အပိုင်း ၁၅၂
အစားအသောက်ပုံစံ (၁)
ဝမ်ရှန်း ဝူရုံမြို့တွင်းရှိ လမ်းမထက်၌ လုပ်ကြံ ခံခဲ့ရခြင်းက ထိုလူသတ်သမားများသည် ဝူရုံမြို့အား စော်ကားလိုက်ခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် ဝူရုံမြို့ မြို့ တွင်းပိုင်းမှ လူတစ်ယောက်ဖြစ်သည်။ ဝူရုံမြို့၏ ယေဘုယျ ဥပဒေအရ မြို့တွင်းပိုင်း၌ နေထိုင်သည့် လူများကို သတ်ဖြတ်၍ မရပေ။ အကယ်၍ ထိုလူသည် မြို့အပြင်ဘက်၌ ရောက်ရှိ နေချိန်မှာပင် သတ်ခွင့်မရှိချေ။
ပို၍ တိတိကျကျ ပြောရလျှင် မြို့အပြင်ပိုင်းမှ လုပ်ကြံမှုများကိုလည်း တားမြစ်ထားလေ့ ရှိပေသည်။ သို့သော် မြို့အတွင်းပိုင်းမှ တားမြစ်ချက်ကဲ့သို့ မတင်းကျပ်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သိုက်မိသားစု၏ လုပ်ရပ်မှာ ဝူရုံမြို့အား စော်ကားသည့် လုပ်ရပ်ဟု သတ်မှတ်၍ ရပေသည်။
ဝမ်ရှန်းအား လုပ်ကြံပြီးနောက် မကြာခင်မှာပင် ထိုအသေခံ လူများက မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိခဲ့သော်လည်း ဝူရုံမြို့မှ လူများသည် မလှုပ်ရှားခဲ့ပေ။ ဝမ်ရှန်းမှ လျှို့ဝှက်ချက်အား ထုတ်ဖော် ပြောကြာပြီး မည်မျှပင် မကြာလိုက်ပေ သိုက်မိသားစုမှ ကိုယ်စားလှယ် နှစ်ယောက်သည် လေလံအိမ်မှ ထွက်လာသည်နှင့် လမ်းမထက်၌ လုပ်ကြံ ခံလိုက်ရ၏။
ဝမ်ရှန်းသည် ဝူရုံမြို့၏ပုံစံကို ကြိုက်နှစ်သက်သည်။ ဤမြို့နေ လူထုသည် တစ်ဖက်လူ လုပ်သည့် ပုံစံအတိုင်း ပြန်လုပ်လေ့ ရှိကြကာ ထိုအရာမှာ ဝမ်ရှန်းအား စိတ်ကျေနပ်မှု ရှိစေသည်ပင်။ အမှန်အားဖြင့် ဝမ်ရှန်းသည် ဖိုက်တာတစ်ယောက်၊ လက်ရွေးစင် စနိုက်ပါသမား တစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရာ၌ သေချာပေါက် ကျွမ်းကျင်သူ ဖြစ်ပေသည်။ သို့သော် သူသည် ဤအရာကို ဖုံးကွယ်ထားပြီး နောက်ဆုံး တိုက်ကွက်၊ မြှုပ်ကွက်တစ်ခု အဖြစ် ချန်ထားသည်။
သိုက်မိသားစုမှ ထိုလူနှစ်ယောက်သည် လေလံအိမ်မှ ထွက်လာသည်နှင့် လုပ်ကြံခံခဲ့ရလျှင် သူတို့သည် လေလံအိမ်အတွင်း၌ ကြားခဲ့ရသည့် သတင်းကို သူတို့မိသားစုထံသို့ ပြန်တင်ပြချိန် မရလိုက်နိုင်ချေ။
ထိုသို့သာဆိုလျှင် စိတ်ဝင်စားဖို့ ကောင်းပြီး ရယ်ဖို့လည်း ကောင်းပေတော့မည်။ သိုက်မိသားစုသည် သူတို့ တန်ကြေးကြီးကြီးဖြင့် ထိန်းသိမ်းထားရသည့် လျှို့ဝှက်ချက်မှာ ဆက်လက် တည်ရှိဆဲ ဖြစ်သည်ဟု ထင်နေကြဉီးမည်။ ထိုအရာသည် အဘယ်မျှ ရယ်ဖွယ် ကောင်းလိုက်သနည်း…
တစ်ဖက်တွင်မူ အခြားမိသားစုများမှ လူများမှာ ချက်ချင်းပင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ကြသည်။ သူတို့သည် ဤလျှို့ဝှက်ချက်ကို သိုက်မိသားစုအား ပြောမည်၊ မပြောမည်ကို မည်သူမှ မသိနိုင်ပေ။ သိုက်မိသားစုနှင့် အဝင်ရောချင်သည့် သေးငယ်သည့် အင်အားစုများ ရှိနိုင်ပေသည်။
ထိုသူ နှစ်ယောက်ကို ဘယ်သူ လုပ်ကြံခဲ့လဲဟု ဝမ်ရှန်း မမေးခဲ့ပေ။ သို့သော်လည်း အဘယ်သူ ဖြစ်မည်ကို အားလုံး ခန့်မှန်း နိုင်သော်ငြား မည်သူကမှ မပြောခဲ့ပေ။ အားလုံးသည် ဖွင့်ပြောစရာ မလိုဘဲ အချင်းချင်း နားလည်မှုဖြင့်သာ နေလိုက်ကြ၏။ အကယ်၍ သိုက်မိသားစုမှ သိလာခဲ့လျှင် သူတို့သည်လည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ထိုအကြောင်း တစ်ခုတည်းဖြင့်ပင် အိမ်တော်ထိန်းနှင့် နှစ်ယောက်သား နှစ်ခွက်လောက် သောက်ရန် လုံလောက်လေပြီ။
“ပြီးတော့ ငါ ကြေးစားခန်းမမှာ မင်းအတွက် ရွှေဒင်္ဂါးနှစ်သောင်း ပေးခဲ့သေးတယ်နော်”
တစ်ခွက် သောက်ပြီးနောက် အိမ်တော်ထိန်းမှ ဝမ်ရှန်းအား ပြောလိုက်သည်။
“မင်း မြို့အပြင်ပိုင်းမှာ လူသတ်ခဲ့တယ်လေ။ ဘာပဲပြောပြော စည်းမျဉ်းက စည်းမျဉ်းပဲ၊ မင်း ဒဏ်ကြေး ပေးရမှာပဲ။ ဒါပေမယ့် နောက်ကျရင် မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး၊ မင်းကို ဘယ်သူမှ ဒဏ်ကြေး ကောက်ရဲမှာ မဟုတ်ဘူး”
မြို့အပြင်ပိုင်းမှ လူသတ်မှုအတွက် ပြစ်ဒဏ် ပေးခံရပေသည်။ ဝူရုံမြို့၏ ဒဏ်ကြေးသည် ရွှေဒင်္ဂါးများဖြစ်ပြီး လူတစ်ယောက်ကို အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင် ဒဏ်ကြေး ပေးရသည်။ ထို့ပြင် အသတ်ခံရသည့် လူ၏ဝိညာဉ်အဆင့်နှင့် အရေးပါမှုပေါ် မူတည်၍ အမြင့်ဆုံး တစ်သိန်းအထိ တက်သွား နိုင်ပေသည်။
ကြေးစားအဘိုးအိုနှင့် သူ၏အုပ်စုအတွက် ရွှေဒင်္ဂါးနှစ်သောင်းသာ ပေးခဲ့ရ၏။ ထိုအရာသည် အနိမ့်ဆုံး ဒဏ်ကြေးနှင့် တွက်ချက်ထားခြင်း ဖြစ်ကာ လျှော့ပေါ့ထားခြင်းပင် ဖြစ်သည်။
ဝမ်ရှန်းသည် ထိုအရာကို အသိအမှတ်ပြုသည့် အနေဖြင့် အိမ်တော်ထိန်းအား တစ်ခွက် ငှဲ့ပေးကာ နောက်တစ်ကြိမ် ထပ်သောက်လိုက်၏။ ထိုအချိန်တွင် တော်ဝင်ရတနာစံအိမ်မှ စားဖိုမှူး နှစ်ယောက်မှာ သူတို့နှစ်ယောက် အတွက် ဟင်းပွဲများ လာချပေး လိုက်သည်။
အိမ်တော်ထိန်းသည် ဝမ်ရှန်းထံသို့ အမြဲလာချင်ပေသည်။ အဘယ်ကြောင့်ဆိုသော် နေ့တိုင်း မတူသည့် အစားအသောက်များကို စားသောက် ရသောကြောင့် ဖြစ်သည်။ ဤအရာများမှာ သူ ယခင်က တစ်ခေါက်မှ မစားဖူးသည့် အရာများ ဖြစ်ပြီး အားလုံးမှာ အရသာ ရှိလွန်း၍ သူသည် မဝါးပဲ ဒီတိုင်း မျိုချနေမိသည့် အလား ထင်ရသည်။ ဝမ်းဗိုက်သည်သာ အကန့်အသတ်မရှိ လက်ခံနိုင်ပါက အိမ်တော်ထိန်းသည် ဝမ်ရှန်းအိမ်၌ ပျော်ပျော်ကြီးနေကာ အမြဲတမ်း စားသောက် မိပေလိမ့်မည်ပင်။
“မနက်ဖြန်ကစပြီး မြို့အရှင် စံအိမ်ကလည်း ဒီကို စားဖိုမှူး နှစ်ယောက် လွှတ်လိုက်မယ်”
ဝမ်ရှန်း၏ အစားအသောက်များသည် အလွန် အရသာ ရှိလှပေသည်။ မြို့အရှင် စံအိမ်သည်လည်း ဝမ်ရှန်း၏ နည်းလမ်းဖြင့် ချက်ပြုတ်သည့် ဟင်းလျာများကို စောင့်မျှော်နေသည်မှာ ရက်အတော် ကြာနေပြီဖြစ်၏၊
ဝမ်ရှန်းသည် သူ၏လျှို့ဝှက်ချက် အကြောင်းကို ထုတ်ဖော် ပြောကြားပြီးနောက် မြို့အရှင်ဖြစ်စေ၊ အခြားအင်အားစုများဖြစ်စေ မည်သူကမှ ဝမ်ရှန်းအား စောင့်ရှောက်ရန် သူ့ဘေး၌ လူလွှတ် မထားကြတော့ချေ။ ထို့ကြောင့် အိမ်တော်ထိန်းသည် ဝမ်ရှန်း ဘေးနား၌ လူများ ချထားရန် စီစဉ်လိုက်သည်။
ဝမ်ရှန်းသည် မည်သည့် လျှို့ဝှက်ချက်ကိုမှ မသိသည်ဖြစ်စေ၊ ဂျင်ဒီနယ်မြေတွင်းသို့ ဝင်ထွက်သွားလာခြင်း မပြုနိုင်သည်ဖြစ်စေ သူ၏ကောင်းမွန်သည့် အချက်အပြုတ် စွမ်းရည် တစ်ခုတည်းဖြင့်ပင် သူသည် ဝူရုံမြို့အတွင်း၌ အခြေခိုင်မာအောင် လုပ်နိုင်သည်ဟု အိမ်တော်ထိန်း ခံစားရပေသည်။
ယခင်က သူတို့၏ မြို့အရှင်မှာ အစားအသောက်ကောင်း ကြိုက်သည့် လူတစ်ယောက် ဖြစ်ကြောင်း အိမ်တော်ထိန်း မသိခဲ့ပေ။ သို့သော် ယခုအခါ မြို့အရှင်၏ အာရုံသည် ဤအစားအသောက်ဘက်သို့ လှည့်လာလေပြီ ဖြစ်၏။
နောက်နေ့ နံနက်ခင်း၌ ဝမ်ရှန်းသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့သည်။ တော်ဝင်ရတနာ စံအိမ်သည် ဝမ်ရှန်းအိမ်မှ စားဖိုမှူး နှစ်ယောက်ကို အခြားစားဖိုမှူး နှစ်ယောက်ဖြင့် လူစားလဲလိုက်၏။ ထို့ပြင် မြို့အရှင်စံအိမ်နှင့် ရတနာစံအိမ်သည်လည်း စားဖိုမှူး နှစ်ယောက်စီ စေလွှတ်ခဲ့လေရာ ဝမ်ရှန်း၏အိမ်၌ စားဖိုမှူး ခြောက်ယောက် ဖြစ်သွားတော့၏။
သို့သော် ဤကိစ္စများသည် ဝမ်ရှန်းအတွက် အရေးမပါပေ။ အချက်အပြုတ်ကို သင်ယူရန်အတွက် ဘယ်သူပဲ ရောက်လာသည်ဖြစ်စေ သူကိုယ်တိုင် မချက်ပြုတ်ရဘဲ သက်သောင့်သက်သာ နေရသည့် အတွက်ကြောင့် သူသည် ဘာကိစ္စ ခွင့်မပြုပဲ နေရမည်နည်း။ ဝမ်ရှန်း အရသာရှိသည့် အစားအသောက်များကို ပြုလုပ်သည် ဆိုသည်မှာ တခြားအကြောင်းကြောင့် မဟုတ်ပေ၊ အစားအသောက် ပြောင်းလဲမှုကို ပြီးမြောက် အောင်မြင်အောင် ပြုလုပ်ရန်ဖြစ်၏။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် ဝမ်ရှန်းသည် စားကောင်းသောက်ဖွယ် ဟင်းလျာများကို နေ့တိုင်း ပုံဖော်နိုင်ခဲ့သည်။ သူ၏ချီဝမ်နဂါး များကိုလည်း တော်တော်များများ ပြောင်းလဲ နိုင်ခဲ့ပြီဖြစ်၏။ ပဥ္စမအဆင့် လုပ်ကြံသူ၏ ထူးဆန်းသော အော်ရာအား ထည့်ပေါင်း လိုက်မည်ဆိုလျှင် အဆင့်မြင့်တင်ပြီးခဲ့သည့် ချီဝမ်နဂါး အရေအတွက်သည် အကောင် ၂၀၀ ကျော်လာပြီဖြစ်သည်။ ဝမ်ရှန်း၏ လက်ရှိ အခြေအနေသည် သူ ဒဏ်ရာမရခင်မှ အခြေအနေနှင့် လုံးဝ ကွဲပြားသွားပြီဖြစ်၏။
သို့သော် ဝမ်ရှန်း၏ ပြောင်းလဲမှုများက ထူးခြားသည်ဟု မည်သူမှ မတွေးတော့ပေ။ အထူးသဖြင့် သူ့ယွမ်ဝိညာဉ်၏ အဆင့်မြှင့်တင်မှု လျှို့ဝှက်ချက်ကို ပြောကြားပြီးနောက် အဆင့်မြင့်တင်နိုင်သည့် ဝိညာဉ်ဖြစ်သည့် အတွက်ကြောင့် သာမန်အဆင့်မှ ပထမအဆင့်သို့ အဆင့်မြင့်တင် လိုက်သည်ဟုသာ ထင်မှတ်ကြသည်။
ယွမ်ကြေးမုံသည် ဝမ်ရှန်း၏ဝိညာဉ်ကို ကျိုးပဲ့သည့် ဝိညာဉ်အဖြစ် ပြသခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် မည်သူကမှ ဝမ်ရှန်း၏ဝိညာဉ်ကို ထပ်ပြီး မကြည့်ချင်ကြတော့ပေ။
အဓိက အင်အားစုများမှ ခေါင်းဆောင်များသည် သူတို့၏ငယ်သားများထံမှ လေလံအိမ်အတွင်း အဖြစ်အပျက် သတင်းများကို ရှင်းရှင်းလင်းလင်း ရရှိပြီးသည်နှင့် သဲလွန်စများ ရှာဖွေရန် သူတို့ကလန်၏ မှတ်တမ်းများအား ချက်ချင်း လှန်လှော စစ်ဆေးစေသည်။ ဤအကြောင်းအရာသည် အဆင့်မြှင့်တင် နိုင်သည့် ဝိညာဉ်နှင့် ပတ်သက် နေလေရာ မည်သည့် အင်အားစုကများ မသိချင်ရှိမည်နည်း။
ဤပတ်သက်မှုတွင် ပါဝင်ခြင်း မရှိသော မိသားစု အချို့သည်လည်း ယခုအချိန်တွင် အခြားမိသားစုများနှင့် အဆက်အသွယ် ရရှိရန်အတွက် အကောင်းဆုံး ကြိုးစားနေကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်း ရာနှင့်ချီသည့် အချိန်တွင် သူတို့မိသားစုများသည် ဤအကြောင်း မသိခဲ့ကြပေ။ သို့သော် ယခု သူတို့ မပါဝင်လျှင် ထိုအရာသည် မိသားစု ခေါင်းဆောင်၏ ပျက်ကွက်မှုပင် ဖြစ်သည်။
အရေးကြီးသည်မှာ သတင်း မှန်သည် မှားသည်ကို အရင်ဆုံး စစ်ဆေးရန်ဖြစ်သည်။ သို့သော် ဝမ်ရှန်း ကိုယ်တိုင် ပြောခဲ့ပြီး စုန့်မိသားစုကလည်း အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း ခေါင်းညိတ် ထောက်ခံခဲ့ပြီးဖြစ်၏။ သူတို့၏ ကြယ်ကိုးပွင့်ဝိညာဉ်က သိုက်မိသားစု၏ လုယက်ခြင်းကို ခံခဲ့ရသည့် ရှက်စရာ ကောင်းသည့် ဖြစ်စဉ်ကိုပင် ပြောပြခဲ့လေရာ ဤသတင်းသည် မှန်နိုင်ပေသည်။
ယခုအချိန်တွင် အားလုံးသည် ကြယ်ကိုးပွင့်ဝိညာဉ်ကို အဆင့်မြင့်တင်၍ ရမရဆိုတာကို သိချင်နေကြပြီ ဖြစ်၏။
ထိုစဉ်တွင် သိုက်မိသားစုတို့မှာ ဘာသတင်းမှ မသိမကြားရပဲ အမှောင်အတိ ဖုံးနေသည့်နှယ်ပင်တည်း။
ရက်အနည်းငယ် ကြာပြီးနောက် သိုက်မိသားစုသည် အခြားတစ်နေရာမှ နေ၍ သူတို့လူများ အကြောင်း သတင်းသိခဲ့ရသည်။ ဝမ်ရှန်းမှ လျှို့ဝှက်ချက်ကို ပြောကြားမှု ပြီးနောက် သူတို့လူများသည် ဝူရုံမြို့မြို့ အပြင်ပိုင်းရှိ လမ်းမထက်၌ လုပ်ကြံ ခံလိုက်ရခြင်းပင်။ ဤသတင်းကြောင့် သိုက်မိသားစု၏ ခေါင်းဆောင်သည် ရူးသွပ်လုနီးပါးပင် ဖြစ်သွားခဲ့တော့သည်…
အခြားမိသားစုများ ပူးပေါင်းကာ သိုက်မိသားစုအား ဖုံးကွယ်ထားရန် သဘောတူ ထားကြဟန် ရှိ၏။ တစ်လခန့် ကြာသည်အထိ သိုက်မိသားစုသည် မျက်ကန်း တစ်ယောက်နှင့် တူနေခဲ့ကာ ဝူရုံမြို့တွင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အကြောင်းကို မသိခဲ့ရပေ။
သိုက်မိသားစုသည် ဝူရုံမြို့သို့ လူလွတ်ကာ ဝမ်ရှန်းအား မေးမြန်းရန်ကလည်း မဖြစ်နိုင်ပေ။ ဝူရုံမြို့တွင်းမှ လူများက သူတို့အား နောက်တစ်ကြိမ် မျက်နှာသာပေးမည် မဟုတ်ချေ။ ထို့အပြင် အဓိက အင်အားစုများနှင့် ဝူရုံမြို့မှ လူများကလည်း သိုက်မိသားစုအား ဝူရုံမြို့မှ အဖြစ်အပျက်များ အကြောင်း ဘယ်တော့မှ သိခွင့်ပေးမည် မဟုတ်ချေ။
နောက်ဆုံးတွင် သိုက်မိသားစုသည် အရဲစွန့်ကာ အပြင်မှလူများနှင့် အပေးအယူသာ ပြုလုပ်လိုက်၏။ သူတို့သည် ဝမ်ရှန်းပြောခဲ့သည့် လျှို့ဝှက်ချက် အကြောင်း သိခွင့်ရခဲ့ရန် ရွှေဒင်္ဂါးအများအပြား ပေးလိုက်ရ လေတော့သည်။
***