Switch Mode

Chapter – 151

လွဲချခံရသောဓားစာခံ (၂)

အပိုင်း ၁၅၁
လွဲချခံရသောဓားစာခံ (၂)

စုန့်လောင်ယုသည် ရှီမိသားစုနှင့် ချူမိသားစုတို့ကိုပါ ဤကိစ္စတွင်းသို့ ရုတ်တရက် ဆွဲသွင်းလိုက်၏။ အဓိက အင်အားစုငါးခု အတွင်းမှ လူများသာမက ရှားမိသားစုနှင့် ဂန်မိသားစု တို့သည်လည်း ပါဝင်ခဲ့လေပြီ။ ထိုအဖြစ်အပျက်ထဲတွင် စုန့်မိသားစု အပါအဝင် တစ်ကြိမ်တည်းဖြင့် မိသားစုငါးခု ပါဝင်သွားခဲ့သည်။

စုန့်လောင်ယု၏ စကားအား ကြားလိုက် ရသောအခါ ထိုနေရာ၌ ရှိနေသည့် ချူမိသားစု၊ ရှားမိသားစုနှင့် ဂန်မိသားစုတို့မှ ကိုယ်စားလှယ်များ အလွန် ပျော်ရွှင် သွားခဲ့ကြသည်။ မထင်မှတ်စွာပင် သူတို့၏ ဘိုးဘေးများကြား၌ ဆက်နွှယ်မှုများ ရှိကြောင်း သိလိုက်ရသည်။ စုန့်လောင်ယုသည် သူတို့ဘိုးဘေးများ၏ နာမည်ကိုလည်း ပြောခဲ့ပေသည်။ ပြန်ရောက်ပါက ဘိုးဘေးတို့၏ မှတ်တမ်းများကို လိုက်မည်ဆိုလျှင် သဲလွန်စများ များစွာ ရှာတွေ့နိုင်ပေသည်။ သဲလွန်စ ရှိနေသ၍ ကိုင်တွယ်၍ ရပေ၏။

အားလုံးသည် ဤထူးခြားဆန်းကြယ်မှု အကြောင်း သိချင်ကြ၏၊ ထို့ကြောင့် သူတို့ ဘာလုပ်သင့်သနည်း… ရလဒ်အနေဖြင့် တစ်ကိုယ်တည်း ဖြစ်နေသည့် သိုက်မိသားစုသည် အားလုံး၏ ပစ်မှတ် ဖြစ်သွားတော့သည်။

အစောပိုင်း၌ ဝမ်ရှန်းအား လုပ်ကြံခဲ့သည့် ဖြစ်ရပ်မျိုး မရှိဘူးဆိုလျှင် သိုက်မိသားစုသည် သူတို့ ဤအကြောင်းကို မသိဟု ငြင်းဆို၍ ရနိုင်သော်လည်း ယခုအချိန်တွင် ငြင်းချင်၍ပင် ငြင်းမရတော့ပေ။

ဝမ်ရှန်းအား လုပ်ကြံရန် သိုက်မိသားစု စေလွှတ်ခဲ့သော ကြေးစားများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုခဲ့ပြီး ဖြစ်သည်။ ထိုကြေးစားများ လာခဲ့သည့်နေရာ၊ သူတို့တွေ့ခဲ့သည့် လူများ၊ သူတို့သွားခဲ့သည့် ဈေးဆိုင်များ၊ သူတို့ဝယ်ယူခဲ့သည့် ပစ္စည်းများနှင့် သူတို့စားသောက်ခဲ့သည့် အစားအသောက်များ… အရာအားလုံးကို ပြီးပြည့်စုံစွာ အတည်ပြုခဲ့ပြီး ဖြစ်၏။

သိုက်မိသားစုသည် ဝမ်ရှန်းအား နှုတ်ပိတ်ရန် မှလွဲ၍ အခြားမည်သည့် အကြောင်းပြချက်မှ မရှိချေ။ သိုက်ဟွမ်နှင့် သိုက်စီရီတို့ အတွက် ကလဲ့စားချေခြင်းလား။ ဤအကြောင်းပြချက်ကို ကလေးများအား သွားပြောမည် ဆိုလျှင်တောင် ယုံမည် မဟုတ်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သိုက်မိသားစုသည် ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်မှ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ခြင်းပင်။ ဤသည်မှာ တစ်ခုတည်းသော အကြောင်းပြချက်လည်း ဟုတ်ပေသည်။ ထိုအချက်မှလွဲ၍ အခြား ဖြစ်နိုင်ချေများ မရှိချေ။

ထိုအခိုက်အတန့်တွင် သိုက်မိသားစုမှ ကိုယ်စားလှယ်တို့မှာ အလွန်အမင်း ဒေါသ ထွက်နေသော်လည်း ပတ်ပတ်လည်၌ ရှိနေသည့် လူများသည် အားနည်းသူများ မဟုတ်သည့်ပြင် သိုက်မိသားစု အနေဖြင့်လည်း ဤကဲ့သို့ လူမြင်ကွင်းမျိုး၌လည်း မပေါက်ကွဲချင်ပေ။ ထို့ကြောင့် သူတို့ ထိုနေရာမှ အရင် ထွက်သွား လိုက်ကြ၏။ သူတို့စိတ်ထဲတွင်လည်း ဝမ်ရှန်းကို ထပ်ခါထပ်ခါ ကျိန်ဆဲနေမိကြတော့သည်။

သိုက်မိသားစုမှ ကိုယ်စားလှယ်များ ထွက်သွားသည်ကို မည်သူမှ တားမည် မဟုတ်ချေ။ ငါးများသည် ပိုက်ကွန် အတွင်းမှ မလွတ်မြောက်နိုင်ပေ။ အရေးကြီးသည်မှာ ဤနေရာ၌ ရှိနေသည့် လူများအားလုံးသည် သူတို့၏သက်ဆိုင်ရာ မိသားစု အသီးသီးထံသို့ ချက်ချင်း သတင်းပို့ကာ အတည်ပြုပေးရန် ဖြစ်၏။

စုန့်မိသားစုမှ ထည့်သွင်း ပြောဆိုခဲ့သည့် မိသားစုများမှာလည်း ချက်ချင်းပြန်၍ ဤကိစ္စထဲ၌ ပါဝင်သည့် ဘိုးဘေးများ၏ မှတ်တမ်းများကို စစ်ဆေးရန် လိုအပ်ပေသည်။ တစ်စုံတစ်ခုကို ရှာတွေ့သည် ဆိုလျှင် ထိုအရာသည် သူတို့မိသားစုအတွက် အကျိုးရှိပေမည်။

မကြာမီတွင် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး အလျှိုလျှို ပြန်သွားကြတော့သည်။

အားလုံး ထွက်ခွာသွားပြီးနောက် အိမ်တော်ထိန်းသည် သီးသန့်ခန်း တစ်ခုဆီသို့ တိတ်တဆိတ် သွားကာ အခန်းတံခါးအား ခပ်ဖွဖွ ခေါက်လိုက်၏။ ထို့နောက် အခန်းတံခါးအား ညင်သာစွာ တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

“အရှင် ဘယ်လို ထင်ပါသလဲ”

အခန်းထဲ၌ ထိုင်နေသည့် လူမှာ ဝူရုံမြို့၏ မြို့အရှင်ပင်ဖြစ်သည်။ သူသည် အခန်းတွင်းမှ နေ၍ အစောပိုင်း၌ ဝမ်ရှန်း ရပ်နေခဲ့သည့် စားပွဲအား မျက်နှာမူကာ ထိုင်နေခြင်းဖြစ်သည်။ အိမ်တော်ထိန်းသည် ထိုလူ၏ကျောကိုသာ မြင်နေရပေသည်။

“သူပြောတဲ့ အကြောင်းပြချက်က ၈၀ ရာခိုင်နှုန်း မှန်နိုင်ချေ ရှိပါတယ်” အိမ်တော်ထိန်းမှ အလျင်အမြန် ပြန်ဆက် ပြောလိုက်သည်။

“အစောတုန်းက သူပြောခဲ့တယ်၊ သူက ယုံကြည်ချက် ခိုင်မာတာကြောင့်နဲ့ သူ့ကိုယ်သူ ယုံကြည်မှု ရှိတာကြောင့် အဆင့်မြင့်တင် နိုင်ခဲ့တာတဲ့။ အဲဒါက ဘယ်လောက်ထိ ဖြစ်နိုင်ချေ ရှိတယ်လို့ မင်း ထင်လဲ” မြို့အရှင်မှ ထိုင်ခုံပေါ်၌ တည်ငြိမ်စွာ ထိုင်ကာ မေးလိုက်၏။

“အဲဒါတော့ ကျွန်တော် မခန့်မှန်း ကြည့်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ တော်တော်ကို နည်းပါတယ်”

အိမ်တော်ထိန်းမှ ရိုးသားစွာ ဖြေလိုက်သည်။ သူသည် သူတွေးမိသည့် အတိုင်းသာ ဖြေလိုက်ခြင်းဖြစ်၏၊ မြို့အရှင်နှင့် ပြောဆိုရာတွင် သူသည် အဓိပ္ပာယ် မရှိသည့် စကားများကို မပြောရဲပေ။

