Switch Mode

Chapter – 153

အစားအသောက်ပုံစံ (၂)

အပိုင်း ၁၅၃
အစားအသောက်ပုံစံ (၂)

ကောလာဟလများကြောင့် ဒေါသကြီးသည့် သိုက်မိသားစု ခေါင်းဆောင်သည် သူတို့မိသားစုထဲမှ တစ်ယောက်ယောက်သည် ဝမ်ရှန်း လျှို့ဝှက်ချက်အား မကြေညာခင်တွင် သူ့အား လုပ်ကြံရန်အတွက် အသေခံလူများ စေလွှတ်ခဲ့ကြောင်း သိသွားခဲ့သည်။

သို့သော် လုပ်ကြံမှု ကျရှုံးခဲ့ရသည် သာမက ထိုအသေခံ လူများသည်ပင် ထိုနေရာ၌ သေဆုံးခဲ့ရ၏။ ထိုသတင်းကြားကြားခြင်း သိုက်မိသားစု ခေါင်းဆောင်သည် သူ့နား၌ ရှိနေသည့် အကြီးအကဲများ အားလုံးကို အော်ဟစ် ကြိမ်းမောင်း လိုက်တော့သည်။

သိုက်မိသားစု အတွင်းတွင် အာဏာနှင့် အကျိုးအမြတ် ရရှိရေးအတွက် အတွင်းရေး ပဋိပက္ခများ ဘယ်လောက်ပင် ဖြစ်ပျက်နေမည်ကို မည်သူမှ မသိပေ။ အခြား အခြားသော အင်အားကြီးမားသည့် မိသားစုများတွင်လည်း ဤကဲ့သို့ အရေးမပါသည့် အဖြစ်မျိုး မည်မျှပင် ဖြစ်နေကြမည်နည်း။

ထို့ပြင် အခြား အဓိက မိသားစုများသည် အဆင့်မြှင့်တင်နိုင်သည့် ဝိညာဉ်၏ လျှို့ဝှက်ချက်ကို သိချင်သောကြောင့် သိုက်မိသားစုအား ဖိအား အပြင်းအထန် ပေးကြပေလိမ့်မည်။ သိုက်မိသားစုသည် အချိန်တစ်ခု ကြာသည်အထိ ထိုဖိနှိပ်မှုဒဏ်ကို ခံရနိုင်ပေသည်။ သူတို့၏ အင်အားများသည်လည်း အတော်ကို လျော့ကျသွားမည် ဖြစ်ကာ သူတို့၏မိသားစု အဖွဲ့ဝင်များသည်လည်း နေရာတော်တော်များများ၌ ပိတ်ပင်ခံရမည်ဖြစ်၏။

ထိုစဉ်တွင် ဝမ်ရှန်းသည် မည်သည့်အရာကိုမှ ဂရုမစိုက်ပဲ သူ၏ကျင့်စဉ် အပေါ်၌သာ အာရုံစိုက်နေခဲ့၏။

သူ့နားရှိ စားဖိုမှူး ခြောက်ယောက်သည် တစ်ရက်တွင်  ဟင်းလျာအသစ် နှစ်မျိုးစီ ချက်ပြုတ်ကြ၏။ ထိုအရေအတွက်သည် ဝမ်ရှန်း ညဘက်တွင် ပုံဖော်ရန် လုံလောက်သည့် အနေအထား တစ်ခုပင်။

ဝမ်ရှန်းသည် သူ့ကမ္ဘာပေါ်၌ အစားအသောက် အများအပြား စားဖူးခဲ့ခြင်းကို ကျေးဇူးတင်ရပေမည်။ ထို့ကြောင့်သာ ယခုအချိန်တွင် ပြန်လည် ညွှန်ကြား ပေးနိုင်နေခြင်း ဖြစ်၏။ ထို့အပြင် ဝမ်ရှန်းသည် သူ၏အော်ရာကို သိပ်သည်းအောင် လုပ်ပြီးသည့် အချိန်မှစ၍ သူ၏မှတ်ဉာဏ် မှတ်နိုင်စွမ်းမှာလည်း ပိုမို ကောင်းမွန်လာလေသည်။ ထို့ကြောင့် သူသည် သူ ကမ္ဘာမြေပေါ်၌ စားသောက်ခဲ့ဖူးသည့် အစားအသောက် များစွာကို ကောင်းကောင်း ပြန်၍ မှတ်မိနေသည်။

ဝမ်ရှန်းသည် သူ ဤကမ္ဘာပေါ်သို့ ကူးပြောင်းလာခဲ့ရခြင်း အတွက်လည်း ကျေးဇူးတင်မိပေသည်။ များပြားလှသည့် အစားအသောက်များကို အဆက်မပြတ် စားသောက်နေရပြီး သူ၏ ပုံဖော်ကြည့်ရန် အတွက်လည်း လိုအပ်သည့် လိုအပ်ချက်များကို ထောက်ပံ့နိုင်၏။

အခြားတစ်ဖက်တွင်လည်း ဤကမ္ဘာပေါ်ရှိ အမျိုးမျိုးသော ပါဝင်ပစ္စည်းများတွင် များပြားသည့် အမျိုးအစားများနှင့် မူကွဲများ အမြောက်အမြား ရှိပေသည်။ တူညီသည့် ပါဝင်ပစ္စည်းများကို မတူညီသည့် ပစ္စည်းများဖြင့် ဟင်းပွဲအသစ်များ တိုးချဲ့ချက်ပြုတ်၍ ရပေသည်။

တစ်လအတွင်းမှာတွင် ဝမ်ရှန်းသည် ချီဝမ်နဂါးများကို အရေအတွက် ၅၀၀ အထိ အဆင့်မြင့်တင် နိုင်ခဲ့ပြီဖြစ်၏။ ယခုအချိန်တွင် ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် ဘာမှမဟုတ်သည့် သာမန် အဆင့်၌သာ မဟုတ်တော့ပေ။ ကြိုးပမ်း အားထုတ်မှုကြောင့် သူ၏ယွမ်ဝိညာဉ် အဆင့်သည် ပထမအဆင့်နှင့် နီးကပ်နေပြီဖြစ်၏။ အတွေ့အကြုံ ရင့်ကျက်သည့် ဝိညာဉ်သခင် တစ်ယောက်ဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့် ဝမ်ရှန်းသည် ပထမအဆင့် ဝိညာဉ်သခင်ဖြစ်ကြောင်း ချက်ချင်း တန်းမြင်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် မည်သူမှ ဝမ်ရှန်းအား သံသယ မဝင်တော့ပေ။ ဝမ်ရှန်းသည် အဆင့်မြင့်တင်နိုင်သည် ဆိုလျှင်တောင် သူ ဘာလုပ်နိုင်သနည်း… သူသည် ပထမအဆင့် ဝိညာဉ်သခင်ယောက်သာ မဟုတ်ပါလား… ယခုအချိန်တွင် မိသားစုများအားလုံး ကြိုးစားဖော်ထုတ် နေကြသည့် ဝိညာဉ်အား အဆင့်မြှင့်တင်နိုင်သည့် လျှို့ဝှက်ချက်နှင့် ယှဉ်လျှင် ဝမ်ရှန်းသည် ဘာမှ မဟုတ်တော့ချေ။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝူရုံမြို့မှ လူများက ဝမ်ရှန်းအား ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားနေကြဆဲ ဖြစ်သော်လည်း အဓိက အင်အားစုများကမူ သူ့အား သိပ်ပြီး အာရုံမစိုက်ကြတော့ချေ။

သို့သော် ဝူရုံမြို့မှမြို့အရှင်၊ တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်မှ ခေါင်းဆောင်များအားလုံး အလွန်ပျော်ရွှင် နေခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်းတွင် အခါတိုင်းနှင့် ကွဲပြားသည့် အရသာ အလွန်ရှိသော အစားအသောက်များကို စားသောက်နေရ၏။ စားသောက်လွန်၍ သူတို့သည် နေမထိထိုင်မသာပင် ဖြစ်လာကြသည်။

ဝမ်ရှန်း၏ ဟင်းလျာများက မကြာခဏ ပြောင်းလဲ နေသောကြောင့် စားဖိုမှူးများသည် ဝမ်ရှန်း၏ တောင်းဆိုချက်များကို လိုက်ပြီး မလုပ်ဆောင်နိုင်တော့ပေ။ ယခုအချိန်တွင် သူတို့ လူလဲသည်မှာ လေးကြိမ်ပင် ရှိနေပြီဖြစ်သည်။ သို့သော် ဟင်းပွဲအသစ်များက နေ့တိုင်း ဆက်တိုက် ဆိုသလိုရှိနေဆဲ ဖြစ်၏။

“ဒီလောက်ထိ အကြာကြီး အသက်ရှင်သန်ခဲ့ပြီးတဲ့ နောက်မှာ ဒီဟင်းပွဲက ဒီလောက်ထိ အရသာ ရှိနိုင်ပါလား ဆိုတာ သိလိုက်ရပြီ…” လင်းအာသည် ပါးစပ်နှင့် အပြည့် အားပါးတရစားရင်း ပြောလိုက်သည်။

လင်းအာသည် လုဝမ်ဟုန်၏ အလွန် အလိုလိုက် ခံရပေသည်။ ထို့ကြောင့် သူမသည် သူမ၏ သခင်လေးရှေ့တွင် ဤကဲ့သို့ အားရပါးရ စားသောက် နေသည်ကို မကြောက်ပေ။ ဝမ်ရှန်း၏ ညွှန်ကြားချက်အတိုင်း ချက်ပြုတ်ကာ ထွက်လာခဲ့သည့် ရလဒ်မှာ တကယ်ကိုပဲ အရသာရှိလှ၏။ ထိုဟင်းလျာအား စားသောက်သည့် အချိန်တွင် သူမသည် သူမကိုယ်သူမ အမျိုးသမီး တစ်ယောက်၏ ဣန္နြေရှိရမည်ကိုပင် မေ့လျော့သွားပြီ ဖြစ်သည်။

ထို့အတူပင် ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးသည်လည်း သူမ တစ်ခေါက် စားပြီးတိုင်း သူမဗိုက်ကို ပွတ်သပ်ကာ ခြောက်သွေ့စွာ ပြုံးနေတတ်၏။ သူမသည် ဤကဲ့သို့ စားသောက်နေသည်ကို စောစော ရပ်လိုက်သင့်ပြီ ဤပုံစံအတိုင်းသာ ဆက်စားနေမည် ဆိုလျှင် မကြာခင်တွင် သူမ ဖက်တီးပုတ်ကြီး ဖြစ်လာပေလိမ့်မည်။

အလားတူ မြို့အရှင်စံအိမ်မှ မြို့အရှင်သည် အစားအသောက်များကို စားသောက်သည့် အချိန်တိုင်း အဓိက အင်အားစုများကို သူ့စိတ်ထဲ၌သူ လှောင်ရယ်နေမိ၏။ သူတို့သည် ဦးနှောက် မရှိကြကာ ဝမ်ရှန်းကဲ့သို့သော ကောင်လေးမျိုးကို ဝူရုံမြို့သို့ ထွက်ပြေးလာအောင် ဖန်တီးနိုင်ခဲ့ကြတာတဲ့လဲ…

ဝမ်ရှန်းအား ကာကွယ်ရန် ဝမ်ရှန်းဘေးသို့ ရောက်လာသည့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည်လည်း အခုရက်ပိုင်းတွင် အလွန် ပျော်ရွှင်နေကြ၏။ သူတို့သည် ဝမ်ရှန်းအိမ်၌ စားသောက် ရသည်ကို နေသားကျနေပြီ ဖြစ်သည်။ ယခင်က သူတို့စားသောက်ခဲ့သည့် အစားအသောက်များကို ပြန်စားရန် မဆိုထားနှင့် ၎င်းတို့အား မြင်ရုံဖြင့် အစာစားချင်စိတ်ပင် ပျောက်ဆုံးသွားပြီ ဖြစ်သည်။

ဤသို့ဖြင့် ဝမ်ရှန်းနှင့် ဝူရုံမြို့မှ မြို့အရှင် အပါအဝင် ထိပ်သီးစံအိမ်များနှင့် အိမ်နီးချင်းတို့မှာ ဟန်ချက်ညီညီ ရှိနေကြတော့သည်။

တကယ်တမ်းတွင် အဖွဲ့သုံးဖွဲ့မှ ပို့ပေးသည့် စားဖိုမှူးတို့သည် ပြုတ်၍ ချက်ခြင်းနှင့် ကင်၍ချက်ခြင်း… အစရှိသည့် နည်းလမ်းများကိုသာ သိကြ၏။ ယခုမှသာ ချက်ပြုတ်ရာတွင် အထက်ပါ နည်းလည်းများအပြင် ကြော်ခြင်း၊ ပေါင်းခြင်း၊ မီးပြင်းပြင်းဖြင့်ချက်ခြင်း၊ မီးအေးအေးဖြင့်နှပ်ခြင်း၊ အိုးအလုံပိတ်၍နှပ်ခြင်း၊ တုတ်ဖြင့်ထိုး၍ကင်ခြင်း၊ ကျပ်တိုက်ခြင်း၊ အသားကိုမချက်မီ အရသာ စပ်ထားသော အရည်ထဲ၌စိမ်ခြင်း၊ ပျားရည်ဖြင့် ချက်ခြင်း၊ သကြားထည့်ချက်ခြင်း… အစရှိသဖြင့် နည်းလမ်းပေါင်းစုံ ရှိကြောင်း သိခဲ့ရသည်။ ဝမ်ရှန်း၏ အိမ်၌ ချက်ပြုတ်ရခြင်းက သူတို့အား မျက်စိပွင့်နားပွင့် ဖြစ်စေခဲ့ပေသည်။

ဝမ်ရှန်းအနေဖြင့်လည်း တစ်ဖက်တွင် စားဖိုမှူး ၆ ယောက်၏ ကောင်းမွန်သည့် အစားသောက်များကို ကူညီချက်ပြုတ်မှုဖြင့် ပုံဖော်ရာတွင် အဆင်ပြေ ချောမွတ်နေပြီး
သူ၏ချီဝမ်နဂါး အရေအတွက်ကို အကောင် ၅၁၂ ကောင်ထိ အဆင့်မြင့်တင် လိုက်သည်။ ထို့နောက်တွင် အလုံးစုံ အဆင့်မြင့်တင်ခြင်း လုပ်ငန်းစဉ်ကို နောက်တစ်ကြိမ် လုပ်ဆောင်လိုက်၏။

ဤလုပ်ငန်းစဉ်သည် ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်အောင် ပြုလုပ်ပေးနိုင်သည့် ပြောင်းလဲမှုကြီး မဟုတ်ပေ။ ဝမ်ရှန်း၏ ခန့်မှန်းချက်အရ သူ၏အဆင့်သည် ပထမနှောင်းပိုင်း အဆင့်မှ ပထမအထွတ်အထိပ် အဆင့်သို့သာ တက်သွားမည် ဖြစ်သည်။

ထိုဖြစ်စဉ်သည် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူသည့် ဖြစ်စဉ်ပင်ဖြစ်၏။ ဝမ်ရှန်းသည် သူ၏ ပုခက်ကုလားထိုင်ပေါ်၌ ထိုင်ကာ ဝိညာဉ်စွမ်းအားများက နေရာအနှံ့မှနေ၍ သူ၏ခန္ဓာကိုယ် အတွင်းသို့ စီးဝင်နေသည့် သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်အား ခံစားနေခဲ့သည်။

ဝမ်ရှန်းဘေးတွင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ ထိုင်နေကြကာ သူတို့နှင့် မနီးမဝေး မျက်နှာချင်းဆိုင်တွင်လည်း အိမ်တော်ထိန်း ထိုင်နေ၏။ ဤမြင်ကွင်းအား မြင်လိုက် ရသောအခါ သူတို့သုံးယောက်၏ မျက်လုံးများထဲတွင် စူးစမ်းလိုရိပ်များ ထွက်ပေါ် လာခဲ့သည်။

ထိုအခိုက်အတန့်တွင် အားလုံးသည် ဝမ်ရှန်း၏ ပြောင်းလဲမှုကို နားလည် သွားကြသည်။ ယခင်က ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် ပြင်းထန်သောဒဏ်ရာ သို့မဟုတ် အခြားအကြောင်းအရာ တစ်ခုကြောင့် အဆင့်ကျ သွားခဲ့သည်။ သူသာ ပထမအဆင့်အထိ ပြန်လည် ကျင့်ကြံမည်ဆိုလျှင် သူသည် ဝိညာဉ်စွမ်းအား အသစ်ကို သေချာပေါက် ခံစားရမည်ဖြစ်၏။ အားဆေးပြားများကို သောက်သုံးသည်ထက် စာလျှင် ဤအရာသည် သေချာပေါက် ကောင်းမွန်သည့် အရာပင်ဖြစ်၏။

အိမ်တော်ထိန်း ပို၍ သိချင်သည်က အစပိုင်း၌ ဝိညာဉ်အဆင့်ပင် မရှိသည့် ကျိုးပဲ့နေသော ဝိညာဉ်တစ်ခုသည် ဤကဲ့သို့ လုပ်ဆောင်နိုင်သည် ဆိုလျှင် ကျိုးပဲ့နေသော ဝိညာဉ်များစွာကို ဝါးမျိုထားသည့် မူလယွမ်ဝိညာဉ်သည် မည်မျှပင် အံ့သြစရာ ကောင်းနေမလဲ ဟူ၍ဖြစ်၏။ ဝမ်ရှန်း၏ အဆင့်တက်ခြင်း ပြီးဆုံးသွားပြီး နောက်တွင် ဝမ်ရှန်း၏ ခံစားချက်နှင့် ပြောင်းလဲ သွားမှုများကို မေးမြန်းရန်က အလွန် အရေးပါပေသည်။

ဟုတ်ပါသည်၊ ထိုနေရာတွင် အားလုံး အမေးချင်ဆုံးနှင့် မည်သူမှ မမေးကြသည့် မေးခွန်းတစ်ခု ရှိပေ၏။ ထိုမေးခွန်းမှာ ဝမ်ရှန်းက ဘယ်က ရောက်လာတာလဲ ဟူ၍ပင်။

ဝမ်ရှန်း၏ အပြုအမူများအရ သူသည် သွေးသောက်သည့် လူရိုင်းတစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။ ဝမ်ရှန်းနှင့် ယှဉ်လျှင် အိမ်တော်ထိန်းသည် တစ်ခါတစ်ရံတွင် သူကသာ ဘာမှမသိသည့် လူရိုင်းတစ်ယောက် အလား သူ့ကိုယ်သူ ခံစားမိ၏။

အခြားအရာများ မဆိုထားနှင့် အစားအသောက်ပိုင်းကို ကြည့်လျှင်ပင် လူရိုင်းများသည် ဝမ်ရှန်းကဲ့သို့ အထူးကောင်းမွန်သည့် အစားအသောက်များသာ စားသောက်သည် ဆိုပါက တိုးတက်သည့် လူများဟု သတ်မှတ်ထားသော သူတို့သည် ရှက်စရာ ကောင်းလွန်း၍ ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေသင့်ပေသည်။ 
***

Comment

Leave a Reply

Options

not work with dark mode
Reset