ခေတ်သစ် စစ်နတ်ဘုရား
အပိုင်း ၁ – အထူးအရိုးစု ဆင့်ခေါ်ခြင်း
ယွန်းဟွာတက္ကသိုလ်သည် လဲ့ကျန်းမြို့ရှိ ဂျူနီယာကောလိပ်တစ်ခုဖြစ်ပြီး နိုင်ငံတွင်း ဒုတိယအဆင့် တက္ကသိုလ်များတွင် ပါ၀င်လေသည်။
ယွန်းဟွာတက္ကသိုလ် ယောက်ျားလေးအဆောင်အတွင်းတွင် ယွဲ့ကျုံးသည် အ၀တ်အအစား ၀တ်ဆင်ပြီးဖြစ်သဖြင့် မှန်ကြည့်နေ၏။
ထိုသို့ ကြည့်နေစဉ် ယွဲ့ကျုံးက တိတ်တဆိတ် တွေးတောလိုက်သည်။
“အဲဒီ့ ပြဿနာအိုးလေးတွေ ဒီနေ့လည်း ငါ့ကို ဘယ်လိုဒုက္ခပေးဦးမလဲ မသိဘူး”
ထိုနေ့ကား တနင်္ဂနွေနေ့ပင်။ အဆောင်ထဲတွင် သံကုတင် ၆ လုံးရှိသော်လည်း လူဆို၍ ယွဲ့ကျုံးတစ်ယောက်တည်းသာ ရှိပေသည်။ ကျန်အခန်းဖော်များမှာ ပိတ်ရက်ဖြစ်သဖြင့် လည်ပတ်ပျော်ပါးနေကြ၏။ ယွဲ့ကျုံးကတော့ အသုံးစရိတ်ရှာရန် ကျူတာအဖြစ် အလုပ်လုပ်နေခြင်းဖြစ်ပြီး စာသွားသင်ရန် ပြင်ဆင်နေခြင်းဖြစ်လေသည်။
“ပုရွက်ဆိတ်လို လူသားတွေ။ ငါက နတ်ဘုရားပဲ။ မင်းတို့လို အားနည်းတဲ့ကောင်တွေ အပူအပင်မရှိ နေထိုင်နေတာကို ငါ မြင်ပြင်းကပ်တယ်။ အခုကစပြီး မင်းတို့ကို မိစ္ဆာနဲ့နတ်ဘုရားစနစ်ထဲထည့်လိုက်ပြီ။ ငါ ပျော်အောင် ရုန်းကန်ကြ၊ သန်မာလာကြစမ်း။ အမြဲတမ်း ခွန်အားကြီးအောင် လုပ်နေမှသာ ရှင်သန်နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ သေရမှာပဲ။ အခုကစပြီး ရေတွက်ပြီ။ ၅ …”
ယွဲ့ကျုံးစိတ်ထဲ၌ ထူးဆန်းသော အသံတစ်သံ ပေါ်လာ၏။ အသံပေါ်လာသည်ဖြင့် အချိန်များ ရပ်တန့်သွားပြီး သူ၏မျက်လုံးများကလည်း လှုပ်ရှားမရတော့ချေ။ ပတ်၀န်းကျင်မှာလည်း အချိန်များ ရပ်သွားသည့်အလား နှေးကွေးလာ၏။ သူ့စိတ်ထဲတွင် ထိုအသံတစ်ခုတည်းကိုသာ ကြားနေရလေသည်
“၄….”
“…..”
“၁…။ ကစားပွဲ စပြီ။ မင်းတို့ ပုရွက်ဆိတ်ကောင်တွေ ရုန်းကန်ကြစမ်းဟေ့”
အသံပျောက်ကွယ်သွားသည့်အချိန်တွင် ယွဲ့ကျုံးလည်း ကို့ရိုးကားယားအခြေအနေကြီးမှ လွတ်မြောက်သွား၏။
“ဘာကြီးတုန်း”
ဘယ်ကမှန်းမသိ ပေါ်လာခဲ့သော သူ့လက်ထဲရှိ တုတ်ချောင်းတစ်ချောင်းကို ကြည့်ရင်း ယွဲ့ကျုံး၏စိတ်ထဲတွင် အံ့ဩမှင်သက်မှုတို့ ပြည့်နှက်နေလေသည်။ ၎င်းက သူကြားခဲ့သည့်အရာမှာ ကယောင်ခြောက်ခြားဖြစ်နေခြင်းမဟုတ်ကြောင်း သဘောပေါက်စေလိုက်၏။
[တုတ်ချောင်း၊ လက်နက်အသစ်။ အခြေခံအဆင့်လက်နက်။ တိုက်ခိုက်နိုင်စွမ်း ၀-၅၊ လက်နက်ကြံ့ခိုင်မှု ၁၀၀/၁၀၀။ ရှင်သန်ဖို့အတွက် ဒီလက်နက်ကို ကောင်းကောင်းအသုံးချပါ]
[ယွဲ့ကျုံး – ယောက်ျား
အဆင့် – ၁
အလုပ်အကိုင် – မရှိ
ရာထူး – မရှိ
ခွန်အား – ၉ (၁၀)
လျင်မြန်မှု – ၁၀ (၁၀)
အသက် – ၉ (၁၀)
သက်လုံ – ၈/၈ (၁၀)
ဝိညာဉ် – ၁၂ (၁၀)
ခံနိုင်ရည် – ၁၀ (၁၀)]
ယွဲ့ကျုံးမှာ အံ့အားသင့်နေလေသည်။ ဤသို့ ထူးဆန်းသော အချက်အလက်များက သူ့ခေါင်းထဲသို့ ၀င်သွား၏။
သူ့လက်ထဲရှိ တုတ်ချောင်းကိုကြည့်ရင်း ယွဲ့ကျုံးစိတ်ထဲတွင် တထင့်ထင့် ဖြစ်သွားချေသည်။ သူက အဆောင်တံခါးကို ပြေး၍ သော့ခတ်လိုက်၏။
ထို့နောက် သူက ချက်ချင်း အခန်းဖော်တစ်ယောက်၏ဗီဒိုအတွင်းမှ နှစ်ဖက်ကြည့် မှန်ပြောင်းတစ်ခုကို ထုတ်လိုက်သည်။
ယွဲ့ကျုံးတို့အဆောင်မှ မျက်နှာချင်းဆိုင်တွင် မိန်းကလေးအဆောင်ရှိသဖြင့် အဆောင်တွင်းမှ ယောက်ျားလေးအတော်များများသည် မှန်ပြောင်းဖြင့် ခိုးကြည့်တတ်ကြ၏။
ယွဲ့ကျုံးက လက်တစ်ဖက်မှ တုတ်ချောင်းကို ကိုင်ရင်း ပြတင်းပေါက်မှတဆင့် အပြင်သို့ ကြည့်လိုက်သည်။
အချိန်မှာ မွန်းတည့် ၂ နာရီ၊ ၃ နာရီ သာရှိသေးလေသည်။ အပြင်မသွားသည့် ကျောင်းသားများက အဆောင်တွင်း၌ အိပ်နေကြသော်လည်း များများစားစားတော့ မရှိချေ။
“ကယ်ကြပါဦး”
လမ်းမှ နားကွဲမတတ် အော်သံတစ်သံကို ကြားလိုက်ရ၏။ ယွဲ့ကျုံး အသံလာရာကို ကြည့်လိုက်ရာ ခြောက်ခြားဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။
အဖြူရောင်ရှပ်အင်္ကျီ၀တ်ထားသော မိန်းကလေးတစ်ယောက်အား နောက်ထပ် မိန်းကလေး ၈ယောက်က ဝိုင်း၍ ကိုက်ဖြတ်နေကြ၏။ မိန်ကလေးမှာ ရုန်းကန်အော်ဟစ်နေသော်လည်း လွတ်လမ်း မရှိချေ။
“ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ”
အဝေးရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း ယွဲ့ကျုံး၏စိတ်ထဲတွင် မုန်တိုင်းထန်နေလေသည်။ သူက မှန်ပြောင်းကို မျက်လုံးတွင် တေ့ရင်း လှမ်းကြည့်လိုက်လေသည်။
မှန်ပြောင်းမှတဆင့် မြင်ကွင်းကို သဲသဲကွဲကွဲ မြင်နေရ၏။
မိန်းကလေး ၈ ယောက်မှာ မျက်လုံးသေများဖြင့် အဖြူရောင် ရှပ်အင်္ကျီ၀တ်ထားသော မိန်းကလေးကို တိုက်ခိုက်နေကြသည်။ သူတို့က သားရဲအရိုင်းကောင်များအလား သူမ၏ခန္ဓာကိုယ်ကို တရစပ် ကိုက်ဖြတ်၍ အသားစများကို မြိုချနေကြ၏။
မြင်ကွင်းက ရက်စက်လွန်းသဖြင့် ယွဲ့ကျုံးမှာ အော်ဂလီဆန်လာပြီး သူ့စိတ်အစဉ်မှာ ကြောက်ရွံ့မှုတို့ဖြင့် လွှမ်းမိုးသွားလေသည်။
စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း သူက တည်ငြိမ်အောင် ကြိုးစားရင်း ဆက်ကြည့်နေ၏။
မိန်းကလေး ၈ ယောက်မှာ အဖြူရောင် ရှပ်အင်္ကျီ၀တ် မိန်းကလေး၏စုတ်ပြတ်နေသော ခန္ဓာကိုယ်ကို ကိုက်ဖြတ်နေဆဲပင်။ သူမ၏ခန္ဓာကိုယ်မှာ ဒဏ်ရာများဗလပွဖြစ်နေပြီး ကိုက်ခံရမှုကြောင့် ခန္ဓာကိုယ်မှာ အပေါက်များ ပြည့်နှက်နေချေသည်။ သူတို့က ကိုက်ပြီးသွားသောအခါ လူစုကွဲသွားပြီး ဟိုဟိုသည်သည် လျှောက်သွားနေကြ၏။ သူတို့၏လမ်းလျှောက်နှုန်းမှာ နှေးကွေးပြီး သာမန်လူတစ်ယောက်ထက် များစွာလျော့ကျပေသည်။ သို့သော် အုပ်စုဖွဲ့၍ သွားလာကြ၏။ သင်သာ အဝိုင်းခံလိုက်ရပါက အသက်ရှင်နိုင်ရန်နည်းလမ်းမှာ မရှိသလောက် ရှားပေသည်။
ယွဲ့ကျုံးက တုံ့နှေးတုံ့နှေးသွားနေသော မိန်းကလေးများကို ကြည့်ရင်း တွေးလိုက်၏။
“ Resident Evil ( ဆိုးယုတ်ခြင်း၌ မွေ့လျော်ခြင်း ) လားဟ …။ ”
သူတို့၏မျက်လုံးများမှာ ဖြူဆုတ်နေလေသည်။ သွေးများပေကျံနေသော ပါးစပ်များကြောင့် ထိုမိန်းကလေးများမှာ အလွန် ကြောက်မက်ဖွယ်ပင်။ ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ချက်ပေါ်လာ၏။
ထိုမိန်းကလေးများမှာ Resident Evil ရုပ်ရှင်ထဲမှ ဇွန်ဘီများအလား ပြုမူနေကြလေသည်။
ယွဲ့ကျုံး၏စိတ်ကူးမှာ မှန်ပေသည်။ အသက်ဆုံးရှုံးသွားပြီး ပုံပျက်ဆင်းပျက် အကိုက်ခံခဲ့ရသည့် အဖြူရောင်ရှပ်အင်္ကျီနှင့် မိန်းကလေးက ဖြည်းဖြည်းချင်း ထရပ်လာ၏။ သူမ၏မျက်လုံးများက လူသေတစ်ယောက်အလား ဖွေးဖွေးဖြူနေသည်။ သူမက လမ်းပေါ်တွင် ခြေဦးတည့်ရာ လျှောက်သွားနေ၏။
“မကောင်းတော့ဘူး။ ဇွန်ဘီတွေဟ …။ ”
ယွဲ့ကျုံး၏နှလုံးသားမှာ အေးခဲသွားသည်။ သူ ထင်ထားသည့်အတိုင်းသာဆိုပါက တက္ကသိုလ်တစ်ခုလုံး ဇွန်ဘီများဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး သူ့အတွက် အသက်ရှင်နိုင်ချေမှာ မရှိသလောက်ပင်။
ရုတ်တရက် အခန်းတံခါးကို တစ်စုံတစ်ယောက်က အားဖြင့် ထုရိုက်လိုက်လေသည်။
“ဒုက္ခပဲ။ ဇွန်ဘီတွေ …။ ”
ယွဲ့ကျုံးမှာ ကတုန်ကယင်ဖြင့် ကွန်ပျူတာတင်သည့် သစ်သားစားပွဲကို တွန်းကာ တံခါးတွင် ပိတ်ထားလိုက်၏။
တဒေါက်ဒေါက် အသံနှင့်အတူ သစ်သားတံခါးမှာ ကျိုးကြေသွားပြီး လက်သည်းကြီးနှစ်ခုက ဖောက်ထွက်လာသည်။
“သန်လိုက်တဲ့ အား …။ ”
ယွဲ့ကျုံးမှာ ကြောက်လွန်းသဖြင့် နောက်ဆုတ်လိုက်မိ၏။
ယွန်းဟွာတက္ကသိုလ်အဆောင်များ၏တံခါးများမှာ သစ်သားဖြင့် ပြုလုပ်ထားပြီး နဲ့တဲ့တဲ့များ ဖြစ်ချေသည်။ သို့သော် သာမန်လူတစ်ယောက်အနေဖြင့် မည်သည့်ကိရိယာ၏အကူအညီမှ မပါဘဲ တံခါးကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်ချေ။ ဇွန်ဘီများ၏ခွန်အားက ယွဲ့ကျုံးမျှော်မှန်းထားသည်ထက် များစွာ သာလွန်နေချေသည်။
တံခါးကို ဖောက်ထွက်လာသော လက်သည်းကြီးနှစ်ခုမှာ မရပ်မနား တုန်ရီနေ၏။ တစ်ချိန်တည်းမှာပင် တံခါးကို တွန်းဖွင့်လိုက်သံအား ကြားလိုက်ရလေသည်။
ယွဲ့ကျုံးက အံတင်းတင်းကြိတ်ကာ ကြောက်ရွံ့စိတ်ကို ချိုးနှိမ်လိုက်၏။ သူက မျက်လုံးများက တောက်ပလျက် တံခါးထံ လျှောက်သွားလေသည်။ ထို့နောက် သူ၏တုတ်ချောင်းဖြင့် ထိုလက်သည်းနှစ်ချောင်းကို ရိုက်ချလိုက်၏။
ယွဲ့ကျုံးမှာ ၁၀ ကြိမ်ကျော်ရိုက်လိုက်ရပြီးနောက် ထိုလက်သည်းနှစ်ခုကို ဖြတ်လိုက်နိုင်၏။ ၎င်း၏လက်ချောင်းများကိုလည်း ဖြတ်တောက်ပစ်လိုက်သည်။
လက်နှစ်ချောင်းပြတ်သွားသည့်အခါ အော်သံကြီးတစ်ခုက စူးရှစွာ ထွက်ပေါ်လာ၏။ ထို့နောက် တံခါးကို ခေါင်းတစ်လုံးက ဖောက်ထွက်လာသည်။ ယင်းခေါင်းမှာ အပေါက်ကြီးပေါက်နေပြီး မျက်လုံးများက ဖြူဖျော့နေလေသည်။ တစ်ချိန်က ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သော ဇွန်ဘီက ခေါင်းဖြင့် တိုး၀င်နေရင်း ယွဲ့ကျုံးဆီရောက်ရန် အတင်းအကြပ် ရုန်းကန်နေ၏။
“ရှုကျန်း”
ယွဲ့ကျုံးမှာ ထိုဇွန်ဘီကို မြင်သည်နှင့် သူ့အခန်းဘေးတွင်နေသော ဘောလုံးသမား အတန်းဖော်တစ်ယောက်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူတို့သည် အသိအကျွမ်းများဖြစ်ကြပြီး လွန်ခဲ့သည့် မိနစ် ၂၀ ကလေးတင် စကားပြောနေခဲ့ကြသည်။ မိနစ် ၂၀ ကြာပြီးနောက် ရှုကျန်းမှာ ဇွန်ဘီတစ်ကောင်ဖြစ်လာလိမ့်မည်ဟု ယွဲ့ကျုံး တွေးပင် မတွေးထားခဲ့ချေ။
“တောင်းပန်ပါတယ်။ ငါ အသက်ရှင်ချင်လို့ပါ”
ရုန်းကန်နေသော ဇွန်ဘီကို ကြည့်ရင်း ယွဲ့ကျုံး၏မျက်လုံးများတွင် ရှုပ်ထွေးနေသော အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ သူက အံတင်းတင်းကြိတ်ရင်း တုတ်ချောင်းကို လွှဲကာ အားကုန် ရိုက်ချလိုက်လေသည်။
ယွဲ့ကျုံး၏ အားကုန်ရိုက်နှက်မှုကြောင့် ဇွန်ဘီ ရှုကျန်း၏လည်ပင်းများ ကျိုးသွားပြီး ဘေးသို့ လည်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်စာအုပ်လေးတစ်အုပ်နှင့် အနက်ရောင်ဒင်္ဂါးတစ်ပြားက ရှုကျန်းခန္ဓာကိုယ်ထဲမှ ထွက်လာကာ ယွဲ့ကျုံးအနား ကျလာသည်။
ယွဲ့ကျုံး မျက်စိလျင်သဖြင့် ထိုစာအုပ်နှင့် ဒင်္ဂါးအနား လျှောက်သွား၏။ သူက ၎င်းတို့ကို ကောက်ယူလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
[အဆင့် ၃ စွမ်းရည်စာအုပ် – အထူး အရိုးစု ဆင့်ခေါ်ခြင်း]
[ဖော်ပြချက် – မန်နာ ၁၀ မှတ် သုံးစွဲသည်။ သင့်ကို ကူညီတိုက်ခိုက်ပေးရန် အောက်ဘုံမှ လာသော အထူးအရိုးစုကို ဆင့်ခေါ်ပေးသည်။ အထူးအရိုးစု၏ စဦးပိုင်းအဆင့်မှာ ၁ ရှိသည်။ အေးခဲချိန်မှာ ၁၀ရက်။ ဤစွမ်းရည်ကို သင်ယူလိုပါသလား]
ယွဲ့ကျုံးက စာအုပ်ကို ဖွင့်ဖတ်လိုက်ရာ ထူးဆန်းစွာဖြင့် အချက်အလက်များက သူ့စိတ်ထဲ ၀င်ရောက်လာ၏။ သူက တုံ့ဆိုင်းမနေဘဲ ရွေးချယ်လိုက်သည်။
“ချက်ချင်း သင်မယ်”
[အဆင့် ၃၀ မရောက်သေးသရွေ့ တိုက်ရိုက်စွမ်းရည် ၃မျိုးပဲ သင်ယူလို့ရပါတယ်။ ‘အထူး အရိုးစု ဆင့်ခေါ်ခြင်း’စွမ်းရည်ကို သင်ယူလိုသည်မှာ သေချာပါသလား]
(တိုက်ရိုက်စွမ်းရည်ဆိုတာ စွမ်းရည်ပိုင်ရှင် ကိုယ်တိုင် အသက်သွင်းမှ အသုံးပြုလို့ရတဲ့ စွမ်းရည်ပါ)
“သေချာတယ်”
ယွဲ့ကျုံးက တွေဝေနေခြင်း အလျင်းမရှိဘဲ ရွေးချယ်လိုက်၏။ ယခုလောလောဆယ် သူ့ခေါင်းထဲတွင် အသက်ရှင်ဖို့အရေးသာ ရှိလေသည်။ နောင်တွင် အဆင့်မြှင့်တင်ရန် စွမ်းရည်များအတွက် နေရာ မရှိမည်ကိုလည်း စိုးရိမ်မနေနိုင်ချေ။ ယခုတွင် ခွန်အားအနည်းငယ်မျှ ရရှိထားလျှင်ပင် အတော်လေး အခြေအနေကောင်းလေပြီ။
ထိုဇွန်ဘီများမှာ အင်မတန် အားကောင်း၏။ တံခါးများကိုပင် ဖျက်ဆီးပစ်နိုင်သဖြင့် အဆောင်ထဲတွင် ပုန်းမနေသင့်တော့ကြောင်း သူ သဘောပေါက်လိုက်သည်။ ယွဲ့ကျုံးသည် ယခုတွင် ခွန်အားရရန်သာ ကြိုးစားပြီး နောင်ဖြစ်လာမည့်ကိစ္စများအား တွေးပူမနေတော့ချေ။
ထိုအခိုက်အတန့်တွင် ‘အဆင့် ၃ စွမ်းရည်စာအုပ် – အထူးအရိုးစုဆင့်ခေါ်ခြင်း’ က အနက်ရောင်အလင်းတန်းအဖြစ် ပျောက်ကွယ်သွားကာ သူ၏မျက်ခုံးနှစ်ခုကြား ၀င်ရောက်သွားသည်။
ယွဲ့ကျုံး သိလိုက်သမျှမှာ သူ့စိတ်ထဲတွင် သူသည် ထူးဆန်းသော မှော်အက္ခရာတစ်ခုကို ထိလိုက်၏။ ထို့နောက် သူ့စိတ်ထဲ၌ အသံတစ်သံကို ကြားလိုက်ရလေသည်။
[အထူးအရိုးစုကို ဆင့်ခေါ်လိုပါသလား။ မန်နာ ၁၀ မှတ် သုံးစွဲရပါမယ်]
“ဆင့်ခေါ်မယ်”
သူက ချက်ချင်း ဆုံးဖြတ်ချက်ချ၍ ‘အထူးအရိုးစုဆင့်ခေါ်ခြင်းစွမ်းရည်’ ကို အသက်သွင်းလိုက်သည်။
ထို့နောက် သူ့ပါးစပ်မှ ဆန်းကြယ်သော ရေရွတ်သံများ ထွက်ပေါ်လာ၏။
ဗလာနတ္ထိ။
လိုဏ်ဂူကြီးတစ်ခုက မည်သည်ကမှန်းမသိ ရုတ်တရက် ပေါ်လာသည်။ လိုဏ်ဂူက အဆုံးမရှိသော သေဆုံးခြင်းအငွေ့အသက်များကို ဖြန့်ကျက်နေ၏။
ထိုစဉ် ထူးဆန်းသော အားတစ်ရပ် ဖြတ်ပြေးသွားသဖြင် ယွဲ့ကျုံး၏ဦးခေါင်းမှ အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။ အတန်ငယ်ပင် မူးဝေလာ၏။
ထို့နောက် အရိုးများဖြင့်သာ ဖွဲ့စည်းထားသော အရိုးစုတစ်ခု လိုဏ်ဂူအတွင်းမှ ထွက်လာ၏။ ၎င်းမှာ အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံခံထားရပြီး ၎င်း၏မျက်လုံးများက မှော်မီးတောက်များဖြင့် တောက်ပနေချေသည်။
ယွဲ့ကျုံးသည် အောက်ဘုံမှလာသော လူသဏ္ဌာန်အရိုးစုကြီးနှင့် ထူးထူးခြားခြား ရင်းနှီးဆက်နွယ်နေမှုကို ခံစားလိုက်ရ၏။
[အထူးအရိုးစု အဆင့် ၁
ခွန်အား – ၁၀ (၁၀)
လျင်မြန်မှု – ၁၀ (၁၀)
အသက် – ၁၀ (၁၀)
သက်လုံ – ၁၀/၁၀ (၁၀)
ဝိညာဉ် – ၁၀ (၁၀)
ခံနိုင်ရည် – ၅ (၁၀)
စွမ်းရည်များ – အရိုးများကို အထူးပြုခြင်း]
အရိုးစုက ယွဲ့ကျုံးကို တစ်ချက် ကြည့်ပြီးနောက် သူ သတ်ခဲ့သည့် ဇွန်ဘီအနား ချက်ချင်း လျှောက်သွား၏။ ၎င်းက ၎င်း၏လက်များဖြင့် ရှုကျန်း၏ ဇွန်ဘီခန္ဓာကိုယ်ထဲ ထိုးစိုက်ချလိုက်လေသည်။
အပိုင်း ၁ ပြီး၏။