ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၈ – ကျီချွင်းဝူ
ယွဲ့ကျုံး၏စကားဆုံးပြီး မကြာမီ စွန်းယုက စိတ်အားထက်သန်စွာ မေး၏။
“မင်း ဇွန်ဘီတွေအများကြီး သတ်ခဲ့တာပဲ။ စွမ်းရည်စာအုပ်အပိုမရှိဘူးလား။ ငါတို့ကိုပေးရင် ကူသတ်ပေးမယ်လေ”
“မရှိဘူး”
ယွဲ့ကျုံးက စွန်းယုကို ကြည့်၍ ခပ်ဖွဖွ ဖြေသည်။
ယင်းအကြောင်းအရာမှ စကားလမ်းကြောင်းလွှဲ၍ ယွဲ့ကျုံးက သုံးယောက်လုံးကို ကြည့်ရင်း ပြော၏။
“စဦးတုတ်ချောင်းကို သုံးပြီး ဇွန်ဘီလုံလုံလောက်လောက် သတ်နိုင်ရင် မင်းတို့ ခွန်အားတိုးမြှင့်နိုင်လိမ့်မယ်”
ယွဲ့ကျုံးက သူတို့သုံးယောက်၏လက်များကို ငုံ့ကြည့်ရင်း မေးသည်။
“မင်းတို့ တုတ်ချောင်းတွေရော”
“ငါတို့ ထွက်ပြေးလာတုန်းက လွှတ်ပစ်လိုက်ပြီ”
ချန်းကန်က ရှက်ရွံ့နေပုံဖြင့် ဖြေသည်။
စွန်းယုနှင့်၀မ်ရွှမ်းတို့မှာလည်း မျက်နှာမဖော်ဝံ့တော့ပေ။ ထွက်ပြေးနေစဉ်တုန်းက တစ်မီတာရှည်ပြီး ကီလိုဂရမ်အနည်းငယ်လေးသော “စဦးတုတ်ချောင်း” မှာ အမှိုက်ရှုပ်သဖြင့် သူတို့နှင့်အတူ သယ်မလာခဲ့ကြချေ။
တုတ်ချောင်းနှင့်ဇွန်ဘီများကို သတ်လျှင် သန်မာလာနိုင်သည်ဆိုသောကြောင့် ချန်းကန်၊ စွန်းယုနှင့် ၀မ်ရွှမ်းတို့မှာ လွှတ်ပစ်ခဲ့မိသည်ကို နောင်တရနေကြ၏။
“မင်းတို့ ၃ ယောက်ထဲက ဘယ်သူ ကားမောင်းတတ်လဲ”
ယွဲ့ကျုံးက မေးသည်။
ကျောင်းမှထွက်သောလမ်းတွင် သွားလာနေသော ဇွန်ဘီအကောင် ၃၀ ကျော်၏။ ယွဲ့ကျုံးနှင့်အရိုးဖြူသည် ဖြည်းဖြည်းချင်း သတ်ဖြတ်သွားနိုင်သော်လည်း ဆုံးရှုံးရမည့် သက်လုံပမာဏက နည်းနည်းနောနော မဟုတ်ပေ။ ကျောင်းကားကို မောင်း၍ ဇွန်ဘီများ ပိတ်နေသည်ကို ဖောက်ထွက်ရပေလိမ့်မည်။
“ငါ မောင်းတတ်တယ်”
ချန်းကန်နှင့်စွန်းယုနှစ်ယောက်လုံးက ခေါင်းခါလိုက်စဉ် ၀မ်ရွှမ်းက ရုတ်တရက် ထပြော၏။
ယွဲ့ကျုံးက ၀မ်ရွှမ်းကို စိုက်ကြည့်ရင်း ဆက်မေးသည်။
“မင်း ကျောင်းကားကို မောင်းနိုင်လား”
၀မ်ရွှမ်းက ယွဲ့ကျုံးကို ကြည့်၍ ဖြေ၏။
“အရင်တုန်းက ကားတစ်ခါမောင်းဖူးပေမယ့် ကျောင်းကားကိုတော့ မမောင်းဖူးဘူး။ ဒါပေမယ့် သဘောတရားက တူတူပဲ နေမှာပါ”
ယွဲ့ကျုံးက တခဏ စဉ်းစားနေပြီးနောက် ပြန်ပြောသည်။
“ကြည့်ရတာ ဒါပဲ ရွေးစရာရှိတဲ့ပုံပဲ။ ငါတို့ ကျောင်းကားကို သွားယူရမယ်”
စွန်းယုက ကန့်ကွက်၏။
“အန္တရာယ်များလွန်းတယ်။ အပြင်မှာ ဇွန်ဘီတွေ ပေါသောနေတာ ငါတို့ ဒီနေရာမှာပဲ ပုန်းနေကြရအောင်။ ဒီမှာ ရေလည်းရှိတယ်။ အစားအစာလည်းရှိတယ်။ ပတ်ပတ်လည်မှာလည်း ဇွန်ဘီတွေမရှိတော့တာကို မြင်တယ်မလား။ ငါတို့ ဒီမှာ ပုန်းနေသရွေ့ ရေနဲ့အစားအစာအတွက် စိတ်မပူရဘူး။ ဇွန်ဘီတွေက အလောင်းကောင်တွေပါ။ ခေတ်မီစစ်တပ်နဲ့ဆို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ ငါတို့ ဒီမှာပဲနေပြီး စစ်တပ်လာကယ်တာကို စောင့်တာ မကောင်းဘူးလား”
ယွဲ့ကျုံးမှာ သုံးကြိမ်တိတိ အဆင့်တက်ပြီးသော်လည်း မည်သည့်ဇွန်ဘီကိုမှ ကြောက်ရွံ့စရာ မလိုတော့သည်အထိ မသန်မာသေးချေ။ ဇွန်ဘီ ဒါဇင်ကျော်နှင့်သာ ရင်ဆိုင်ရပါက ၎င်းတို့ထံမှ ရှောင်တိမ်းထွက်ပြေးရလိမ့်မည်။ တက္ကသိုလ်ပရိဝုဏ်အတွင်းတွင် ဇွန်ဘီ ၁၀၀၀ ကျော်ရှိသဖြင့် အမှားလေးတစ်ခုက အသက်ဆုံးရှုံးသွားစေနိုင်၏။ စွန်းယုသည် ကြီးကြီးမားမား မစွန့်စားလိုချေ။
ချန်းကန်နှင့် ၀မ်ရွှမ်းတို့မှာလည်း ငြိမ်ကျသွား၏။ လူတိုင်း ဤသို့ အခြေအနေမျိုးတွင် ကြောက်စိတ်၀င်ကြလိမ့်သည်။ ရွေးချယ်စရာရှိပါက ဘေးကင်းလုံခြုံစွာ ပုန်းနေမည့်အစား မည်သူက အပြင်ထွက်၍ အသက်အန္တရာယ်အထိခိုက်ခံမည်နည်း။ စူပါမားကတ်အတွင်း၌ ရိက္ခာအပြည့်အစုံရှိပြီး ပတ်ပတ်လည်ရှိ ဇွန်ဘီများကိုလည်း ယွဲ့ကျုံးနှင့်အရိုးဖြူတို့က ရှင်းလင်းပြီးသားဖြစ်သဖြင့် ပုန်းခိုရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ချေသည်။
“ကောင်းပြီလေ။ မင်းတို့တွေ ဒီမှာနေခဲ့။ ငါသွားမယ်”
ယွဲ့ကျုံးက သူတို့သုံးယောက်ကို စိုက်ကြည့်ပြီးနောက် ကျောပိုးအိတ်ကိုလွယ်ကာ အပြင်သို့ ထွက်သွား၏။
ယွဲ့ကျုံးသည် ထို ၃ ယောက်ကို ကယ်တင်ခဲ့သော်လည်း သူတို့ကို အမိန့်ပေးပိုင်ခွင့်မရှိချေ။ သူနှင့်အတူ ပူးပေါင်းရန် ဆန္ဒမရှိပါက ဖိအားပေးမည်မဟုတ်ပေ။
ယွဲ့ကျုံးနှင့်အရိုးဖြူ အပြင်ထွက်သွားသည်နှင့် စူပါမားကတ်အတွင်းတွင် ကျန်ခဲ့သော ၃ ယောက်၏စိတ်အစဉ်တွင် အကြောက်တရားများ ကြီးစိုးသွား၏။ ဇွန်ဘီများနှင့်ပြည့်နှက်နေသော ကမ္ဘာကြီးတွင် အရှေ့မှနေ၍ ကာကွယ်ပေးမည့်သူမရှိသော သူတို့၏အနာဂတ်ကြီးမှာ မဲမှောင်နေချေသည်။
“ဒီလိုတွေ ဖြစ်လာမှန်းသာ ကြိုသိခဲ့ရင် ကားကောင်းကောင်းမောင်းတတ်အောင် သင်ထားပါတယ်ကွာ”
ယွဲ့ကျုံးက စူပါမားကတ်မှ ထွက်လာရင်း ကျောင်းကားရပ်ထားသော ကားပါကင်နေရာကို ခပ်ရေးရေးပြုံး၍ ကြည့်လိုက်၏။
သူ၏မိသားစုမှာ ဆင်းရဲသောကြောင့် ကားမောင်းသင်ရန် ပိုက်ဆံအပိုအလျှံ မရှိခဲ့ချေ။
“ကြည့်ရတာ ကိုယ်အားကိုယ်ကိုးရမယ့် ပုံပဲ။ အထဲမှာ ကားသော့ရှိနေပါစေ”
ယွဲ့ကျုံး အသက်တစ်ရှိုက် ရှူသွင်း၍ ကျောင်းကား ရပ်ထားသည့် ဆင်ခြေလျှောလမ်းဘက်သို့ လျှောက်သွားလိုက်သည်။
ယွန်းဟွာတက္ကသိုလ်၏ကျောင်းကားများသည် အရည်အသွေးကောင်းမွန်၏။ ၎င်းတို့သည် သာမန်ကားများမလုပ်နိုင်သော ဇွန်ဘီများ နင်းချေမောင်းနှင်သွားနိုင်သည်။
လမ်းထိပ်တွင် ဇွန်ဘီ ၈ ကောင်က ဟိုဟိုသည်သည် သွားလာနေကြ၏။ ယွဲ့ကျုံးနှင့်အရိုးဖြူတို့၏ ခြေသံကို ကြားသောအခါ ၎င်းတို့က သူတို့အနား ချဉ်းကပ်လာကြသည်။
အရိုးဖြူက ဦးဆောင်၍ အရှေ့သို့ တက်လိုက်ပြီး ပုဆိန်ကြီးကို လွှဲရမ်းကာ ဇွန်ဘီတစ်ကောင်ကို နှစ်ပိုင်းဖြတ်လိုက်၏။
ယွဲ့ကျုံးကလည်း မခေပါချေ။ သူက ရှေ့သို့ အလျင်အမြန် တက်လိုက်ပြီး တုတ်ချောင်းဖြင့် ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို လည်ထွက်သွားအောင် ရိုက်ချလိုက်သည်။ သူ၏စွမ်းအားမှာ ၄ မှတ်၊ ၄၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့သဖြင့် ဇွန်ဘီများကို သတ်ရသည်မှာ ပိုမိုလွယ်ကူလာလေပြီ။
လူတစ်ယောက်၊ အရိုးစုတစ်ခုက အဆီးအတားမဲ့စွာဖြင့် ဇွန်ဘီ ၈ ကောင်ကို သတ်ဖြတ်နေလေသည်။ ယွဲ့ကျုံးသည် သက်လုံ ၁ မှတ် သုံးစွဲလိုက်ရ၏။
[အဆင့် ၅ သို့ ရောက်ရှိသွားပါပြီ။ အမှတ် ၂ မှတ်ကို သုံးစွဲပေးပါ]
ဇွန်ဘီ ၈ ကောင်ကို သတ်ဖြတ်ပြီးနောက် ယွဲ့ကျုံးသည် အဆင့်တက်သွားသော အသံချိုချိုလေးကို ကြားလိုက်ရပြန်သည်။
“၂ မှတ်လုံးကို သက်လုံမှာ ထည့်လိုက်”
ယွဲ့ကျုံးက မြန်မြန်ဆန်ဆန်ပင် ဆုံးဖြတ်လိုက်၏။
သက်လုံ လုံလုံလောက်လောက် မရှိလျှင် ယွဲ့ကျုံးသည် ကြာကြာ မတိုက်ခိုက်နိုင်ချေ။ သက်လုံသည် တိုက်ခိုက်ရန်သာမက ထွက်ပြေးရာတွင်ပါ အသုံး၀င်၏။ သင်သာ မသန်မာလျှင် အချိန်တခဏမျှ တိုက်ခိုက်မှုလေးက သင်၏သက်လုံအားလုံးကို ကုန်ဆုံးသွားစေလိမ့်မည်။
နွေးထွေးမှုတစ်ခုက ယွဲ့ကျုံးခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး သူ သုံးစွဲခဲ့သည့် သက်လုံပမာဏကို ဖြည့်တင်းပေးလိုက်သည်။
ကျောင်းကားသည် ယောက်ျားလေးများစွာ ဇွန်ဘီဖြစ်သွားခဲ့သော ဘတ်စကတ်ဘောကွင်းအနားတွင် ရှိ၏။ ယွဲ့ကျုံးနှင့်အရိုးဖြူတို့သည် ထိုဇွန်ဘီ ၈ ကောင်ကို သတ်ဖြတ်နေစဉ် ဘတ်စကတ်ဘောအနားရှိ ဇွန်ဘီများက အသံကြောင့် သူတို့ထံ လျှောက်လာကြလေသည်။
ယွဲ့ကျုံးက ဇွန်ဘီ ဒါဇင်ကျော်ကို မြင်လိုက်ရသောအခါ ကျောင်းကားအတွင်းသို့ လှမ်းကြည့်လိုက်၏။ မည်သူမှမရှိကြောင်း တွေ့သည့်အခါ ၎င်းအထဲ အလျင်အမြန် ပြေး၀င်သွားလေသည်။
“ချီးပဲ။ သော့မရှိဘူး”
ယွဲ့ကျုံးမှာ ကျောင်းကားအထဲ၌ ကားသော့များမရှိကြောင်း တွေ့လိုက်ရ၏။
တခဏမျှ ဟိုဟိုသည်သည် ရှာဖွေပြီးနောက် ယွဲ့ကျုံးက ကျောင်းကားအတွင်းမှ ခုန်ထွက်လိုက်သည်။
ထိုအချိန်တွင် ဇွန်ဘီ ဒါခင်ခန့်မှာ ယွဲ့ကျုံးထံ ကယိမ်းကယိုင် လျှောက်လာကြ၏။
ဘတ်စကတ်ဘောကွင်းသာမက အနီးတစ်ဝိုက်ရှိအဆောင်များမှ ဇွန်ဘီများကဘည်း အသံများကြောင့် ယွဲ့ကျုံးတို့ထံ ယိုင်တိယိုင်တိုင် လျှောက်လာကြသည်။
ယွဲ့ကျုံးက ဇွန်ဘီဒါဇင်ကျော်ကို ကြည့်ရင်း ထွက်ပြေးချင်စိတ်များ ပေါက်လာ၏။ ဇွန်ဘီပမာဏမှာ များပြားလွန်းသည့်အတွက် သူ၏သက်လုံအားလုံးသုံးစွဲ၍ တိုက်ခိုက်လျှင်တောင်မှ ကုန်စင်အောင် သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
“ဖောက်ထွက်လိုက်”
ထိုအခိုက်အတန့်တွင် မိန်းကလေးတစ်ယောက်က ဘေးတစ်နေရာမှ ပြေးလာ၏။ သူမ၏ဆံပင်ရှည်များမှာ နက်မှောင်ပျော့ပြောင်းနေပြီး သူမက ဂျင်းဘောင်းဘီ၀တ်ထားသည်။ သူမ၏လက်ထဲတွင် စဦးတုတ်ချောင်းကို ဆုပ်ကိုင်ထား၏။
မျက်စိဖြင့်မြင်နိုင်သည်မှာ လေပွေတစ်လုံးလို လှုပ်ရှားနေသည့် ဂျင်းဘောင်းဘီနှင့်မိန်းကလေးတစ်ယောက်ကိုပင်။ သူမ၏ဓားသိုင်းကျွမ်းကျင်မှုမှာ အံ့မခန်းပင်။ တုတ်ချောင်းမှာ သူမလက်ထဲတွင် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး ဇွန်ဘီတစ်ကောင်၏ဦးခေါင်းနှင့်ထိသည်နှင့် ၎င်းဦးခေါင်းကို လည်ထွက်သွားစေ၏။
ဂျင်းဘောင်းဘီနှင့်မိန်းကလေး၏ တိုက်ခိုက်ခြင်းခံရသော ဇွန်ဘီများမှာ မြက်ပင်များကဲ့သို့ ပြန့်ကျဲနေကြကာ သူမကို ထိပင်မထိနိုင်ကြချေ။
“ငါ့နောက် မြန်မြန်လိုက်ခဲ့” မိန်းကလေးက ယွဲ့ကျုံးအနားရောက်လာ၍ ပြော၏။
“ကျီချွင်းဝူ သူက မဟုတ်မှ”
ယွဲ့ကျုံးမှာ မိန်းကလေးကို ကြည့်လိုက်စဉ် သူ့ခေါင်းထဲတွင် အတွေးတစ်ချက် ပေါ်လာ၏။ ထို့နောက် သူက မိန်းကလေးနောက်လိုက်ကာ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
အပိုင်း ၈ ပြီး၏။
Chapter – 8
ကျိချွင်း၀ူ
? Views, Released on August 27, 2024