Switch Mode

Chapter – 4

အဆောင်အတွင်းမှ ပြင်းထန်သော တိုက်ပွဲ

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၄ – အဆောင်အတွင်းမှ ပြင်းထန်သော တိုက်ပွဲ
သစ်ပင်ပေါ် အရင်ဆုံးတက်လိုက်သည့် ချန်းကန်မှာ အောက်ရှိကောင်လေး၏အသံကို ကြားသော် အနည်းငယ် တွန့်ဆုတ်သွား၏။
ချန်းကန် တွေဝေနေသော စက္ကန့်ပိုင်းလေးတွင် အောက်ရှိကောင်လေးကို ဇွန်ဘီများက လက်သည်းများဖြင့် ကုတ်ဖြတ်၍ ကိုက်ခဲလိုက်ကြလေပြီ။
“အားးးးး”
ကောင်လေးမှာ နာကျင်စွာဖြင့် တစ်ချက်လေးသာ အော်လိုက်နိုင်ပြီးနောက် ဇွန်ဘီ ၅ ကောင်က သူ့ကို တစစီ ကိုက်ဖြတ်လိုက်ကြလေသည်။
စူးရှ‌လှသော အော်သံက ဧရိယာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားပြီး ကြားရသူတိုင်း၏စိတ်နှလုံးများကို ခြောက်ခြားသွားစေ၏။
ထိုသို့မြင်ကွင်းကြောင့် ကျန်ကျောင်းသား ၃ ယောက်မှာ သစ်ပင်များပေါ် မရပ်မနားတက်ကြတော့သည်။ မျက်လုံးများတွင် ကြောက်ရွံ့မှုများအပြည့်ဖြင့် သူတို့သည် အောက်ရှိဇွန်ဘီ ၃ ကောင်ကို စိုက်ကြည့်နေကြ၏။
ဇွန်ဘီဒါဇင်များစွာ သစ်ပင်အောက်တွင် ဝိုင်း၀န်းလိုက်ကြရာ အပြင်လောကသို့ လွတ်မြောက်ရန်လမ်းမှာ ပိတ်ဆို့သွားလေသည်။
“ဒုက်ခပဲ”
အပြင်ရှိ အခြေအနေကို ကြည့်ရင်း ယွဲ့ကျုံး၏မျက်ခုံးများမှာ တွန့်ချိုးသွား၏။ အပြင်လောကသို့ ထွက်ပြေးနိုင်မည့် တစ်ခုတည်းသော လမ်းမှာ ပိတ်မိသွားပြီဖြစ်သည်။ ဤနေရာမှ လွတ်မြောက်ရန်မှာ အင်မတန် ခက်ခဲ‌သွားလေပြီ။
ယင်းဇွန်ဘီများ၏တစ်ခုတည်းသော အားနည်းချက်မှာ ဦးခေါင်းဖြစ်၏။ သို့‌သော် စွမ်းအားကြီးလွန်းသဖြင့် ၎င်းတို့ထံမှ ခြစ်ရာလေးတစ်ခုကပင် သာမန်လူတစ်ယောက်ကို အသက်ထွက်သွားစေနိုင်သည်။ ၎င်းတို့နှင့် ရင်ဆိုင်ရသည်မှာ အင်မတန် ခက်ခဲ၏။ ၎င်းတို့သာ မနှေးကွေးနေပါက လက်နက်များမရှိသရွေ့ လက်ရွေးစင်တပ်ဖွဲ့များပင်လျှင် ရင်ဆိုင်တိုက်ခိုက်ရာတွင် အခက်အခဲ ကြုံရပေလိမ့်မည်။
ထိုအချိန်တွင် အခန်းပြင်မှ အသံကြီးတစ်သံကို ကြားလိုက်ရပြီး အပြင်မှ ဇွန်ဘီ ၂ ကောင်မှာ အခန်းအတွင်းသို့ ရောက်လာကြ၏။
အခန်းတံခါးကို စောင့်ကြပ်နေသော အရိုးဖြူက ပုဆိန်ကြီးကို လွှဲရမ်း၍ ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို ခုတ်ဖြတ်ပစ်လိုက်သည်။
ယွဲ့ကျုံးက အရိုးဖြူကို စိုက်ကြည့်လိုက်ရာ ဇွန်ဘီထံမှ အဖြူရောင်အလင်းလုံးက ၎င်းကိုယ်အတွင်း ၀င်ရောက်သွားသည်ကို တွေ့လိုက်ရ၏။
ဇွန်ဘီတစ်ကောင် သေသွားပြီး ကျန်ဇွန်ဘီက အခန်းအတွင်း အတင်းအကြပ် ၀င်ရောက်လာလေသည်။ သို့သော် ၎င်း၏ခေါင်းမှာလည်း အရိုးဖြူ၏ပိုင်းဖြတ်ခြင်း ခံလိုက်ရသဖြင့် ကြမ်းပြင်မှာ အမည်းရောင်သွေးတို့ဖြင့် ညစ်ပေသွား၏။ အဖြူရောင်အလင်းလုံးတစ်လုံးက အရိုးဖြူ၏ခန္ဓာကိုယ်ထဲ ၀င်‌ရောက်သွားပြန်သည်။
ယွဲ့ကျုံးက မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။
“ဆင့်ခေါ်မွန်းစတားတွေက သူတို့အတွက်ပဲ exp ရပြီးတော့ ပိုင်ရှင်အတွက်တော့ မရဘူးပဲ။ ကြည့်ရတာ သန်မာလာဖို့ဆိုရင် ငါကိုယ်တိုင် မွန်းစတားတွေကို သတ်ရမယ့်ပုံပဲ”
ထိုသို့ သဘောပေါက်လိုက်မှုက ယွဲ့ကျုံး၏စဦးအစီအစဉ်ကို ပျက်သုဉ်းသွားစေသည်။ သူသည် ကူးစက်မခံရနိုင်သော အရိုးဖြူအား ဇွန်ဘီများနှင့် ရင်ဆိုင်စေလိုခဲ့၏။ ၎င်းနောက်ကွယ် ဘေးကင်းရာတွင် နေ၍ exp များယူရင်းအဆင့်တက်ရန်မှာ မဖြစ်နိုင်တော့ချေ။
ယွဲ့ကျုံးကိုယ်တိုင် ၀င်ရောက်မတိုက်ခိုက်သရွေ့ သူ ဘယ်တော့မှ သန်မာလာမည် မဟုတ်ပေ။
ယွဲ့ကျုံးသည် အနာဂတ်တွင် ကမ္ဘာကြီး မည်သို့ ဖြစ်လာမည်ကို မသိသော်လည်း အလွန်တရာ ရက်စက်လာမည်ကိုတော့ မုချ ပြောနိုင်၏။ သူသာ မသန်မာလာလျှင် ရှင်သန်ရန်မှာ ခက်ခဲလာလိမ့်မည်။
အသံကြောင့် အာရုံစိုက်သွားမိသည့်အလား နောက်ထပ် ဇွန်ဘီ ၃ ကောင်က တံခါးပေါက်မှတဆင့် တိုး၀င်လာကြ၏။
“အရိုးဖြူ မင်း ညာဘက်က နှစ်ကောင်ကို တာ၀န်ယူလိုက်”
ယွဲ့ကျုံးက အမိန့်ပေးလိုက်သည်။
အမိန့်လက်ခံရရှိသည်နှင့် အရိုးဖြူက ချက်ချင်း ရှေ့တက်၍ ပုဆိန်ကြီးအား လွှဲရမ်းကာ ဇွန်ဘီတစ်ကောင်ကို ခေါင်းဖြတ်ပစ်လိုက်၏။ သွေးပုပ်သွေးညစ်များက နေရာတိုင်းသို့ လွင့်စင်သွားလေသည်။
