Switch Mode

Chapter – 3

ဇွန်ဘီများ ၀ရုန်းသုန်းကား ဖြစ်ခြင်း

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၃ – ဇွန်ဘီများ ၀ရုန်းသုန်းကားဖြစ်ခြင်း
“မိုက်လိုက်တာ”
ယွဲ့ကျုံးမှာ အရိုးဖြူ၏အချက်အလက်များကို ကြည့်ရင်း သဘောကျနေလေသည်။
အရိုးဖြူ၏တိုးတက်နှုန်းမှာ ယွဲ့ကျုံးထက် မြင့်မားပေသည်။ ၎င်း၏စွမ်းရည်အမှတ်များမှာ အဆင့်တစ်ဆင့်သာ တက်ရသေးသော်လည်း ၆ မှတ်အထိ တိုးသွားခဲ့၏။ သာမန်လူတစ်ယောက်နှင့်ယှဉ်လျှင် ၎င်းသည် ယခုတွင် ၁၀ ရာခိုင်နှုန်း သာလွန်နေပြီဖြစ်သည်။ ဤမျှ သန်မာသော မဟာမိတ်တစ်ခု ရရှိထားခြင်းက သူ၏ရှင်သန်နိုင်မည့်အခွင့်အရေးများကို အတော်လေး မြင့်တက်သွားစေ၏။
အလောင်းများမှာ ထွက်လာသော အနံ့ဆိုးများကို သည်းခံရင်း ယွဲ့ကျုံးသည် အခန်းတွင်းရှိ စားပွဲခုံ၊ စောင်နှင့် ခေါင်းအုံးများကို ပြတင်းပေါက်နှင့် တံခါး၀တွင် ကာထားလိုက်သည်။
၎င်းတို့က ဇွန်ဘီများ၏တိုက်ခိုက်မှုဒဏ်ကို ကာကွယ်မ‌ပေးနိုင်သော်လည်း နှောင့်နှေးစေနိုင်၏။
အင်မတန် သန်မာသည်မှလွဲ၍ အဆင့် ၁ ဇွန်ဘီများတွင် ထင်ရှားသော အားနည်းချက်တစ်ခုရှိပေသည်။ ၎င်းတို့၏နှေးကွေးမှုပင်။ ဇွန်ဘီများစွာနှင့်မကြုံရပါက သာမန်လူတစ်ယောက်သည် လက်နက်ရှည်နှင့်ပင် သတ်ဖြတ်နိုင်၏။
ဇွန်ဘီ ၁၀ ကောင်ဆိုလျှင်တော့ သေလမ်းမှလွဲ၍ အခြားမရှိချေ။
တံခါးကို ပိတ်ကာပြီးနောက် ယွဲ့ကျုံးသည် အပုပ်နံ့များ လှိုင်နေသော အခန်းထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ စောစောက အတွေ့အကြုံကြောင့် သူ့၌ အရိုးဖြူကို ဆင့်ခေါ်နိုင်သော စွမ်းရည်သာ မရှိခဲ့ပါက သူလည်း ဇွန်ဘီဘ၀ရောက်နေမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့ရလေသည်။
ဤကဲ့သို့ ကျဉ်းကြပ်သော ပတ်၀န်းကျင်၌ ဇွန်ဘီများနှင့် တိုက်ခိုက်ရခြင်းမှာ ယွဲ့ကျုံးအတွက် ခက်ခဲနေသေး၏။ ဇွန်ဘီ ၃ ကောင်သာ တိုက်ခိုက်လာလျှင်တော့ သူ ခံနိုင်ရည် ရှိတော့မည်မဟုတ်ချေ။
သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ယွဲ့ကျုံးသည် အဆောင်အခန်းကို လှန်လှော၍ အသုံး၀င်နိုင်မည့်အရင်းအမြစ်မှန်သမျှကို ရှာဖွေတော့သည်။ မကြာမီ တောင်တက်ရာတွင်သုံးသည့် ကြိုး၊ တောင်တက်ကျောပိုးအိတ်၊ အသင့်စားခေါက်ဆွဲပြုတ် ၄ ထုပ်နှင့် စားလက်စ ကြက်ဥနို့ပေါင်းအိတ်တစ်၀က် တို့ကို ‌ရရှိလိုက်သည်။
အခန်းကျဉ်း၏အခြေအနေကို အသုံးချပြီး ပူးပေါင်းတိုက်ခိုက်ကြသဖြင့် ယွဲ့ကျုံးနှင့်အရိုးဖြူတို့သည် ဇွန်ဘီများကို အတော်အသင့် ရှင်းပစ်နိုင်ကြ၏။ သို့သော် အဓိကပြဿနာတစ်ချက်ရှိပေသည်။ ဤယောက်ျားလေးအဆောင်၌ အထပ် ၈ ထပ်ရှိပြီး တစ်ထပ်စီတွင် အခန်း ၂၀ ရှိကာ တစ်ခန်းစီတွင် ယောက်ျားလေး ၁၂ ယောက် နေထိုင်ကြ၏။ ထို့ကြောင့် စုစုပေါင်းနေထိုင်သည့် ယောက်ျားလေး ၁၉၂၀ ယောက်ရှိလေသည်။ တနင်္ဂနွေနေ့ဖြစ်သောကြောင့် လူအတော်များများက အဆောင်တွင် မရှိကြ‌‌သော်လည်း ၆၀၀ ခန့်တော့ ကျန်ရှိခဲ့သေးသည်။ ယင်း ၆၀၀ မှ သုံးပုံတစ်ပုံခန့်သာ ဇွန်ဘီဖြစ်လာလျှင်ပင် ကြောက်မက်ဖွယ်ကောင်းနေသေး၏။
အရေးကြီးဆုံးအချက်ကား အခန်းများ၌ အစားအစာနှင့် ရေများများစားစား မရှိခြင်းပင်။ ရေပေးဝေရေးစနစ်ပါ ကူးစက်ခံရခြင်းရှိ၊ မရှိ ယွဲ့ကျုံးမသိချေ။ သူ၏ရေဘူးမှ ရေကလွဲ၍ မည်သည့်ရေကိုမှ မသောက်ရဲချေ။
ယွဲ့ကျုံးက ကြိုးကို ကုတင်တိုင်တွင် ချည်ကာ ပြတင်းပေါက်မှတဆင့် အောက်သို့ ပစ်ချလိုက်၏။
ကြိုး အောက်သို့ ကျသွားသည်နှင့် ယွဲ့ကျုံး ထိုင်ခုံတစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်သည်။ သူက မှန်ဘီလူးဖြင့် အပြင်ရှိ အခြေအနေကို အကဲခတ်လိုက်၏။
အရိုးဖြူက သူ၏ဘေးမှနေ၍ စောင့်ကြပ်ပေးလေသည်။
ယခုအခြေအနေကား တစ်ကျောင်းလုံး၌ ၀ရုန်းသုန်းကား ဖြစ်နေချေသည်။ ကျောင်းသားအချို့က အနောက်မှ ဇွန်ဘီများ တန်းလန်းနှင့် ခြေဦးတည့်ရာ ပြေးထွက်လာကြ၏။
ကျောင်းသားများစွာမှာတော့ ပတ်တီးအဖွေးသားဖြစ်နေကြသည်။ သူတို့မှာ ဒဏ်ရာရထားသဖြင့် မျက်စိမျက်နှာပျက်နေကြ၏။
ပြေးနေသည့် ကောင်လေးတစ်ယောက်မှာ မြေပြင်အခြေအနေကို သတိမထားမိချေ။ ရုတ်တရက် အလောင်းတစ်လောင်းကို ကျော်လိုက်ချိန်တွင် ယင်းက သူ၏ခြေထောက်ကို လှမ်းဖမ်းလိုက်ရာ သူ့ခမျာ ယိုင်လဲသွား၏။ သူ့မှာ မြေပေါ် လဲကျသွားတော့သည်။
“ကျန်းမင် ငါ့ကို ကယ်ပါဦး”
သူက ကြောက်လန့်တကြားဖြင့် သူ့အရှေ့ရှိ သူငယ်ချင်းကို အော်ဟစ်အကူအညီတောင်းလိုက်၏။
ကျန်းမင်က လှည့်ကြည့်လိုက်ရာ ထိုကောင်လေးနောက်၌ ဇွန်ဘီများသာရှိကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နှက်လျက် နောက်သို့ တစ်ချက်လှည့်မကြည့်ဘဲ တချိုးတည်း ထွက်ပြေးတော့၏။
“ကျန်းမင်၊ ကျောက်ဖန်း ငါ့ကို ကယ်ကြပါဦး”
ထိုကောင်လေးမှာ အာခေါင်ခြစ် အော်နေရှာသည်။
အရပ် ၁.၈ မီတာ ရှ‌ည်‌သော ကျောက်ဖန်းက အော်သံကို ကြားသောအခါ တခဏ တုံ့ဆိုင်းသွား၏။ သူ လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင်လဲနေသည့် ကောင်လေးအား ဇွန်ဘီ ၈ ကောင်အုံ၍ ကိုက်ဖြတ်နေသည်ကို တွေ့လိုက်ရလေသည်။ အဆက်မပြတ် အကိုက်ခံနေရသောကြောင့် ကောင်လေး၏နာကျင်စွာ အော်ဟစ်သံကို ကြားနေရ၏။
ကျောက်ဖန်မှာ ထိုသို့ ခြောက်ခြားဖွယ် မြင်ကွင်းကြောင့် ဒူးများပင် ချောင်လာသည်။ ထို့နောက် သူလည်း လှည့်မကြည့်ဘဲ ထွက်ပြေးတော့၏။
ဇွန်ဘီ ၈ ကောင်က မရပ်မနား ကိုက်ဖြတ်နေကြသဖြင့် မကြာခင် ကောင်လေး၏အော်သံများမှာ ပျောက်ကွယ်သွားလေသည်။
ကျန်ယောက်ျားလေးများမှာ အသက်လု၍ ပြေးလွှားနေကြ၏။
ယခုအချိန်တွင် တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံးမှာ ကသောင်းကနင်း ဖြစ်နေချေသည်။ နေရာတိုင်း၌ ဇွန်ဘီများထံမှ ကြောက်လန့်တကြား ပြေးလွှားနေသော ကျောင်းသားများဖြင့် ပြည့်နှက်နေ၏။
စောစောက လမ်းပေါ်တွင် လူများ ကျဲနေခဲ့သော်လည်း ယခုတွင်တော့ ကျောင်းသားများ၊ ဇွန်ဘီများဖြင့် ကြပ်သိပ်နေလေပြီ။ ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ခါလျက် မြေပေါ် လဲကျသွားသော ကျောင်သားများလည်း ရံဖန်ရံခါ ရှိတတ်၏။ ထို့နောက် သူတို့ ပြန်ထလာသည့်အခါ ဇွန်ဘီများအဖြစ် ထလာကြသည်။
တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံးမှာ ကြောက်စိတ်မွှန်နေကြ၏။
ယွဲ့ကျုံးမှာ အောက်ရှိအဖြစ်အပျက်များကို ကြည့်ရင်း တုန်ရီနေလေသည်။ ယခုအချိန်တွင် အောက်ရှိလမ်းများမှာ ဇွန်ဘီများ၊ ဟိုဟိုသည်သည် ပြေးလွှားနေသည့် ကျောင်းသားများဖြင့် ရှုပ်ထွေးနေ၏။
တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ စူပါမားကတ်လေးတစ်ခုထံ သွားသော လမ်းငယ်လေးတွင် ဇွန်ဘီအ‌ကောင်၂၀ က ရပ်နေကြရာ စူပါမားကတ်ဆီသွား‌သော လမ်းသာမက တက္ကသိုလ်အပြင်ထွက်ရန် လမ်းမှာ ပိတ်နေတော့သည်။
အဆောင်မှ ယောက်ျားလေး ၆ ယောက်က ဂိတ်၀ထံ သွားရာလမ်းမှာ ဇွန်ဘီများနှင့် ပိတ်နေကြောင်း တွေ့လိုက်ရ၏။
အသက်စွမ်းအားကို အာရုံခံမိသည့်အလား ဇွန်ဘီ ၆ ကောင်က လှည့်ကာ သူတို့ထံ လျှောက်လာကြလေသည်။ ကျောင်းလမ်းမှာ မကျယ်ပေ။ ဇွန်ဘီ ၆ ကောင်ကြောင့် ၎င်းမှာ ပြည့်လုနီးပါးဖြစ်နေပြီး အနည်းငယ်လေးသာ နေရာကျန်လေသည်။
သူတို့ နောက်ရှိ ဇွန်ဘီ ၈ ကောင်ကလည်း ကိုက်ဖြတ်စားသောက်ပြီးသဖြင့် သူတို့ ၆ ယောက်ထံ ချဉ်းကပ်လာလေသည်။
ယခုတွင် သူတို့မှာ အရှေ့ရော အနောက်ပါ ဇွန်ဘီများဖြင့် ပိတ်မိနေလေပြီ။
ထိုသို့ သေရေးရှင်ရေးအချိန်တွင် ယောက်ျားလေး ၂ ယောက်က အရှေ့ရှိ ဇွန်ဘီများထံ ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ပြေး၀င်သွား၏။ တုတ်ချောင်းဖြင့် တစ်ယောက်လျှင် ဇွန်ဘီတစ်ကောင်ဆီ ရိုက်ချလိုက်ရာ ဇွန်ဘီနှစ်ကောင်မှာ မြေပေါ် လဲကျသွားတော့သည်။
ကျောင်းသားတစ်ယောက်က အခွင့်အရေးကို အသုံးချ၍ ဟနေသော နေရာလေးမှ ထွက်ပြေးရန် ကြိုးစား၏။
သူသည် ခြေတစ်လှမ်းနောက်ကျသွား‌ခဲ့လေပြီ။ လက်ကြီးတစ်ဖက် ဆန့်ထွက်လာကာ သူ၏လက်မောင်းကို ဆွဲဖမ်းလိုက်၏။
“ကယ်ပါဦး ကယ်ကြပါဦး”
ကျောင်းသားမှာ ကြောက်စိတ်မွှန်စွာဖြင့် ဇွန်ဘီကို တုတ်ချောင်းဖြင့် ရိုက်ချကာ လက်ကို ပြတ်သွားစေသည်။
ထိုအချိန်တွင် ကျန်ဇွန်ဘီ ၃ ကောင်က သူ့ကို လှမ်းဆွဲ၍ ပါးစပ်ကြီးများဟကာ ကိုက်ဖြတ်ကြတော့၏။
“အားးးး ကယျပါဦး”
ကျောင်းသား၏အော်သံကြီးက စူးထွက်လာလေသည်။
ဇွန်ဘီ ၃ ကောင်က ထိုကျောင်းသားကို ချုပ်၍ အငမ်းမရ ကိုက်ဖြတ်စားသောက်နေကြ၏။
ကျန်ဇွန်ဘီ ၂ ကောင်မှာလည်း သွေးနံ့ကြောင့် ယင်းကျောင်းသား၏ခန္ဓာကိုယ်အနား ချဉ်းကပ်လာလေသည်။ ၎င်းတို့က သူ၏ခန္ဓာကိုယ်ကို စတင် ကိုက်ဖြတ်တော့၏။
ကျောင်းသားတစ်ယောက်မှာ ထွက်ပြေးသော်လည်း ဝေးဝေးမရောက်လိုက်ဘဲ ဇွန်ဘီများဖြင့် အဝိုင်းခံလိုက်ရပြန်သည်။ အလောင်းကောင်များဖြင့် အဝိုင်းခံရသောကြောင့် သူ့ခမျာ မျှော်လင့်ချက်မဲ့စွာ ညည်းတွားလိုက်၏။
ကျန်ကျောင်းသား ၄ ယောက်မှာ ထိုမြင်ကွင်းအား ကြောက်ရွံ့တကြီး ကြည့်နေကြလေသည်။
“ငါတို့တော့ သေပြီ”
ကျောင်းသားတစ်ယောက်မှာ ကြောက်လွန်းသဖြင့် မေ့လဲသွား၏။
“သစ်ပင်ပေါ်တက်ကြ”
အတော်အသင့် အရပ်ရှည်၍ စိတ်တည်ငြိမ်နေသော ကောင်လေးတစ်ယောက်က ပြောသည်။ သူက ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်၍ အနီးဆုံး သစ်ပင်တစ်ပင်ပေါ် တက်သွား၏။
ယွန်းဟွာတက္ကသိုလ်အတွင်း နေရာတိုင်း၌ သစ်ပင်များ၊ အပင်များ စိုက်ထားသည်။
ကျန်နှစ်ယောက်မှာလည်း အရိပ်ပြ‌အကောင်မြင်သူများ ဖြစ်သဖြင့် သစ်ပင်များအပေါ် ချက်ချင်း တက်ကြတော့၏။
“ကယ်ပါဦး။ ချန်းကန် ငါ့ကို ဆွဲတင်ပေးပါဦး”
သတိမေ့မြောနေသော ကောင်လေးမှာ အသိပြန်ဝင်လာပြီး ကျန် ၃ ယောက် သစ်ပင်တက်နေသည်ကို မြင်သည်နှင့် အော်လေသည်။ သူ သစ်ပင်မတက်တတ်ချေ။
ကောင်လေး၏အော်သံကြောင့် ၁၀၀ မီတာအတွင်းရှိ ဇွန်ဘီများမှာ တုန်ရီသွား၏။ ထို့နောက် အသံလာရာထံ ရွေ့လျားလာကြတော့သည်။
ဇွန်ဘီ ၁၀ ကောင်ပါ၀င်သော တပ်ဖွဲ့တစ်ခုသည် တက္ကသိုလ်အတွင်းရှိ မည်သည့် အဆောက်အဦးကိုမဆို ဖျက်ဆီးပစ်နိုင်၏။
အပိုင်း ၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset