Switch Mode

Chapter – 146

လူသတ်သမား၏ ဇာစ်မြစ် (၁)

အပိုင်း ၁၄၆
လူသတ်သမား၏ ဇာစ်မြစ် (၁)

ပြီးပြည့်စုံပြီး အပြစ်အနာအဆာ ကင်းမဲ့သည့် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ဝံပုလွေ၏ အရေခွံကို ထုတ်ယူလာသည့် အချိန်တွင် လင်းလုံစံအိမ်မှ ဝမ်အမျိုးသမီးသည် ထိုပစ္စည်းက ပစ္စည်းကောင်း ဖြစ်သည်ဟုသာ ချီးကျူးခဲ့၏။ ထို့ထက်ပို၍ ဘာမှမပြောခဲ့ပေ။ ဒီတိုင်း တစ်ချက်လောက် ကြည့်ရုံသာ ကြည့်ခဲ့၏။

လင်းလုံစံအိမ်မှ အကြီးအကဲသည် အလွန်ကို အမြင်ရှိလှ၏။ သူမသည် ဝမ်ရှန်းမှာ သူမ မြင်ဖူးသည့် ပစ္စည်းကဲ့သို့သော ပစ္စည်းကောင်းမျိုးကို တစ်ခေါက်မှ မကြားဖူးလောက်ဘူးဟု ထင်ခဲ့ပေသည်။

ဤကဲ့သို့ အမြင်ရှိလှသည့် လူသည် ဝမ်ရှန်း၏ ဟောင်းနွမ်း စုတ်ပြဲနေသော အဝတ်အစားများအား မြင်လိုက်ရသည့် အချိန်တွင် ထရပ်မိသည် အထိ အံ့ဩသွားခဲ့သည်။ ဤသည်မှာ မည်သို့ ဖြစ်ရသနည်း။

ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ရတနာစံအိမ်မှ ဆိုင်ရှင်အမျိုးသမီးမှာ အံ့အားသင့် သွားခဲ့သည်။ သူမ မျက်လုံးများကိုပင် သူမ မယုံကြည်နိုင်ပေ။

ဆိုင်ရှင် အမျိုးသမီးသည် ဝမ်ရှန်း ဤကိုယ်ယောင်ဖျောက် ဝတ်စုံ ဝတ်ထားသည်ကို တစ်ခေါက် မြင်ခဲ့ဖူး၏။ ဟုတ်ပါသည်၊ သူမသည် တစ်ခေါက်သာ မြင်ခဲ့ဖူးကာ နီးနီးကပ်ကပ် ကြည့်ခွင့် မရခဲ့ပေ။ ဝမ်ရှန်းသည် အခြား ဘယ်သူ့ကိုမှလည်း ဤကဲ့သို့ နီးနီးကပ်ကပ် ကြည့်ခွင့် မပေးခဲ့ချေ။

ဆိုင်ရှင်အမျိုးသမီး အမြင်တွင် ဘာမှ အထွေအထူး ပြောစရာ မရှိသော မသပ်မရပ်နှင့် အရောင်စုံသည့် ဤကိုယ်ယောင်ဖျောက် အင်္ကျီသည် လူရိုင်းများ၏ နေ့စဉ် ဝတ်စား ဆင်ယင်မှု အဖြစ်သာ ထင်မြင်ခဲ့သည်။ ဘယ်လိုလုပ် ဒီထက် ပိုကောင်း နိုင်မည်နည်း။

သို့သော် ယခုအချိန်တွင် ဝမ်အမျိုးသမီး၏ အပြုအမူသည် သူမက ဝမ်ရှန်းအား လျှော့တွက်မိခဲ့ခြင်း ဖြစ်ကြောင်း ဆိုင်ရှင် အမျိုးသမီးအား နားလည်လိုက်သည်။

ဝမ်ရှန်း ဝတ်ဆင်သည့် အဝတ်အစားများသည် လင်းလုံစံအိမ်မှ အကြီးအကဲအား အံ့အားသင့်အောင် လုပ်နိုင်ခဲ့၏။ မေးစရာပင် မလိုပေ။ အနာဂတ်တွင် ထိုအဝတ်အစားများသည် ကြွယ်ဝ ချမ်းသာမှု၏ နောက်ထပ် အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ယခုအချိန်တွင် ဆိုင်ရှင်အမျိုးသမီး သိချင်သည်က ဤအဝတ်အစားများ၏ အားသာချက်က ဘာလဲဟုပင်။

လင်းလုံစံအိမ်မှ အကြီးအကဲ ဝမ်အမျိုးသမီးသည် ထိုအဝတ်အစားများကို ကြည့်ရုံသာ ကြည့်မနေတော့ပေ။ သူမ၏ လက်ချောင်းများဖြင့် တဖြည်းဖြည်းချင်း ထိကြည့်လိုက်၏။ သူမသည် ဂျင်ဒီနယ်မြေ အတွင်း၌ လနှင့်ချီကြာအောင် ဝတ်ဆင်ခဲ့သည့် ညစ်ပတ် ပေရေနေသော ကိုယ်ယောင်ဖျောက် ဝတ်စုံအား ထိနေသည်နှင့် မတူဘဲ သူမ ချစ်မြတ်နိုးရ ဆုံးသော လူ၏ အသားအရေကို ထိနေသကဲ့သို့ အလွန် နူးညံ့ညင်သာစွာ ထိတွေ့နေခဲ့ခြင်း ဖြစ်သည်။

သူမသည် ထိုအထည်၏ အသားကို တဖြည်းဖြည်းချင်း ပွတ်သပ် နေခဲ့၏။ အထည်ပေါ်မှ ညစ်ပတ်နေသည့် နေရာများကိုပင် မကျော်သွားခဲ့ပေ။ ပြီးလျှင် အင်္ကျီအနားစ၌ ပြဲနေသည့် အတွက်ကြောင့် သူမသည် ဤအထည်တို့အား ရက်လုပ်ထားသည့် ချည်မျှင်များကို မြင်နေရပြီး ခံစား၍ ရနေ၏။

သို့သော် ဝမ်အမျိုးသမီးသည် သူမ ထိုကဲ့သို့ ထိတွေ့ ကိုင်တွယ် ပြီးသည့်တိုင် ဤအဝတ်အစားများကို မည့်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း မပြောနိုင်ခဲ့ချေ။

ဤအရာသည် ဗဟုသုတ ကြွယ်ဝသည်ဟု နာမည် ကျော်ကြားသည့်  ဝမ်အမျိုးသမီးသည်ပင် နားမလည်နိုင်သည့် အရာတစ်ခုပင်။

ဤအဖြစ်အပျက်မျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း… ဤကမ္ဘာပေါ်တွင် လင်းလုံစံအိမ်မှ သခင်များ မမြင်ဖူးသည့် အထည်ပစ္စည်းများ ရှိနေသေးသည်လား…

အစပိုင်းတွင် သူမသည် အထည် ရက်လုပ်ပုံကြောင့်သာ အံ့သြခဲ့ရ၏။ အထည်ကို အသေးစိတ် အနုစိတ် ရက်လုပ်ထားနိုင်သည့် အဆင့်သည် တကယ်ကိုပဲ အံ့အားသင့်စရာ ကောင်းလှပေသည်။ သို့သော် ထိုရက်လုပ်ထားမှုက ဘယ်လောက်ပဲ အံ့သြစရာ ကောင်းနေပါစေ သူမသည် အချိန်ပေးပြီး အခိုင်မာဆုံး နည်းလမ်းများဖြင့် တစ်ခုပြီးတစ်ခု ရက်လုပ်မည်ဆိုလျှင် ဤအဆင့်မျိုး ရောက်အောင် လုပ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ပေသည်။ ဤကဲ့သို့ ကျစ်လျစ် သေသပ်ခြင်းမျိုးသည် ရရှိအောင် ပြုလုပ်ရန် မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ အချိန် တစ်နှစ် နှစ်နှစ်ခန့်သာ လိုအပ်ပေသည်။

