အပိုင်း ၁၄၈
ထုတ်ဖော်ပြောဆိုခြင်း (၁)
ဝမ်ရှန်းအား ကာကွယ်ပေးရန် အတွက် မြို့အရှင် သို့မဟုတ် အိမ်တော်ထိန်းမှ ပြောလိုက်ခြင်းလား ဆိုတာကို ဝမ်ရှန်း မသိပေ။ သို့သော် လွန်ခဲ့သည့်ရက် အနည်းငယ် အတွင်းတွင် ဝမ်ရှန်း၏ခြံဝန်းဘေး ပတ်ပတ်လည်ရှိ ဝိညာဉ်သခင်များသည် ဝမ်ရှန်း၏အိမ်သို့ မကြာခဏ ရောက်လာနေခဲ့ကြသည်။
ဝမ်အမျိုးသမီးနှင့် အခြားသူများ လာပြီးနောက်တွင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် ဝမ်ရှန်းနှင့် အတူ သောက်ရန်အတွက် ဝမ်ရှန်း၏အိမ်သို့ နေ့တိုင်း လာရောက်လေ့ ရှိကြ၏။ ထိုအချိန်တွင် သူတို့သိသလောက် ကြေးစားများ၏ ဘဝဇာတ်ကြောင်းများ အကြောင်းကို ဝမ်ရှန်းအား ပြောပြတတ်ကြသည်။
အပူသုံး လက်နက်များဖြင့် လူသတ်သည့် စွမ်းရည်အရာတွင် ဝမ်ရှန်းသည် ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်၏။ သို့သော် ဤကဲ့သို့ အေးခဲလက်နက် ခေတ်မျိုးတွင် ဤသတ္တမအဆင့် ကြေးစားနှစ်ယောက်သည် သေချာပေါက် ဝမ်ရှန်းထက် အတွေ့အကြုံ ပိုရှိပေသည်။
အထူးသဖြင့် ဤကဲသို့ လျှို့ဝှက်ကြံစည်မှုများ ပေါများသည့် ပတ်ဝန်းကျင်မျိုးတွင် ဤအသက်အရွယ်အထိ သူတို့ ရှင်သန် နေထိုင်နေသည့် အတွေ့အကြုံများသည် အသက်နှင့်ရင်းကာ ရရှိခဲ့ခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့ပြောသည့် အကြောင်းအရာများကို ဝမ်ရှန်း အလွန် စိတ်ဝင်စားပေသည်။
လွန်ခဲ့သည့် နှစ်ရက်က တော်ဝင်သမားတော်နှင့် ဆေးဆရာတို့ နောက်တစ်ကြိမ် ရောက်လာကာ ဝမ်ရှန်းအား စစ်ဆေးခဲ့ကြသည်။ ဝမ်ရှန်း၏ ခန္ဓာကိုယ်မှာ ဆက်ပြီး အားမနည်းနေတော့ကြောင်း သူတို့ တွေ့လိုက်ရလေသည်။
ဝမ်ရှန်း၏ အခြေအနေသည် ပြန်လည် သက်သာလာပြီး တိုးတက်မှု အရိပ်အယောင်များပင် ထွက်ပေါ်လာပြီဖြစ်ရာ တော်ဝင်သမားတော်နှင့် ဆေးဆရာတို့သည် ရှက်ရွံ့မနေကြတော့ပဲ သူတို့ ဝမ်ရှန်းအား ပေးခဲ့သည့် ဆေးပြားများ တန်ဖိုးကို တောင်းလိုက်၏။ ထို့နောက် ဝမ်ရှန်း၏ ဝိညာဉ်စွမ်းအား အားနည်းနေသည်ကို ပြန်လည် သက်သာလာရန် အတွက် နှစ်ပေါင်း အနည်းငယ် ကြာနိုင်သည်ဟုလည်း အသိပေး ပြောကြားလိုက်လေသည်။
ဟုတ်ပါသည်၊ ထိုကိစ္စနှင့် ပတ်သက်၍ ဝမ်ရှန်း ဘာမှပြောမည် မဟုတ်ပေ။ သူသည် လူများကို သူ၏ဖုံးကွယ်မှုကိုသာ ဆက်လက် သိထားစေခဲ့သည်။ သူက အားနည်းကြောင်း သူ၏ရန်သူများကို ပြသနေခဲ့သည်။ ထိုနည်းလမ်းသည် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် နည်းလမ်း တစ်ခု ဖြစ်ပေသည်။
ထိုကာလအတွင်း၌ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် အချိန်ကောင်းများကို ပိုင်ဆိုင်ခဲ့ရ၏။ အဘယ်ကြောင့် ဆိုသော် ဝမ်ရှန်းသည် သူ၏ဒဏ်ရာများ သက်သာလာသည့် အချိန်တွင် တော်ဝင်ရတနာစံအိမ်မှ စားဖိုမှူး နှစ်ယောက်ကို သူ၏ညွှန်ကြားချက်များ အတိုင်း ချက်ပြုတ်ပေးရန် တောင်းဆိုပြီး အရိပ်မိန်းမစိုးတို့ နှစ်ယောက် အားလည်း တည်ခင်း ဧည့်ခံခြင်းကြောင့် ဖြစ်သည်။
အစပိုင်းတွင် ဝမ်ရှန်းသည် အရိုးရှင်းဆုံး ဟော့ပေါ့ကိုသာ ပြုလုပ်ခဲ့၏။ သူသည် တစ်ခုခုကို စမ်းသပ် ကြည့်ချင်သောကြောင့် သူကိုယ်တိုင် မလုပ်ဘဲ အခြားသူများကို ညွှန်ကြားကာ ချက်ပြုတ်စေခဲ့ခြင်း ဖြစ်သည်။ ဤသို့သော နည်းဖြင့် သူ၏ပုံဖော်ခြင်းကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ခြင်း ရှိမရှိ သိရှိရန် စမ်းသပ်ခြင်းပင် ဖြစ်သည်။
ဟော့ပေါ့သည် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ အတွက် အသစ်အဆန်း တစ်ခုဖြစ်ကာ ဟော့ပေါ့စားသည့် နေ့တွင် သူတို့ထံမှ ချီးကျူးမှု အပြည့်အဝ ရရှိခဲ့၏။ ဝမ်ရှန်းသည်လည်း သူကိုယ်တိုင် မချက်ပြုတ်ရသည့်အတွက် အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
ထို့နောက် ညအချိန်တွင် ဝမ်ရှန်းသည် သူစားခဲ့သည့် ဟော့ပေါ့ကို သူ၏ဝိညာဉ်နယ်မြေ အတွင်း၌ အလွယ်တကူပင် ပုံဖော်နိုင်ခဲ့သည်။
အရသာရှိသည့် အစားအစာများ ချက်ပြုတ်ရန် အခြားသူများအား ခိုင်းစေပြီး တစ်ဖက်တွင်လည်း သူ၏ ချီဝမ်နဂါးများ အတွက် ဝိညာဉ် နယ်မြေအတွင်း ပုံဖော်ခြင်းမှာ အလုပ်ဖြစ်ကြောင်း သိရှိပြီးနောက် ဝမ်ရှန်း ပျော်သွားခဲ့သည်။
ထို့အတူပင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုး တို့သည်လည်း အစားကောင်း အသောက်ကောင်းများကို စားနေရသောကြောင့် အလွန် ပျော်ရွှင်နေကြ၏။ သူတို့ကြောင့် အိမ်တော်ထိန်းသည်ပင် မနေနိုင်တော့ဘဲ သူတို့နှင့်အတူ လာရောက် ပူးပေါင်းခဲ့တော့သည်။ နေ့တိုင်း ညစာစားသည့် အချိန်တွင် သူတို့သည် ဝမ်ရှန်းအိမ်သို့ အပြေးအလွှား ရောက်လာကြကာ ပါးစပ် ဆီဝေ့သည်အထိ စားသောက် ကြသည်။
ရက်အနည်းမှာပင် ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်း၌ အဆင့်မြင့်တင်ပြီးသား ချီဝမ်နဂါး ၃၀ ကျော် ရှိနေပြီ ဖြစ်လေသည်။ ကြီးမားသည့် တောင်အား ဝါးမျိုသည့် နှုန်းထားသည်လည်း ပိုမို လျင်မြန်လာခဲ့၏။
ဤသို့ဖြင့် နေလာရင်း ဝမ်ရှန်း လျှို့ဝှက်ချက်အား ထုတ်ဖော် ပြောကြားမည့်နေ့ မရောက်ခင် အချိန်အထိ မည်သူကမှ ဝမ်ရှန်းအား အကြည့်ဖြင့်ပင် ရန်မစရဲကြပေ။ ထို့အပြင် သူ့အား စောင့်ကြည့်နေသည့် မသင်္ကာစရာ ကောင်းသည့် လူများပင် မရှိတော့ချေ။
အိမ်တော်ထိန်း ငှားရမ်းထားသည့် ဝူရုံမြို့အတွင်းရှိ သေးငယ်သည့် လေလံအိမ်သည် အတွင်းမှ အသံများကို အပြင်သို့ မရောက်အောင် အပြည့်အဝ ကာဆီးပေး နိုင်သည့် အပြင် အပြင်ဘက်၌လည်း ဝိညာဉ်သခင်များ စောင့်ကြပ် နေသေးပေသည်။ ထို့ကြောင့် ဘာမှစိုးရိမ်စရာ သိပ်မရှိပေ။
ဝူရုံမြို့မြို့ အပြင်ပိုင်း၌ ရှိနေသည့် ဤသေးငယ်သည့် လေလံအိမ်သည် ကြေးစားခန်းမနှင့် ဘယ်လောက်မှ သိပ်မဝေးပေ။ မြို့အပြင်ပိုင်း၌ ရှိသည်ဟု ပြောသော်လည်း အမှန်တကယ်မှာမူ မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းအား ခြားနားထားသည့် အနီရောင် မျဉ်းကြောင်းနှင့် တစ်လမ်းကျော်၌သာ တည်ရှိနေခြင်းဖြစ်သည်။
ဝမ်ရှန်း သူ၏လျှို့ဝှက်ချက်ကို ကြေညာမည့် နေ့တွင် အိမ်တော်ထိန်း၊ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့မှ ဝမ်ရှန်းအား ထိုလေလံအိမ်သို့ ခေါ်သွားပေးလိုက်သည်။ သူတို့ရှေ့တွင် တစ်စုံတစ်ယောက်သည် အမှန်တကယ်ပဲ တစ်ခုခု ပြုလုပ်ရဲသည်ဆိုလျှင် ထိုလူသည် မြို့အရှင်အား တဲ့တိုး ရန်စလိုက်ခြင်းပင် ဖြစ်၏။
သူတို့သည် စောစော ကြိုလာခဲ့ကြပြီး အခြားသူများအား စောင့်နေစဉ်၌ အိမ်တော်ထိန်းသည် ဝမ်ရှန်းအား လေလံအိမ်ကို လိုက်လံ ပြသလိုက်ရင်း ဝမ်ရှန်း ဘယ်နေရာ၌ ပြောချင်လဲ ဆိုတာကို ရွေးချယ်ခိုင်းလိုက်၏။
“ဒီနေရာမှာ ထိုင်ခုံပေါင်း ၁၀၀ လောက်ရှိတယ်၊ ပြီးတော့ သီးသန့်ခန်းကလည်း ၃၀ လောက်ရှိတယ်”
အိမ်တော်ထိန်းသည် လေလံခန်းမ အတွင်းရှိ စင်မြင့်ပေါ်၌ ရပ်ကာ ဘေးပတ်ပတ်လည်အား လက်ညှိုး ထိုးပြ၍ ဝမ်ရှန်းအား ရှင်းပြလိုက်သည်။
သီးသန့်ခန်း အပြင်ဘက်ရှိ လူများသည် သီးသန့်ခန်း အတွင်းရှိ လူများက မည်သူမည်ဝါ ဖြစ်ကြောင်း သိမည် မဟုတ်ပေ။ ထို့ပြင် ဝင်ပေါက်နှင့် ထွက်ပေါက်များသည် အခြားနေရာများ၌လည်း ရှိသေး၏။ သေချာ ဂရုစိုက်မည်ဆိုလျှင် သူတို့က မည်သူမည်ဝါ ဖြစ်ကြောင်း မည်သူမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
“ဒီတစ်ခေါက်မှာတော့ မင်းကို ကျေးဇူးတင်ပါတယ်။ ငါ ဒီလေလံ လက်မှတ်တွေကို ရောင်းတော့ ထိုင်ခုံ ၆၀ ကျော် ရောင်းရပြီး သီးသန့်ခန်း လက်မှတ်က ၂၀ ကျော် ရောင်းရတယ်”
အိမ်တော်ထိန်းသည် ဝမ်ရှန်း စိတ်ကွက် သွားမည်ကို မစိုးရိမ်ပေ၊ သူသည် ဝမ်ရှန်း၏ လျှို့ဝှက်ချက်အတွက် လက်မှတ် လာဝယ်သည့် လူအရေအတွက်ကို ပြောလိုက်၏။
“ခန်းမအတွင်းက ထိုင်ခုံမှာဆိုရင် တစ်ယောက်ကို ရွှေဒင်္ဂါး ၅၀၀၀၊ သီးသန့်ခန်း အတွက်ကတော့ တစ်ခန်းကို သုံးယောက်၊ ရွှေဒင်္ဂါး ၂၀၀၀၀။ နောက်ပြီး ဝယ်ထားတဲ့ လက်မှတ်ပါမယ်ဆိုရင် မျက်နှာဖုံးတပ်ပြီး လာလည်း ကိစ္စမရှိဘူးလို့ ပြောထားတယ်”
“စုစုပေါင်းအနေနဲ့ ရွှေဒင်္ဂါး ၉ သိန်းကျော် ရောင်းရတယ်”
ထိုစကားပြောသည့် အချိန်တွင် အိမ်တော်ထိန်း၏ မျက်နှာသည် ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းနေပေ၏။
“မင်းပြောတဲ့ အတိုင်းပဲ၊ အဲ့ပိုက်ဆံနဲ့ အိမ်ဝယ်ပြီး ပိုတာတွေ အားလုံးကိုတော့ မင်းအတွက် ကံကောင်းခြင်းဆေးပြား ဝယ်တဲ့နေရာမှာ သုံးဖို့ လျာထားတယ်”
အစပိုင်းတွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား အကြောင်း သတင်းသာ ဝယ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။ ရွှေဒင်္ဂါးသုံးသောင်းမှ ငါးသောင်းအတွင်း ရသည်ဆိုလျှင် သူသည် သတင်းသာ ဝယ်နိုင်ပေသည်။ သို့သော် ယခုအချိန်တွင် သူတို့သည် ရွှေဒင်္ဂါးများစွာ ရရှိခဲ့သည့် အတွက်ကြောင့် အခြေအနေက ကွဲပြားသွားပြီဖြစ်၏။ သူတို့သည် ကံကောင်းခြင်း ဆေးပြားကို တိုက်ရိုက် ဝယ်ယူနိုင်ပြီ ဖြစ်သည်။
“အစ်ကိုကြီးရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဝမ်ရှန်းမှ အိမ်တော်ထိန်းအား ကျေးဇူးတင်စကား ဆိုလိုက်၏။
သူတို့နှစ်ယောက် ဘေးတွင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ ရှိနေပေသည်။ သူတို့သည် ဤများပြားလှသည့် ရွှေဒင်္ဂါး ပမာဏအား ကြားလိုက်ရသည့် အချိန်တွင် သူတို့သည် အဆင့်မြင့် ဝိညာဉ်သခင်များ ဖြစ်နေသော်လည်း သူတို့၏ မျက်လုံးများထဲ၌ အေးစက်သည့် အလင်းတန်း တချို့ လင်းလက် သွားခဲ့သေး၏။
ရွှေဒင်္ဂါး တစ်သန်းနီးပါး …
သူတို့အဘိုးအို နှစ်ယောက်လုံးသည် သူတို့ဘဝတွင် ဤကဲ့သို့ များပြားလှသည့် ပမာဏမျိုး တစ်ခေါက်မှ မမြင်ဖူးခဲ့ကြပေ။ ရွှေဒင်္ဂါးများသည် လူများ၏ စိတ်များအား ပြောင်းလဲသွားအောင် ပြုလုပ်ပေးနိုင်၏။ တစ်သန်းနီးပါး ရွှေဒင်္ဂါးနှင့်ဆိုလျှင် ကံကောင်းခြင်း ဆေးပြား ပိုင်ဆိုင်ထားသည့် လူများ ထွက်ချင် ထွက်လာနိုင်ပေသည်။
ဝမ်ရှန်းသည် ပမာဏအား ကြားလိုက် ရသော်လည်း မျက်နှာအမူအရာ တစ်ချက်ပင် မပြောင်းလဲ သွားလေရာ အိမ်တော်ထိန်းသည် သူ့အား ကျိတ်၍ ချီးကျူးမိ သွားသည်။ ရွှေဒင်္ဂါးတစ်သန်းအား ဝမ်ရှန်း ကြားလိုက်ရပါက သူ မည်သို့ ဖြစ်သွားမည်ကို အိမ်တော်ထိန်းလည်း သိချင်ခဲ့ပေသည်။
ဝမ်ရှန်းက ထိုရွှေဒင်္ဂါးများကို ပြန်တောင်းခဲ့မည် ဆိုလျှင် ဝမ်ရှန်းအပေါ် ထားရှိသည့် သူ၏အမြင်သည် အတော်ကို ဆိုးဝါးသွားမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် မျက်နှာတစ်ချက်ပင် မပျက်သွားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဝူရုံမြို့ အတွင်းတွင် လုံလောက်အောင် မသန်မာသည့် သာမန်လူ တစ်ယောက်သည် ရွှေဒင်္ဂါး တစ်သန်းပေါ်၌ တက်ထိုင်နေမည် ဆိုလျှင် သေရန်လမ်းက ပိုနီးကပ်ပေသည်။
ဝမ်ရှန်းသည် အိမ်တော်ထိန်းအား ကျေးဇူးတင်စကားသာ ပြောလိုက်၏။ ထိုရွှေဒင်္ဂါးများနှင့် ဘာလုပ်ရမည် ဆိုတာကို တစ်ခွန်းပင် မဟခဲ့ပေ။ ဝမ်ရှန်းသည် တကယ့်ကို ဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်၏။ စည်းစိမ်ဥစ္စာများက ဘယ်လောက်ပဲ များပြားနေပါစေ ထိုအရာများက သူ၏လက်တွင်း၌ လက်ဝယ် မရှိနေသ၍ သူသည် ပြဿနာ ကြီးကြီးမားမား ရောက်မည် မဟုတ်ပေ။ ဝမ်ရှန်းလို ဉာဏ်ကောင်းသော လူအတွက် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။
“ညီလေး၊ ငါ နားမလည်တာ တစ်ခု ရှိသေးတယ်”
အိမ်တော်ထိန် ဝမ်ရှန်းအား ဧည့်ခန်းအတွင်းသို့ ခေါ်သွားလိုက်သည်။ ထို့နောက် ဝမ်ရှန်းအား ထိုင်စေကာ မိသားစုဝင် တစ်ယောက်ကဲ့သို့ ရင်းရင်းနှီးနှီး စပြောလိုက်၏။
“မင်းက မင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောဖို့ စီစဉ်ထားတာပဲ။ အဲဒါကို ဘာလို့ ဝူရုံမြို့ဆီ ထွက်ပြေး လာရပြီးမှ ပြောဖို့ တွေးလိုက်တာလဲ။ အရင်ကတည်းက ပြောခဲ့မယ်ဆိုရင် လိုက်သတ် ခံရတာမျိုးတွေ ဖြစ်လာမှာ မဟုတ်တော့ဘူးလေ…”
“ဟုတ်တယ်၊ ကျွန်တော်လည်း အဲဒါပဲ ပြောချင်တာ”
ဝမ်ရှန်းမှ အလွန် စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“ဒါပေမယ့် ပြဿနာက လူတစ်စုက လာတာနဲ့ ပြဿနာ ရှာတော့တာပဲ။ သူတို့က ကျွန်တော့်ကို စကားပြောခွင့်တောင် မပေးခဲ့ဘူး။ တစ်ခုခုကို သိချင်တယ်ဆိုရင် မေးရမှာပေါ့၊ မဟုတ်ဘူးလား။ အဲ့လိုမဟုတ်ဘဲ လာတာနဲ့ လိုက်သတ်နေတယ် ဆိုမှတော့ ကျွန်တော်က ထွက်မပြေးဘဲ ဘာလုပ်ရမှာလဲ”
ဝမ်ရှန်း၏ အကြောင်းပြချက်က ဤအချက်ဖြစ်ကြောင်း ကြားသိလိုက်ရသည့် အချိန်တွင် အိမ်တော်ထိန်းသည် ထိုနေရာ၌ပင် ကြောင်အ သွားခဲ့၏။ ထို့နောက် သူ၏မျက်နှာသည် ပြုံးဖြီးဖြီးဖြင့် ရယ်ချင်သည်ကို အောင့်အီး ထားနေသည့် မျက်နှာမျိုး ဖြစ်လာခဲ့သည်။
“ဟား ဟား ဟား ဟား…”
နောက်ဆုံးတွင် အိမ်တော်ထိန်းသည် မအောင့်နိုင်တော့ဘဲ အော်ရယ် လိုက်တော့၏။ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့လည်း အားရပါးရ အော်ရယ် လိုက်ကြသည်။ ဟန်ဘင်းလီဆိုလျှင် ခါးပင် မထောင်နိုင်တော့ဘဲ ပေါင်ကိုပုတ်ကာ အူလှိုက်သည်းလှိုက်ကို ရယ်နေခဲ့ခြင်းဖြစ်၏။
သူတို့ထင်သည်က ဝမ်ရှန်းသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်း ထားချင်ခြင်း ဖြစ်သည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လျှို့ဝှက်ချက်ကို သိချင်သည့် လူများက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ခြင်း ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ကိုယ်သိချင်သည့် အရာကို မမေးဘူးဆိုလျှင် ထိုအမေးခံရမည့် လူက ပြောချင်လား၊ မပြောချင်ဘူးလား ဆိုတာကို ဘယ်လိုလုပ် သိနိုင်မည်နည်း…
ယခုအချိန်တွင် သူတို့သည် ရွှေဒင်္ဂါးများ အသုံးပြုရုံဖြင့် ထိုလျှို့ဝှက်ချက်ကို သိရတော့မည်ဖြစ်၏။ အခြားလူများ အတွက်မူ သူတို့သည် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသော်လည်း မသိခဲ့ရပေ။
ဤအခြေအနေမျိုးတွင် ထိုအင်အားကြီး မိသားစုမှ လူများ၏ လုပ်ရပ်များသည် လှောင်ရယ်စရာ ကောင်းသည့် ဟာသတစ်ခု ဖြစ်နေလေတော့သည်…
***