Switch Mode

Chapter – 6

အဆင့် ( ၁ ) အကာအကွယ် ၀တ်စုံ

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၆ – အဆင့် ၁ အကာအကွယ်၀တ်စုံ
“လေးလိုက်တာ”
ယွဲ့ကျုံးက ကျောပိုးအိတ်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အထဲရှိ ပစ္စည်းသုံးပုံနှစ်ပုံခန့်ကို ထုတ်၍ မြေပြင်တွင် ချထားလိုက်၏။
ဤစူပါမားကတ်လေး၌ ကြာကြာနေရန် မသင့်တော်‌ချေ။ စူပါမားကတ်၏အပြင်နံရံမှာ သာမန်မှန်ချပ်များဖြင့်သာ ကာရံထားသည်။ ၎င်းက ဇွန်ဘီများကို တားဆီးနိုင်စွမ်းမရှိချေ။ ပို၍ကြီးမားသော စူပါမားကတ်ကြီးများသာလျှင် ဇွန်ဘီများ၏ဒဏ်ကို ခံနိုင်ရည်ရှိပေလိမ့်မည်။
ယွဲ့ကျုံးသည် ကျောင်းအတွင်းမှ ထွက်ပြေးနိုင်ရန် ခွန်အားအလုံအ‌လောက်ရှိရ‌ပေမည်။ ဤမျှလေးလံသော ကျောပိုးအိတ်ကို သယ်နေရခြင်းက သူ၏သက်လုံကို ထိခိုက်စေနိုင်သည်။
ဘေးကင်းသော နေရာတစ်ခုသို့ ထွက်ပြေးနိုင်ရန် ယွဲ့ကျုံးသည် စောစောက အဆင့်တက်ခဲ့စဉ်တွင် စွမ်းအားနှင့်သက်လုံတို့ကို မြှင့်တင်ခဲ့၏။
ယွဲ့ကျုံးက ရေသန့်ဘူးကြီးတစ်ဘူးကို မြှောက်၍ တဂွပ်ဂွပ် သောက်ချလိုက်သည်။ ထို့နောက် ၎င်းကို လွှတ်ပစ်လိုက်ပြီး အပြင်သို့ ခပ်သုတ်သုတ် ထွက်သွား၏။
အရိုးဖြူသည် အပြင်၌ တံခါး၀ကို စောင့်ကြပ်နေလေသည်။ ဇွန်ဘီအကောင် ၂၀ က ယွဲ့ကျုံးထံ ချဉ်းကပ်လာကြသဖြင့် ခံစားနေရသောဖိအားကြီးမှာ ဖော်ပြ၍ပင်မရနိုင်ချေ။
ဇွန်ဘီအုပ်ကို ကြည့်ရင်း ယွဲ့ကျုံး၏မျက်ခုံးများမှာ တွန့်ချိုးသွား၏။ ဇွန်ဘီများနှင့်ပြည့်နေသည့်အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားရန် နေရာမရှိတော့ချေ။ ၎င်းတို့ကြားမှ အတင်းအကြပ် တိုး၍ ထွက်သွားနိုင်မည်မဟုတ်ချေ။
“ကယ်ပါဦး ကျွန်တော်တို့ကို ကယ်ပါဦး”
ထိုအချိန်တွင် သစ်ပင်ထိပ်ရှိ ချန်းကန်က ကျယ်လောင်စွာ အော်လိုက်၏။
ချန်းကန်၏အော်သံကြောင့် ဇွန်ဘီအုပ်ကြီးမှာ နှစ်ခြမ်းကွဲသွား၏။ ဇွန်ဘီ ၁၀ ကောင်က ယောက်ျားလေး ၃ ယောက်ရှိရှာသို့ လျှောက်သွားကြလေသည်။
ချန်းကန်ဘေးတွင် စွန်းယုအမည်ရှိ ကောင်လေးတစ်ယောက်က ညည်းညူလိုက်၏။
“ချန်းကန် မင်း ရူးနေလား။ အဲ့ကောင်တွေကို ဒီဘက်ခေါ်လိုက်ပြန်ပြီကွာ”
ချန်းကန်က ပြန်ဖြေသည်။
“ငါ မရူးပါဘူး။ အောက်မှာ ဇွန်ဘီတွေအများကြီး….ငါတို့ကို ဘယ်သူ‌မှလာမကယ်ရင် ဒီသစ်ပင်ပေါ်မှာ ဘယ်အချိန်ထိ နေနိုင်မှာလဲ။ မင်း ဒီဇွန်ဘီတွေကြားကနေ ထွက်ပြေးနိုင်လို့လား”
စွန်းယုမှာ ချက်ချင်း တိတ်ဆိတ်သွား၏။ ဇွန်ဘီများမှာ နှေးကွေးသော်လည်း အရေအတွက် များပြားလွန်းသည်။ ထိုအန္တရာယ်များလွန်းသည့် အလောင်းကောင်များက တက္ကသိုလ်ပရိဝုဏ်အတွင်း ပြန့်ကျဲနေလေရာ ထွက်ပြေးရန်မှာ မဖြစ်နိုင်ချေ။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကား ထိုဇွန်ဘီများထံမှ ခြစ်ရာလေးတစ်ခုကပင် ဇွန်ဘီတစ်ကောင်ဖြစ်သွားစေနိုင်ပြီး ကုရာနတ္ထိဆေးမရှိချေ။
ဇွန်ဘီ ၁၀ ကောင်ထွက်သွားသည့်အတွက် ယွဲ့ကျုံးထံရှိဖိအားမှာ အတော်လေး ပေါ့လျော့သွားလေသည်။
အရိုးဖြူက‌ ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့တစ်လှမ်းတက်လိုက်၏။ ပုဆိန်ကြီးကို လွှဲရမ်း၍ ပထမဆုံးဇွန်ဘီတစ်ကောင်ကို ခေါင်းဖြတ်လိုက်ရာ ယင်းခေါင်းမှာ ပျံထွက်သွားသည်။
ယွဲ့ကျုံးက အ‌ရိုးဖြူနောက်မှလိုက်၍ အမိန့်ပေးလိုက်သည်။
“အရိုးဖြူ အဲ့ကောင်တွေရဲ့ ဘယ်လက်ကို ဖြတ်ပစ်လိုက်”
အရိုးဖြူ ဇွန်ဘီများကို သတ်နေသည့်အတွက် ယွဲ့ကျုံးသည် သန်မာလာရန် exp အမှတ်များ မရပေ။ သူကိုယ်တိုင် ဇွန်ဘီများကို သတ်မှသာလျှင် အဆင့်တက်၍ ပိုမို သန်မာလာပေလိမ့်မည်။
အရိုးဖြူက အမိန့်ရသည်နှင့် ရှေ့သို့တက်ကာ ဇွန်ဘီတစ်ကောင်၏ဘယ်လက်ကို ခုတ်ချလိုက်၏။
ယွဲ့ကျုံးက တုတ်ချောင်းကိုမြှောက်၍ ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို ရိုက်ချလိုက်ရာ ဇွန်ဘီမှာ ဇက်ကြိုးသွားတော့သည်။
“မိုက်လိုက်တာ”
သစ်ပင်များအပေါ်တွင် ပုန်းနေသည့် ချန်းကန်သည် ယွဲ့ကျုံးနှင့်အရိုးဖြူတို့ ဇွန်ဘီများကို ပူးပေါင်းတိုက်ခိုက်နေသည်ကို မြင်နေရ၏။ သူ့မျက်လုံးများက ချီးကျူးသော အရိပ်အယောင်များဖြင့် တောက်ပနေလေသည်။
“နောက်ဆုတ်”
ဇွန်ဘီ ၂ ကောင်ကို သတ်ပြီးနောက် ယွဲ့ကျုံးက အရိုးဖြူကို အမိန့်ပေးလိုက်၏။
ထိုအချိန်တွင် ကျန်ဇွန်ဘီ ၈ ကောင်မှာ တဖြည်းဖြည်း စုလာကြသည်။ နောက်တစ်ကြိမ် အဝိုင်းခံလိုက်ရပါက ယွဲ့ကျုံး သေသွားပေလိမ့်မည်။
ယွဲ့ကျုံးနှင့်အရိုးဖြူက ရုတ်တရက် ဇွန်ဘီအုပ်အတွင်းမှ ထွက်လိုက်သည်။
ဇွန်ဘီ ၈ ကောင်က သူတို့နောက်မှ လိုက်ပါလာ၏။
လိုက်ပါလာ‌သော ဇွန်ဘီ ၈ ကောင်၏အမြန်နှုန်း၏နှေးကွေးမှုနှင့် မြန်ဆန်မှုမှာ သိသာ၏။ ဇွန်ဘီ ၁ ကောင်က ရုတ်တရက် ရှေ့သို့ ရောက်လာလေသည်။
“သွား အဲ့ကောင်ရဲ့ဘယ်လက်ကိုဖြတ်”
ယွဲ့ကျုံးက အော်၍ အမိန့်ပေးလိုက်၏။
အရိုးဖြူက လျင်မြန်စွာ ရှေ့တက်၍ ဇွန်ဘီ၏ဘယ်လက်ကို ဖြတ်ပစ်လိုက်သည်။ ယွဲ့ကျုံးက အခွင့်‌အရေးကို အသုံးချ၍ ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို တုတ်ချောင်းဖြင့် ရိုက်ချလိုက်၏။
ဇွန်ဘီနှစ်ကောင်ကို သတ်ပြီးနောက် အရိုးဖြူနှင့်ယွဲ့ကျုံးတို့က ထပ်မံ၍ ဇွန်ဘီအုပ်ထံမှ ခပ်လှမ်းလှမ်းသို့ ထွက်လာလိုက်ပြန်သည်။
ထိုသို့ဖြင့် ဖြည်းဖြည်းချင်း သတ်ဖြတ်သွားရာ ယွဲ့ကျုံးနှင့်အရိုးဖြူတို့သည် နောက်ဆုံးတွင် ထိုဇွန်ဘီအုပ်ကိုပါ ရှင်းလင်းနိုင်လိုက်၏။
[အဆင့် ၄ သို့ ရောက်ရှိသွားပါပြီ။ ကျေးဇူးပြုပြီး အရည်အချင်းမှတ် ၂ မှတ်ကို သုံးစွဲပေးပါ]
ယွဲ့ကျုံး ဇွန်ဘီများကို သတ်ဖြတ်ပြီးနောက် အဆင့်တက်သွားသည့် ကျေနပ်စရာ အသံလေးက သူ့စိတ်ထဲတွင် မြည်လာ၏။
“စွမ်းအားနဲ့ သက်လုံမှာထည့်လိုက်”
ယွဲ့ကျုံးက အသက်ကို ဟောဟဲရှူလျက် ဆိုသည်။ သူ၏သက်လုံမှာ ဇွန်ဘီ ၁၀ ကောင်ကို သတ်ပြီးနောက် ၃ မှတ်သာ ကျန်ခဲ့၏။
ယွဲ့ကျုံး၏‌ကိုယ်ထဲတွင် နွေးထွေးမှုတစ်ခုက စီးဆင်းသွားလေသည်။ သူ ထပ်မံ၍ သန်မာလာလေပြီ။
ယွဲ့ကျုံးအရှေ့တွင် အရိုးဖြူသည်လည်း အဆင့် ၄ သို့ တက်သွားပြီး ၎င်းမှာ သာမန်လူထက် ၃၀ ရာခိုင်နှုန်းမျှ သန်မာနေပြီဲဖြစ်သည်။
ယွဲ့ကျုံး ဇွန်ဘီ ၁၀ ကောင်ကို သတ်‌ဖြတ်နေမှုက အနည်းငယ် ဆူညံသွားသဖြင့် အနီးရှိ ဇွန်ဘီ ၃ ကောင်က သူ့အနား ချဉ်းကပ်လာကြပြန်သည်။
“အဲ့ကောင်တွေကို သွားသတ်လိုက်။ ပြီးရင် ဒီနားကို ပြန်လာစောင့်”
ယွဲ့ကျုံးက ဇွန်ဘီ ၃ ကောင်ကို တစ်ချက်ကြည့်ပြီးနောက် အရိုးဖြူကို အမိန့်ပေးလိုက်၏။ သူသည် အလွန်ပင်ပန်းနေပြီး သက်လုံပြန်လည်ပြည့်တင်းရန် အနားယူဖို့ လိုအပ်ပေသည်။
အရိုးဖြူက အမိန့်ရသည်နှင့် ရှေ့သို့တက်ကာ သူ၏ပုဆိန်ကြီးကို လွှဲရမ်း၍ ဇွန်ဘီ ၂ ကောင်ကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်၏။
“ဟေ့ အဲ့တာဘာကြီးလဲ”
နောက်ဆုံးဇွန်ဘီကို အရိုးဖြူသတ်ဖြတ်ပြီးနောက် ၃၀ စင်တီမီတာ အရွယ်အစားရှိသော အဖြူရောင်သေတ္တာတစ်လုံးက ဇွန်ဘီ၏ခန္ဓာကိုယ်ထဲမှ ထွက်လာကာ ဘေးသို့ ကျလာပေသည်။ ယွဲ့ကျုံးက ၎င်းကိုမြင်သည်နှင့် ချက်ချင်း‌ ၎င်းအနားလျှောက်သွားက ကောက်ယူလိုက်၏။
[အဖြူရောင်ရတနာသေတ္တာ – ဤ‌ရတနာသေတ္တာအတွင်းတွင် သင်အသုံးပြုနိုင်သော ရတနာပါရှိနိုင်သလို ဗလာလည်း ဖြစ်နေနိုင်သည်]
ယွဲ့ကျူံ သေတ္တာကို ကောက်ယူလိုက်သည့်အခါ အချက်အလက်များက သူ့ခေါင်းထဲတွင် ပေါ်လာ၏။
ယွဲ့ကျုံးက တုံ့ဆိုင်းမနေဘဲ ရတနာသေတ္တာကို ဖွင့်လိုက်ရာ အဖြူရောင်အလင်းတန်းများက စူးရှစွာ တောက်ပသွားပြီး သူ့အရှေ့တွင် အဖြူရောင်၀တ်စုံတစ်စုံ ပေါ်လာသည်။
[အဆင့် ၁ အကာအကွယ်၀တ်စုံ – အဆင့် ၅ နှင့်အောက် စဦးကူးစက်မှုများကို ကာကွယ်ပေးနိုင်သည်။ အဆင့် ၅ အထက် စဦးကူးစက်မှုများကို ခုခံနိုင်ခြင်းမရှိချေ။
ဘောနပ်စ်များ – စွမ်းအား +၁၊ လျင်မြန်မှု +၁၊ အသက် +၁၊ သက်လုံ +၁၊ ဝိညာဉ် +၁၊ ခွန်အား +၁။
အခြားအကာအကာအကွယ်များနှင့် တွဲဖက်၀တ်ဆင်နိုင်သော်လည်း ဘောနပ်စ်များဆင့်၍ ရရှိမည်မဟုတ်ပေ။
ကြာရှည်ခံခြင်း ၃/၃။ စနစ်စတိုးတွင် ရှင်ကျန်သူဒင်္ဂါး ၅၀ ပြားဖြင့် ရောင်းချနိုင်သည်]
“ပစ္စည်းကောင်းပဲ”
ယွဲ့ကျုံးသာ အကာအကွယ်၀တ်စုံကို ၀တ်ဆင်လိုက်ပါက သာမန်လူထက် ၁၀ ရာခိုင်နှုန်းမျှ ပိုမိုသန်မာလာလိမ့်မည်။ ဇွန်ဘီ ၃ ကောင်၏တိုက်ခိုက်မှုကို ခံနိုင်လေရာ အသက် ၃ သက်ပို၍ ရလိုက်သလိုပင်။
ဇွန်ဘီများနှင့် တစ်ကောင်ချင်းတိုက်ခိုက်ရာတွင် ယွဲ့ကျုံးသည် ဂရုစိုက်နေရသည်။ အဘယ်ကြောင့်ဆိုသော် အမှားလေးတစ်ခုကပင် သူ့ကို ကူးစက်သွားစေနိုင်သောကြောင့်ပင်။ ဤ၀တ်စုံနှင့်ဆိုလျှင် ဇွန်ဘီများဖြင့် အဝိုင်းမခံရအောင်သာ ဂရုစိုက်ရလိမ့်မည်။ အမှန်တကယ်ပင် အသက် ၃ သက်ဖြင့် ညီမျှ၏။
အဖြူရောင်အကာအကွယ်၀တ်စုံက သူ့ခန္ဓာကိုယ်နှင့် ကွက်တိပင်။
ယွဲ့ကျုံးက အကာအကွယ်၀တ်စုံကို ၀တ်၍ သစ်ပင်ပေါ်သို့ ကြည့်လိုက်သည်။ ထို့နောက် လက်မထောင်ပြလိုက်ပြီးနောက် အနားယူရန် စူပါမားကတ်အတွင်း ၀င်သွား၏။
“ချန်းကန် အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ သူက ဘာလို့ စူပါမားကတ်ထဲ ပြန်၀င်သွားတာလဲ”
စွန်းယုက ယွဲ့ကျုံး စူပါမားကတ်ထဲ ၀င်သွားသည်ကို ကြည့်၍ မေးလိုက်သည်။
ချန်းကန်က တွေးတောလိုက်၏။
“ကြည့်ရတာ သူ သက်လုံတွေ အများကြီး သုံးလိုက်တာဖြစ်မယ်”
တိုက်ခိုက်ရခြင်းသည် သက်လုံများစွာ သုံးစွဲရပြီး အချိန်ကြာကြာ ထိန်းမထားနိုင်ချေ။
ယွဲ့ကျုံးက စူပါမားကတ်ထဲတွင် သတိကပ်လျက် ပတ်၀န်းကျင်အခြေအနေကို အကဲခတ်ကာ တိတ်တဆိတ် အနားယူနေ၏။
အပိုင်း ၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset