Switch Mode

Chapter – 147

လူသတ်သမား၏ ဇာစ်မြစ် (၂)

အပိုင်း ၁၄၇
လူသတ်သမား၏ ဇာစ်မြစ် (၂)

ဆိုင်ရှင် အမျိုးသမီးသည် အင်မတန်မှ ဉာဏ်ကောင်းသူပင်။ သူမသည် စကား တစ်ခွန်းတည်းဖြင့် ဝမ်ရှန်း၏ ဆိုလိုရင်းအား နားလည်ခဲ့သည်။ ဝမ်ရှန်းသည် သူမအား ဤသတင်းကို တိတ်တဆိတ် ဖြန့်စေချင်ခြင်းဖြစ်ပြီး ကံကောင်းခြင်း ဆေးပြားအကြောင်း အမှန်တကယ် သိသည့် လူများကို ရှေ့သို့ ထွက်လာအောင် တွန်းအားပေးခြင်းပင် ဖြစ်သည်။

“သဘောတူတယ်”

ယခုတစ်ကြိမ်တွင် ဆိုင်ရှင် အမျိုးသမီးသည် ထပ်ပြီး တွန့်ဆုတ် မနေတော့ပေ။ သဘောတူညီစွာ ခေါင်းညိတ် လိုက်၏။

ထိုအခိုက်အတန့်တွင် လင်းလုံစံအိမ်မှ ဝမ်အမျိုးသမီးသည်လည်း သူမ လုပ်စရာ ရှိသည်များကို စတင် လုပ်ဆောင် လိုက်သည်။ ရတနာစံအိမ်သည်လည်း လူများလွှတ်ပြီး သူမအား အကူအညီ ပေးခဲ့၏။

***

တော်ဝင်ရတနာ စံအိမ်သည် တော်ဝင်သမားတော်နှင့် ဆေးဆရာတို့ကို ဝမ်ရှန်းအား စမ်းသပ် စစ်ဆေးရန် နောက်တစ်ကြိမ် ပင့်ဖိတ်လိုက်၏။ သူတို့နှင့်အတူ မြို့အရှင်စံအိမ်မှ ဝိညာဉ်သန့်စင်သူနှင့် အဆိပ်ဆေးဆရာ တို့ကိုပါ ခေါ်လာခဲ့သေးပေသည်။

ပထမဆုံး အနေဖြင့် အဆိပ်ဆေး ဆရာသည် ဝမ်ရှန်းအား စစ်ဆေးကာ ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်များက အပြည့်အဝ သန့်စင်သွားပြီ ဖြစ်ကြောင်းနှင့် စိုးရိမ်စရာ မရှိတော့ကြောင်း ပြောလိုက်သည်။ ဤသတင်းသည် သတင်းကောင်းပင်ဖြစ်၏။

သို့သော် ဝမ်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် ပိုမိုကောင်းမွန် လာသော်လည်း ဝမ်ရှန်း၏ ပုံမှန် မဟုတ်သည့် ပြန်လည် ကောင်းမွန်သည့် နှုန်းက သူတို့အား ပဟေဠိ ဖြစ်နေစေခဲ့သည်။

စစ်ဆေး၍ ထွက်လာသည့် သွေးခုန်နှုန်း ရလဒ်သည် ပို၍ပင် အကောင်းမြင် နိုင်စရာအကြောင်း မရှိပေ။ ဝမ်ရှန်း၏ ခန္ဓာကိုယ်သည်လည်း သူတို့ နောက်ဆုံး အကြိမ်၌ စမ်းသပ် စစ်ဆေးခဲ့သည် ထက်ပင် ပို၍ အားနည်းနေကြောင်း သွေးခုန်နှုန်း မှတစ်ဆင့် သိလိုက်ရသည်။

သို့သော် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် အလွန် လျင်မြန်စွာ ပြန်လည် သက်သာ လာခဲ့ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ အဆီအနှစ်များ အားလုံးကို ဒဏ်ရာများ ကုသရာ၌ အသုံးပြုလိုက် သကဲ့ပင်ဖြစ်နေ၏။

ဝမ်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အားနည်းနေခြင်းကို မဖြေရှင်းနိုင်ဘူး ဆိုလျှင် ဒဏ်ရာများက သက်သာသွားမည် ဆိုလျှင်ပင် ဝမ်ရှန်း၏ ခန္ဓာကိုယ်က အခြေအနေ ပိုဆိုး သွားမည်ကို စိုးရိမ်ရပေသည်။

ယခင်က ဝမ်ရှန်းအတွက် သူတို့ သန့်စင်ပေးခဲ့သည့် အားဆေး ဆေးပြားများသည် လက်ရှိ ဒဏ်ရာများအား ကုသပေးရန် အတွက် လုံလောက်ဟန် မရှိပေ။ ဝမ်ရှန်း၏ ဒဏ်ရာက ပြင်းထန်သောကြောင့် ကုသရန်အတွက် အားပိုကောင်းသည့် ဆေးပြားများ လိုအပ်လိမ့်မည်ဟု အားလုံး တွေးမိကြသည်။

သို့သော် သူတို့လက်ထဲတွင် ကံကောင်းခြင်း ဆေးပြား ကဲ့သို့သော ဆေးပြားမျိုး မရှိပေ။ သူတို့သည် ဝမ်ရှန်း၏ ဒဏ်ရာများကို တဖြည်းဖြည်းချင်း ပြန်လည် သက်သာစေရန် အတွက် ရိုးရှင်းသည့် နည်းလမ်းများကိုသာ အသုံးပြုနိုင်၏။ ထို့ကြောင့် ထိုအားဆေးများ သောက်သည်ကို ရပ်လိုက်၍ မရကြောင်း ပြောကာ သူတို့သည် ဝမ်ရှန်း၏အိမ်မှ ပြန်သွား ကြတော့သည်။

တော်ဝင် သမားတော်နှင့် ကျန်သည့် သမားတော် သုံးယောက်၏ စမ်းသပ် စစ်ဆေးမှု ရလဒ်ကို ဝမ်ရှန်း မအံ့သြမိပေ။ သူသည် သူ၏ ယွမ်ဝိညာဉ်ကို ၁၀၂၄ ခုအဖြစ် ခွဲထားသောကြောင့် ဝိညာဉ်စွမ်းအားသည် အဆတစ်ထောင် လျှော့နည်း နေပေသည်။ ထိုသို့ ပြုလုပ်ထားသည့် ပမာဏက ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိဘူးဆိုလျှင် ဟာသတစ်ခု ဖြစ်နေပေလိမ့်မည်။

သို့သော် ဤအရာများသည် အပေါ်ယံ ဖြစ်စဉ်တစ်ခုသာ ဖြစ်၏။ ဝမ်ရှန်းသည် တောင်ဝါးမျိုခြင်းအား ပြီးစီးအောင်မြင်အောင် ပြုလုပ်နိုင်သည်နှင့် အရာအားလုံး အဆင်ပြေသွားမည် ဖြစ်သည်။ ဤအချက်ကိုတော့ ဝမ်ရှန်း အပြည့်အဝ ယုံကြည်ပေသည်။

***

ထိုစဉ်တွင် ရတနာစံအိမ်မှ ဆိုင်ရှင်အမျိုးသမီးအား ဝမ်ရှန်း ပြောခဲ့သည့် သတင်းသည် ဝမ်ရှန်းမြို့ တစ်ခုလုံး၌ ပျံ့နှံ့သွားခဲ့၏။ ထိုသတင်းကို တော်ဝင်ရတနာ စံအိမ်မှလည်း ကြားခဲ့ပေသည်။

ဝမ်ရှန်းသည် ကံကောင်းခြင်းဆေးပြား သို့မဟုတ် ထိုဆေးပြားနှင့် အာနိသင်တူသည့် ဆေးပြားများကို မရှာတွေ့ခင်တွင် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရန် မဖြစ်နိုင်…

ဤသတင်းသည် အံ့သြစရာ ကောင်းသည့် သတင်းတစ်ခုတော့ မဟုတ်ပေ။ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ အတင်းအကြပ် ဝင်ရောက် သွားလျှင်ပင် မည်သူမှ အသက်စွန့်စားကာ သူ့နောက် လိုက်ရဲကြမည် မဟုတ်ပေ။ သူသည် သူ့ကိုယ်သူတောင် ကျန်းမာအောင် မလုပ်နိုင်သေးခင်တွင် ဂျင်ဒီနယ်မြေ အတွင်း၌ ဝင်ထွက် သွားလာချင်နေသေးသည် တဲ့လား…