ကျန်ဇွန်ဘီ ၂ ကောင်က အခန်းအတွင်းသို့ မကြောက်မလန့် တိုး၀င်လာဆဲပင်။
အပျက်အစီးများ ပုံနေသော တံခါး၀တွင် ဇွန်ဘီတစ်ကောင်မှာ ယိမ်းယိုင်လျက် ကြမ်းပြင်ပေါ် မှောက်ကျသွား၏။ အရိုးဖြူက ပုဆိန်ကြီးကို လွှဲရမ်း၍ အညှာအတာမဲ့စွာ ဇွန်ဘီ၏ဦးခေါင်းကို ခုတ်ချလိုက်လေသည်။
ကျန်ဇွန်ဘီ၏မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် အကိုက်ခံထားရပြီး အပေါက်များ ဗလပွဖြစ်နေ၏။ မျက်ဆံဖြူများနှင့် ဇွန်ဘီ ယွဲ့ကျုံးထံ အတင်းအကြပ်ရုန်းကန်၍ တွားသွားလာနေသည်။
ယွဲ့ကျုံးက အကြောက်တရားများကို မြိုသိပ်လိုက်၏။ သူက ရှေ့တစ်လှမ်းတက်၍ တုတ်ချောင်းကို မြှောက်ကာ ဇွန်ဘီ၏ဦးခေါင်းကို ရိုက်ချလိုက်သည်။ ၎င်းက ဇွန်ဘီ၏ဦးခေါင်းကို လည်ထွက်သွားစေပြီး အဖြူရောင်အလင်းလုံးတစ်လုံးက ယွဲ့ကျုံးကိုယ်ထဲ ၀င်ရောက်သွား၏။
ယွဲ့ကျုံးက စိတ်ချရအောင် အရိုးဖြူအား ဇွန်ဘီ၏ဦးခေါင်းကို ခုတ်ပိုင်းစေလိုက်သည်။
အခန်းတွင်း၌ ဇွန်ဘီတစ်ကောင်မှ မရှိတော့သည့်အခါမှ ယွဲ့ကျုံးမှာ အသက်၀၀ ရှုနိုင်၏။ အပြင်ဘက်တွင် ဇွန်ဘီများမှာ အခန်းတွင်းသို့ ၀င်ရောက်နိုင်ရန် ပြတင်းပေါက်၌ရော တံခါး၀မှာပါ တိုးကြိတ်နေကြလေသည်။
“များလိုက်တဲ့ ဇွန်ဘီတွေ”
ဇွန်ဘီများ အခန်းထဲ၀င်ရန် အသည်းအသန် ကြိုးစားနေသည်ကို ကြည့်ရင်း ယွဲ့ကျုံးမှာ ပင့်သက်ရှိုက်မိလိုက်သည်။ သူ့အခန်းတံခါး၀တွင် ပြုံတိုးနေကြသော ဇွန်ဘီအရေအတွက်မှာ ဒါဇင်ကျော်၏။ ထိုအသက်မရှိတော့သော မျက်လုံးဖြူဖြူကြီးများက သူ၏စိတ်ကို လေးပင်လာစေသည်။
အနီးကပ်တိုက်ခိုက်ခြင်းမှာ သက်လုံများစွာ သုံးစွဲရပြီး ဇွန်ဘီများထံမှ ခြစ်ရာလေးတစ်ချက်ကပင် သေဆုံးသွားစေနိုင်၏။ ဇွန်ဘီဒါဇင်ကျော်ကို ရင်ဆိုင်ရသည်မှာ ဇွန်ဘီတစ်ကောင်ကို တိုက်ခိုက်ရသည်နှင့် အဆပေါင်းများစွာ ကွာခြားလေသည်။
ကံကောင်းစွာဖြင့် တံခါး၀မှာ သေးငယ်သဖြင့် တစ်ကြိမ်လျှင် ဇွန်ဘီ ၃ ကောင်သာ ၀င်လာနိုင်၏။ တံခါးပေါက်တွင် ဇွန်ဘီ ၃ ကောင်မှာ တိုးဝှေ့နေပြီး အထဲ၀င်ရန် ရုန်းကန်နေကြလေသည်။ အခြားဇွန်ဘီတစ်ကောင်မှာတော့ ပြတင်းပေါက်မှ ကျော်၀င်ရန် ကြိုးစားနေ၏။
ထိုဇွန်ဘီ ၄ ကောင်အပြင် တံခါးပေါက်အပြင်၌ ကြိတ်ကြိတ်တိုးနေသော ဇွန်ဘီများ ရှိနေသေးလေသည်။ ဇွန်ဘီများစွာကို သတ်ရမည်ကို တွေးမိသည့်အခါ ယွဲ့ကျုံးမှာ အားနည်းသွားသယောင်ပင် ခံစားလိုက်ရ၏။
“အရိုးဖြူ တံခါးပေါက်က ၃ ကောင်ကို တာ၀န်ယူလိုက်”
ယွဲ့ကျုံးက အမိန့်ပေးပြီးနောက် ပြတင်းပေါက်ဆီ ပြေးသွားသည်။ သူ၏မျက်လုံးများက စိတ်ပိုင်းဖြတ်ထားမှုတို့ကြောင့် တောက်ပနေ‌၏။ သူက တုတ်ချောင်းဖြင့် ဇွန်ဘီ၏ဦးခေါင်းကို ရိုက်ချလိုက်ရာ ခေါင်းမှာ လည်ထွက်သွားပြန်သည်။
အဆင့်တစ်ဆင့် တက်သွားပြီးနောက် အရိုးဖြူ၏လှုပ်ရှားမှုများမှာ ယခင်ကထက် ပို၍ကောင်းမွန်လာလေသည်။ ၎င်းက တံခါး၀ရှိ ဇွန်ဘီအလောင်းမျာကို တက်နင်းပြီး ဇွန်ဘီတစ်ကောင်၏ဦးခေါင်းကို တိခနဲ ဖြတ်ပစ်လိုက်၏။
ကျန်ဇွန်ဘီ ၂ ကောင်က ၎င်းအနောက်မှ တိုး၀င်လျက် အခန်းအတွင်း ၀င်ရန် ကြိုးစားနေကြလေသည်။
ဇွန်ဘီ ၂ ကောင်မှာ အထဲသို့ ၀င်ရောက်လာနိုင်သော်လည်း တံခါး၀ရှိ အပျက်အစီးများကြောင့် မှောက်ရက်သား လဲကျသွားကြ၏။
ယွဲ့ကျုံးက အခွင့်အရေးကို အသုံးချ၍ ရှေ့တက်ကာ ဇွန်ဘီ၏ဦးခေါင်းကို ရိုက်ချလိုက်ပြန်သည်။ ခေါင်းမှာ ချိုင့်၀င်သွား၏။
အရိုးဖြူက ပုဆိန်ကြီးကို လွှဲရမ်း၍ အခြားဇွန်ဘီတစ်ကောင်၏ဦးခေါင်းအား ခုတ်ချလိုက်သည်။
ယွဲ့ကျုံးမှာ အမော‌ဖြေချိန်လေးပင် မရလိုက်ပေ။ ထို့နောက် နောက်ထပ် ဇွန်ဘီ ၄ ကောင်က တံခါးနှင့်ပြတင်းပေါက်တို့မှ တိုး၀င်ရန် ကြိုးစားလာကြပြန်၏။
ယွဲ့ကျုံးက အံတင်းတင်းကြိတ်၍ ပြတင်းပေါက်ထံ လျှောက်သွားလိုက်သည်။ မျက်လုံးတစ်လုံး ကျွတ်ထွက်နေသော ဇွန်ဘီ၏ဦး‌ခေါင်းကို ယွဲ့ကျုံးက အားကုန်ရိုက်ချလိုက်၏။ အဖြူရောင်အလင်းလုံးတစ်လုံးက သူ့ကိုယ်ထဲ ၀င်ရောက်သွားသည်။
အရိုးဖြူက တံခါးရှေ့တွင် ပိတ်ရပ်လျက် ပုဆိန်ကြီးကို ကျွမ်းကျင်စွာ လွှဲရမ်းရင်း ဇွန်ဘီများကို သတ်ဖြတ်နေ၏။ သွေးပုပ်သွေးမည်းများက အဘက်ဘက်သို့ လွင့်စင်နေချေသည်။
