Switch Mode

Chapter – 2

ဆင့်ကဲ ပြောင်းလဲခြင်း စတင်ပြီ

ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၂ – ဆင့်ကဲပြောင်းလဲခြင်း စတင်ပြီ

အနက်ရောင်အလင်းတန်းများက စက္ကန့် ၃၀ ခန့် လင်းလက်သွား၏။ အထူးအရိုးစုက ဇွန်ဘီ၏ခန္ဓာကိုယ်မှ ၁.၂ မီတာ ရှည်လျားသော အရိုးပုဆိန်ကို ဆွဲထုတ်လိုက်လေသည်။
အရိုးပုဆိန်ကို ဆွဲထုတ်လိုက်သည့်နှင့် ဇွန်ဘီ၏ခန္ဓာကိုယ်မှာ သွေးများ၊ အသားစများ ပြည့်နှက်နေသော အမဲရောင်ချွဲကျိကျိအရည်များအဖြစ် ပြောင်းလဲသွား၏။
ယွဲ့ကျုံးက အထူးအရိုးစုကို ကြည့်ပြီးနောက် သူ့ဘေးရှိ သစ်သားစားပွဲခုံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အဲ့ဒါကို ခုတ်ပစ်လိုက် ..။”
အထူးအရိုးစုက အရိုးပုဆိန်ကြီးကို လွှဲ၍ စားပွဲခုံအား ခုတ်ချပစ်လိုက်၏။
သစ်သားများ ကွဲအက်သွားသံကို ကြားလိုက်ရပြီး စားပွဲခုံမှာ တစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲသွားလေသည်။
“မိုက်လိုက်တာ”
နှစ်ခြမ်းကွဲသွားသော စားပွဲခုံကို ကြည့်ရင်း ယွဲ့ကျုံးမှာ စိတ်ထဲ၌ အူမြူးသွား၏။ ‌ဤကဲ့သို့ မသေနိုင်သည်သာမက အင်မတန်အားကောင်းသော သက်တော်စောင့်ကို ရရှိလိုက်ခြင်းက သူ၏ရှင်သန်နိုင်မည့်အခွင်အရေးကို ထိုးတက်သွားစေသည်။
အထူးအရိုးစု၏ဖျက်ဆီးနိုင်စွမ်းကို စစ်ဆေးပြီးနောက် ယွဲ့ကျုံးက အနက်ရောင်ဒင်္ဂါးပြားကို ကောက်ကာ စူးစမ်းလိုက်၏။
[ရှင်ကျန်သူ ဒင်္ဂါး ၁ ပြား]
ဒင်္ဂါးကို ကောက်လိုက်သောအခါ ထိုသို့အသိပေးစာကို လက်ခံရရှိလိုက်၏။
ယွဲ့ကျုံးသည် ဤဒင်္ဂါးမည်မျှ အဖိုးထိုက်မည်ကို မသိသေးသော်လည်း သူ့အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်ကာ သိမ်းထားလိုက်သည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တွန်းတိုက်သံများကို ကျယ်လောင်စွာ ကြားလိုက်ရ၏။ လက်သည်းစွယ်ကြီးနောက်တစ်ချောင်းက တံခါးကို ဖောက်ထွက်ကာ ၎င်းအား အဆက်မပြတ် ဆွဲကိုင်လှုပ်နေလေသည်။
အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် တံခါးမှာ ဝုန်းခနဲ ပွင့်သွား၏။ မျက်ဆံဖြူကြီးများဖြင့် ဇွန်ဘီ ၄ ကောင်က တံခါးကို ဆောင့်ဖွင့်ကာ အဆောင်အခန်းအတွင်းသို့ တွားသွား ၀င်ရောက်လာကြသည်။
ယွဲ့ကျုံးက ဇွန်ဘီများကြောင့် ဖျက်ဆီးသွားသော တံခါးကို ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်၏။ ထို့နောက် သူက အထူးအရိုးစုကို အမိန့်ပေးလိုက်သည်။
“ကျောင်းက ဘတ်ဂျတ်လျှော့ရမယ်ဆိုရင်တောင် အဆောင်ဆောက်တုန်းက ငွေပိုသုံးခဲ့သင့်တာ။ ညံ့လိုက်တဲ့ ဆောက်လုပ်ရေး။ အထူးအရိုးစု ဝင်လာတဲ့ ဇွန်ဘီတွေကို သတ်ပစ်လိုက်”
အထူးအရိုးစုက ယွဲ့ကျုံး၏အမိန့်ကို ရသည်နှင့် ရှေ့တစ်လှမ်းတိုးလိုက်၏။ ၎င်းက ဇွန်ဘီတစ်ကောင်၏ခေါင်းထံ ပုဆိန်ကို လွှဲရမ်းလိုက်ကာ ခေါင်းမှာ ပျံထွက်သွားပြီး သွေးညစ်သွေးပုပ်များက ပန်းထွက်လာတော့သည်။
တစ်ချိန်တည်းမှာပင် အခြားဇွန်ဘီ ၃ ကောင်က အထူးအရိုးစုထံ ဝိုင်းအုံလာပြီး ကုတ်ဖဲ့ကိုက်ဖြတ်ကြ၏။
အထူးအရိုးစု၏အရိုးများမှာ ဇွန်ဘီ ၃ ကောင်ကြောင့် တစ်ချောင်းပြီးတစ်ချောင်း ဆွဲထုတ်ခံနေရပြီး ၎င်း၏ HP မှာလည်း တဖြည်းဖြည်း လျော့ကျလာလေသည်။ ၎င်း၏အရိုးပုဆိန်ကို ကိုင်ထားသော ညာဘက်လက်ကိုလည်း ဇွန်ဘီများက ချုပ်ကိုင်းထားသောကြောင့် လှုပ်မရချေ။
အထူးအရိုးစုနှင့် ဇွန်ဘီသုံး‌ကောင်က တံခါး၀မှ ထွက်သွားနိုင်ရန် စုပြုံတိုးနေကြ၏။
ယွဲ့ကျုံးက ရှေ့တက်လာ၍ တုတ်ချောင်းကို ကိုင်ကာ ဇွန်ဘီ၏ခေါင်းအား ရိုက်ချလိုက်သည်။ အရိုးစု၏ညာလက်ကို ကိုင်ထားသည့် ဇွန်ဘီ၏ခေါင်းမှာ လည်ထွက်သွား၏။
ဇွန်ဘီ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတစ်ချို့ ထွက်လာပြီး ယွဲ့ကျုံး၏ခန္ဓာကိုယ်ထဲ ၀င်သွားလေသည်။
အရိုးပုဆိန်ကို ကိုင်ထားသည့် အထူးအရိုးစု၏ညာလက်မှာ လွတ်သွားလေပြီ။ ၎င်းက ချက်ချင်း ပုဆိန်ကို လွှဲရမ်း၍ ဇွန်ဘီကို ခေါင်းဖြတ်ပစ်လိုက်၏။
အသက်ရှိသူ၏သွေးနံ့ကို အာရုံခံနိုင်သည့်အလား ဇွန်ဘီတစ်ကောင်က အထူးအရိုးစု၏ခန္ဓာကိုယ်ကို ချုပ်ကိုင်ထားသည်အား လွှတ်လိုက်ကာ ယွဲ့ကျုံးဘက် လှည့်သွားသည်။
ယွဲ့ကျုံးက မျက်နှာတစ်ခြမ်းကိုက်ဖဲ့ခံထားရသော ဇွန်ဘီ၏မျက်လုံးဖြူကြီးများကို ကြည့်လိုက်၏။ ဇွန်ဘီ၏ပါးစပ်တွင် သွေးများ ပြည့်လျှံနေလေသည်။ သူက နောက်ဆုတ်လိုက်၏။
၎င်းဇွန်ဘီများမှာ အင်မတန်အန္တရာယ်များပေသည်။ ယင်းတို့ထံမှ ကုတ်ရာလေးတစ်ချက်က ဇွန်ဘီဖြစ်သွားစေနိုင်သဖြင့် ယွဲ့ကျုံးသည် ၎င်းတို့နှင့် အနီးကပ် မတိုက်ခိုက်လိုချေ။
ထိုအခိုက်အတန့်တွင် အခြားဇွန်ဘီတစ်ကောင်က ပြတင်းပေါက်ကို ချိုးဖျက်၍ အခန်းအတွင်းရောက်လာကာ ယွဲ့ကျုံးထံ ချဉ်းကပ်လာလေသည်။
တံခါးပေါက်မှ နောက်ထပ် ဇွန်ဘီ ၂ ကောင်က ၀င်ရောက်လာပြန်၏။
ယွဲ့ကျုံးကို အထိမခံသည့်အလား အထူးအရိုးစုသည် ကြမ်းပြင်၌ ဇွန်ဘီတစ်ကောင်ကို တိုက်ခိုက်နေရင်းမှ ရုတ်တရက် လက်ကို‌မြှောက်ကာ ယွဲ့ကျုံးအနား ကပ်လာသော ဇွန်ဘီတစ်ကောင်ကို တားဆီးလိုက်၏။
ယွဲ့ကျုံးထံ ချဉ်းကပ်လာသော ဇွန်ဘီမှာ ချက်ချင်း လဲကျသွားရာ ယွဲ့ကျုံးက တုတ်ချောင်းဖြင့် ဇွန်ဘီ၏ခေါင်းကို အားကုန်ရိုက်ချလိုက်သည်။ ဇွန်ဘီ၏‌ခေါင်းမှာ တစ်ဖက်သို့ လည်ထွက်သွား၏။
အဖြူရောင်အလင်းလုံးတစ်လုံးက ယွဲ့ကျုံးကိုယ်ထဲ လှစ်ခနဲ ၀င်ရောက်သွားပြန်သည်။
[သင် အဆင့် ၂ သို့ ရောက်ရှိသွားပါပြီ။ အမှတ် ၂ မှတ် ရရှိထားပါတယ်။ ကျေးဇူးပြုပြီး အမှတ်များကို နေရာခွဲပေးပါ]
အလင်းလုံး ယွဲ့ကျုံးကိုယ်ထဲ ၀င်သွားသည်နှင့်တစ်ပြိုင်နက် ယွဲ့ကျုံး၏စိတ်ထဲတွင် ထိုအကြံပေးချက်အား လက်ခံရရှိလိုက်၏။
“ခွန်အားနဲ့ သက်လုံမှာ သုံးလိုက်”
ယွဲ့ကျုံးက ချက်ချင်း ဆိုသည်။
ဇွန်ဘီများကို သတ်ရသည်မှာ ယွဲ့ကျုံး ထင်ထားသည်ထက် သက်လုံ ကုန်ခမ်း၏။ ဇွန်ဘီ ၃ ကောင်သာ သတ်ရသေးသော်လည်း သူ၏သက်လုံမှာ ၈ မှတ်မှ ၃ မှတ်အထိ လျော့ကျသွားခဲ့လေပြီ။ ဇွန်ဘီကိုခေါင်းဖြတ်ဖို့ သူ့မှာ အင်မတန် အားစိုက်ထုတ်ရလေသည်။
အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုတစ်ခု စီးဆင်းသွားသည့်အလား ခံစားလိုက်ရပြီး သူ၏ခွန်အားမှာ အနည်းငယ်တိုးသွား၏။ သူ၏သက်လုံမှာလည်း ပြန်လည်ပြည့်လာလေသည်။
[ဂုဏ်ယူပါတယ်။ ဇွန်ဘီတွေကို သတ်ဖြတ်ပြီး အသက်ရှင်နိုင်ခဲ့တဲ့အတွက် နတ်ဘုရားနဲ့မိစ္ဆာကမ္ဘာက သင့်ကို အခြေခံစွမ်းရည်တစ်ခု ချီးမြှင့်ပါမယ်။
ကျေးဇူးပြု၍ စွမ်းရည်တစ်ခုကို ရွေးချယ်ပေးပါ။
စွမ်းရည် ၁ – ‘ဉာဏ်မျက်စိ’။ အဆင့် ၅ နှင့် ၎င်းအထက် ဇွန်ဘီများ၊ သားရဲများ၏အချက်အလက်များကို မြင်နိုင်ပါတယ်။
စွမ်းရည် ၂ – ‘ဘာသာစကားကျွမ်းကျင်ခြင်း’ ။ မည်သည့်နိုင်ငံ၏ဘာသာစကားကို အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်းတို့ကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မှာပါ။ ထိုစွမ်းရည်များက တိုက်ရိုက်စွမ်းရည်နေရာ ၃ ခုကို ယူခြင်းမရှိပါဘူး]
ယွဲ့ကျုံးက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ရွေးချယ်လိုက်သည်။
“ငါ ‘ဉာဏ်မျက်စိ’ ကို ရွေးတယ်”
အလင်းရောင်တစ်ခုက စူးခနဲ လက်သွားပြီး နောက် သိပ်သည်းသွားကာ သူ့စိတ်ထဲတွင် ကြေးရောင်မှော်အက္ခရာတစ်ခုကို ခတ်နှိပ်လိုက်၏။
သူက အာရုံစူးစိုက်၍ ‘ဉာဏ်မျက်စိ’ ကို သုံးလိုက်ပြီး ဇွန်ဘီကို ကြည့်လိုက်သည်။
( စဦးကူးစက်ခြင်းအဆင့် ၁ – ၎င်းတို့သည် ဗိုင်းရပ်၏လွှမ်းမိုးခံလိုက်ရပြီး အသားစနှင့်သွေးဆာလောင်မှုသာ ကျန်ရှိတော့သည်။ ဗိုင်းရပ်ကူးစက်ခြင်းစွမ်းရည် – အရေပြားတွင် ခြစ်ရာတစ်ခုရှိသည်နှင့် ကူးစက်နိုင်သည်။ လူတစ်ယောက်ချင်းစီအပေါ် မူတည်၍ ၃ မိနစ်မှ ၁၀ မိနစ်အတွင်း စဦးကူးစက်ခြင်းဖြင့် ကူးစက်ခံရလိမ့်မည်။ ကုသဆေးရည် ၃ ခုမှလွဲ၍ ယခုကမ္ဘာ၏ဆေးပညာနှင့် နောင်ဆယ်စုနှစ်တစ်ခုကြာသည်အထိ ကုသဆေးရှိမည် မဟုတ်ချေ။ )
“ တော်ပြီ …။ ”
ယွဲ့ကျုံး၏မျက်လုံးများမှာ မှိုင်းညို့သွား၏။ ဤဇွန်ဘီများကို ပို၍ပင် ကြောက်ရွံ့လာသယောင်ပင်။
ကျန်ဇွန်ဘီ ၂ ကောင်က ယွဲ့ကျုံးထံ ယိုင်တိယိုင်တိုင်ဖြင့် ချဉ်းကပ်လာသည်။
အထူးအရိုးစုက ၎င်း၏ပုဆိန်ကြီးကို လွှဲရမ်းလိုက်ရာ ဇွန်ဘီတစ်ကောင်မှာ ခေါင်းပြတ်ထွက်သွား၏။ ကျန်ဇွန်ဘီတစ်ကောင်က အထူးအရိုးစုကို ခုန်အုပ်လိုက်ပြီး ၎င်း၏ရင်ဘတ်မှ အရိုးတစ်ချောင်းကို ဆွဲဖြုတ်လိုက်သည်။
ယွဲ့ကျုံးက အခွင့်အရေးကို အမိအရအသုံးချ၍ ရှေ့တက်ကာ ဇွန်ဘီ၏ခေါင်းကို တုတ်ချောင်းဖြင့် ရိုက်ချလိုက်၏။
“ဒါက ဘာကြီးလဲ …။ ”
ဉာဏ်မျက်စိကို ရရှိလိုက်သည့်အတွက် ယွဲ့ကျုံးသည် ဇွန်ဘီ၏ခန္ဓာကိုယ်မှ သူ့ကိုယ်ထဲ ၀င်ရောက်သွားသော အဖြူရောင်အလင်းလုံးကို မြင်လိုက်ရလေသည်။
“အဲ့ဒါ‌တွေက ငါ့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ပေးနေတာများလား”
ယွဲ့ကျုံးက အဖြူရောင်အလင်းလုံးကို စိုက်ကြည့်၍ ထင်ကြေးပေးလိုက်၏။
၎င်း၌ အချက်အလက် မရှိချေ။ ထို့ကြောင့် ယွဲ့ကျုံးသည် ထိုမေးခွန်းကို ခေတ္တ မေ့ဖျောက်ထားလိုက်သည်။ ထို့နောက် သူက အထူးအရိုးစုကို ကြည့်ကာ အနားသို့ ဆင့်ခေါ်လိုက်၏။
[ အထူးအရိုးစု ( အရိုးဖြူ )
အဆင့် – ၂
စွမ်းအား – ၁၁ (၁၀)
လျင်မြန်မှု – ၁၁ (၁၀)
အသက် – ၁၁ (၁၀)
သက်လုံ – ၉/၁၁ (၁၀)
ဝိညာဉ် – ၁၁ (၁၀)
ခွန်အား – ၆ (၁၀)
စွမ်းရည်များ – အရိုးများကို အထူးပြုခြင်း ]

အပိုင်း ၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset