒါနဲ့ ညီမကျီ ကျုပ်မှာလည်း ကယ်ရမယ့်လူတစ်ယောက်ရှိတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် မင်းလည်း ကျုပ်နဲ့အတူ အဲ့လူကို လိုက်ကယ်ပေးဖို့ မျှော်လင့်ပါတယ်”
ကျီချွင်းဝူ မည်ကဲ့သို့ စွမ်းရည်မျိုးကို ရရှိထားသည်လဲ ယွဲ့ကျုံးမသိချေ။ သို့သော် သူမ၏ထိပ်တန်း ဓားသိုင်းကျွမ်းကျင်မှုက အကောင်းမွန်ဆုံး အဖော်ဖြစ်ရန် လုံလောက်၏။ ဤသို့ သန္ဓေပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် ကျီချွင်းဝူသည် လူတစ်ယောက်ရနိုင်သည့် အကောင်းမွန်ဆုံး ရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ချေသည်။
“ကောင်းပါပြီ”
ကျီချွင်းဝူက ပြန်ဖြေသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ရှင် ကောင်းကောင်းအနားယူခဲ့ရဲ့လား။ ပြဿနာတစ်ခုခု မရှိဘူးဆိုရင် ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ”
ဆယ်မိနစ်ကြာပြီးနောက် ကျီချွင်းဝူက ယွဲ့ကျုံးကို မေးလိုက်၏။
ယွဲ့ကျုံးက ထရပ်ကာ ပြောသည်။
“အိုကေ သွားကြစို့”
ယွဲ့ကျုံး၏သက်လုံမှာ ၁၀ မှတ်အထိ ပြန်လည်ပြည့်တင်းလာခဲ့သဖြင့် သူ အချိန်အတော်ကြာ တိုက်ခိုက်နိုင်ပေလိမ့်မည်။
စဦးတုတ်ချောင်းကို ဆွဲကိုင်လျက် ကျီချွင်းဝူက ခပ်သွက်သွက် ထွက်သွားသည်။
လူသွားလမ်းပေါ်၌ ခေါင်းပြတ်နေသော ဇွန်ဘီအလောင်းများက ပြန့်ကျဲနေ၏။ ယွဲ့ကျုံးနှင့်ကျီချွင်းဝူနောက်သို့ လိုက်လာခဲ့ကြသော ဇွန်ဘီ ၁၀ ကောင်ကျော်မှာ အရိုးဖြူလက်ချက်ကြောင့် အသက်ထွက်သွားကြလေပြီ။
အရိုးဖြူမှာ ယွဲ့ကျုံးထက်ပို၍ မြန်ဆန်စွာဖြင့် အဆင့် ၆ သို့ရောက်ရှိသွားပြီး သူ၏အမှတ်များမှာလည်း တဖန် တိုးသွားလေပြီ။
ကျီချွင်းဝူက အရိုးဖြူကို တစ်ချက်ကြည့်ပြီးနောက် ယွဲ့ကျုံးအား ပြုံးပြလိုက်၏။
“ရှင့်ရဲ့စွမ်းရည်က တော်တော်အသုံး၀င်တာပဲ”
အရိုးဖြူမှာ မသေနိုင်သလို သာလွန်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားလေရာ သူ၏ဆက်တိုက် တိုက်ခိုက်နိုင်စွမ်းမှာ ယွဲ့ကျုံးနှင့်အရိုးဖြူထက် များစွာ မြင့်မားချေသည်။
“ကောင်းတယ်”
အလောင်းများကြား လျှောက်သွားရင်း ယွဲ့ကျုံးကပြုံး၍ ရှင်သန်သူဒင်္ဂါးများကို ကောက်ယူပြီး အခြားပစ္စည်းများရှိ၊မရှိ စစ်ဆေးနေ၏။
“ဒါ စွမ်းရည်စာအုပ်ပဲ”
ရုတ်တရက် ယွဲ့ကျုံး၏မျက်လုံးများ တောက်ပသွား၏။ အလောင်းပုံ၏ဘေးတစ်ဖက်၌ စာအုပ်တစ်အုပ် ကျနေသည်။ သူက ၎င်းကို ချက်ချင်း ကောက်ယူလိုက်၏။
[အဆင့် ၁ စွမ်းရည်စာအုပ် – မီးလုံးငယ်။ ရန်သူကို တိုက်ခိုက်ရန် မီးလုံးငယ်တစ်လုံးကို ပစ်လွှတ်ပေးနိုင်သည်။ မှော်ပညာရှင်များ ဤစွမ်းရည်ကို လေ့ကျင့်နိုင်၏။
စွမ်းရည်ကို အဆင့် ၂ သို့ မတိုးမြှင့်မီ သုံးရက်လျှငိ တစ်ကြိမ်သာ ပစ်လွှတ်နိုင်သည်။
ရှင်ကျန်သူဒင်္ဂါး ၁၀၀ ဖြင့် ရောင်းချနိုင်၏]
“ဒီစွမ်းရည်က ငါနဲ့ မကိုက်ဘူး”
ယွဲ့ကျုံး စာအုပ်ကို ကောက်ကိုင်လိုက်သည်နှင့် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
ကျီချွင်းဝူက သူ့အနားရောက်လာပြီး မေး၏။
“ဘာစွမ်းရည်စာအုပ်လဲ”
ယွဲ့ကျုံးက စွမ်းရည်စာအုပ်ကို မြှောက်ကာ မေးသည်။
“အဆင့် ၁ စွမ်းရည်စာအုပ် မီးလုံးငယ်တဲ့။ မင်း ယူမလား”
ကျီချွင်းဝူက ယွဲ့ကျုံးစာအုပ်ထဲရှိ စွမ်းရည်စာအုပ်ကို ကြည့်ကာ ခေါင်းခါ၏။
“မလိုပါဘူး။ သွားကြစို့လေ”
ယွဲ့ကျုံးက စွမ်းရည်စာအုပ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် အိတ်ထဲရှိ ပစ္စည်းများကို သေချာပြန်စီပြီး ကျီချွင်းဝူနောက်မှ လိုက်သွား၏။
ယွဲ့ကျုံး၊ အရိုးဖြူနှင့် ကျီချွင်းဝူတို့ ဥယျာဉ်ငယ်မှ ခပ်လှမ်းလှမ်းသို့ပင် မရောက်သေး ပတ်၀န်းကျင်ရှိ ဇွန်ဘီများက ဒယိမ်းဒယိုင်ဖြင့် သူတို့ထံ ချဉ်းကပ်လာကြပြန်သည်။
“တိုက်ကြ”
ကျီချွင်းဝူက အော်ဟစ်လိုက်ပြီး သူမအရှေ့ရှိ ဇွန်ဘီများထံသို့ လေပွေတစ်လုံးအလား ပြေး၀င်သွား၏။
သူတို့အရှေ့ရှိ ဇွန်ဘီ ၁၂ ကောင်ကို ဖောက်ထွက်၍မသွားလျှင် မိန်းကလေးအဆောင်သို့ သွားနိုင်မည်မဟုတ်ပေ။
ကျီချွင်းဝူ၏အရှိန်မှာ မြန်ဆန်လွန်း၏။ ရှေ့သို့ ခြေလှမ်းကျဲဖြင့် တစ်လှမ်းလှမ်းလိုက်သည်ကပင် ယွဲ့ကျုံးနှင့် အတော်လေး လှမ်းသွားစေ၏။ သူမ၏လျင်မြန်မှုမှာ အတော်လေး မြင့်မားပေသည်။
“အရိုးဖြူ ရှေ့တက်”
ယွဲ့ကျုံးက အရိုးဖြူကို အမိန့်ပေးလိုက်၏။
ယွဲ့ကျုံးထံမှ အမိန့်ရသည်နှင့် အရိုးဖြူ၏မျက်လုံးများက နတ်ဆိုးမီးတောက်အလား တောက်ပသွားသည်။ ၎င်းက စစ်နတ်ဘုရားတစ်ပါးအလား ကျီချွင်းဝူကို ကျော်တက်ကာ ဇွန်ဘီအုပ်ထံ ပြေး၀င်သွား၏။ ပုဆိန်ကြီးကို လွှဲရင်း လေဆင်နှာမောင်းတစ်လုံးနှယ် ကိုယ်ကို လှည့်ပတ်နေလေရာ ဇွန်ဘီခေါင်းများ ပြတ်ထွက်ကုန်ပြီး သွေးပုပ်များက အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်ကုန်၏။
“ဒီအရိုးစုက မိုက်လိုက်တာ”
ကျီချွင်းဝူက သူမကို ကျော်တက်၍ ဇွန်ဘီအုပ်ထဲ ပြေး၀င်သွားသော အရိုးဖြူကို ကြည့်နေလေသည်။ အံ့ဩမှုအရိပ်အယောင်အချို့က သူမ၏မျက်ဝန်းလေးများတွင် ဖြတ်ပြေးသွား၏။ သူမက အရိုးဖြူ၏ဘေးသို့ ချဉ်းကပ်သွားပြီး ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို တုတ်ချောင်းဖြင့် ရိုက်ချလိုက်သည်။
ထို့နောက် ယွဲ့ကျုံးလည်း ရောက်လာ၏။ သူက တုတ်ချောင်းဖြင့် ဇွန်ဘီ၏ဦးခေါင်းကို လည်ထွက်သွားကောင် ရိုက်ချလိုက်ပေသည်။
သူတို့ ၃ ယောက် ပူးပေါင်းတိုက်ခိုက်ကြရာ မကြာမီ လမ်းပိတ်ထားသော ဇွန်ဘီ ၁၂ ကောင်မှ ၈ ကောင်ကို သတ်ဖြတ်ပြီး ဖောက်ထွက်နိုင်သွား၏။
“မြန်မြန်”
ကျီချွင်းဝူက ဇွန်ဘီအလောင်း ၈ လောင်းကို တစ်ချက်ကြည့်ပြီး ရှေ့သို့ ပြေးထွက်လာသည်။
ဇွန်ဘီများကို သူတို့ကို ဝိုင်းလာနေပြီး အလယ်တွင် ပိတ်မိသွားပါက သေရပေလိမ့်မည်။
“အသက်ပန်းသီးပါလား ကောင်းတယ်”
ယွဲ့ကျုံး ထွက်လာတော့မည့်အချိန် အလောင်းတစ်လောင်းဘေးတွင် ကျနေသော ပန်းသီးကို တွေ့လိုက်သဖြင့် ကောက်ယူပြီးမှ ပြေးလာလေသည်။
သူတို့ ၃ ယောက်သည် ဇွန်ဘီအုပ်ကိုဖောက်ထွက်ပြီးနောက် လျှောက်သွားနေသော ဇွန်ဘီ ၆ ကောင်ကို သတ်ဖြတ်၍ မိန်းကလေးအဆောင်သို့ အလျင်အမြန် ချီတက်လာခဲ့၏။
မိန်းကလေးအဆောင်အရှေ့တွင် သွားလောနေသော ဇွန်ဘီ ၁၀ ကောင် သူတို့ထံ လျှောက်လာကြပြန်သည်။
“သနားစရာပဲ”
ယွဲ့ကျုံးက ဇွန်ဘီများကို ကြည့်၍ ရေရွတ်လိုက်၏။ တစ်ချိန်က လှပနုပျိုခဲ့သော မျက်နှာလေးများမှာ ယခုတွင်တော့ ကိုက်ရာဗလပွဖြစ်နေချေသည်။ သူတို့ပုံစံမှာ ကရုဏာသက်စရာပင်။ ထိုမိန်းကလေးများမှာ တက္ကသိုလ်ကျောင်းသူဘ၀ကို တွေ့ကြုံဖြတ်သန်း၍ ပျော်ရွှင်နေခဲ့သူများ ဖြစ်ခဲ့ကြသည်။ ယခုတွင်တော့ လူသားစားရရန်မှတစ်ပါး မည်သည်ကိုမှ မသိသော ဇွန်ဘီများ ဖြစ်လာခဲ့ကြလေပြီ။
အရိုးဖြူ၌ ယွဲ့ကျုံးကဲ့သို့ စိတ်ခံစားချက်များ မရှိချေ။ ၎င်းက ရှေ့တက်၍ မိန်းကဘေးဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။
ကျီချွင်းဝူက လေပွေတစ်လုံးနှယ် ဇွန်ဘီများထံ ပြေးဝင်သွား၏။ သူမ၏တုတ်ချောင်းကို မြေတစ်ကောင်နှယ် ကိုင်တွယ်၍ ဇွန်ဘီတစ်ကောင်၏ခေါင်းကို ရိုက်ချလိုက်ရာ ၎င်းခေါင်းမှာ ဘေးသို့ ကျိုးကျသွားသည်။
ယွဲ့ကျုံးကလည်း အဖွဲ့အတွင်း၀င်ရောက်၍ ဇွန်ဘီများကို သတ်ဖြတ်နေ၏။
အပိုင်း ၉ ပြီး၏။
Chapter – 9
မီးလုံးငယ်
? Views, Released on August 27, 2024