ဝူရုံမြို့မှ လူများသည် ဝမ်ရှန်းအကြောင်း မျိုးစုံ ပြောဆိုနေခဲ့ကြ၏။

ဤသို့ဖြင့် မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် ၁၀ ရက် ကုန်ဆုံး သွားခဲ့သည်။ ထို ၁၀ ရက် အတွင်းတွင် ဝမ်ရှန်း၏ ဒဏ်ရာသည် သိသိသာသာ ပြန်ကောင်း လာခဲ့လေပြီ။ သူသည် လမ်းလျှောက်နိုင်ရုံ သာမက ရိုးရှင်းသည့် လေ့ကျင့်ခန်းများကိုပင် ပြုလုပ်နိုင်ပြီ ဖြစ်သည်။

နောက်ထပ် ရက်အနည်းငယ် အတွင်းတွင် ဝမ်ရှန်း သူ့ဝိညာဉ် တိုးတက်မှု ဖြစ်စဉ်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားရမည့်နေ့ ရောက်လာတော့မည် ဖြစ်၏။ ထိုအတောအတွင်းတွင် ဝမ်ရှန်းသည် သူ၏အိမ်ထဲ၌သာ နေကာ လေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့ပြီး ပြန်လည် သက်သာလာရန် အနားယူ နေခဲ့၏။

တစ်နေ့ ဝမ်ရှန်း ကြွက်သား လေ့ကျင့်ခန်း လုပ်နေစဉ်တွင် ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးနှင့် လင်းလုံစံအိမ်မှာ ဝမ်အမျိုးသမီးတို့ သူ၏အိမ်တံခါး ပေါက်ဝသို့ နောက်တစ်ကြိမ် ရောက်လာခဲ့ကြသည်။

“နင်လိုချင်တာတွေ ရပြီ”

ဝမ်အမျိုးသမီးသည် လူများနှင့် သိပ်ပြီး နီးနီးကပ်ကပ် နေတတ်ဟန် မရှိပေ။ သူမသည် ပစ္စည်းများ ထုတ်လာကာ –

“စမ်းဝတ်ကြည့်ကြည့်၊ မတော်ရင် ယူသွားပြီး ပြန်ပြင်လိုက်မယ်”

ဝမ်အမျိုးသမီး၏ မျက်နှာသည် သိသိသာသာကို မောပန်း နွမ်းနယ်နေဟန် ပေါ်သည်။ ဤ ၁၀ ရက် အတွင်းတွင် သူမသည် နေ့နေ့ညည အိပ်ချိန်မရှိလု နီးပါးကို အလုပ် အသည်းအသန် လုပ်နေခဲ့ကြောင်း ပြောစရာပင် မလိုပေ။ ထို့ကြောင့်သာ ဝမ်ရှန်း၏ တောင်းဆိုချက်များကို သူမ လျင်မြန်စွာ ပြုလုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်း အံ့သြသွားရသည်က အတွင်းခံ၊ စွပ်ကျယ်နှင့် အောက်ခံ ဘောင်းဘီတိုများ အားလုံးမှာ အလွန်နူးညံ့ပြီး သက်သောင့်သက်သာ ရှိအောင် ပြုလုပ်ထားခြင်း ဖြစ်၏။ တစ်ချက်ကြည့်ရုံမျှဖြင့် ဤအဝတ်အစားများကို ဝံပုလွေသားရေဖြင့် ပြုလုပ်ထားသည်ဟု ဝမ်ရှန်းပင် ပြောနိုင်မည် မဟုတ်ပေ။

ဘယ်လို နည်းလမ်းမျိုးကို သုံးကာ သားရည်အား နယ်ထားလဲ ဆိုသည်အား ဝမ်ရှန်း မသိပေ၊ သို့သော် ဤအဝတ်အစားများသည် ဝါဂွမ်းကဲ့သို့ သက်သောင့်သက်သာ ဖြစ်မှုကို ပေးစွမ်းနိုင်စွမ်း ရှိပေသည်။

အင်္ကျီနှင့် ဘောင်းဘီရှည် များကိုလည်း ဝမ်ရှန်း၏ တောင်းဆိုချက်များ အတိုင်း ပြုလုပ်ထားပေသည်။ အထည်သည် အလွန်ကို မှေးမှိန်ဟန်ရှိ၏။ ဝမ်ရှန်း၏ တောင်းဆိုချက်နှင့် ကွဲလွဲနေသည့် တစ်ခုတည်းသော အရာမှာ အရောင်ပင် ဖြစ်သည်။ သူ၏စစ်တပ်သုံး ကိုယ်ယောင်ဖျောက် ဝတ်စုံကဲ့သို့ ရောင်စုံမဟုတ်ဘဲ သာမန်မီးခိုးရောင် ဖြစ်နေခြင်းပင်။

“သားရေကို ညအမှောင်ယံ ကြယ်ဝံပုလွေရဲ့ အနံ့အသက်တွေ မရှိတော့တာ သေချာအောင်လို့ သေသေချာချာ အနံ့ချွတ် ထားတယ်။ အတွင်းနဲ့ အပြင်မှာလည်း အကာအကွယ် အစီအရင်တွေ ပါတယ်။ ပြီးတော့ အဲ့ထဲမှာ အပူနဲ့အအေး ထိန်းပေးတဲ့ အစီအရင်တွေလည်း ပါတယ်။ အဲဒါကြောင့် ဝတ်ရတာတော့ တော်တော်ကို သက်သောင့်သက်သာ ဖြစ်မှာပါ”

ဝမ်အမျိုးသမီးမှ တစ်ထည်ပြီးတစ်ထည် ရှင်းပြလိုက်သည်။

ထိုအချိန်တွင် ဝမ်အမျိုးသမီး၏ လက်ထဲ၌ ချွန်ထက်သည့် ဓားမြှောင်တစ်ချောင်း ပေါ်လာကာ အမျိုးသမီးသည် ဓားမြှောင်ဖြင့် အဝတ်အစားများအား ထိုးစိုက်လိုက်သည်။ ထိုသို့ ပြုလုပ်နေရင်းဖြင့် –

“အကာအကွယ်က လုံလောက်တယ်။ ဆဌမအဆင့်အောက် ဝိညာဉ်သခင်တွေရဲ့ တိုက်ခိုက်မှုတွေက ဒီအဝတ်အစားတွေကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဝိညာဉ်စွမ်းအားတော့ ပြတ်သွားလို့ မရဘူး။ နင် ဒါတွေကို ဝတ်ထားမယ် ဆိုရင်တောင် အကာအကွယ် အစီအရင်ကို အသက်သွင်းဖို့ အတွက် ဝိညာဉ်စွမ်းအားကို သုံးရမှာပဲ”

“ဘွတ်ဖိနပ်တွေကိုလည်း နင်ပြောတဲ့ အတိုင်းပဲ လုပ်ထားတယ်။ ညအမှောင်ကြယ် ဝံပုလွေရဲ့ သွားတွေကိုလည်း ထည့်သုံး ထားတယ်။ ဖိနပ်တွေက လုံလုံလောက်လောက် အကြမ်းခံပြီး သက်သောင့်သက်သာ ဖြစ်ပါတယ်”

ဝမ်အမျိုးသမီးသည် သူမ ချုပ်လုပ်ခဲ့သည့် အဝတ်ထည်များ အတွက် အလွန် ဂုဏ်ယူနေ၏။ အဝတ်အစားများအား မိတ်ဆက် ပေးနေစဉ်တွင် သူမသည် ထိုအဝတ်အထည်များအား ဓားမြှောင်ဖြင့် ထိုးပြရန်လည်း မမေ့လျော့ခဲ့ပေ။

“ပြီးတော့ နင်ပြောတဲ့ ဖိနပ်ကြိုးတွေကိုလည်း ဝံပုလွေရဲ့ အမွေးတွေကို ရက်ပြီး လုပ်ထားတယ်”

“ဒီပစ္စည်းတွေက ပစ္စည်းကောင်းတွေပဲ။ သူတို့ရဲ့ ကာကွယ် နိုင်စွမ်းလည်း မြင့်တယ်”

ဝမ်အမျိုးသမီးမှ တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် နင် အဲဒါတွေကို ဝတ်သင့် မဝတ်သင့် စဉ်းစားဖို့ကိုတော့ ငါ နင့်ကို အကြံပေးချင်တယ်”

“ဘာလို့လဲ”

ဝမ်ရှန်းမှ မေးလိုက်၏၊ သူမစကားကို ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးလည်း နားမလည်နိုင် ဖြစ်သွားခဲ့ပေသည်။

“ဒါတွေ ဝတ်ထားရင် နင် သာမန် တိုက်ခိုက်မှုလေးတွေ ကိုတော့ ကြောက်စရာ မလိုဘူး၊ ဒါပေမယ့် ဒါတွေ ဝတ်ထားတယ်ဆိုပြီး နင် မလေ့ကျင့်ဘဲ ပေါ့ပေါ့ပါးပါးပဲ နေမယ်ဆိုရင် နင်က တိုးတက်လာတော့မှာ မဟုတ်ဘူး”

ဝမ်အမျိုးသမီးသည် နားဝင်ကောင်းလား မကောင်းဘူးလား ဆိုတာကို ဂရုမစိုက်ပေ။ သူမသည် အကြောင်းအရင်းကို တဲ့တိုးသာ ပြောလိုက်၏။

သူမသည် ဝမ်ရှန်းက ဤအကာအကွယ် အဝတ်အစားများ အပေါ် မှီခိုကာ သူ့ကိုယ်ပိုင် လေ့ကျင့်မှု ပြတ်လတ် သွားမည်ကို စိုးရိမ်နေခြင်းပင် ဖြစ်သည်။ ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဝမ်အမျိုးသမီးကို လူကောင်း တစ်ယောက်ဟု ပြော၍ရပေသည်။

သူမ၏ စကားကြောင့် ဝမ်ရှန်းက မကျေမနပ် ဖြစ်မသွားသည့်အပြင် သူသည် ပျော်ရွှင်၍ပင် သွားသေး၏။ ဝမ်အမျိုးသမီး ပြန်တော့မည့် အချိန်တွင် သူကိုယ်တိုင် အပေါက်ဝထိ သေသေချာချာ လိုက်ပို့ ပေးလိုက်သည်။

ထို့နောက် အဝတ်အစားများ အားလုံးကို သိုလှောင်လက်စွပ် အတွင်းသို့ ဂရုတစိုက် သိမ်းထည့် လိုက်လေ၏။ ယခုတလော သူ့ဘေးတွင် သူ့အား စောင့်လျှောက် ပေးနေသည့် လူများ များစွာ ရှိနေသောကြောင့် ဤအဝတ်အစားများကို ဝတ်ဆင်ထားစရာ မလိုသေးပေ။

ဝမ်ရှန်း သူ့ဝိညာဉ် တိုးတက်မှု၏ လျှို့ဝှက်ချက်ကို ကြော်ငြာရန် သုံးရက်သာ လိုတော့သည်။ သူ ထိုကဲ့သို့ ကြော်ငြာမည့် သတင်းသည် ဝူရုံမြို့ အတွင်းရှိ လမ်းများ အားလုံး၊ လမ်းကြို လမ်းကြားများပါမကျန် ပျံ့နှံ့နေပြီဖြစ်၏။

ပဥ္စမအဆင့် ကြေးစား အဘိုးအို အပါအဝင် ဝမ်ရှန်းအား လုပ်ကြံခဲ့သည့် လူများ အားလုံးသည် သိုက်မိသားစုမှ တိတ်တဆိတ် လေ့ကျင့်ပေးထားသည့် အသေခံ လူများပင် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်ကို ဘယ်သူမှ မသိပေ။

သို့သော် သူတို့ ဝူရုံမြို့သို့ လာရာလမ်း တစ်လျှောက်တွင် သူတို့ဝင်ခဲ့သည့် နေရာများ၊ သူတို့ဝယ်ယူခဲ့သည့် ပစ္စည်းများ ရှိသဖြင့် သူတို့၏ လုပ်ဆောင်မှုများ အားလုံးကို စစ်ဆေး အတည်ပြုကာ လူထုအား ချပြလိုက်သည်။

ဝူရုံမြို့ မြို့တွင်းပိုင်းရှိ လူများသည် ဤအဖြစ်အပျက်အား စိတ်ဝင်စား နေကြကာ သိုက်မိသားစု၏ ရည်ရွယ်ချက်က ဘာလဲ ဆိုသည်ကို အားလုံး သိချင်သွားကြ၏။ တကယ်ပဲ ဝမ်ရှန်းက သိုက်ဟွမ်အား သတ်ခဲ့သည့် အတွက်ကြောင့် သိုက်မိသားစုသည် ဝမ်ရှန်းအား မရပ်မနား လိုက်လံ သတ်ဖြတ်နေခြင်းလား…

ဝမ်ရှန်းက ဝူရုံမြို့တွင်း၌ ပုန်းအောင်း နေတာတောင်မှ သူတို့က လက်မလျှော့ နိုင်ဘူးလား…

သို့လော..

သို့လော ပေါင်းများစွာဖြင့်…
***

Comment

Leave a Reply

Options

not work with dark mode
Reset