Switch Mode

Chapter – 7

စူပါ မားကတ်လေး

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၇ – စူပါမားကတ်လေး
ယွဲ့ကျုံးသည် စူပါမားကတ်ပတ်ပတ်လည်ရှိ ဇွန်ဘီအားလုံးကို သတ်ဖြတ်ပြီးသွားလေရာ သစ်ပင်အောက်ရှိ ဇွန်ဘီ ၁၆ ကောင်သာ ကျန်တော့၏။
အကာအကွယ်၀တ်စုံကို ၀တ်ပြီးနောက် ယွဲ့ကျုံး၏သက်လုံမှာ ၁၃ မှတ်အထိ တိုးသွားခဲ့သည်။ သူ ၅ မိနစ်သာ အနားယူရသေးသော်လည်း သူ၏သက်လုံမှာ ၄ မှတ်မှ ၇ မှတ်သို့ ပြန်လည်ပြည့်လာခဲ့လေပြီ။ ယွဲ့ကျုံးက ထပ်မံ၍ မိနစ် ၂၀ ကြာ နားခဲ့သော်လည်း ထိုအချိန်အတွင်း သက်လုံတစ်မှတ်မှ ထပ်တိုးမလာခဲ့ချေ။
“အချိန်အကြာကြီး တိုက်ခိုက်လိုက်တာနဲ့ ငါ့ခန္ဓာကိုယ်က ခြေကုန်လက်ပမ်းကျသွားပြီပဲ။ သက်လုံကလည်း အခုထိ နိမ့်နေတုန်းပဲ”
ယွဲ့ကျုံးက မျက်မှောင်ကြုတ်လျက် တိတ်တဆိတ် တွေးတောလိုက်သည်။ သူသည် ယနေ့တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။ သူ၏ခန္ဓာကိုယ်မှာ သန်မာလာခဲ့သော်လည်း သက်လုံပြည့်နှုန်းက အကန့်အသတ်ရှိနေသေးသည်။
“ငါ ဒီပန်းသီးကို စားမှဖြစ်တော့မယ်”
ယွဲ့ကျုံးက အသက်ပန်းသီးကို ထုတ်ကာ ကိုက်လိုက်သည်။
ချိုမြိန်၍အရသာရှိလှ‌သော ပန်းသီးရည်များမှာ ယွဲ့ကျုံးပါးစပ်အတွင်း၀င်ကာ သူ့ခန္ဓာကိုယ်ထဲ စီး၀င်သွား၏။
ယွဲ့ကျုံးမှာ အသက်ပန်းသီးကို သုံး၊ လေးကိုက်သာ ကိုက်လိုက်ရပြီးနောက် ကုန်သွားလေသည်။ အေးမြသော စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲ စီးမြောသွားကာ သူ၏နုံးနယ်နေသော ခန္ဓာကိုယ်ကို ကုသပေးလိုက်၏။
ထို‌အေးမြသော ဖြည့်တင်းပေးနေမှုပြီး၍ ၅ မိနစ်ကြာသော် သူ၏ပင်ပန်းနေသော ခန္ဓာကိုယ်မှာ ပြန်လည်အားကောင်းလာပြီး သက်လုံမှာလည်း ၁၂ မှတ်အထိ တိုးသွားသည်။
အပြည့်အ၀ အနားယူပြီးနောက် ယွဲ့ကျုံးက အရိုးဖြူနှင့်အတူ စူပါမားကတ်အတွင်းမှ ထွက်လာ၏။
“သူ ထွက်လာပြီ”
ယွဲ့ကျုံး ထွက်လာသည်နှင့် စွန်းယုက ချန်းကန်ကို စိတ်လှုပ်တရှား ပြောလိုက်သည်။
ယွဲ့ကျုံးကို မြင်သည်နှင့် ချန်းကန်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် တောက်ပသွား၏။ ယွဲ့ကျုံးသာ သူတို့မကယ်ဘဲ ထွက်သွားပါက သူတို့တွင် အသက်ရှင်နိုင်မည့် နည်းလမ်းမရှိတော့ချေ။
ယွဲ့ကျုံးက သစ်ပင်ကို ဝိုင်း၀န်းထားသော ဇွန်ဘီ ၁၆ ကောင်ကို မြင်သည်နှင့် ဘီယာဘူးခွံတစ်ခုကို လှုပ်ကာ မြေ‌ပြင်ပေါ် ပစ်လိုက်လေသည်။
ဂလွမ်….။
အသံက ကျယ်လောင်စွာဖြင့် ဧရိယာတွင် ပျံ့နှံ့သွားလေရာ သစ်ပင်အောက်ရှိ ဇွန်ဘီ ၁၆ ကောင်က လှည့်ကြည့်၍ ချဉ်းကပ်လာကြ၏။
“အရိုးဖြူ သွားကြစို့”
ယွဲ့ကျုံးက အရိုးဖြူ‌ဘေး၌ တုတ်ချောင်းကို မြဲမြဲကိုင်ထားလေသည်။
ယွဲ့ကျုံးထံမှ အမိန့်ရသည်နှင့် အရိုးဖြူက ဇွန်ဘီများထံ ပြေး၀င်သွား၏။
၁၀ စက္ကန့်ကြာသော် အရိုးဖြူခုတ်ဖြတ်လိုက်သော ဇွန်ဘီတစ်ကောင်၏ဦးခေါင်းက ပျံထွက်လာချေသည်။
ဇွန်ဘီတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် ဘေးရှိ ဇွန်ဘီ ၃ ကောင်က အရိုးဖြူထံ ချဉ်းကပ်လာကြ၏။
ယွဲ့ကျုံးက ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို အားကုန်ရိုက်ချလိုက်ရာ ဇွန်ဘီ၏ဦးခေါင်းမှာ လည်ထွက်သွားလေသည်။ ထို့နောက်က သူက နောက်ထပ် ဇွန်ဘီတစ်ကောင်ကို မြေပေါ်လဲကျသွားအောင် ကန်ထုတ်လိုက်၏။
အကာအကွယ်၀တ်စုံကို ၀တ်ဆင်ပြီး‌နောက် ယွဲ့ကျုံး၏လှုပ်ရှားမှုများမှာ ပို၍ရဲတင်းလာသည်။ မဟုတ်လျှင် သူ့အနေဖြင့် ဇွန်ဘီတစ်ကောင်ကို ကန်ရဲမည်မဟုတ်ချေ။ အမှားလေးတစ်ခုကြောင့် ထိခိုက်မိသည့် ခြစ်ရာလေးတစ်ခုကပင် ဇွန်ဘီဖြစ်သွားစေနိုင်သည်မဟုတ်ပါလော။
အရိုးဖြူက ပုဆိန်ကြီးကို လွှဲရမ်း၍ ဇွန်ဘီတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ပြန်သည်။
အဆင့် ၄ သို့ရောက်ရှိပြီးနောက် အရိုးဖြူ၏ယေဘုယျခွန်အားမှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့၏။ အတိုက်အခိုက်စွမ်းရည်များတွင် သိသိသာသာ အတိုးတက်ဆုံးမှာတော့ ၎င်း၏တုံ့ပြန်နိုင်စွမ်း ဖြစ်ချေသည်။
ယွဲ့ကျုံးက ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး ဇွန်ဘီ၏ဦးခေါင်းကို တုတ်ချောင်းဖြင့် ရိုက်ချလိုက်ရာ ခေါင်းမှာ ချိုင့်၀င်သွား၏။
ယွဲ့ကျုံးနှင့်အရိုးဖြူတို့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇွန်ဘီ ၄ ကောင်ကို အသက်ရှိုက်စာအနည်းငယ်အတွင်း သတ်ဖြတ်နိုင်သွားလေသည်။
ဇွန်ဘီ ၄ ကောင်ကို သတ်ပြီးနောက် ယွဲ့ကျုံးနှင့်အရိုးဖြူက တပ်ဆုတ်လိုက်ပြန်သည်။ သူတို့က ကျန်ဇွန်ဘီ ၁၂ ကောင်ကို ပတ်သွားပြီး ၎င်းတို့၏ဘယ်ဘက်ကို ထိုးဖောက်၍ တိုက်စစ်ဆင်၏။
သူတို့၏ထိုးဖောက်မှုက ဇွန်ဘီ ၃ ကောင်ကို သတ်ဖြတ်နိုင်လိုက်ပြီး သူတို့က တဖန် ဆုတ်သွားကြပြန်သည်။
ထိုသို့ ထိုးဖောက်တိုက်ခိုက်မှုများကို အကြိမ်အတော်ကြာ ပြုလုပ်ပြီးနောက် ယင်းဇွန်ဘီအုပ်မှာ ယွဲ့ကျုံးနှင့်အရိုးဖြူ၏ရှင်းလင်းခြင်းခံလိုက်ရ၏။
“မိုက်လိုက်တာ။ ကျောင်းမှာ ဒီ‌လိုသန်မာတဲ့ ရွက်ပုန်းသီးတစ်ယောက်ရှိနေမယ်ဆိုတာ ထင်တောင်ထင်မထားဘူး”
ယွဲ့ကျုံးနှင့်အရိုးဖြူတို့ ဇွန်ဘီများအား အလွယ်တကူ သတ်ဖြတ်နေသည်ကို သစ်ပင်ပေါ်မှ ကြည့်နေရင်း ချန်းကန်မှာ သက်ပြင်း လေးပင်စွာချလိုက်၏။ စွန်းယုနှင့် နောက်ထပ်ကောင်လေး ဝမ်ရွှမ်းတို့ကလည်း သဘောတူစွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေကြသည်။
ဇွန်ဘီအုပ်ကို သတ်ဖြတ်ပြီးနောက် ယွဲ့ကျုံး၏သက်လုံမှာ ၃ မှတ်လျော့သွားပြီး ၉ မှတ်သာ ကျန်တော့၏။ သူ၏ခွန်အားနှင့်သက်လုံကို တိုးပြီးနောက် တိုက်ပွဲခံနိုင်ရည်မှာလည်း တိုးတက်လာခဲ့လေပြီ။
အလောင်းများကို ရှင်းလင်းပြီးနောက် ယွဲ့ကျုံးက မြေပေါ်တွင် ပြန့်ကျဲနေသည့် ရှင်ကျန်သူဒင်္ဂါးများကို လိုက်လံကောက်ယူလိုက်သည်။
သူတို့ကို ဝိုင်းထားသော ဇွန်ဘီများမရှိတော့သဖြင့် ယောက်ျားလေး ၃ ယောက်က သစ်ပင်ပေါ်မှ ဆင်းလာကြ၏။
“ဟယ်လို သူငယ်ချင်း ငါက တတိယနှစ်‌ကျောင်းသား ချန်းကန်ပါ”
ချန်းကန်က သစ်ပင်ပေါ်မှ အောက်သို့ ရောက်လျှင်ချင်း ယွဲ့ကျုံးအား သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။
“ငါက စွန်းယု တတိယနှစ်ကျောင်းသားပဲ”
“ငါက ၀မ်ရွှမ်း ငါလည်း တတိယနှစ်ကျောင်းသား”
စွန်းယုနှင့် ၀မ်ရွှမ်းတို့ကလည်း ယွဲ့ကျုံးအနားလာ၍ သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။
ယွဲ့ကျုံးက ချန်းကန်ကို ကြည့်၍ ပြော၏။
“ငါက ယွဲ့ကျုံးပါ။ စောစောကအတွက် ကျေးဇူးတင်ပါတယ်”
စောစောက ချန်းကန်သည် ဇွန်ဘီတစ်ဝက်ကို မျှားခေါ်ခြင်းဖြင့် ယွဲ့ကျုံးအား ကူညီပေးခဲ့သည်။ ထို့ကြောင့်သာ ယွဲ့ကျုံးသည် ဇွန်ဘီများပထမလှိုင်းကို သတ်ဖြတ်နိုင်ခဲ့၏။ ထိုသို့မဟုတ်လျှင် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့ပြီး ဇွန်ဘီများကို သတ်ဖြတ်နိုင်ခဲ့မည် မဟုတ်ချေ။
ဇွန်ဘီများ၏ကြောက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို့၏ခွန်အားမဟုတ်ဘဲ အရေအတွက်နှင့်ဗိုင်းရပ်ကူးစက်မှုဖြစ်၏။ ဇွန်ဘီအကောင် ၂၀ လောက်သာ စုဝေးလာပါက ရင်ဆိုင်ရန်မလွယ်ကူချေ။ ၎င်းတို့ကိုသတ်၍ရသော်လည်း ပေးဆပ်ရမည့် သက်လုံပမာဏနှင့် အာရုံစူးစိုက်မှုတို့မှာ အင်မတန် များပြား၏။
“ဘာလို့ အရမ်းယဉ်ကျေးနေရတာလဲ။ ငါတို့ကတောင် အသက်ကယ်ပေးလို့ မင်းကို ကျေးဇူးတင်ရမှာ”
ချန်းကန်က စိတ်ပါလက်ပါရယ်ရင်း အရိုးဖြူကို လက်ညှိုးထိုးကာ မေးလိုက်၏။
“ယွဲ့ကျုံး မင်း အဲ့ဒါကို ဘယ်ကရတာလဲ”
ယွဲ့ကျုံးဘေးရှိ အထူးအရိုးစု ‘အရိုးဖြူ’ ကို စွန်းယုနှင့်၀မ်ရွှမ်းတို့က အားကျနေသော မျက်၀န်းများဖြင့် ကြည့်နေကြလေသည်။
အရိုးဖြူ မည်မျှအစွမ်းထက်သည်ကို သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ ၎င်းက တစ်ချက်တည်းဖြင့် ဇွန်ဘီတစ်ကောင်ကို သတ်ပစ်နိုင်ပေသည်။
“အထဲ၀င်ပြီး ပြောကြတာပေါ့။ ဒီနေရာက ဆွေးနွေးတိုင်ပင်လို့ ကောင်းတဲ့နေရာမဟုတ်ဘူး”
ယွဲ့ကျုံးက ဘေးဘီဝဲယာကို ကြည့်ရင်း ထို ၃ ယောက်ကို စူပါမားကတ်ထံ လက်ညှိုးထိုးပြလိုက်၏။ အနီးအနားရှိ ဇွန်ဘီများကို သူနှင့်အရိုးဖြူတို့ သတ်ဖြတ်ခဲ့သော်လည်း တက္ကသိုလ်အတွင်းတွင် ဇွန်ဘီ ၁၀၀၀ ကျော် ရှိနေနိုင်သည်။ သူတို့မှာ လုံးလုံးလျားလျား ဘေးမကင်းသေးချေ။
ချန်းကန်တို့အဖွဲ့က ခေါင်းညိတ်ရင်း ယွဲ့ကျုံးအနောက်မှနေ၍ စူပါမားကတ်အတွင်း ၀င်သွားကြလေသည်။
စူပါမားကတ်အတွင်းရောက်သည်နှင့် စွန်းယုက ဘီယာတစ်ဘူးကိုဖောက်ကာ တစ်ကြိုက်တည်း သောက်ချလိုက်၏။ ထို့နောက် သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး အေးအေးလူလူ ပြောသည်။
“ဝှီး…နောက်ဆုံးတော့ အသက်ရှင်နိုင်သွားပြီ။ ရေဆာနေခဲ့တာကွာ”
ယွဲ့ကျုံးက စုန်းယုကို မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။ ဘေးမကင်းသေးချေ။ လိုအပ်သော ပြောဆိုဆက်သွယ်ရေးမှလွဲ၍ မလိုလားသောအသံများကို ထွက်ပေါ်မသွားလိုပေ။
ချန်းကန်က ရေတစ်ငုံသောက်ရင်း ယွဲ့ကျုံးအနား လျှောက်လာ၏။ ထို့နောက် သူက အရိုးဖြူကို လက်ညှိုးထိုး၍ ထပ်မေးလေသည်။
“ယွဲ့ကျုံး မင်း ဒါကို ဘယ်လိုရလာတာလဲ။ ငါတို့ကို ပြောပြလို့ရလား”
စွန်းယုနှင့် ၀မ်ရွှမ်းတို့ကလည်း လိုချင်တပ်မက်မှုများ ပြည့်နှက်နေသော မျက်၀န်းများဖြင့် ယွဲ့ကျုံးကို ကြည့်နေကြ၏။ ဤဇွန်ဘီကမ္ဘာသို့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ခွန်အားကြီးသူများသာ ရှင်သန်နိုင်မည်ဖြစ်ကြောင်း အားလုံး သိကြလေသည်။
ယွဲ့ကျုံးက ချန်းကန်ကို စိုက်ကြည့်ကာ မေး၏။
“မင်း သူ့ကိုယ်သူ နတ်ဘုရားလို့ ပြောတဲ့အသံကို ကြားရလား”
“ငါ ကြားခဲ့တယ်”
ချန်းကန်က ပြန်ဖြေသည်။
“ငါလည်း ကြားခဲ့ရတယ်”
“ငါရောပဲ”
စွန်းယုနှင့် ၀မ်ရွှမ်းတို့ကလည်း ၀င်ပြောကြသည်။
ယွဲ့ကျုံးက ဖြည်းဖြည်းချင်း ပြော၏။
“ငါ ဇွန်ဘီတစ်ကောင်ကို သတ်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲကနေ စွမ်းရည်စာအုပ်တစ်အုပ်ကျလာတယ်။ အဲ့စွမ်းရည်စာအုပ်က စွမ်းရည်ကို သုံးရင် မင်းတို့ရဲ့ ပထမဆုံး အရိုးစုကို ဆင့်ခေါ်နိုင်လိမ့်မယ်”
ဤသည်ကား ဖုံးကွယ်ထားရမည့်အရာမဟုတ်ချေ။ ထွက်ပြေးလွတ်မြောက်နိုင်ရန် လူအင်အားများလေ ကောင်းလေပင်။
အပိုင်း ၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset