ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၅ – အသက်ပန်းသီး
ထိုနွေးထွေးမှုပျောက်ကွယ်သွားသည့်အခါ ယွဲ့ကျုံးသည် ပို၍သန်မာလာသည်ကို ခံစားလိုက်ရ၏။
အခန်း၏အခြားတစ်ဖက်တွင် အရိုးဖြူက ပုဆိန်ဖြင့် ဇွန်ဘီတစ်ကောင်ကို ခေါင်းဖြတ်ပစ်လိုက်သည်။ အလင်းရောင်တစ်ခုက ခပ်ဖြော့ဖြော့ တောက်ပလာပြီး ၎င်း၏လက်ဖဝါးအရွယ်အရိုးတစ်ချောင်းက ရင်ဘတ်အကာအဖြစ် ပြောင်းလဲသွား၏။
“နောက်တစ်ဆင့် တက်သွားပြန်ပြီ။ တိုးတက်နှုန်းက မြန်လိုက်တာ”
ယွဲ့ကျုံးက အရိုးဖြူကို တစ်ချက်ကြည့်၍ တွေးလိုက်သည်။
အရိုးဖြူတစ်ဆင့်တက်သွားတိုင်း သူ၏အရည်အချင်းခြောက်မျိုးမှာ တဖန် တိုးသွားပြန်၏။ ယွဲ့ကျုံးမှာတော့ တစ်ခါလျှင် နှစ်ခုသာ တိုးလေသည်။ သူတို့နှစ်ယောက်လုံး၏အရည်အချင်းအမှတ်များ တိုးတက်လာသော်လည်း အရိုးဖြူ၏အမှတ်များက ယွဲ့ကျုံးထက် ၃ ဆမျှ မြင့်မား၏။
အဆင့်တက်ပြီးနောက် အရိုးဖြူမှာ ပို၍ သန်မာလာသည်။ သူက ပုဆိန်ကြီးကို လွှဲရမ်း၍ ကျန်ဇွန်ဘီ ၂ ကောင်ကို ခေါင်းဖြတ်သတ်ပစ်လိုက်ပြန်၏။ ဇွန်ဘီများ၏တိုက်ခိုက်မှုများမှာ ရပ်တန့်သွားသယောင်ပင်။
ဇွန်ဘီအားလုံး သေဆုံးသွားမှသာ ယွဲ့ကျုံးမှာ စိတ်အေးစွာဖြင့် သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။ အပုပ်နံ့များကို အောင့်အည်းသည်းခံရင်း ယွဲ့ကျုံးသည် လက်အိတ်များ၀တ်လိုက်ပြီး အမဲရောင်ဒင်္ဂါးများကို လိုက်လံကောက်နေ၏။
ယခုအချိန်တွင် ထိုဒင်္ဂါးများမှာ အသုံးမ၀င်သေးသော်လည်း နောင်တွင်တော့ အသုံး၀င်လာလိမ့်မည်ဟု ယွဲ့ကျုံး ယုံကြည်ပေသည်။
အားလုံး လိုက်ကောက်ပြီးနောက် ယွဲ့ကျုံးသည် ပြတင်းပေါက်ရှေ့၌ ပြန်ထိုင်လိုက်ပြီး သက်လုံပြန်ပြည့်လာအောင် ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်၏။
“ဒီမှာ ကြာကြာနေလို့မရဘူး”
ယွဲ့ကျုံးက အခန်းကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
ဤအခန်းကျဉ်းလေးထဲတွင် အလောင်း ၁၀ လောင်းကျော်က စုပုံနေ၏။ သွေးပုပ်များက စီးဆင်းနေပြီး အပုပ်နံ့များကလည်း လှိုင်ထွက်နေသဖြင့် လူတစ်ယောက်နေနိုင်သော နေရာတစ်နေရာမဟုတ်ချေ။ ပြင်းထန်လှသော တိုက်ပွဲပြီးနောက် ယွဲ့ကျုံးမှာ အာခေါင်များ ခြောက်ကပ်နေပြီး ရေအလွန်ဆာနေချေသည်။ ရေထဲ၌ ဗိုင်းရပ် ရှိ၊မရှိ မသေချာသဖြင့် ယွဲ့ကျုံးသည် အဆောင်အတွင်းရှိ ပိုက်ခေါင်းမှလာသော ရေကို မသောက်ရဲချေ။ သူသာ ဤနေရာမှာ ဆက်နေလျှင် သေသွားလိမ့်မည်။
ယွဲ့ကျုံးက ၁၀ မိနစ်ခန့် နားလိုက်ရာ သူ၏သက်လုံသည် ၄ မှတ်မှ ၇ မှတ်အထိ ဖြည်းဖြည်းခြင်း ပြည့်လာ၏။ ၈ မှတ်အထိ ပြည့်ရန် နောက်ထပ် မိနစ် ၂၀ ကြာသွားလေသည်။
“ကြည့်ရတာ သက်လုံ ပြန်ပြည့်နှုန်းက အတိအကျမရှိဘူးပဲ။ ပမာဏနည်းလေ ပြန်ပြည့်ဖို့ ခက်လေပါလား”
ယွဲ့ကျုံးက သူ၏သက်လုံ ဖြည်းဖြည်းချင်း ပြန်ပြည့်လာသည်ကို လေ့လာရင်း ကောက်ချက်ချလိုက်သည်။
သူက ထရပ်၍ အပြင်သို့ ကြည့်လိုက်ပြန်သည်။ တက္ကသိုလ်ပရိဝုဏ်မှာ ပြန်လည်တည်ငြိမ်နေလေပြီ။ ကျောင်းသားများနှင့်၀န်ထမ်းများမှာ ကူးစက်ခံရလျှင်ခံရ သို့မဟုတ် ပုန်းခိုရန် နေရာရှာတွေ့သွားကြပြီဖြစ်လိမ့်မည်။ ဇွန်ဘီများက ပရိဝုဏ်အတွင်း နေရာတိုင်းတွင် ပြန့်ကျဲလျက် လျှောက်သွားနေကြ၏။
ယောက်ျားလေးအဆောင်မှ ဇွန်ဘီအများစုမှာ ချန်းကန်တို့ ၆ ယောက်အဖွဲ့တွင် အာရုံကျနေသဖြင့် အလယ်တွင် နေရာလွတ်ကြီး ကျန်နေချေသည်။
ထိုနေရာလွတ်တွင် ဇွန်ဘီအချို့က ကျို့တိုးကျဲတဲ ရပ်နေကြ၏။
“အောက်ဆင်းလိုက်”
ယွဲ့ကျုံးက ထိုဇွန်ဘီများကို ကြည့်ရင်း အရိုးဖြူကို အမိန့်ပေးလိုက်သည်။
အရိုးဖြူ၏မျက်လုံးများက နတ်ဆိုးဆန်ဆန် မီးတောက်များဖြင့် တောက်ပသွား၏။
ထို့နောက် ၎င်းက ပုဆိန်ကို ကျောတွင်ကပ်လိုက်ပြီး ယွဲ့ကျုံးချထားသည့်ကြိုးမှတဆင့် လျင်မြန်စွာ အောက်သို့ ဆင်းသွားလေသည်။
အရိုးဖြူက အောက်သို့ ရောက်သည်နှင့် အသံတစ်ချက်ပြုလိုက်၏။ ၎င်းက ပတ်ဝန်းကျင်၏တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလေသည်။
ဇွန်ဘီ ၄ ကောင်က ရုတ်တရက် လှည့်၍ အရိုးဖြူထံ ဒယိမ်းဒယိုင် လျှောက်လာ၏။
အရိုးဖြူ အောက်သို့ ရောက်သွားသည်နှင့် ယွဲ့ကျုံးက တောင်တက်ကျောပိုးအိတ်ကြီးကို လွယ်ကာ ကြိုးကိုတွယ်၍ ဆင်းလာသည်။
ဇွန်ဘီ ၄ ကောင် ချဉ်းကပ်လာသည်ကို မြင်သည်နှင့် အရိုးဖြူက ရှေ့သို့တက်ကာ ပုဆိန်ကြီးကို လွှဲရမ်းလိုက်၏။ ဇွန်ဘီတစ်ကောင်၏ခေါင်းမှာ ပြတ်သွားပြီး နောက်သို့ အနည်းငယ် ပျံထွက်သွားလေသည်။
ယွဲ့ကျုံးက ဇွန်ဘီတစ်ကောင်နောက်သို့ သွားရောက်၍ တုတ်ချောင်းဖြင့် အားကုန်ရိုက်ချလိုက်သည်။
ဇွန်ဘီဗိုင်းရပ်ကို မကြောက်သရွေ့ ဇွန်ဘီများနှင့် တစ်ယောက်ချင်းစီ ရင်ဆိုင်ရပါက သာမန်လူများပင်လျှင် ၎င်းတို့ကို အသာလေးရှင်းပစ်နိုင်၏။ နှေးကွေးမှုမှာ ဇွန်ဘီများ၏အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်ပေသည်။
ကျန်ဇွန်ဘီ ၂ ကောင် ယွဲ့ကျုံးအနား ရောက်တော့မည့်ဆဲဆဲတွင် အရိုးဖြူက ၎င်းတို့ကို အရိုးပုဆိန်ကြီးဖြင့် ခေါင်းဖြတ်သတ်ပစ်လိုက်၏။
နှစ်ကြိမ်တိတိ အဆင့်တက်သွားသည့်အတွက် ဇွန်ဘီဒါဇင်များစွာမှလွဲ၍ အရိုးဖြူသည် တစ်ကောင်ချင်းဆိုလျှင် အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
“ဟိုနေရာကို သွားမယ်”
ယွဲ့ကျုံးက စူပါမားကတ်လေးကို ညွှန်ပြ၍ အရိုးဖြူကို အမိန့်ပေးလိုက်ပြီး ထိုနေရာသို့ ခပ်သုတ်သုတ် လျှောက်သွား၏။
အရိုးဖြူက ယွဲ့ကျုံးထံမှ အမိန့်ရသည်နှင့် ပုဆိန်ကြီးကို ကိုင်ကာ စူပါမားကတ်ထံ အလျင်အမြန် လျှောက်သွားသည်။
ယွဲ့ကျုံးမှာ မနည်း အမှီလိုက်နေရ၏။
ထိုအချိန်တွင် သူတို့နှစ်ယောက်ကြားရှိ ကွာခြားမှုမှာ မြင်သာလာလေပြီ။ လျင်မြန်မှုတွင် ၁၂ မှတ် ကွာဟနေသဖြင့် အရိုးဖြူသည် ယွဲ့ကျုံးထက် အနည်းငယ် ပိုမြန်၏။ အချိန်တခဏလေးနှင့် အရိုးဖြူမှာ ယွဲ့ကျုံးကို ကျော်တက်သွားလေသည်။
ယွဲ့ကျုံးတို့မှာ ခပ်သုတ်သုတ်လျှောက်နေသဖြင့် ခြေသံများကို ကြားနေရ၏။ ၎င်းတို့က ဇွန်ဘီများကို အာရုံစိုက်သွားမိစေသည်။ ထို့နောက် သူတို့က လမ်းဘေးမှကပ်၍ စူပါမားကတ်ထံ လျှောက်သွားကြ၏။
ဇွန်ဘီများ၏အမြန်နှုန်းမှာ ယွဲ့ကျုံး၊ အရိုးဖြူတို့နှင့် ယှဉ်ပါက အင်မတန် နှေးကွေးချေသည်။ သို့သော် ဇွန်ဘီ ဒါဇင်များစွာက သူတို့နောက်မှ တပ်ကြပ်မကွာ လိုက်နေကြသဖြင့် ဖော်ပြမတတ်နိုင်လောက်အောင် စိတ်ဖိစီးစရာပင်။
ဇွန်ဘီများနှင့်သာအဝိုင်းခံလိုက်ရပါက ယွဲ့ကျုံးအသက်ရှင်နိုင်မည် မဟုတ်ချေ။
တက္ကသိုလ်၏စူပါမားကတ်လေးအပြင်၌ ဇွန်ဘီ ၄ ကောင်က ဟိုဟိုသည်သည် လျှောက်သွားနေကြ၏။ ထို့နောက် ၎င်းတို့က အသံများကြောင့် သူတို့ရှိရာသို့ လျှောက်လာကြလေသည်။
အရိုးဖြူက ဇွန်ဘီတစ်ကောင်ထံ ပြေး၀င်၍ ပုဆိန်ကို လွှဲရမ်းလိုက်ရာ ဇွန်ဘီမှာ လွင့်ထွက်သွား၏။
အရိုးဖြူက ပုဆိန်ကြီးကို အောက်သို့ ပြန်လွှဲချ၍ ဇွန်ဘီ ၂ ကောင်ကို ဆက်တိုက် ခေါင်းဖြတ်ပစ်လိုက်သည်။
ယွဲ့ကျုံး စူပါမားကတ်လေးထံ ရောက်သည့်အချိန်တွင် အရိုးဖြူသည် ဇွန်ဘီအားလုံးကို ရှင်းလင်းပြီးလေပြီ။
“မိုက်တယ်ကွာ”
အရိုးဖြူရှေ့ရှိ အလောင်းကောင် အစိတ်အပိုင်းများကို ကြည့်ရင်း ယွဲ့ကျုံးမှာ အားကျနေတော့သည်။
မသေနိုင်သဖြင့် အရိုးဖြူသည် ဇွန်ဘီဗိုင်းရပ်ကို ကြောက်ရွံ့ခြင်းမရှိချေ။ ယွဲ့ကျုံးသာ ဇွန်ဘီ ၄ ကောင်၏တိုက်ခိုက်ခြင်း ခံရပါက မည်သို့နည်းနှင့်မှ ၎င်းတို့ကို အလွယ်တကူ သုတ်သင်နိုင်မည်မဟုတ်ပေ။ သူ့လက်ထဲရှိ တုတ်ချောင်းမှာ သန်မာ၍ခိုင်ခံ့သော်လည်း ချွန်ထက်မှု လိုအပ်နေ၏။ အရိုးဖြူလက်ထဲမှ ပုဆိန်ထက် များစွာ လျော့ကျပေသည်။
“အဲ့ဒါ ဘာကြီးလဲ”
ယွဲ့ကျုံး အာရုံစူးစိုက်ကြည့်လိုက်ရာ ဇွန်ဘီအလောင်းများအကြား၌ အနီရောင်ပန်းသီးတစ်လုံးကို မြင်လိုက်ရ၏။ အိတ်တစ်လုံးနှင့် ရစ်ပတ်ထားသဖြင့် ဇွန်ဘီသွေးများ စွန်းထင်မနေချေ။
ယွဲ့ကျုံးက ပန်းသီးနှင့် ဒင်္ဂါးပြား ၄ ပြားကို ကောက်ယူပြီးနောက် စူပါမားကတ်အတွင်းသို့ အလျင်အမြန် ၀င်သွားလိုက်သည်။
[အသက်ပန်းသီး – စားသုံးပါက တိုက်ခိုက်မနေသည့်အချိန်တွင် စားသုံးသူသည် ၁၅ မိနစ်အတွင်း သက်လုံ ၄ မှတ် ပြန်လည်ဖြည့်တင်းနိုင်၏။ ရှင်ကျန်သူဒင်္ဂါး ၁၅ ပြားဖြင့် ပြန်လည်ရောင်းချနိုင်သည်]
ပန်းသီးကို တစ်ချက်ကြည့်လိုက်ရာ ယွဲ့ကျုံး၏ခေါင်းထဲတွင် အချက်အလက်များ ပေါ်လာ၏။
“ပစ္စည်းကောင်းပဲ”
ယွဲ့ကျုံးက ပန်းသီးကို အိတ်ထဲထည့်ပြီးနောက် မားကတ်အတွင်းသို့ ခပ်သုတ်သုတ် ၀င်ရောက်သွားသည်။
စူပါမားကတ်အတွင်းရှိ ဇွန်ဘီဖြစ်သွားသော ၀န်ထမ်း ၂ ယောက်အား အရိုးဖြူက ခေါင်းဖြတ်သတ်ပစ်လိုက်၏။
ယွဲ့ကျုံးက စူပါမားကတ်အတွင်း ၀င်ရောက်၍ ဟိုဟိုသည်သည် အကဲအခတ်လိုက်သော်လည်း မူမမှန်သည်ကို မတွေ့ရချေ။ သူက ချက်ချင်း မုန့်စင်များထံ သွား၍ သကြားလုံး၊ ချောကလက်နှင့် အခြားကယ်လီုရီများသော အစားအစာများကို ကျောပိုးအိတ်အတွင်း သိမ်းကြုံးထည့်လိုက်၏။ ထိုကယ်လိုရီများသော အစားအစာများက တစ်နေ့တာအတွက် လိုအပ်သော အားအင်ကို ဖြည့်တင်းပေးလိမ့်မည်။
သကြားလုံး၊ ချောကလက်နှင့် ဘီစကစ်အားလုံးကို ယူပြီးနောက် ယွဲ့ကျုံးက ရေသန့်ဘူးကြီး ၃ ဘူးနှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အနည်းငယ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်၏။ သူ၏ကျောပိုးအိတ်မှာ ယခုတွင် ပြည့်သျှံမို့မောက်နေလေပြီ။
အပိုင်း ၅ ပြီး၏။
Chapter – 5
အသက် ပန်းသီး
? Views, Released on August 27, 2024