Switch Mode

Chapter – 145

ဝမ်ရှန်း၏အခြေအနေ (၂)

အပိုင်း ၁၄၅
ဝမ်ရှန်း၏အခြေအနေ (၂)

“သူ့ခန္ဓာကိုယ်ရဲ့ ပြန်လည် ကုသနိုင်စွမ်းက တော်တော်ကို ကြောက်စရာ ကောင်းတာပဲနော်”

တော်ဝင်ရတနာ စံအိမ်၏ ရထားလုံး အတွင်းတွင် လင်းအာမှ လုဝမ်ဟုန်အား သူမ စူးစမ်းမိခဲ့သည့် အရာအား ပြောလိုက်သည်။

“မနေ့တုန်းက သူ့ဒဏ်ရာက တော်တော်ကို ပြင်းထန်တာ၊ ဒါပေမယ့် ဒီနေ့မှာ သူက ထိုင်နိုင်ပြီး ရယ်ရယ်မောမောနဲ့တောင် စကားပြောနိုင်ပြီ။ ဒီလို အဖြစ်အပျက်မျိုး လင်းအာ တစ်ခေါက်မှ မကြားဖူးဘူး။ သူ့ဆီမှာ ပြိုင်ဘက်ကင်း ဆေးတစ်မျိုးမျိုး ရှိနေတာနေမှာ”

“ဒီဟာက သူ ဂျင်ဒီနယ်မြေကို ယုံယုံကြည်ကြည်နဲ့ ဝင်ထွက် သွားလာနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်တယ်”

လုဝမ်ဟုန်လည်း ခဏစဉ်းစားကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်က တကယ်ပဲ ထူးခြား နေတာလားတောင် မသိတော့ဘူး”

“လူကြီးမင်း ဟန်နဲ့ လူကြီးမင်း သုန့်တို့ကတော့ မမှားလောက်ပါဘူး”

လင်းအာမှ သေချာပိုင်နိုင်စွာ ပြောလိုက်သည်။ လူကြီးမင်း ဟန်နှင့် လူကြီးမင်း သုန့်တို့သည် တော်ဝင်ရတနာ စံအိမ်မှ ပင့်ဖိတ်ထားသည့် တော်ဝင်သမားတော်နှင့် ဆေးဆရာများ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် လူများစွာ၏ ရောဂါများကို စမ်းသပ်ခဲ့ဖူးပြီး တစ်ခါမှ အမှားအယွင်း မရှိခဲ့ဖူးကြပေ။ ထို့အပြင် ဤသုံးသပ်ချက်သည် တော်ဝင်သမားတော်နှင့် ဆေးဆရာတို့ နှစ်ဉီးတည်း မဟုတ်ပဲ ဝိညာဉ်သန့်စင်သူနှင့် အဆိပ်ဆေးဆရာတို့၏ ထပ်တူ သုံးသပ်ချက်လည်း ကြပေသည်။

လူတစ်ယောက် အနေဖြင့် အမှားအယွင်း ဆိုသည်မှာ ဖြစ်တတ်သည့် သဘာဝပင် ဖြစ်သည်။ သို့သော် လူလေးယောက်လုံး တစ်ပြိုင်နက် မှားယွင်းနေခြင်းမှာ မဖြစ်တန်ရာ။ ထို့အပြင် လူကြီးမင်းဟန်နှင့် လူကြီးမင်း သုန့်တို့ နှစ်ယောက်လုံးသည် တော်ဝင်ရတနာ စံအိမ်မှ ဖိတ်ကြားထားသည့် လူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် မည်သို့မျှ ဝမ်ရှန်းဘက်မှ နေကာ ဝမ်ရှန်းအား ကာပေးမည် မဟုတ်ပေ။

ဝိညာဉ် သန့်စင်သူသည်လည်း တော်ဝင်ရတနာ စံအိမ်မှဝန်ထမ်း၊ လုဝမ်ဟုန်၏ အစောင့်များထဲမှ တစ်ယောက် ဖြစ်ပေရာ သူ့ကိုလည်း အပြည့်အဝ ယုံကြည်၍ ရပေသည်။ မြို့အရှင်စံအိမ်မှ အဆိပ်ဆေးဆရာ အနေဖြင့်လည်း ဝမ်ရှန်းအား တစ်ခုခု ကူညီဖုံးကွယ် ပေးနေစရာ အကြောင်းမရှိချေ။ ထိုသို့ဆိုလျှင်….

“စိတ်ဝင်စားစရာပဲ”

လုဝမ်ဟုန်မှ ရယ်မောကာ ပြောလိုက်၏။

“အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ လူတစ်ယောက်ဆီမှာ ဒီလောက်တောင် ကောင်းတဲ့ ပြန်လည် ကုသနိုင်စွမ်း ရှိနေတယ်။ သူ့ဆီမှာ ငါတို့ မသိသေးတဲ့ အရာတွေ အများကြီး ရှိနေတာပဲကွ”

“သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်ထားပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့် နေရင်ကော”

လင်းအာမှ ချက်ချင်း စိတ်လှုပ်ရှား လာခဲ့သည်။ သူမသည် ဝမ်ရှန်းအား ကိုင်တွယ်ရသည့် အချိန်တိုင်း အလွန် ပျော်ရွှင် တတ်လေ့ရှိ၏။ ဤလူသည် သူမအား အရှက်ကွဲအောင် လုပ်ခဲ့သည်။ သူမသည် ဤကောင်းကင်နှင့် မြေကြီးကြားတွင် အရာအားလုံးကို သိနေပြီဟု သူမကိုယ်သူမ အမြဲတမ်း ထင်ခဲ့သော်လည်း ဝမ်ရှန်းရှေ့တွင် သူမသည် အမြဲတမ်း အရှက်ခွဲ ခဲ့ရသည်။ ထို့ကြောင့် သူမသည် ဝမ်ရှန်းအား အလွန် မုန်းတီးပေသည်။

လွန်ခဲ့သည့် နှစ်ရက်၌ ထွက်ပေါ်ခဲ့သည့် အသားနှပ်နှင့် ဟင်းခတ် အမွှေးအကြိုင်သည် လင်းအာအား အလွန်ကို လက်မခံနိုင် ဖြစ်စေခဲ့၏။ ဝမ်ရှန်းသည် ဆေးဆိုင်၌ ရောင်းသည့် ဆေးပင်များကို ဟင်းခတ် အမွှေးအကြိုင်များအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ဒါ့ပြင် သူလုပ်သည့် စွပ်ပြုတ်သည် တကယ့်ကို ထူးခြားလှပေသည်။ ထို့ကြောင့် ဆေးပင်များ၏ ဂုဏ်သတ္တိအား သိသည့် လင်းအာသည် အလွန့်အလွန်ကို နားမလည်နိုင် ဖြစ်သွားကာ အလွန်လည်း အရှက်ရ သွားခဲ့၏။

“မရဘူး”

လုဝမ်ဟုန်မှ ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“အဲ့စားဖိုမှူး နှစ်ယောက်ကိုပဲ ဂရုစိုက်ခိုင်းပြီး ဝမ်ရှန်းကို ငါလို့ သဘောထားပြီး ဆက်ဆံခိုင်းလိုက်”

သူ ထိုသို့ ပြောလိုက်ပြီးနောက် လင်းအာ နှုတ်ခမ်းစူ သွားသည်ကို မြင်လိုက်ရသည့် အချိန်တွင်  သူသည် မနေနိုင်တော့ဘဲ ပြုံးကာ “ငါတို့က ရန်သူတွေ မဟုတ်ဘူး။ သူ့ကို ရန်သူလိုမျိုး မဆက်ဆံပါနဲ့ကွာ”

လင်းအာသည် ထိုစကားအား အင်တင်တင် ဖြစ်နေသော်လည်း သူမသည် လုဝမ်ဟုန်၏ မည်သည့် စကားကိုမှ ဆန့်ကျင်မည် မဟုတ်ပေ။ သူမသည် မကျေမနပ် ဖြင့်သာ ခေါင်းညိတ် လိုက်၏။

လုဝမ်ဟုန် ပို့လွှတ်ပေးထားသော စားဖိုမှူး နှစ်ယောက်သည် အမှန်တကယ်ကို နာမည် ကျော်ကြားသည့် စားဖိုမှူးများ ဖြစ်ကြသည်။ သူတို့၏ အချက်အပြုတ် စွမ်းရည်နှင့် ပတ်သက်၍ ဘာမှပြောစရာ မရှိပေ။ ဒဏ်ရာများ ပြန်လည် သက်သာလာသည့် အချိန်တွင် ဝမ်ရှန်းသည် အသားငါးများကို မစားချင် ဖြစ်နေသည်။

ထို့ကြောင့် ထိုစားဖိုမှူး နှစ်ယောက်သည်လည်း ဝမ်ရှန်း တောင်းဆိုသည့် အတိုင်း ချက်ပြုတ်ပေးလေရာ အချိန်တို အတွင်းတွင် အရာအားလုံးသည် ဝမ်ရှန်း၏ ဆန္ဒအတိုင်း ကိုက်ညီ သွားခဲ့သည်။ ဝမ်ရှန်း သူတို့နှင့် ပြောဆို ဆက်ခံရသည်မှာ အလွန် အဆင်ပြေလှပေ၏။

နောက်ပိုင်း နေ့ရက်များတွင် အဓိက မိသားစုကြီး တစ်စုချင်းစီမှ လူများလွှတ်ကာ ဝမ်ရှန်းအား စာလွှာများ ပို့ပေးလာကြ၏။ ယေဘုယျကျကျ သုံးသပ်ရလျှင် ထိုကဲ့သို့ ပြုလုပ်ကြခြင်းမှာ အဓိက အင်အားစုများ အားလုံး၏ သဘောတရားတို့မှာ တူညီနေကြောင်းပင်။

အစောပိုင်း၌ လိုက်လံ တိုက်ခိုက်ခဲ့ခြင်းက နားလည်မှု လွဲခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် ဝမ်ရှန်းနှင့်အတူ တစ်ခွက် တစ်ဖလား သောက်ခွင့်ရရန် မျှော်လင့်မိကြောင်း ဖော်ပြထားကြ၏။

ဝမ်ရှန်းအား လိုက်လံ သတ်ဖြတ်ခဲ့ခြင်းကို စတင် ဦးဆောင်ခဲ့သည့် သိုက်မိသားစုနှင့် ရှားမိသားစုတို့ပင် ထိုကဲ့သို့ ဖြစ်လာကြပြီ ဖြစ်၏။ ဂျင်ဒီနယ်မြေ၏ လျှို့ဝှက်ချက် အတွက်မူ သူတို့ မိသားစုတွင်းမှ များစွာသော ကလေးများ၏ သေခြင်းရှင်ခြင်းက ဘာအရေးပါတော့မည်နည်း…

တစ်နေ့ သူတို့ ဂျင်ဒီနယ်မြေ၏ လျှို့ဝှက်ချက်များအား ကျွမ်းကျင်သွားသည့် အချိန်မှ ဝမ်ရှန်းအား ကလဲ့စားချေမည် ဆိုလျှင်လည်း နောက်ကျသေးမည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင် သူတို့သည် သေချာပေါက် ဝမ်ရှန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိရန် လိုအပ်ပေသည်။

သူတို့၏ လိုလားချက်ကို ဖော်ပြရန်အတွက် အဓိက အင်အားစုများသည် ဝမ်ရှန်းအား ဆုကြေးငွေ ထုတ်ထားသည်ကိုပင် ဖျက်သိမ်း လိုက်ပြီဟု ပြောခဲ့ကြ၏။ ဝမ်ရှန်းသည် သူဆန္ဒရှိသ၍ ဝူရုံမြို့မှ အချိန်မရွေး ထွက်လာ၍ ရကြောင်းနှင့်၊ အဓိက အင်အားစုများမှ တစ်ဉီးတလေ သော်ငြား သူ့အား တိုက်ခိုက်မည် မဟုတ်ကြောင်း ပြောခဲ့ကြသည်။

ဟုတ်ပါသည်၊ ထိုအရာများသည် သူတို့ပို့ခဲ့သည့် စာလွှာများထဲ၌ ရေးသားထားသည့် သူတို့၏ သဘောထားများ ဖြစ်ပေသည်။

ထိုအရာတို့သည်ကား အမှန် ဟုတ်မဟုတ် ဆိုသည်ကို မည်သူမှ မသိပေ။ ဝမ်ရှန်းသည် ဝူရုံမြို့ မြို့ပြင်သို့ ထွက်ကာ စမ်းကြည့်၍ ရပေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် အသက်ရင်းကာ မစမ်းသပ်ချင်တော့ချေ။

ပဉ္စမအဆင့် ဝိညာဉ်သခင်၏ အော်ရာ စွမ်းအားများကြောင့် ရရှိလာသော ဒဏ်ရာတို့သည် ပြင်ပဝိညာဉ် စွမ်းအားများကို ဝါးမျိုကြသည့် ချီဝမ်နဂါးတို့ကြောင့် ပိတ်ပင်မှုများ မရှိတော့ပဲ ဝမ်ရှန်းသည် လျင်မြန်စွာ သက်သာ လာခဲ့သည်။ ကုသခြင်း ဆေးပြားများအပြင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေမှ စုပ်ယူနေခဲ့သည့် ဝိညာဉ်စွမ်းအားများသည်လည်း ဝမ်ရှန်း၏ ခန္ဓာကိုယ်အား အားဖြည့် ပေးနေခဲ့၏၊

ဆေးပြား၏ အာနိသင်နှင့် ထိုဝိညာဉ် စွမ်းအားများသည် သူ၏ ပြင်းထန်သည့် အတွင်းဒဏ်ရာများကို တဖြည်းဖြည်းချင်း ပြန်လည် ကုသပေးနေခဲ့ရာ ၇ ရက်တာ အချိန် ကုန်ဆုံးသွားပြီးနောက် ဝမ်ရှန်းသည် အိပ်ရာထက်၌ တစ်ချိန်လုံး လှဲနေစရာ မလိုတော့ချေ။ သူသည် မြေပြင်ထက်၌ ခြေလှမ်းနည်းငယ် လျှောက်လှမ်းနိုင်ပြီ ဖြစ်၏။

ထိုကဲ့သို့ ပြန်လည် သက်သာ လာပြီးနောက်တွင် ဝမ်ရှန်းသည် အချိန်အများစုတွင် သူ၏ ပုခက်ကုလားထိုင်ပေါ်၌ ထိုင်ကာ ရှေ့နောက် လွဲယမ်းနေခဲ့၏။ အပြင်ပိုင်းမှ ကြည့်မည်ဆိုလျှင် သူသည် မျက်လုံးများ မှိတ်ကာ အနားယူနေဟန် ရှိသော်လည်း အမှန်အားဖြင့် သူသည် ပဥ္စမအဆင့် ဝိညာဉ်သခင်၏ ပြင်ပအော်ရာနှင့်  ကမ္ဘာမြေပေါ်၌ သူ စားသောက်ခဲ့ဖူးသည့် အစားအသောက်များကို ပုံဖော်ကြည့်နေခြင်းပင် ဖြစ်၏။

ယခုအခါ ဝမ်ရှန်းသည် ဒဏ်ရာရခဲ့သည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် အရသာရှိသည့် အစားအသောက်များကို လတ်တလော အနေဖြင့် သူကိုယ်တိုင် မပြုလုပ်နိုင်သေးသည့် အပြင် သူသည် ထိုအစားအသောက်များကို စားသောက်၍လည်း မရသေးပေ။ ထို့ကြောင့် ပုံဖော်ရာ၌ အကျိုးအာနိသင်သည် အနည်းငယ် လျော့ကျသည့်တိုင် ဝမ်ရှန်းသည် ဆက်လက်၍ ပုံဖော်နေခဲ့ပြီး ချီဝမ်နဂါးများအား အစာကျွေးနေခဲ့သည်။

ထိုအချိန် အတွင်း၌ ရတနာစံအိမ်သည်လည်း ဝမ်ရှန်း၏ တောင်းဆိုချက်များကို လျင်မြန်စွာ လှုပ်ရှား ဆောင်ရွက်နေခဲ့၏။ ဆယ်ရက်မြောက် နေ့တွင် ဆိုင်ရှင် အမျိုးသမီးသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက် နှင့်အတူ ဝမ်ရှန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

ယခုတစ်ကြိမ်တွင် ရတနာစံအိမ်သည် ကြီးမားသည့် တန်ကြေးပေးခဲ့၏။ ဤသက်လတ်ပိုင်း အရွယ် အမျိုးသမီး၏ မျိုးရိုးနာမည်သည် ဝမ်ဖြစ်ကာ သူသည် လင်းလုံစံအိမ်မှ ချပ်ဝတ်တန်ဆာ ဆရာလည်းဖြစ်၏။

“နင် လိုချင်တာရှိရင် အကြီးအကဲဝမ်ကို နင်ကိုယ်တိုင် တောင်းဆိုလို့ ရတယ်”

ဆိုင်ရှင် အမျိုးသမီးမှ ထိုအမျိုးသမီး၏ မျိုးရိုးနာမည်မှာ ဝမ် ဖြစ်ကြောင်း တည်ငြိမ်စွာ မိတ်ဆက် ပေးလိုက်သည်။

အမျိုးသမီး တစ်ယောက်သည် အကြီးအကဲ ဟူသည့် ဂုဏ်ပုဒ်ကို ရရှိထားခြင်းက ဝမ်ရှန်းအား မယုံကြည်နိုင်လောက်သည့် ခံစားချက် ခံစားရစေသည်။ သို့သော် အလုပ်ကိစ္စ အကြောင်း စပြောသည့် အချိန်တွင် ဝမ်ရှန်းသည် ထိုခံစားချက်မျိုးကို မခံစားရတော့ချေ။

အမျိုးသမီး ဝမ်သည် ပထမဉီးဆုံး သားရေအား အရင်ကြည့်မည်ဟု ပြောလိုက်၏။ ဝမ်ရှန်းလည်း ငြင်းစရာ အကြောင်း မရှိပေ။ သူသည် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သားရေ သာမက နောက်ခြေထောက်၏ သားရေကိုပါ ထုတ်ပြလိုက်သည်။

“ပစ္စည်းကောင်းတွေပဲ…”

ဤကဲ့သို့ ပြီးပြည့်စုံသည့် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သားရေကို ဖွင့်ကြည့်ပြီးနောက် အမျိုးသမီးဝမ်မှ သဘောကျစွာ ပြောလိုက်သည်။ နောက်ခြေထောက် သားရေအတွက်မူ သူမ၏ မျက်စိထဲတွင် ၎င်းသည် ပျက်စီးနေသည့် ဝက်ခြေထောက် သားရေထက် ဘာမှပိုပေ။ သူမသည် ထိုသားရေကို ကောင်းကောင်းပင် မကြည့်ချေ။

“ကျွန်တော် လုပ်ချင်တဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်”

ဝမ်ရှန်းသည် သူ၏ကမ္ဘာပေါ်မှ ပစ္စည်းများအရ သူလိုအပ်သည့် ပစ္စည်းများကို စတင် ပြောကြားလိုက်သည်။

ဝမ်ရှန်းသည် သူ ဝတ်ဆင်ရန် အတွက် အတွင်းခံတစ်စုံ၊ ကျည်ကာ တစ်ထည်နှင့် မျှော့ကြိုးပါ အောက်ခံ ဘောင်းဘီတိုများ လိုချင်၏။ ပုံစံများသည် စစ်တပ်အတွင်း၌ အသုံးပြုသည့် ပုံစံများ ဖြစ်ရမည် ဖြစ်သည်။

ထို့အပြင် သူသည် အပြင်ပိုင်း ဝတ်ရန် အတွက်လည်း အဝတ်အစား တစ်စုံ လိုချင်သေးပေသည်။ ထိုအဝတ်အစားများသည် ကိုယ်ယောင် ဖျောက်ရာ၌ အသုံးပြုသည့် စစ်တပ်သုံး ယူနီဖောင်းများနှင့် အပြည့်အဝ ကိုက်ညီနေရမည် ဖြစ်၏။ နမူနာ အနေဖြင့် ဝမ်ရှန်းသည် ပျက်စီးနေသည့် ကိုယ်ယောင်ဖျောက် ယူနီဖောင်းကိုပင် ထုတ်ပြလိုက်လေသည်။

ထို့အပြင် သူ နောက်ခြေထောက် သားရေများကို ထုတ်ခဲ့ခြင်းမှာ ဤသားရေကို အသုံးပြုပြီး စစ်တပ်သုံး ဘွတ်ဖိနပ် ပြုလုပ်ရန်ဖြစ်၏။ ထိုဖိနပ်သည်လည်း ဝမ်ရှန်း ဝတ်ဆင်ထားသည့် ဖိနပ်များနှင့် အတူတူပင် ဖြစ်ရမည် ဖြစ်သည်။

အတွင်းခံသည် နူးညံ့၍ သက်သောင့်သက်သာ ရှိရမည် ဖြစ်ပြီး အပြင်ဝတ်များမှာ ချပ်ရပ်သေသပ်ရန် လိုအပ်၏။ ဤပစ္စည်းများ အတွက် အမျိုးသမီးဝမ်သည် အမျိုးမျိုးသော သားရေနယ်သည့် နည်းလမ်းများ အသုံးပြုရန် လိုအပ်၏။ ပြုလုပ်ပြီးသွားလျှင်လည်း ဆဌမအဆင့် သားရဲ၏ ကာကွယ်ခြင်း စွမ်းအားများကိုလည်း မပျောက်မပျက်အောင် ပြုလုပ်ရန် လိုအပ်ပေသည်။

နောက်ခြေထောက် သားရေတို့သည် သားရေဘွတ်ဖိနပ် လုပ်ရန် လုံလောက်သည်အထိ ထူပေသည်။ ဝမ်ရှန်းသည် အမျိုးသမီးဝမ်အား ဘွတ်ဖိနပ်၏ အောက်ခြေနှင့် ခေါင်းပိုင်းကို သံမဏိပြားများ ထည့်သုံးပေးရန်လည်း တောင်းဆိုခဲ့သေး၏။ ထို့ကြောင့် ဝမ်ရှန်း၏ တောင်းဆိုချက်များသည် အလွန် များပြားလှ၏။

အမျိုးသမီးဝမ်သည် ဘာမှ သိပ်မပြောခဲ့ပေ၊ ခေါင်းသာ ညိတ်နေခဲ့၏။ သို့သော် ဝမ်ရှန်းမှ သူ၏ ကိုယ်ယောင်ဖျောက် စစ်ဝတ်စုံနှင့် စစ်တပ်သုံး ဘွတ်ဖိနပ်များကို ထုတ်ပြလာသည့် အချိန်တွင် သူမသည် ချက်ချင်း စိတ်လှုပ်ရှားသွားကာ ထရပ်လိုက်၏။

“ဒီအထည်ကို ဘယ်လို ရက်ထားတာလဲ”

အမျိုးသမီးဝမ်သည် ကိုယ်ယောင်ဖျောက် စစ်ဝတ်စုံ၏ အရောင်အသွေး စုံလင်ပုံကိုပင် သတိမထားမိခဲ့ချေ၊ သို့သော် ဝတ်ရုံ၏ အထည်သားသည်ပင် အမျိုးသမီးအား ထိတ်လန့် အံ့သြသွားစေရန် လုံလောက်ပြီဖြစ်၏။

ဤကဲ့သို့ သိပ်သည်းစွာ ရက်လုပ်ထားသည့် ရက်ထည်မျိုးကို သူမ တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။ လင်းလုံ စံအိမ်အတွင်း၌ပင် ဤကဲ့သို့ အထည်၏ အသားမျိုး မရှိချေ။ ဝမ်ရှန်းသည် ဤအထည်သားမျိုးကို မည်သည့် နေရာမှ ရလာခဲ့သနည်း။
***

Comment

Leave a Reply

Options

not work with dark mode
Reset