ဤအချိန်တွင် တံခါး၀မှာ အပျက်အစီးများ ဇွန်ဘီအလောင်းများဖြင့် ပိတ်မိနေသော်လည်း ဇွန်ဘီများက လက်မလျှော့ဘဲ တိုး၀င်ရန် ကြိုးစားနေဆဲပင်။ သို့သော် ကျန်ဇွန်ဘီ ၂ ကောင်မှာ တံခါးပေါက်၀တွင် ညပ်လျက် အဆက်မပြတ် ရုန်းကန်နေ၏။
ယွဲ့ကျုံးက အခွင့်ကောင်းယူ၍ ရှေသို့တက်ကာ ညာလက်တွင် တုတ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဇွန်ဘီနှစ်ကောင်လုံးကို ရိုက်ချကာ သတ်ပစ်လိုက်သည်။ဇွန်‌ဘီ ၂ ကောင်၏အလောင်းမှာ တံခါး၀တွင် ညပ်သွားလေပြီ။ သွေးပုပ်များက စီးကျလာသဖြင့် အခန်းတစ်ခန်းလုံးမှာ သည်းမခံနိုင်သော အပုပ်နံ့ကြီးဖြင့် ပြည့်နှက်သွားတော့သည်။
အလောင်းများမှာ တံခါး၀တွင် စုပုံနေ၏။ အလောင်း ၃ လောင်းက အလယ်တွင် လဲကျနေပြီး ၂ လောင်းကတော့ တစ်ဖက်တစ်ချက်စီတွင် ညပ်နေလေသည်။
ဇွန်ဘီ ၂ ကောင်၏ခေါင်းများက တိုး၀င်လာပြန်ရာ ယွဲ့ကျုံးက တုတ်ချောင်းဖြင့် တစ်ကောင်ကို ရိုက်ချလိုက်ပြီး အရိုးဖြူက နောက်တစ်ကောင်ကို သတ်ပစ်လိုက်သည်။
နောက်ထပ်ဇွန်ဘီတစ်ကောင်က ပြတင်းပေါက်မှ တိုး၀င်ရန် ကြိုးစားနေ၏။ ၎င်းက ခန္ဓာကိုယ်တစ်၀က်ပင် အထဲရောက်ပြီးနေလေပြီ။ ယွဲ့ကျုံးက အနားလျှောက်သွား၍ ဦးခေါင်းကို ရိုက်ချပစ်လိုက်သည်။
ဇွန်ဘီကို သတ်ဖြတ်ပြီးနောက် အဖြူရောင်အလင်းလုံးက သူ့ကိုယ်ထဲ ၀င်ရောက်သွားပြီး အသံတစ်သံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
[အဆင့်၃ သို့ ရောက်ရှိသွားပါပြီ။ ကျေးဇူးပြုပြီး အမှတ် ၂ မှတ်ကို သုံးစွဲပေးပါ]
“စွမ်းအားနဲ့ သက်လုံမှာထည့်လိုက်”
ယွဲ့ကျုံးမှာ ဟောဟဲလိုက်နေရင်း ဆုံးဖြတ်လိုက်သည်။ ဇွန်ဘီများကို တိုက်ခိုက်ရခြင်းက သူ၏သက်လုံကို အတော်လေး လျော့ကျသွားစေ၏။ ဇွန်ဘီများ၏ဦးခေါင်းကို ပြုတ်ထွက်သွားစေရန် စွမ်းအားအလုံအလောက် မရှိသဖြင့် သက်လုံကို အားကိုးရလေသည်။
သူ အတွေးစီးကြောင်းတွင် နစ်မြောနေစဉ် နွေးထွေးမှုတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး အားဖြည့်ပေးလိုက်၏။
အပိုင်း ၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset