Switch Mode

Chapter – 150

လွှဲချခံရသော ဓားစာခံ (၁)

အပိုင်း ၁၅၀
လွှဲချခံရသော ဓားစာခံ (၁)

“တိတိကျကျ ပြောရမယ်ဆိုရင် ကျုပ်ရဲ့ဝိညာဉ်က ယွမ်ဝိညာဉ် အုပ်စုတစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုပဲ”

ဝမ်ရှန်းသည် ထိုအချိန်မှ အခြေအနေကို အပြည့်အဝ စတင် ဖော်ပြလိုက်သည်။ သူသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည့် အပိုင်းကိုတော့ အသေးစိတ် မပြောပြခဲ့ပေ။ သူ ရေကန်အတွင်းရှိ ကျိုးပဲ့နေသည့် ဝိညာဉ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်းနှင့် သူ၏သွေးက ကျန်သည့် ဝိညာဉ်များကို အချင်းချင်း ဝါးမျိုစေခဲ့ကြောင်းကိုသာ ပြောပြခဲ့သည်။

အချိန်တစ်ခု ကြာအောင် ပြောပြီးနောက် လေလံခန်းမ အတွင်းရှိ လူများသည် အဖြစ်အပျက်၏ တစ်ဝက်ခန့်ကို နားလည်သွားပြီ ဖြစ်သည်။ ဝမ်ရှန်း၏ ယွမ်ဝိညာဉ်သည် အချင်းချင်း ဝါးမျိုနိုင်သည့် ယွမ်ဝိညာဉ်အုပ်စု တစ်ခုမှ ဝိညာဉ်တစ်ကောင်သာ ဖြစ်သည်။

ဒါ့ပြင် ဤယွမ်ဝိညာဉ် အုပ်စုသည် စုန့်မိသားစု၏ ဘိုးဘေးတစ်ဦးမှ လျှို့ဝှက် နည်းလမ်းဖြင့် ကျင့်ကြံခဲ့သော ဝိညာဉ်အုပ်စုလည်း ဖြစ်သည်။ ထိုယွမ်ဝိညာဉ် အုပ်စုသည် အချင်းချင်း ဝါးမျိုခြင်းဖြင့် အဆင့်မြင့်တက်အောင် လုပ်နိုင်ပေသည်။

သို့သော် စုန့်မိသားစုသည် ထိုယွမ်ဝိညာဉ်အား အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် ထိုတားမြစ်နယ်မြေကို လက်လျှော့ ထားခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် သိုက်ဟွမ်သည် စုန့်ရန်၏ အလှကြောင့် သူမအား လိုချင်တပ်မက်စိတ် ပြင်းပြခဲ့ကာ ဤတားမြစ်နယ်မြေ အတွင်းသို့ မတော်တဆ ဝင်ရောက် သွားမိခဲ့သည်။ ထို့နောက် ဝမ်ရှန်း၏ သွေးသည် ယွမ်ဝိညာဉ်များ၏ ဝိညာဉ် ဝါးမျိုခြင်းကို လှုံ့ဆော်ပေးခဲ့၏။ ဤနောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုမူ သူတို့အားလုံး သိပေသည်။

“သိုက်မိသားစုက ယွမ်ဝိညာဉ်ကို ဝါးမျိုပြီး အဆင့်တက်အောင် လုပ်နိုင်တဲ့ ကြယ်ကိုးပွင့် ဝိညာဉ်ကို စုန့်မိသားစုဆီကနေ ခိုးခဲ့တယ်”

ထိုသို့ ပြောပြီးနောက် ဝမ်ရှန်းသည် စုန့်လောင်ယုအား တောင်းပန်လိုက်၏။

“တောင်းပန်ပါတယ် ဦးလေးဝမ်၊ ကျွန်တော်လည်း မရည်ရွယ်ပါဘူး။ ဒါပေမယ့် မပြောလို့ မရလို့ပါ၊ မဟုတ်ရင် ကျွန်တော် အသတ် ခံရလိမ့်မယ်”

ဤအရာသည် စုန့်မိသားစု၏ လျှို့ဝှက်ချက် ဖြစ်၏။ ထိုအရာကို မည်သည့် အင်အားကြီး မိသားစုမှ ခိုးယူခဲ့သည်ဖြစ်စေ၊ စုန့်မိသားစုသည် ထိုအကြောင်းကို ပြောပြရန် ရှက်ကြပေသည်။

သို့သော် ယခု ဤနေရာတွင် ဝမ်ရှန်းမှ ထိုအကြောင်းအား ထုတ်ဖော် ပြောကြားလိုက်သည့် အချိန်တွင် စုန့်မိသားစုနှင့် သိုက်မိသားစုတို့က ဘာလို့ အချင်းချင်း တိုက်ခိုက်ကြတာလဲ ဆိုတာ ထိုနေရာ၌ ရှိနေသည့် အဖွဲ့များ အားလုံး နားလည် သွားခဲ့ကြသည်။

အဆင့်တက်ရန် အတွက် ယွမ်ဝိညာဉ်များကို ဝါးမျိုနိုင်သည့် ကြယ်ကိုးပွင့် ဝိညာဉ်တစ်ခု…

စုန့်မိသားစုနှင့် သိုက်မိသားစုတို့ အချင်းချင်း တိုက်ခိုက်ကြရသည့် အကြောင်းအရင်းက တန်လား၊ မတန်ဘူးလား ဆိုတာကို မည်သူကမျှ ဂရုမထားတော့ချေ။ သူတို့ဘာသာသူတို့ တိုက်ခိုက်ကြသည် ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ အလေးမမူနိုင်ပဲ အားလုံးသည် ကြယ်ကိုးပွင့် ဝိညာဉ်ကိုသာ စိတ်ဝင်စား သွားခဲ့ကြ၏။

အဆင့်မြှင့်တင် နိုင်သည့် ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်တစ်ခု၏ အယူအဆက ဘာဖြစ်မလဲ…

စုန့်မိသားစုသည် ထိုယွမ်ဝိညာဉ်ကို ကျင့်ကြံနိုင်ရန် အတွက် မည်သည့် နည်းလမ်းမျိုး အသုံးပြုခဲ့လဲ……

ဘယ်လိုပြုလုပ် ခဲ့ကြသလဲ…

ဤနေရာ၌ ရှိနေသည့် လူများ အားလုံးသည် ဤအကြောင်းအရာကို ဒီထက်ပိုသိရန် ဆန္ဒပြင်းပြ လာလေသည်။

“ကျုပ်ကို မကြည့်ကြနဲ့။ ကျုပ်က စုန့်မိသားစုက မဟုတ်ဘူး။ ပြီးတော့ အဲ့ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် စုန့်မိသားစုရဲ့ ဘိုးဘေးက ဘယ်လို နည်းလမ်းမျိုး သုံးခဲ့လဲ ဆိုတာလည်း ကျုပ်မသိဘူး”

အားလုံး၏အကြည့် သူ့ပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်းမှ ပွင့်ပွင့်လင်းလင်းပင် ငြင်းပယ်လိုက်၏။

“ကျုပ်က အဲ့ဝိညာဉ်ရဲ့ ကျိုးပဲ့ဝိညာဉ် တစ်ခုကို စုပ်ယူမိ သွားတာပဲ ရှိတာ”

ယခုအချိန်တွင် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ဘာတွေ တွေးနေကြလဲ ဆိုတာကို ပြောစရာပင် မလိုပေ။ သို့သော် ဤအကြောင်းအရာကို ကြားလိုက်ရသည့် အိမ်တော်ထိန်းသည် ယခုအချိန်တွင် လွန်ခဲ့သည့် ရက်၌ ဝမ်ရှန်းမှ သူ့အား ဝိညာဉ်ကျင့်စဉ်များ အားလုံး စုစည်းရန် တောင်းဆိုခဲ့သည့် ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်၏။

“ပြီးတော့ ကျုပ်ရဲ့ ယွမ်ဝိညာဉ်က ကျိုးပဲ့နေတဲ့ အကြွင်းအကျန် ဝိညာဉ်တစ်ခု ဖြစ်နေတဲ့အပြင် အဲ့ယွမ်ဝိညာဉ် အုပ်စုထဲက အားအနည်းဆုံး ယွမ်ဝိညာဉ်ဆိုလည်း ဟုတ်တယ်”

“ဒါပေမယ့် အဲဒီ ယွမ်ဝိညာဉ် အကျိုးအပဲ့ကို ပြန်ပြင်ဖို့အတွက် ကျုပ် အကောင်းဆုံး ကြိုးစားခဲ့တယ်။ အဲ့နောက်မှာ ကျုပ်ယွမ်ဝိညာဉ်ကို သာမန်ဝိညာဉ် တစ်ခုအဖြစ် သတ်မှတ်လို့ ရလာခဲ့တယ်”

ဤအချက်တွင် ငြင်းပယ်စရာ မရှိပေ။ ဝိညာဉ် အကျိုးအပဲ့သည် မျှော်လင့်ချက် မဲ့နေသည့် ဝိညာဉ်တစ်ခု မဟုတ်ချေ။ ပိုင်ယွမ်ဆေးပြား အများအပြား သောက်သုံးမည် ဆိုလျှင် ထိုဝိညာဉ် အကျိုးအပဲ့ကို ပြန်လည် ပြုပြင်၍ ရပေသည်။

“ကျုပ်ယွမ်ဝိညာဉ်ကိုလည်း အဲဒီလို ဝိညာဉ်တွေ တစ်ခုနဲ့တစ်ခု ဝါးမျိုပြီး အဆင့်တက်အောင် လုပ်လို့ရလား မရဘူးလား ဆိုတာတော့ ကျုပ်လည်း မသိဘူး”

ဝမ်ရှန်းမှ နောက်တစ်ကြိမ် ပြောလိုက်၏။

“အဲ့လိုမျိုးလည်း တစ်ခေါက်မှ မလုပ်ကြည့်ဖူးဘူး။ ဒါပေမယ့်…”

ဝမ်ရှန်း စကား ရပ်လိုက်သည့် အချိန်တွင် သူတို့အားလုံးသည် ဝမ်ရှန်းပြောမည့် စကား တစ်ခွန်းတလေကို လွတ်သွားမည် စိုးရိမ်နေသည့်အလား အသက်ရှူ အောင့်လိုက်ကြ၏။

“ကျုပ်ရဲ့ ဒီယွမ်ဝိညာဉ်က အဆင့်မြင့်တင်လို့ ရတဲ့ ဝိညာဉ်အုပ်စုထဲက တစ်ခုပဲ ဆိုတော့ အဲ့လိုနည်းလမ်းနဲ့ပဲ အဆင့်မြင့် ရမရ ကျုပ် ယတိပြတ် မငြင်းနိုင်ဘူး”

ဝမ်ရှန်းသည် အကြောင်းအရင်းကို ပြောချင်သော်လည်း ဆက်လက် ထိန်းချုပ်ထား၏။

ဝမ်ရှန်းသည် သူ့ကိုယ်သူ အမှန်တရား ပြောနေသည်ဟု ခံစားရပေသည်။ သူ၏ယွမ်ဝိညာဉ်က ဝိညာဉ်ဝါးမျိုသည့် ယွမ်ဝိညာဉ်၏ အစိတ်အပိုင်း ဖြစ်နေသောကြောင့် မဟုတ်ပဲ အဆင့်မြှင့်တင်၍ ရကြောင်း ယုံကြည်သည့် သူ၏ကိုယ်ပိုင် ယုံကြည်ချက်ကြောင့်သာ ဖြစ်သည်။

သို့သော် ဝမ်ရှန်း၏ အစောပိုင်း၌ ပြောခဲ့သည့် ယုံကြည်ချက်ရှိရှိ ကြိုးပမ်းမှုကြောင့် သူ့ယွမ်ဝိညာဉ် အဆင့်မြင့်လာခြင်း ဖြစ်သည် ဟူသော စကားကို မည်သူမှ မယုံကြည်ပေ။ သူတို့သည် ဝမ်ရှန်း နောက်ပိုင်း၌ ပြောသည့် အကြောင်းပြချက်ကိုသာ ယုံကြည်ကြလေ၏။

“ဒါပေါ့၊ အားလုံးက သက်သေပြဖို့ လိုအပ်တာပဲ။ ဒါကြောင့် တကယ် အဲ့လို ဟုတ်မဟုတ်ကိုတော့ ကျုပ် အာမ မခံနိုင်ဘူး”

ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ရှန်းသည် ယတိပြတ် အာမ မခံခဲ့ပေ။ ထို့ကြောင့် အခြားသူများသည် ထိုအရာက သူနှင့် ဘာမှ မသက်ဆိုင်ကြောင်း စ ထင်လာကြတော့သည်။

“ဒါပေမယ့် သိုက်မိသားစုကြောင့် စုန်မိသားစုက ကြယ်ကိုးပွင့် ဝိညာဉ်ကို ဆုံးရှုံးခဲ့ဖူးတယ် ဆိုတာကတော့ အမှန်ပဲ။ စုန့်မိသားစုက ဒါကို သက်သေ ပြပေးနိုင်ပါတယ်”

ဝမ်ရှန်းမှ မပြောခဲ့သောကြောင့် အားလုံးသည် သိုက်မိသားစု ပေါ်သို့သာ သံသယများ ပွားများ လာခဲ့သည်။ သိုက်မိသားစုက ဝမ်ရှန်းကို မုန်းမမုန်း မသိနိုင်ပေ။ ဝမ်ရှန်းကသာ အဖြစ်မှန်ကို ပြောလိုက်မည် ဆိုလျှင် သိုက်မိသားစုမှ သူ့အား တစ်ခုခု လုပ်လာမည်လော…

“ဟိုရက် လုပ်ကြံခံရချိန်မှာ ကျုပ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်။ အခုလည်း သိပ်မသက်သာသေးဘူး။ အဲဒါကြောင့် စိတ်မကောင်းပါဘူး၊ ကျုပ် အရင်ပြန်ပြီး အနား သွားယူတော့မယ်”

စကားဆုံးသွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူ၏ဒဏ်ရာများကို အခွင့်ကောင်း ယူကာ စောစော ထွက်သွားလိုက်သည်။

ဝမ်ရှန်း ထွက်သွားသော်လည်း သူ၏နောက်ဆုံး စကားများသည် အားလုံးကို များစွာ သတိဝင် သွားစေခဲ့သည်။ ဝမ်ရှန်းသည် ဘယ်လိုလုပ် ဒဏ်ရာ အပြင်းအထန် ရခဲ့သနည်း…

လမ်းပေါ်တွင် သူ့အား မည်သူက လုပ်ကြံခဲ့သနည်း…

လွန်ခဲ့သည့်ရက် အနည်းငယ်တွင် ထိုလုပ်ကြံမှုသည် သိုက်မိသားစုမှ အသေခံလူများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ပြန့်ခဲ့၏။ သိုက်မိသားစုမှ အသေခံလူများသည် ဝမ်ရှန်းအား လမ်းမထက်၌ အဘယ်ကြောင့် လုပ်ကြံခဲ့သနည်း…

ထိုစဉ်က အကြောင်းပြချက်ကိုတော့ မည်သူမှ ဂဃနဏ မသိခဲ့ပေ။ သို့သော် ယခုအခါတွင် ဝမ်ရှန်းသည် သူ၏ယွမ်ဝိညာဉ် အကြောင်း ထုတ်ဖော် သွားပြီးနောက် အားလုံးမှာ အကြောင်းပြချက်ကို ချက်ချင်း ပုံဖော်မိသွားခဲ့ကြ၏။ သိုက်မိသားစုသည် ကြယ်ကိုးစင်း ဝိညာဉ်၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားကာ ဝမ်ရှန်းအား လျှို့ဝှက်ချက်ကို မပြောကြား စေချင်သောကြောင့် ဝမ်ရှန်းအား နှုတ်ပိတ်ခြင်းပင် ဖြစ်သည်။

ဤယူဆချက်သည် ပြီးပြည့်စုံပေသည်။ ဤယူဆချက်သည် ဝမ်ရှန်း၏ မပြီးပြည့်စုံသည့် ယွမ်ဝိညာဉ်က ဘာလို့ အဆင်မြင့်တင်၍ ရခဲ့ကြောင်းကို ရှင်းပြခဲ့ရုံ သာမက၊ လမ်းမထက်၌ ဝမ်ရှန်း ဘာကြောင့် လုပ်ကြံ ခံခဲ့ရကြောင်းပါ ရှင်းပြခဲ့ပေသည်။ ဝမ်ရှန်း ပြောခဲ့သည့် စကားသည် ပြီးပြည့်စုံသည့် သဲလွန်စ တစ်ခုပင်ဖြစ်လေ၏။

ဝုန်း

လေလံခန်းမ တစ်ခုလုံး ချက်ချင်း အုံကြွသွားခဲ့သည်။ နဂိုကတည်းက စိတ်မရှည် ဖြစ်နေသည့် လူများသည် ထိုနေရာ၌ ရှိနေသည့် စုန့်မိသားစုနှင့် သိုက်မိသားစုတို့၏ ကိုယ်စားလှယ်များအား အော်ဟစ် လိုက်ကြတော့၏။

“ဝမ်ရှန်း ပြောခဲ့တာတွေ အားလုံးက မှန်ပါတယ်”

စုန့်မိသားစုမှ စုန့်လောင်ယုက ဝမ်ရှန်းအား ထောက်ခံ ပေးလိုက်သည်။

“အဲ့အချိန်တုန်းက အဲ့နေရာမှာ ကျုပ်နဲ့အတူ မမလေးလည်း ရှိခဲ့ပါတယ်။ ပြီးတော့ အဲ့အချိန် အဲ့နေရာမှာ သိုက်မိသားစု ရှိခဲ့တယ် ဆိုတာလည်း မှန်ပါတယ်။ သူတို့က ကျုပ်တို့ စုန့်မိသားစုရဲ့ ကြယ်ကိုးပွင့် ဝိညာဉ်ကို ခိုးယူခဲ့တယ်”

ထိုစကားများ ထွက်ကျ လာသည်နှင့် နေရာတစ်ခုလုံးသည် ပို၍ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ လူအချို့သည် ဝါးမျိုပြီး အဆင့်မြင့်တင် နိုင်သည့် ဝိညာဉ်အား ကျင့်ကြံ ဖန်တီးနိုင်ရန် စုန့်မိသားစု၏ ဘိုးဘေးက ဘယ်လို နည်းလမ်းမျိုး သုံးခဲ့လဲ ဆိုတာကို သိချင်နေကြ၏။ သို့သော် အချို့သည် ကြယ်ကိုးပွင့် ဝိညာဉ်က တကယ်ပဲ အဆင့်မြင့်တင်လို့ ရမရကို သိချင်နေကြသည်။

စုန့်မိသားစုနှင့် သိုက်မိသားစုတို့ ကြား၌ ကြီးမားသည့် တိုက်ပွဲ ဖြစ်ခဲ့သည်မှာ အတုအယောင် မဟုတ်ပေ။ ယခင်က ထိုမိသားစုနှစ်ခု ကြားမှ တိုက်ပွဲဖြစ်ရခြင်း အကြောင်းအရင်းကို မသိခဲ့သော်ငြား ယခုအချိန်တွင် အကြောင်းအရင်းသည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပြီဖြစ်၏။ ထိုနေရာ၌ ရှိနေသည့် လူများအားလုံး စုန့်မိသားစုနှင့် သိုက်မိသားစုမှ လူများအား ဝံပုလွေရိုင်းများကဲ့သို့ စိုက်ကြည့် လိုက်ကြတော့သည်။

“ကျုပ်တို့ စုန့်မိသားစုက အရင်တုန်းက ကျုပ်တို့ ဘိုးဘေးတွေ ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ကို စုံစမ်းစစ်ဆေး ခဲ့ကြသေးတယ်”

စုန့်လောင်ယုသည် သူ၏စကားက ဘယ်လောက်မှ အရေးမပါဘူးဟု ထင်ကာ မီးထဲကို လောင်စာ ထပ်ထည့်လိုက်၏။

“ဒါပေမယ့် မှတ်စုထဲမှာ ရေးမှတ်ထားတဲ့ သဲလွန်စ တချို့ကိုပဲ ရှာတွေ့ခဲ့တယ်”

စုန့်လောင်ယု ထိုစကားများ ပြောလိုက်သည်နှင့် သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည့် သိုက်မိသားစု အဖွဲ့ဝင်များသည်ပင် ငြိမ်သက် သွားခဲ့သည်။ သူတို့သည် စုန့်လောင်ယု ရှေ့ဆက်ပြောမည့် အဖြေအား စောင့်မျှော် နေလိုက်ကြ၏။

“ဘိုးဘေးက ရှီမိသားစုနဲ့ ချူမိသားစုက သူ့သူငယ်ချင်း နှစ်ယောက် နဲ့အတူ စူးစမ်းရှာဖွေတဲ့ အချိန်မှာ အဲ့နည်းလမ်းကို တွေ့ခဲ့တာပဲ။ အဲ့အချိန်တုန်းက ဘိုးဘေးက လက်တွေ့ စမ်းသပ်ချက်တွေ လုပ်ခဲ့သေးတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး”

စုန့်လောင်ယုသည် အားလုံး၏ မျှော်လင့်ထားသည့် အတိုင်း သူတို့ကြားချင်သည့် စကားများကို ပြောလိုက်၏။

“ပြီးတော့ အဲ့အချိန် ဘိုးဘေးနဲ့ ဆွေးနွေးခဲ့တဲ့ လူတွေထဲမှာ ရှားမိသားစုနဲ့ ဂန်မိသားစုက သူ့သူငယ်ချင်းတွေနဲ့လည်း ပါတယ်”

စုန့်လောင်ယုသည် ထိုအချိန်မှ မိသားစုများ၏ ဘိုးဘေး နာမည်များကိုလည်း ထုတ်ဖော် ပြောကြားခဲ့သေးပေသည်။ ဖိအားများ ရှိလာမည်ဆိုလျှင် စုန့်မိသားစု တစ်ခုတည်း တောင့်ခံရန် မဖြစ်နိုင်ပေ။ ထိုကိစ္စနှင့် ဆက်စပ်သည့် လူများ အားလုံးကိုလည်း ဆွဲသွင်း ရပေမည်။

“အဲ့အချိန်တုန်းက မိသားစု တစ်ခုချင်းစီက ဘိုးဘေးတွေက စမ်းသပ်မှုတွေ လုပ်ခဲ့ကြတယ်၊ ဒါပေမယ့် သူတို့ လုပ်နိုင်ခဲ့လား မလုပ်နိုင်ခဲ့ဘူးလား ဆိုတာကိုတော့ ကျုပ်တို့ မသိဘူး”

အားလုံးကို ဤကိစ္စ အတွင်းသို့ ဆွဲသွင်း လိုက်ရသဖြင့် စုန့်လောင်ယု အလွန် ကျေနပ် သွားခဲ့သည်။

“တကယ်တမ်းတော့ ကျုပ်တို့က အဲဒါကို ဖျက်သိမ်းပြီး တားမြစ် နယ်မြေကိုလည်း ဖယ်ရှား ပစ်ပြီလို့တောင် အမြဲတမ်း ထင်နေခဲ့ကြတာ။ ကျန်တာတွေကိုတော့ သိုက်မိသားစုကိုပဲ မေးသင့်ပါတယ်” 
***

Comment

Leave a Reply

Options

not work with dark mode
Reset