အပိုင်း ၁၄၉
ထုတ်ဖော်ပြောဆိုခြင်း (၂)
ဝမ်ရှန်းပြောသည့် စကားက အမှန်လား အမှားလား ဆိုတာကို အိမ်တော်ထိန်း ခွဲခြားနိုင်ပေသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်ရှန်း လိုက်လံသတ်ခြင်း ခံရသည့် ဖြစ်စဉ်မှစ၍ ဝူရုံမြို့သို့ ရောက်လာသည့် အချိန်အထိ၊ ကြားထဲ ဂျင်ဒီနယ်မြေ အတွင်းမှ အဖြစ်အပျက်များမှ လွဲ၍ ကျန်သည့် အရာများ အားလုံးကို သူ တိတိကျကျ စုံစမ်းထားပြီးသား ဖြစ်သည်။
အစပိုင်းတွင် ဝမ်ရှန်းသည် စုန့်မိသားစုနှင့် သိုက်မိသားစုတို့၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းတွင် သိုက်မိသားစုသည် သိုက်ဟွမ်နှင့် သိုက်မိသားစုမှ စတုတ္ထအဆင့် ဝိညာဉ်သခင်အား ဝမ်ရှန်း သတ်ခဲ့ခြင်းကြောင့်၎င်း၊ စုန့်မိသားစု အနေဖြင့်မူ စုန့်မိသားစု၏ အတွင်းရေး အာဏာလုခြင်း၌ ဝင်ရောက် စွက်ဖက်မည် စိုးခြင်းကြောင့်၎င်း စသဖြင့် သူတို့၏ အကြောင်းပြချက်များသည် ယုတ္တိရှိရုံ လောက်သာ ဖြစ်ပေသည်။ သို့ရာတွင် ဝမ်ရှန်း ရှီမိသားစု၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရသည့် အကြောင်းပြချက်မှာတော့ ဟာသတစ်ခုသာ ဖြစ်သည်။
ထိုပြဿနာတို့၏ အဓိက ဇာစ်မြစ်သည် သူ၏ချစ်သူရှေ့၌ အာဏာပါဝါ ပြချင်သည့် စုန့်မိသားစုမှ ပေါ်ကြော့ လူချမ်းသာ ကောင်လေးကြောင့် ဖြစ်သည်။ သူသည် ဝမ်ရှန်းအား ဒေါသထွက်အောင် လုပ်ခဲ့ကာ ဝမ်ရှန်း၏ လက်သီး တစ်ချက်ကြောင့် သေဆုံးသွားခဲ့ရ၏။
ကံမကောင်းစွာပင် ထိုအချိန်သည် ရှီမိသားစုမှ ရတနာမြေပုံ အခိုးခံရသည့် အချိန်နှင့် သွားတိုက်ဆိုင်နေခြင်း ဖြစ်သည်။ ရှီမိသားစု ခေါင်းဆောင်သည် လင်းလုံစံအိမ်မှ ပိုက်ဆံများ လိမ်လည်ယူချင်၏။ ထို့ကြောင့် သူတို့သည် ဝမ်ရှန်းအား ထိုကိစ္စအတွင်းသို့ ဆွဲထည့်ကာ သူ့အား စတင်၍ လိုက်လံ သတ်ဖြတ်ခဲ့တော့သည်။
အခြား အင်အားကြီး မိသားစုများမှ လူများသည် ပို၍ပင် ဦးနှောက် မရှိကြပေ။ သာမန်လူ တစ်ယောက်ဖြစ်သည့် ဝမ်ရှန်းက ပထမအဆင့် ဝိညာဉ်သခင် ဖြစ်လာကြောင်း ကြားသိရပြီး နောက်တွင် သူတို့သည် ဘာစကားတစ်ခွန်းမှ မပြောဘဲ ဝမ်ရှန်းအား သတ်ရန် ချက်ချင်းပင် လူများ စေလွတ်ခဲ့သည်။
အိမ်တော်ထိန်းသည် ဝမ်ရှန်း၏ စကားကို အမှန်တကယ် ထောက်ခံပေသည်။ ဝမ်ရှန်းသည် အမှန်တကယ်ပင် စကားတစ်ခွန်း ပြောရန် အခွင့်အရေး တစ်ခုမျှ မရှိခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်သာ ယခုလို အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် အင်အားစုများ အားလုံးသည် ရွှေဒင်္ဂါး ထောင်ဂဏန်းလောက် အသုံးပြုလိုက်ရုံဖြင့် လျှို့ဝှက်ချက်များကို အလွယ်တကူ သိရှိနိုင်ပြီဖြစ်သည်။
ဝမ်ရှန်းအား လိုက်လံ သတ်ဖြတ်ခဲ့သည့် အင်အားစုများသည် သူတို့၏ ပဥ္စမအဆင့် ဝိညာဉ်သခင် အနည်းဆုံး တစ်ယောက်နှင့် အခြား စတုတ္ထအဆင့်နှင့် တတိယအဆင့် ဝိညာဉ်သခင်များ များစွာကို ဆုံးရှုံးခဲ့ရသည်။ ဤဆုံးရှုံးမှုသည် သူတို့အား တစ်သက်တာ နောင်တ ရနေစေရန် လုံလောက်ပေသည်။
ဟုတ်ပါသည်၊ ဤအရာသည် ထိုမောက်မာ ထောင်လွှားသည့် လူများ သင်ယူသင့်သည့် သင်ခန်းစာလည်း ဖြစ်၏။ အချိန်အတော်ကြာအောင် မောက်မာ ထောင်လွှားပြီး နောက်တွင် သူတို့သည် စကားကို အဆင်ပြေအောင် ဘယ်လို ပြောရမလဲပင် မသိကြနိုင်တော့ပဲ လူများကို သတ်ကာ ဘယ်လို နှိပ်စက်ညှဉ်းပန်း ရမလဲကိုသာ သိကြတော့၏။ ထိုသို့သော သူတို့၏ နှောင်းနောင်တမှာ ကြီးမားတတ်မြဲပင်။
ဝမ်ရှန်း၏ စကားကို ကြားလိုက်ရပြီး ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ သည်လည်း အားပါးတရ ရယ်မောလိုက်သည်။ သူတို့သည်လည်း များစွာသော မိသားစုများ၏ မုန်းတီးခြင်းကို ခံနေရသည့် လူများဖြစ်ကြ၏။ ထို့ကြောင့် ဤအဓိက အင်အားစုများ အဖြစ်ကို သိလိုက်ရချိန်တွင် သူတို့ မပျော်ရွှင်ပဲ နေနိုင်ပါမည်လော…
ဝမ်ရှန်း ထိုကဲ့သို့ ပြောပြီးနောက်တွင် လေထု အခြေအနေသည် ရုတ်တရက် ပေါ့ပါးလန်းဆန်း လာခဲ့သည်။ သူတို့ တစ်ခဏကြာ စကားပြော ပြီးနောက်တွင် ထိုနေရာသို့ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတော့သည်။
အချို့အင်အားကြီး မိသားစုများမှ လူများသည် သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကို မဖုံးကွယ် ထားကြပေ။ သူတို့သည် အစကတည်းက ဤလျှို့ဝှက်ချက်ကို သိချင်နေကြသည့် လူများဖြစ်ပြီး သူတို့ သိကြောင်း အခြားသူများ သိမည်ကိုလည်း မစိုးရိမ်ကြပေ။ ထို့ကြောင့် သူတို့သည် ခန်းမအတွင်းသို့ ပုံမှန်အတိုင်းသာ ဝင်လာကြ၏။
သူတို့နှင့် ပြောင်းပြန်ပင် အားနည်းသည့် မိသားစုများနှင့် အားနည်းသည့် အင်အားစုများမှ လူအချို့သည် လျှို့ဝှက်ချက်အား သိချင်ကြ၏၊ သို့သော် အခြားသူများက သူတို့အား မှတ်မိသွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ ဖုံးကွယ်ကာ သီးသန့်ခန်း အတွင်းသို့သာ ဝင်သွားလိုက်၏။
မည်သို့ပင်ဆိုစေ အပြင်လူများ အနေဖြင့် သီးသန့်ခန်း အတွင်းမှ လူများက မည်သူမည်ဝါ ဖြစ်ကြောင်း မမြင်ရပေ။ ထို့ကြောင့် သီးသန့်ခန်းကို ရွေးချယ်လိုက်မည် ဆိုလျှင် သူတို့ကို အခြားသူများ မြင်သွားမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။
ဟုတ်ပါသည်၊ ထိုထဲတွင် အထူးပုဂ္ဂိုလ် အချို့လည်း ရှိနေပေသည်။ ဥပမာ ဝူရုံမြို့၏ မြို့အရှင် ကဲ့သို့သော လူမျိုးသည် သေချာပေါက် လူထုအတွင်း၌ အလွယ်တကူ ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထိုကြောင့် သူသည်လည်း သီးသန့်ခန်း အတွင်း၌သာ ရှိနေပေလိမ့်မည်။
လူများအားလုံး နီးပါး ရောက်လာပြီးသည့် အချိန်တွင် မြို့အရှင်စံအိမ်မှ ဝိညာဉ်သခင်များသည် လေလံအိမ်အား ပိတ်ပင်ကာ ထားလိုက်ကြ၏။ ထိုနေရာ အတွင်းသို့ မည်သူ့ကိုမှ ဝင်ခွင့်ထွက်ခွင့် မပေးတော့ပေ။ ယခုအချိန်တွင် ဝမ်ရှန်းသည်လည်း လေလံဆွဲရာတွင် အစီအစဉ် ကြေညာသူ အသုံးပြုရာ နေရာသို့ ရောက်နေပြီ ဖြစ်သည်။
ယခုအချိန်သည် ဝမ်ရှန်းမှ လျှို့ဝှက်ချက် တချို့ကို ထုတ်ဖော် ပြောကြားမည့် အချိန်ဖြစ်၏၊
ဝမ်ရှန်းမှ စမပြောသေးခင်တွင် အားလုံးသည် ဘာစကားမှမပြောဘဲ တိတ်ဆိတ် နေသောကြောင့် ခန်းမတစ်ခုလုံးသည် အနည်းငယ် စိတ်မချမ်းမြေ့စရာ ကောင်းနေ၏။ ခန်းမအတွင်းရှိ လူများသည် အခြားလူများက သူတို့အား မှတ်မိသွားမည်ကို မစိုးရိမ်ပေ။ အတော်များများသည်လည်း တစ်ယောက်ကိုတစ်ယောက် သိကြပေသည်။ သို့သော် ယခုအချိန်တွင် မည်သူကမှ အာလာဘ သလာဘများ ပြောမနေကြပဲ အားလုံးမှာ ဝမ်ရှန်း စကား စပြောလာမည်ကိုသာ စောင့်နေကြ၏။
ဝမ်ရှန်း ထွက်လာသည်ကို မြင်လိုက်ရသည့် အချိန်တွင် စင်အောက်၌ ရှိနေသည့် လူများ၏ အကြည့်များ ခက်ထန် သွားခဲ့သည်။ တွေးကြည့်မည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်ခြင်းအား အဆိုးမဆိုသာပေ။ ဝမ်ရှန်းသည် သူ ဝူရုံမြို့သို့ မလွတ်မြောက် လာခင် အဓိက မိသားစုများမှ လူမြောက်မြားစွာကို သေစေခဲ့သည်။
သူတို့ ဝမ်ရှန်းအား သဘောမကျပေ၊ ဝမ်ရှန်းသည်လည်း သူတို့အား သဘောမကျချေ။ ဝမ်ရှန်းသည် ထွက်လာသည်နှင့် မည်သည့် အဖွင့် အမှာစကားမှ မပြောပဲ အားလုံးကို အေးစက်စွာ ကြည့်လိုက်၏။ အားလုံး၏ အာရုံများ သူ့ပေါ်သို့ ကျရောက်လာမှ ဝမ်ရှန်း စတင် ပြောလိုက်လေသည်။
“ကျုပ်လိုမျိုး ကျိုးပျက်တဲ့ဝိညာဉ်နဲ့ သာမန် လူတစ်ယောက်ကို စောင့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”
ပါးစပ် ဟလိုက်သည်နှင့် ဝမ်ရှန်းသည် ခနဲ့တဲ့တဲ့ လှောင်ပြောင်သည့် အသံဖြင့် ပြောလိုက်၏။ သို့သော် မည်သူကမှ သူ့အား ပြန်လည် မချေပခဲ့ပေ။
“ဒီနေရာမှာ လာထိုင်ပြီး ကျုပ်ပြောတာကို နားထောင်ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ”
ဤစကားသည်လည်း ရွဲ့ပြောသည့် စကားပင်ဖြစ်၏။ ယခင်က အဓိက အင်အားစုများသည် ဝမ်ရှန်းအား စကားပြောရန် အခွင့်အရေးပင် မပေးခဲ့ချေ၊ သူတို့သည် ဝမ်ရှန်းအား လိုက်သာ လိုက်သတ်ခဲ့ကြခြင်း ဖြစ်၏။
“ကျုပ်ဝိညာဉ်က ကျိုးပျက်နေပြီး ဝိညာဉ်အဆင့်ထဲတောင် မဝင်ဘူး”
သူတို့၏ ခံစားချက်များကို ဝမ်ရှန်း ဂရုမစိုက်ပေ၊ သူသည် သူ့ဘာသာသူ ပြောသည့်ပုံစံဖြင့်သာ ပြောလိုက်၏။
“ဒီအချက်ကို ရှင်းလင်မြို့နဲ့ ဝူရုံမြို့ကလူတွေ သက်သေ ရှိပါတယ်။ ဒါပေမယ့် အားလုံး မယုံနိုင်ကြသေးဘူးဆိုရင် အခုချက်ချင်း ဒီနေရာမှာ သက်သေပြလို့လည်း ရပါတယ်”
ထိုသို့ပြောကာ ဝမ်ရှန်းသည် ကြိုပြင်ထားသည့် သူ့ရှေ့ရှိ စားပွဲပေါ်ရှိ ယွမ်ကြေးမုံအား ကောက်ကိုင် လိုက်သည်။ ထို့နောက် ကြေးမုံအား လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ မှန်ထဲ၌ ထွက်ပေါ်လာသည့် ပုံရိပ်ကို အားလုံး မြင်သာအောင် ပြလိုက်၏။
ယွမ်ကြေးမုံသည် ဝမ်ရှန်း၏ ကျိုးပဲ့နေသည့် ယွမ်ဝိညာဉ်အား ရှင်းရှင်းလင်းလင်း ပြသနေခဲ့ကာ ကြေးမုံပေါ်မှ ပုံရိပ်သည် တစ်ခဏလေးပင် မပြောင်းလဲ သွားခဲ့ချေ။ ဤအရာမှာ ဝမ်ရှန်း၏ ဝိညာဉ်သည် ဝိညာဉ်အဆင့်ပင် မဝင်ရောက်သည့် ကျိုးပဲ့နေသော ဝိညာဉ်တစ်ခုသာ ဖြစ်ကြောင်း အပြည့်အဝ ပြသနေခြင်းဖြစ်၏။
“ကျုပ်က ကျုပ်ရဲ့ ယုံကြည်မှုပေါ်ကို ခိုင်ခိုင်မာမာ ယုံကြည်ချက်ထားပြီး အလျှော့ မပေးတာကြောင့် ကျုပ်ဝိညာဉ်ကို အဆင့်တက်အောင် လုပ်နိုင်ခဲ့တာလို့ ပြောမယ်ဆိုရင် အားလုံး ယုံမှာလား”
ဝမ်ရှန်းသည် သူ၏ဝိညာဉ်ကို ပြသပြီးနောက် ရုတ်တရက် စနောက်လိုက်၏။ သူသည် အားလုံးအား ရိုးရှင်းသော မေးခွန်းတစ်ခု မေးလိုက်သည်။
ဤကဲသို့ အဓိပ္ပာယ်မရှိသည့် စကားများကို မည်သူက ယုံကြည်မည်နည်း။ စင်အောက်၌ ရှိနေသည့် လူများနှင့် သီးသန့်ခန်း အတွင်း၌ ရှိနေသည့် လူများ အားလုံးသည် ဝမ်ရှန်းအား ဒီတိုင်းသာ ကြည့်နေလိုက်ကြ၏။ မည်သူကမှ သူနှင့်အတူ ရေလိုက်ငါးလိုက် မပြောခဲ့ချေ။ သူပြောလိုက်သည့် ဟာသက လုံးဝကို မရယ်ရသကဲ့ပင် ဖြစ်၏။
“ဒါပေမယ့် ကျုပ်က ကျုပ်ဝိညာဉ်ကို အဆင့်မြင့် တင်နိုင်ဖို့ အတွက် ကျုပ်ရဲ့ ယုံကြည်ချက်ပေါ်ကို တကယ်ပဲ မှီခိုအားကိုးခဲ့တယ်လို့ ပြောချင်ပါတယ်”
ဝမ်ရှန်းမှ နောက်တစ်ကြိမ် ပြောကာ စင်အောက်၌ ရှိနေသည့် လူများ၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။
ခန်းမအတွင်းရှိ လူများသည် အစောကတည်းက စိတ်မရှည် ဖြစ်နေကြပြီဖြစ်၏၊ အချို့သည် ဒေါသပင် ထွက်နေကြပြီ ဖြစ်သည်။ ဝမ်ရှန်းသည် အားလုံး၏ ရွှေဒင်္ဂါးများကို လှည့်စားယူကာ ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားမျိုးဖြင့် ပြီးသွားမည်ဆိုလျှင်၊ ဤနေရာသည် ဝူရုံမြို့၏ မြို့အပြင်ပိုင်း ဖြစ်သည်။ ဝမ်ရှန်းသည် ဤလေလံအိမ်မှ ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားရမည် မဟုတ်ပေ။
“ဘယ်သူမှ မယုံကြဘူးဆိုတာ ကျုပ်သိပါတယ်ဗျာ”
ဝမ်ရှန်းမှ ပြုံး၍ ဆက်ပြောလိုက်သည်။ သူသည် အမှန်တရားကို ပြောပြီးခဲ့လေပြီ။ သူ၏ ယုံကြည်ချက်ဖြင့် သူ၏ကျိုးပဲ့ဝိညာဉ်ကို အလျော့မပေးပဲ အဆင့်တက်အောင် ကြိုးစားခဲ့ခြင်းမှာ သူ၏ အမှန်တရားဖြစ်ပေသည်။ သို့သော် အခြားသူများက သူ့အား မယုံကြည်လျှင်ဖြင့် သူ ဘာမှမတတ်နိုင်ပေ။
“ကျုပ်က ကျုပ်ယုံကြည်ချက်ကြောင့် အဆင့်တက်နိုင်ခဲ့တာဆိုတဲ့ အချက်အပြင် ခင်ဗျားတို့ကို ပြောပြလို့ရတဲ့ တခြားအချက်တစ်ချက် ရှိသေးတယ်”
ထိုအချိန်တွင် အားလုံး၏ မျက်နှာများ လန်းဆန်း သွားခဲ့သည်။ ယခုအချိန်တွင် ဝမ်ရှန်း၏ပါးစပ်မှ ထွက်လာမည့် စကားများသည် တကယ့်အချက် ဖြစ်ရပေမည်။
“ကျုပ်ရဲ့ယွမ်ဝိညာဉ်က ရှင်းလင်မြို့က စုန့်မိသားစုရဲ့ တားမြစ်နယ်မြေထဲမှာ ရှိနေခဲ့တာ”
ဝမ်ရှန်းသည် သူ့ယွမ်ဝိညာဉ်၏ ဇာစ်မြစ်ကို စတင် ပြောပြကာ စုန့်မိသားစုမှ သူ မြင်နေရသည့် စုန့်လောင်ယုအား လက်ညှိုးထိုးကာ ပြောလိုက်၏။
“အဲ့တုန်းက အဲ့နေရာမှာ အဲ့နားမှာ ထိုင်နေတဲ့ စုန့်မိသားစုရဲ့ အိမ်တော်ထိန်းလည်း ရှိနေခဲ့တယ်။ အဲဒါကြောင့် အဲ့အချက်ကို သူ သက်သေ ပြနိုင်ပါတယ်”
ရှင်းရှင်းလင်းလင်း မပြောပြနိုင်စရာ ဘာအကြောင်းမှ မရှိပေ။ စုန့်လောင်ယုသည် သူ ဝမ်ရှန်းနှင့် အပြည့်အဝ ပူးပေါင်းရန် သူ့မိသားစု၏ ညွှန်ကြားချက်ကို ရရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းမှ ထိုကဲ့သို့ ပြောလာသည်ကို ကြားလိုက်ရသောအခါ သူသည် ထရပ်လိုက်ကာ အားလုံးကို ခေါင်းညိတ် ပြလိုက်သည်။
စုန့်လောင်ယုကို လူတော်တော်များများ သိကြ၏။ သူ့အား စုန့်မိသားစုမှ အကြီးဆုံး မမလေး၏ အထိန်းတော် ဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် အများစုသည် သူ့အား ယုံကြည်ကြပေသည်။
“အဲ့အချိန် အဲ့နေရာမှာပဲ သိုက်မိသားစုဝင် တချို့လည်း တကယ် ရှိနေခဲ့တယ်”
ဝမ်ရှန်းမှ ပြုံးကာ သိုက်မိသားစုအား သူ၏စကား အတွင်းသို့ ဆွဲထည့်လိုက်သည်။
“အဲ့တုန်းက သိုက်ဟွမ် အပါအဝင် သိုက်မိသားစုက လူတော်တော်များများကို သေခဲ့တယ် ဆိုပေမယ့် သိုက်မိသားစုက လူတွေ လွတ်သွားခဲ့တယ်။ သူတို့ထဲက တစ်ယောက်က ဝိညာဉ်သန့်စင်သူပဲ၊ သူ အသက်ရှင် နေဦးမယ်ဆိုတာ ကျုပ်ယုံကြည်ပါတယ်။ ခင်ဗျားတို့ မယုံကြသေးဘူးဆိုရင် အဲ့ဝိညာဉ် သန့်စင်သူကို ရှာပြီး သွားမေးလို့ ရတယ်”
“တကယ်တမ်းတော့ ကျုပ်ဝိညာဉ်က စုန့်မိသားစုက ဘိုးဘေးတစ်ယောက် ဂရုတစိုက် ပြုစုပျိုးထောင်ထားတဲ့ ဝိညာဉ်ပဲ”
ဝမ်ရှန်းမှ နောက်တစ်ကြိမ် စကား စပြောလိုက်သည့် အချိန်တွင် အားလုံး စိတ်ဝင်စား သွားခဲ့ကြသည်။ ဤကိစ္စသည် စုန့်မိသားစု၏ ဘိုးဘေးများနှင့် သက်ဆိုင် နေသေးသည်လား…
***