“ဝိညာဉ်ကို အဆင့်မြှင့်တင်တဲ့ ကိစ္စက တကယ် မှန်နိုင်ပါတယ်။ အခုတစ်ခေါက်မှာ စုန့်မိသားစုက သူတို့အရှက်ကို သူတို့ခွဲခဲ့ပြီးတော့ အဲဒီ အဖြစ်အပျက်ကို တိုက်ရိုက် ဝန်ခံခဲ့တယ်။ ပြီးတော့ သိုက်မိသားစုရဲ့ လုပ်ရပ်ကလည်း သူတို့ တကယ်ပဲ တစ်ခုခုကို သိနေတယ် ဆိုတာကို ပြနေပါတယ်”

“စုံစမ်းခဲ့”

မြို့အရှင်မှ စကားတစ်ခွန်းသာ ပြောလိုက်၏။ သို့သော် အိမ်တော်ထိန်းသည် ဘုရင်မင်းမြတ် အမိန့်တော်ကို ရရှိလိုက်သကဲ့သို့ ထိုအမိန့်ကို အလျင်အမြန်ပင် လက်ခံလိုက်၏။

ထို့နောက် အိမ်တော်ထိန်းမှ ဆက်လက်၍ တင်ပြလိုက်သည်။

“အရှင်၊ ဝမ်ရှန်းက ဒီလက်အောက် ငယ်သားကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ဝိညာဉ်တေွရဲ့ ကျင့်စဉ်တွေကို စုစည်းပေးဖို့ တောင်းဆို ထားပါတယ်။ ဒီငယ်သားက တချို့တလေကိုတော့ စုစည်းပြီးသွားပါပြီ။ အဲဒါကို အကြီးအကဲတွေ လေ့လာ ဆန်းစစ်နေပါတယ်”

“အင်း…” မြို့အရှင်မှ စိတ်ကျေနပ်စွာ ခေါင်းညိတ် လိုက်၏၊ ထို့နောက် ဘာမှဆက် မပြောခဲ့တော့ပေ။

မြို့အရှင် ပြောလိုက်သည့် စကားသံကို ကြားလိုက်ပြီးနောက် အိမ်တော်ထိန်း အလွန် ပျော်ရွှင်သွားခဲ့၏။ သူ မြို့အရှင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် ထိုလေသံသည် မြို့အရှင် ကျေနပ်မှုရှိသည့် လေသံဖြစ်ကြောင်း သူ သိပေသည်။

ဝမ်ရှန်းမှာမူ ဤကိစ္စကြားမှ ကိုယ်လွတ်ရုန်း လွတ်မြောက်ခဲ့လေပြီ။ သိုက်မိသားစုအား ယွမ်ဝိညာဉ် ခိုးယူရန် မည်သူက စေညွန်းခဲ့သနည်း… ထိုယွမ်ဝိညာဉ်သည် အမှန်တကယ် အဆင့်မြင့်တင်၍ ရပါ၏လော.. စသည်ဖြင့် လူအများအား အတွေးများစေမည့် အခြေအနေ တစ်ခုသို့ သိုက်မိသားစုကို သူ တွန်းပို့ခဲ့လိုက်ပြီ ဖြစ်သည်။ သူတို့ ဤကိစ္စ အတွင်းမှ မလွတ်မြောက် နိုင်တော့ပေ။

မကြာမီတွင် အဓိက အင်အားစုများ၏ ခေါင်းဆောင် အသီးသီးမှာလည်း သိသွားကြပေမည်။ ထိုအချိန်တွင် သိုက်မိသားစုသည် ပြဿနာများစွာနှင့် ကြုံတွေ့ ရပေလိမ့်မည်။ သို့သော် ဝမ်ရှန်းမှာမူ ထိုကိစ္စများကို စိုးရိမ်စရာ မလိုတော့ဘဲ သူ့ကိုယ်သူသာ ဂရုစိုက်ရန် လိုတော့၏။

ဤရက်ပိုင်း အတွင်းတွင် မြို့အရှင်စံအိမ်သည် အလုပ်ကိစ္စ များစွာဖြင့် သေချာပေါက် ယောက်ယက်ခတ် နေသည်။ ဝမ်ရှန်းသည် သူတို့ထံသို့ လာကာ အိမ်တော်ထိန်းမှ စုစည်းထားသည့် ရှေးဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းများကို လာရောက် ကြည့်ရှုမည် ဖြစ်သည်။

အခြားသူများအား သူနှင့်သက်ဆိုင်သည့် ဝိညာဉ်ကျင့်စဉ်ကို ရှာဖွေကာ အဆင့်တက်ရန် ကျင့်ကြံခြင်းဟု အကြောင်းပြပြီး တကယ်တမ်းတွင် ဝမ်ရှန်း ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ခုရှိနေပေသည်။ ၎င်းမှာ ထိုအချက်အလက်များ မှတဆင့် ဖီးနစ်ဝိညာဉ် အကြောင်းကို ရှာဖွေရန်ဖြစ်၏။

ဤကမ္ဘာသို့ အချိန်အတော် ရောက်လာပြီးနောက် ဖီးနစ်ဝိညာဉ်သည် တားမြစ်ချက် တစ်ခုဖြစ်သည်ဟု စုန့်ရန် ပြောခဲ့သည်မှလွဲ၍ ဝမ်ရှန်းသည် သူ၏အိပ်မက် အတွင်းမှ ကောင်မလေးအကြောင်း ဘာမှ ဂဃနဏ မသိရသေးချေ။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကို အရယူကာ ထိုဝိညာဉ်အကြောင်း အနည်းငယ် ရှာဖွေရန် ကြံစည်နေခြင်း ဖြစ်သည်။

ရတနာစံအိမ်အား သတင်းအချက်အလက်များ စုစည်းပေးရန် တောင်းဆိုခြင်းမှာလည်း ဤအတွက်သာ ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် ဖီးနစ်ဝိညာဉ်နှင့် ဆက်စပ်သည့် အဆက်အသွယ်များကို ရှာဖွေရန်အတွက် အဆင့်မြင့်ဝိညာဉ် တစ်ခုချင်းစီ၏ ကိုယ်စားပြုသူ တစ်ယောက်ချင်းကိုလည်း လိုအပ်ပေသည်။

တားမြစ်ချက် တစ်ခုပင် ဖြစ်လာခဲ့သည့် ဖီးနစ်ဝိညာဉ်သည် အဆင့်နိမ့်ဝိညာဉ် တစ်ခုတော့ မဟုတ်နိုင်ချေ၊ ထိုဝိညာဉ်က တားမြစ်ချက်တစ်ခု ဖြစ်ခဲ့သော်ငြား မှတ်တမ်း နည်းနည်းမျှ မရှိနိုင်၊ ဘာသဲလွန်စမှ မကျန်ခဲ့သည်မှာ မဖြစ်နိုင်ချေ။

မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ၏အိပ်မက်တွင်းမှ ကောင်မလေး၏ သတင်းအကြောင်းကို ရှာဖွေရပေမည်။

တစ်ညတွင် ဝမ်ရှန်းသည် တော်ဝင်ရတနာ စံအိမ်မှ စားဖိုမှူး နှစ်ယောက်အား ဟင်းချက်ရန် ညွှန်ကြားနေသည့် အချိန်၌ အိမ်တော်ထိန်းသည် သူ့ထံသို့ ပြုံးရွှင်လျက် လျှောက်လာခဲ့သည်။ သူသည် ပျော်ရွှင်စရာ ကောင်းသည့် ကိစ္စတစ်ခုခုကို ကြုံတွေ့ခဲ့သကဲ့သို့ ရွှင်မြူးနေပြီး ဝမ်ရှန်း၏ အိမ်တွင်းသို့ ဝင်ရောက် လာလေသည်။

“မင်းကို သတင်းကောင်း ပြောစရာရှိတယ်”

အိမ်တော်ထိန်းသည် ဝမ်ရှန်းအား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်လုံးများသည် လခြမ်းသဏ္ဌာန်ကဲ့သို့ တစ်မုဟုတ်ချင်းပင် ကွေးညွှတ် သွားလေသည်။ သူသည် အားပါးတရကြီး ပြုံးလျက် ပြောလိုက်သည်။

“သိုက်မိသားစုက လူနှစ်ယောက်က လေလံအိမ်ထဲက ထွက်ပြီး သိပ်မကြာဘူး လမ်းပေါ်မှ လုပ်ကြံ ခံလိုက်ရတယ်တဲ့။ ငါလည်း အခုလေးတင် ဒီသတင်း သိလာတာ။ ပြီးတော့ သူတို့က ဒဏ်ရာ ပြင်းပြင်းထန်ထန်နဲ့ကို သေခဲ့တာတဲ့။ မင်း ပျော်လိုက်တော့… ဝူရုံမြို့ဆီကို အသေခံလူတွေ လွှတ်ရဲပြီး သူတို့ကများ ဒီမြို့ကနေ အသက်ရှင်လျက် ထွက်သွားချင်တယ်တဲ့ ဟား ဟား ဟား”

***

Comment

Leave a Reply

Options

not work with dark mode
Reset