သို့ရာတွင် ထိုအထည်အား ရက်လုပ်ထားသည့် ပစ္စည်းများကတော့ မတူပေ။ ဤပစ္စည်းသည် ယခင်က သူမ တစ်ခေါက်မှ မမြင်ဖူးသည့် ပစ္စည်းမျိုး ဖြစ်၏။ အလွန်ကို ကောင်းမွန်လှသည့် အမျှင်များပင် ဖြစ်သည်။ ဤအမျှင်များသည် လျှော်မျှင်များထက် များစွာ ပို၍ခိုင်မာကာ သက်သောင့်သက်သာလည်း ရှိလှ၏။

ဤသို့သော ပစ္စည်းမျိုးကို အများအပြား ရရှိနိုင်မည်ဆိုလျှင် ဤပုံစံအတိုင်း ကောင်းမွန်စွာ မရက်လုပ်နိုင်သည့်တိုင် လျှော်မျှင်များ ရက်လုပ်သည့် နည်းလမ်းဖြင့်သာ ရက်လုပ်လျှင်ပင် ဤကမ္ဘာတစ်ဝှမ်းလုံးတွင် လုံးဝ ကွဲပြားခြားနားစွာ ဝတ်ဆင်ရသည့် အတွေ့အကြုံ ရလာနိုင်ပေသည်။

ကိစ္စတစ်ခုအပေါ် အကြီးအကဲများ၏ စဉ်းစား တွေးခေါ်ပုံသည် သာမန်လူများနှင့် မတူချေ။  ဤဝမ်အမျိုးသမီးက ပို၍ အံ့သြတကြီး ဖြစ်နေလေ ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးအား နောက်ထပ် စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ်ကြောင်း တွေးဆမိလေ ဖြစ်၏။

“ငါ့ကို ဒီအဝတ်အစား အဟောင်းတွေ ပေးလိုက်၊ နင်လိုချင်တာကို ငါ ရအောင် လုပ်ပေးနိုင်တယ်”

ဝမ်အမျိုးသမီးမှ အရင်ဦးစွာ ပြောလိုက်သည်။ ထို့နောက် ဆိုင်ရှင် အမျိုးသမီးအား ချက်ချင်းပင် လှည့်ကာ ပြောလိုက်သည်။

“အစောတုန်းက ငါပြောခဲ့တာတွေက မလိုတော့ဘူး။ ဒါတွေပဲ လိုတယ်”

ဆိုင်ရှင်အမျိုးသမီးမှ တစ်ခဏ ကြောင်အ သွားခဲ့သည်။ သူမသည် ဝမ်အမျိုးသမီးကို ဤနေရာသို့ ဖိတ်လာနိုင်ရန် အတွက် သူမ အဆက်အသွယ်များကို သုံးကာ ကြိုးစားခဲ့ရပြီး တန်ကြေး ကြီးကြီး ပေးခဲ့ရ၏။

သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် သူမအား ဖိတ်ကြားခကို ဝမ်ရှန်း၏ အဝတ်ဟောင်းများဖြင့် ပြီးသွားပြီဖြစ်ကာ သူမက ဘာမှလုပ်စရာ မလိုတော့ဘူးတဲ့လား… ဤအရာက ဘယ်လောက်များ အံ့ဩဖွယ် ကောင်းနေသနည်း…

“ဟုတ်ပြီ”

ဆိုင်ရှင်အမျိုးသမီးမှ မငြင်းနိုင်၊ မပြောလိုက်နိုင် ခင်မှာပင် ဝမ်ရှန်းမှ သဘောတူကြောင်း ခေါင်းညိတ် လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ရှန်းသည် ဆိုင်ရှင် အမျိုးသမီးအား အဓိပ္ပာယ် တစ်မျိုးပါသည့် အကြည့်ဖြင့်လည်း မမေ့မလျော့ ကြည့်လိုက်သေး၏။

ယခုအချိန်တွင် ဆိုင်ရှင် အမျိုးသမီးသည် သူမ သဘောမတူချင်သော်လည်း သဘောတူ ရတော့ပေမည်။ အားလုံးသည် ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင် ပြောနေကြခြင်းပင်။ ကြားဝင်ကာ ကိုးလိုးကန့်လန့် လုပ်ပါက သူသည် ကန်ထုတ် ခံရပေမည်သာ ဖြစ်သည်။

ဤကဲ့သို့ ဖြစ်လာမည်ကို အစောကတည်းက သိခဲ့မည် ဆိုပါက ဆိုင်ရှင် အမျိုးသမီးသည် ဝမ်ရှန်းနှင့် ဆွေးနွေးခဲ့သည့် အချိန်၌ အဲ့လောက်ထိ တက်ကြွနေခဲ့မည် မဟုတ်ပေ။ သူမသည် ဝမ်အမျိုးသမီး၏ အစား သူမ၏ ရတနာစံအိမ်မှ အပ်ချုပ်သမားကိုသာ ဝမ်ရှန်း၏ တောင်းဆိုချက်များအား လာရောက် နားထောင်ခိုင်းမည် ဖြစ်သည်။

ထိုသဘောတူညီမှု ရပြီးသည့် နောက်၌ ဝမ်အမျိုးသမီးသည် ဝမ်ရှန်း၏ တောင်းဆိုချက်များအား သေချာအာရုံစိုက် နားထောင် လိုက်သည်။ သားရေအား ကိုင်တွယ် စစ်ဆေးပြီး နောက်တွင် ထိုအမျိုးသမီးမှ ဝမ်ရှန်း၏ ကိုယ်တိုင်းအား တိုင်းလိုက်၏။ ထို့နောက် ခေါင်းမညိတ်ခင်တွင် ဝမ်ရှန်း၏ တောင်းဆိုချက်များကို နောက်တစ်ကြိမ် သေချာ ဂရုတစိုက် ပြန်မေးလိုက်သည်။

“ပစ္စည်းတွေက လောက်တယ်၊ နောက်ထပ် လက်အိတ် တစ်စုံပါ ပိုလုပ်လို့ ရတယ်”

ဝမ်အမျိုးသမီးမှ စိတ်ထဲမှနေ၍ တွက်ချက်ကာ ပြောလိုက်သည်။

“နင့်ရဲ့ တောင်းဆိုချက်တွေ အရ လက်ချောင်းအပြည့် လက်အိတ်တွေက လက်နဲ့ အံကိုက် ဖြစ်နေရမယ်။ ပြီးတော့ နူးညံ့နေရမယ်၊ ဒါ့ပြင် ပြောင်မြောက်တဲ့ အကာအကွယ်လည်း ရှိရမယ်။ ဟုတ်တယ်မလား။ ရတယ် ကိစ္စမရှိဘူး”

“ဘွတ်ဖိနပ်တွေ အတွက်ကလည်း ပြဿနာ မရှိပါဘူး”

ဝမ်ရှန်းသည် အဆင့်ငါး သားရဲ၏ သားရေကို သုံးပြုကာ ဘွတ်ဖိနပ် တစ်စုံလည်း လုပ်ချင်နေသေးသည်။ လက်ရှိ ဝမ်ရှန်း စီးထားသည့် ဖိနပ်အား ကြည့်ကာ ဝမ်အမျိုးသမီးမှ တွက်ချက် လိုက်သည်။

“ဒါပေမယ့် အထဲမှာ ထည့်မယ့် သံမဏိပြားက အဆင့်တော်တော် နိမ့်တယ်၊ ပြီးတော့ အလေးချိန်လည်း ပိုလေး သွားလိမ့်မယ်။ သံမဏိပြား အစား မာတဲ့အရိုး တစ်ခုခုနဲ့ အစားထိုးလိုက်။ ညအမှောင်ယံ ကြယ်ဝံပုလွေမှာ သွားတွေရှိလား… နည်းနည်းသေးတဲ့ ဟာလေးတွေဆို ရတယ်”

“ရှိတာပေါ့၊ ရှိတာပေါ့…”

ဝမ်ရှန်းသည် မရှိဘူးဟု ဘယ်လိုလုပ် ပြောနိုင်မည်နည်း။ သူ့ထံတွင် ညအမှောင်ယံ ကြယ်ဝံပုလွေ၏သွား အပြည့်အစုံ ရှိပေသည်။ သို့သော် ဝမ်အမျိုးသမီးသည် သေးငယ်သည့် သွားများကိုသာ အသုံးပြုချင်၏၊ ထို့ကြောင့် ဝမ်ရှန်းသည် လက်တစ်ဝါးစာ အရွယ်အစား ရှိသည့် သွားဆယ်ချောင်းကို ချက်ချင်း ထုတ်လာ လိုက်သည်။

ဝမ်အမျိုးသမီးသည်လည်း သွားများအား ကြည့်ကာ ခေါင်းညိတ် လိုက်ပြီး ချက်ချင်း သိမ်းလိုက်၏။ ထို့နောက် သူမသည် ဝမ်ရှန်း၏ ဘွတ်ဖိနပ်ပေါ်မှ ဖိနပ်ကြိုးနှင့် ဖိနပ်ကြိုး အပေါက်များကို သေချာကြည့် လိုက်ပြန်သည်။

“ဒီဖိနပ်ကြိုးတွေ အတွက်ကတော့ ဝံပုလွေ အမွေးတွေကို ရက်ပြီး သုံးလိုက်မယ်”

ဝမ်အမျိုးသမီးမှ ပြောလိုက်သော ဤစကားကြောင့် ဝမ်ရှန်းသည်  စိတ်သက်သာရာ ရသွားတာ့၏။

ထို့နောက် ဝမ်အမျိုးသမီးသည် သူမ၏ အတွေးကမ္ဘာထဲ၌ နစ်မြော သွားတော့သည်၊ ဤပစ္စည်းများကို ဝမ်ရှန်းအတွက် ဘယ်လိုလုပ် ပေးရမလဲ ဆိုတာနှင့် ဘယ်လို နည်းလမ်းတွေ အသုံးပြုရမလဲ ဆိုတာကို စဉ်းစားနေတော့သည်။

သူမသည် ဝမ်ရှန်းနှင့် ဆိုင်ရှင်အမျိုးသမီးတို့ ပြောနေသည့် စကားများကို အာရုံပင် မရခဲ့ပေ။ ထို့နောက် ဆိုင်ရှင်အမျိုးသမီးသည် လူတစ်ယောက် ခေါ်ကာ ဝမ်အမျိုးသမီးအား ပြန်လိုက်ပို့ ခိုင်းလိုက်၏။ လမ်းတစ်လျှောက်တွင်လည်း ဝမ်အမျိုးသမီးသည် စိတ်ညှို့ ခံနေရသူပမာ သူမ၏ အတွေးထဲ၌သာ နစ်မြော နေခဲ့လေသည်။

ထိုမြင်ကွင်းအား ကြည့်ကာ ဝမ်ရှန်းသည် စိတ်ထဲမှနေ၍ ထိုဝမ်အမျိုးသမီးအား ချီးကျူးလိုက်သည်။

လူတစ်ယောက် နယ်ပယ် တစ်ခုခုတွင် ဆရာတစ်ဆူ ဖြစ်လာရသည့် အကြောင်းအရင်းမှာ ထိုသူသည် အလုပ်အား အလွန် အာရုံစိုက်ကာ စွဲလမ်း လွန်းသောကြောင့်ပင် ဖြစ်၏။ ထိုအာရုံစိုက်မှုနှင့် စွဲလမ်းမှု နှစ်ခုသာ ရှိပါက ထိုနယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်လာသည်မှာ အံ့သြစရာ မရှိတော့ပေ။

“နောက်ထပ် ဘာပြောချင်သေးလဲ”

ယခုအချိန်တွင် ဆိုင်ရှင်အမျိုးသမီး၏ စိတ်အခြေအနေသည် လုံးဝကို မကောင်းနေပေ။ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီဖြစ်သည့် ကိစ္စကို ဝမ်အမျိုးသမီး၏ နှောင့်ယှက်ခြင်း ခံနေရသကဲ့သို့ ခံစားနေရသည်။ သို့သော် သူမသည် ဒေါသထွက်၍လည်း မရပေ၊ ထို့ကြောင့် ပို၍ပင် စိတ်လက် မကြည်မလင် ဖြစ်ရပေသည်။

“ဘာမှမပြောချင်ပါဘူး”

မမျှော်လင့်ထားစွာပင် ခေါင်းပုံဖြတ် အမြတ်ကြီး စားသည်ဟု ဆိုင်ရှင်အမျိုးသမီးမှ အမြဲတမ်း ထင်နေခဲ့သည့် ဝမ်ရှန်းသည် ယခုတစ်ကြိမ်တွင် သနားညှာတာမှုပြခဲ့၏။ နောက်ထပ် တင်းကျပ်သည့် အခြေအနေများ မပြောခဲ့ပေ။

“ဒီလောက်တောင် သဘောကောင်းတယ်လား”

 ဆိုင်ရှင်အမျိုးသမီးသည် သူမနားကို သူမ မယုံကြည်နိုင်ပေ။ ထို့ကြောင့် သူမသည် မနေနိုင်ဘဲ အံ့သြတကြီး မေးလိုက်တော့၏။

“ဖြစ်နိုင်မယ် ဆိုရင်တော့ ငါ့ကို ကံကောင်းခြင်း ဆေးပြားအကြောင်း သတင်း ကူရှာပေးဦး”

ဝမ်ရှန်း သူမအား ကြည့်လိုက်၏။ သူမသည် ဝမ်အမျိုးသမီးအား သူ့ဆီသို့ ခေါ်လာပေးခဲ့သည့် အတွက်ကြောင့် တန်ကြေးကြီးကြီး ပေးဆပ် လိုက်ရသည်။ စီးပွားရေး အရင်းအမြစ်တစ်ခု ဖန်တီးနိုင်သည့် ဝမ်ရှန်း၏ စစ်တပ်သုံး ကိုယ်ယောင်ဖျောက် ဝတ်စုံကို ဝမ်အမျိုးသမီးမှ ယူဆောင်သွားပြီဖြစ်၏။

ထို့ကြောင့် ရတနာစံအိမ်အား နောက်ထပ် တောင်းဆိုချက်များ တောင်းဆိုရန်က မသင့်တော်ပေ။ သို့သော် ဆိုင်ရှင်အမျိုးသမီးမှ မယုံကြည်သည့် အတွက်ကြောင့် သူသည် နောက်ထပ် နည်းနည်း ထပ်ပေါင်း ထည့်ခြင်းပင်။

“ငါ သိသားပဲ”

ဆိုင်ရှင်အမျိုးသမီးမှ ဒေါသတကြီး ပြောလိုက်သည်။ အစောပိုင်းတွင် သူမသည် ဝမ်ရှန်းအား အထင်ကြီးခဲ့ လွန်းခြင်းသာ ဖြစ်သည်ဟု သူမဘာသာသူမ တွေးလိုက်၏။

“အဲ့ဆေးပြား အကြောင်းသိဖို့ အကောင်းဆုံး ကြိုးစားပေး” ဝမ်ရှန်းမှ ပြုံး၍ ပြောလိုက်ရင်း တစ်ဆက်တည်းမှာပင် –

“ငါ ရွှေဒင်္ဂါးနဲ့ ဝယ်မယ်”

“ကံကောင်းခြင်း ဆေးပြားကိုလည်း ရွှေဒင်္ဂါးနဲ့ ဝယ်လို့ ရတယ်ပေါ့”

ဆိုင်ရှင်အမျိုးသမီးမှ ဝမ်ရှန်း၏ စကားအား လှောင်ပြော ပြောလိုက်သည်။

“ဘာပဲပြောပြော၊ ငါ့ခန္ဓာကိုယ်ကို ကုသဖို့ ကံကောင်းခြင်း ဆေးပြား ဒါမှမဟုတ် အဲ့ဆေးပြားနဲ့ တူတာ တစ်ခုခု မရဘူးဆိုရင် ငါ သေဖို့အတွက်နဲ့တော့ ဂျင်ဒီနယ်မြေထဲ နောက်တစ်ခေါက် ထပ်ဝင်မှာ မဟုတ်ဘူး”

ဝမ်ရှန်းမှ ပြုံး၍ ပြန်တုံ့ပြန်လိုက်သည်။ ထို့နောက် သူမအား မဖြစ်မနေ လုပ်လာရန်အတွက် ဂျင်ဒီနယ်မြေ အကြောင်းကိုပါ ထုတ်ဖော် ပြောကြားလိုက်၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset