အပိုင်း ၁၄၄
ဝမ်ရှန်း၏အခြေအနေ (၁)
“နင်သိပါတယ်၊ ငါတို့ ရတနာ စံအိမ်နဲ့ လင်းလုံ စံအိမ်က စီးပွားရေး သဘောတူညီမှုတွေ ရှိတယ်”
ဆိုင်ရှင် အမျိုးသမီးသည် ဝမ်ရှန်း၏ သန့်စင်သော ဆားထုတ်လုပ်သည့် နည်းလမ်းကို သူမ တစ်ယောက်တည်းအားဖြင့် ရနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရကာ သူမသည် အခြားအကြောင်းအရာများကိုပါ ထပ်ပေါင်း ပြောဆိုလိုက်သည်။
“သူတို့ထဲမှာ နှစ်ယောက်က ချပ်ဝတ်တန်ဆာလုပ်တဲ့ ဆရာတွေပဲ”
ဝမ်ရှန်းသည် ထိုအချက်အား စိတ်ဝင်စားသွားကြောင်း သိသာပေသည်။ သို့သော် သူ ဘာမှမပြောသေးပဲ ဆိုင်ရှင် အမျိုးသမီးအား ဆက်ပြောရန်သာ မျက်လုံးဖြင့် အချက်ပြလိုက်၏။
“မနေ့တုန်းက နင် လုပ်ကြံခံရတဲ့ အချိန် အဲ့လုပ်ကြံသူရဲ့ ဆူးချွန်ကို ကာလိုက်တဲ့ နောက်ဆုံး အရေခွံက ဘယ်လို အရေခွံမျိုးလဲ”
ဤဆိုင်ရှင် အမျိုးသမီးနှင့် ဝမ်ရှန်းသည် အကြိမ်ပေါင်းများစွာ စီးပွားရေး တွဲလုပ်ဖူးသောကြောင့် သူမသည် ဝမ်ရှန်းအား ပွင့်ပွင့်လင်းလင်းသာ မေးမြန်းလိုက်သည်။
“ပြီးတော့ အဆင့်ဘယ်လောက်လဲ”
“အဲဒါက ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝုံလွေရဲ့ အရေခွံပဲ”
ဝမ်ရှန်းသည်လည်း ဘာမှ မဖုံးကွယ်ခဲ့ပေ။ သူ လုပ်ကြံခံရသည့် မြင်ကွင်းကို လူတော်တော်များများ မြင်ခဲ့ကြကာ သူ့ထံတွင် ဆဌမအဆင့် သားရဲရှိကြောင်း ကိုလည်း လူတော်တော်များများ သိကြပေသည်။ ထို့ကြောင့် ဤအရာသည် လျှို့ဝှက်ထားရမည့် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
“သူက ဆဌမအဆင့် သားရဲပဲ”
“ငါ အဲ့ဆရာ နှစ်ယောက်ထဲက တစ်ယောက်ကို နင့်ရဲ့ကြယ်ခြောက်ပွင့် သားရေကိုသုံးပြီး နင်နဲ့တော်တဲ့ ချပ်ဝတ်တန်ဆာ လုပ်ပေးဖို့ ပြောပေးလို့ ရတယ်၊ ဘယ်လိုလဲ”
ဆိုင်ရှင်အမျိုးသမီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
ဝမ်ရှန်းသည် သူ ထိုအချက်ကို လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား ဆိုတာကို စတင် စဉ်းစားလိုက်၏။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဆဌမအဆင့် သားရဲတစ်ကောင်၏ သားရေဖြင့် ပြုလုပ်သည့် ချပ်ဝတ်တန်ဆာသည် တော်တော်ကို ကောင်းရပေမည်။ အရည်ကျည်ကာ၏ ကာကွယ် ပေးနိုင်စွမ်းကိုလည်း ထပ်ပေါင်း ထည့်လိုက်မည် ဆိုလျှင် ဝမ်ရှန်းသည် ပဥ္စမအဆင့်အောက် ဝိညာဉ်သခင်များ၏ တိုက်ခိုက်မှုအတွက် စိုးရိမ်စရာ မလိုတော့ပေ။ ထိုချပ်ဝတ် တန်ဆာများကို အချိန်အတော်ကြာ အသုံးပြု၍ ရပေသည်။ သို့သော် ဝမ်ရှန်းသည် အခြား အချက်များကိုလည်း စဉ်းစားရန် လိုအပ်သေး၏။
“သားရေချပ်ဝတ် တန်ဆာကို နွေရာသီကြီးမှာ ဝတ်မယ်ဆိုရင် မပူလွန်းဘူးလား”
ဝမ်ရှန်းသည် ကာကွယ်ခြင်းနှင့် ဘာမှမဆိုင်သည့် မေးခွန်းအား အရင်မေးလိုက်သည်။ ထိုမေးခွန်းကို ဝမ်ရှန်းသည် ဆိုင်ရှင်အမျိုးသမီး ပြောသည့် အကြောင်းအရာအား သဘောတူကာ ဈေးညှိလိုက်ခြင်း ဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။
“နင်က လင်းလုံစံအိမ်က ချပ်ဝတ်တန်ဆာလုပ်တဲ့ ဆရာတွေကို နင် လမ်းပေါ်မှာ ပေါပေါပဲပဲ တွေ့နေရတဲ့ ချပ်ဝတ်တန်ဆာတွေလုပ်တဲ့ အဲ့အရူးတွေလို လူမျိုးလို့ ထင်နေတာလား”
ဝမ်ရှန်း၏ မေးခွန်းအား ကြားလိုက်ရသည့် အချိန်တွင် ဆိုင်ရှင် အမျိုးသမီး၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ဝမ်ရှန်းသည် သူမ၏မျက်နှာ အမူအရာအား မမြင်ရသော်လည်း သူမက ထိုပုံစံဖြစ်နေမည် ဆိုတာကိုတော့ သူ တွေးကြည့်၍ ရပေသည်။
“ချပ်ဝတ်တန်ဆာ ဆရာက လုပ်မယ်ဆိုပေမယ့် သေချာပေါက် သူ့တစ်ယောက်တည်း မဟုတ်ဘူးပေါ့ဟ။ သူ့ကို ကူညီပေးမယ့် အစီအရင်ဆရာ ရှိနေတာပဲ”
သူမ၏ ဆိုလိုရင်းအား ဝမ်ရှန်း နားမလည်ကြောင်း မြင်လိုက်ရသည့် အချိန်တွင် ဆိုင်ရှင် အမျိုးသမီးမှ ရိုးရိုးရှင်းရှင်းရှင်း ပြန်ပြော လိုက်သည်။
“ချပ်ဝတ်တန်ဆာမှာ ဆောင်းရာသီမှာ နွေးအောင်နဲ့ နွေရာသီမှာ အေးအောင် လုပ်ပေးမယ့် အစီအရင် ပါမှာပဲ၊ ပြီးတော့ အကာအကွယ် အစီအရင်လည်း ပါမှာပဲ။ နင် အဲဒါကို ဝတ်တဲ့ အချိန်ကျရင် နင့်ရဲ့ဝိညာဉ် စွမ်းအားကိုသုံးပြီး အစီအရင်ကို အသက်သွင်း လိုက်ရုံပဲ”
ထိုရှင်းပြချက်ကြောင့် ဤချပ်ဝတ်တန်စာမှာ ကောင်းမွန်သည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း ဝမ်ရှန်း ချက်ချင်း နားလည် သွားခဲ့သည်။ ထိုချပ်ဝတ်တန်ဆာသည် ခန္ဓာကိုယ် ချပ်ဝတ် တန်ဆာကဲ့သို့ ပူမည် မဟုတ်သည့်အပြင် ကိုယ်ပိုင် အကာအကွယ် အစီအရင်လည်း ရှိနေသေး၏။ ထိုပစ္စည်းမျိုးသည် သေချာပေါက် ကောင်းမွန်သည့် ပစ္စည်းတစ်ခုပင် ဖြစ်သည်။
“ငါ ကုန်ကြမ်းရယ် ပုံစံရယ်တွေ ပေးမယ်၊ ငါ့ကို အတွင်းအပြင် အဝတ်အစားနဲ့ ဖိနပ်တွေရအောင် လုပ်ပေး”
ဝမ်ရှန်းမှ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“နောက်ပြီး လုပ်ကြံသူတွေက ဘယ်သူတွေလဲ ဆိုတာအပြင် အဆင့်မြင့် ဝိညာဉ်တွေရဲ့ ထူးခြားတဲ့ လက္ခဏာနဲ့ အပြောင်းအလဲတွေ အကြောင်း စာရွက်စာတမ်းလည်း လိုချင်တယ်။ အဲ့လိုဆိုရင် ငါ မင်းကို ဆားသန့်စင်တဲ့နည်း ပေးမယ်”
“တကယ်လား”
ထိုဆိုင်ရှင် အမျိုးသမီးသည် ဝမ်ရှန်းမှ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် သူမက ဒီထက်ပိုပြီး ပေးရဦးလိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်၏၊ သို့သော် အခြေအနေသည် ရိုးရိုးရှင်းရှင်းပင် ပြီးသွားခဲ့၏။
ထိုအခိုက်အတန့်မှာပင် ဝမ်ရှန်း၏ စကား အဆုံး၌ ထပ်ပေါင်း ထည့်လိုက်သည့် တောင်းဆိုချက်က တစ်ခုခု ထူးခြားနေကြောင်း သူမ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမသည် အလျင်အမြန်ပင် –
“ဘယ်လို သတင်းမျိုး လိုချင်တာလဲ”
“ကြယ်ခုနစ်ပွင့်အထက် ရှေးဝိညာဉ်တွေရဲ့ အမျိုးအစားနဲ့ ထူးခြားတဲ့ လက္ခဏာတွေ၊ ပြီးတော့ အဲ့ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့တဲ့ လူတွေက ဘယ်လိုတွေ စွမ်းအား ကြီးမားခဲ့လဲ ဆိုတာလည်း သိချင်တယ်။ ဝိညာဉ်တစ်ခုချင်းစီ အတွက် ကိုယ်စားပြုမယ့် လူရှိရင်တော့ အကောင်းဆုံးပဲပေါ့”
ဝမ်ရှန်းသည် သူလိုအပ်သည့် အသေးစိတ် အကြောင်းအရာများနှင့် သူ အမှန်တကယ် လိုချင်သည့် အရာကို အတတ်နိုင်ဆုံး အရှင်းလင်းဆုံး ပြောပြလိုက်သည်။ ထိမ်ချန်ထားခြင်းက တစ်ဖက်လူသည် သူ၏ရည်ရွယ်ချက် အစစ်အမှန်ကို သိမည် မဟုတ်ပေ။
“ကိုယ်စားပြုပေးမယ့် လူတွေ အတွက်က … အဲ့လိုလူတွေ မရှိမှာကိုတော့ စိုးမိတယ်”
ဆိုင်ရှင် အမျိုးသမီးသည် အချိန်အတော်ကြာ တွေးပြီးသည့်နောက် ဝမ်ရှန်း၏ တောင်းဆိုချက်ထဲ၌ လှည့်ကွက်များ ပါဝင်နေသည်ဟု သူမ မထင်ပေ။ သို့သော် ပိုပိုလိုလို ကြိုရှင်းပြ ထားလိုက်၏။
“တချို့က သေရင် သေသွားလောက်ပြီ။ တချို့ကျတော့ ခန့်မှန်းချက်လောက်ပဲ သိနိုင်တယ်၊ သူတို့ရဲ့ ဝိညာဉ်က အဆင့်မြင့်ဝိညာဉ် ဟုတ်မဟုတ်ကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး”
“သေသွားတဲ့ လူတွေကိုလည်း စာရင်းထဲ ထည့်လို့ရတယ်။ ဒါပေမယ့် သူတို့ အသက်ရှင် နေတုန်းက ဘယ်လောက်ထိ စွမ်းအားကြီးခဲ့လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပေး”
ဝမ်ရှန်းသည် တောင်းဆိုချက်ကို အနည်းငယ် လျှော့ချကာ ဆိုင်ရှင်အမျိုးသမီး ပြန်ဖြေလာမည့် စကားကို စောင့်နေလိုက်သည်။
“ရတယ်”
ယခုတစ်ကြိမ်တွင် ဆိုင်ရှင် အမျိုးသမီးသည် ဘာမှထပ်မပြောခဲ့ပေ၊ ခေါင်းသာ ညိတ်လိုက်၏။
“ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ချပ်ဝတ် တန်ဆာလုပ်ဖို့ နင် ဖိတ်မယ့်ဆရာကို ငါနဲ့ပေးတွေ့ပေး။ ဘာတွေလိုလဲ ဆိုတာကို ငါကိုယ်တိုင် ပြောချင်တယ်”
ဝမ်ရှန်းသည် တောင်းဆိုချက် မမည်သော အခြားတောင်းဆိုချက် တစ်ခုကို ပြောလိုက်သည်။ သူသည် ထိုအရာကို မဖြစ်မနေရဟု ပြောခဲ့ခြင်း မဟုတ်ပေ။
“အဲဒါမှ သူက မလုပ်တတ်ဘူးဆိုရင် လုပ်တတ်တဲ့ လူကိုရှာရမှာ။ ငါ့တောင်းဆိုချက်ကို အရင် နားထောင်ခိုင်းပြီးမှ လုပ်နိုင်မလုပ်နိုင် ပြောကြည့် ခိုင်းရမှာပဲ”
“ကောင်းပြီ”
ထိုအရာသည် ပြဿနာ မဟုတ်၊ စိတ်အနှောင့်အယှက် ဖြစ်စရာပင် မဟုတ်ပေ။ ဆိုင်ရှင် အမျိုးသမီးမှ အပိုစကား တစ်ခွန်းမှ မပြောဘဲ ချက်ချင်း သဘောတူ လိုက်သည်။
“ငါ တောင်းဆိုထားတဲ့ ပစ္စည်းတွေ ငါ့ရှေ့ရောက်လာတဲ့ အချိန်အထိ စောင့်”
ဝမ်ရှန်းမှ ဆိုင်ရှင်အမျိုးသမီးအား ပြုံးပြကာ ပြောလိုက်၏။
“ပြီးတော့ ငါ့ဒဏ်ရာတွေ သက်သာသွားရင် အဲ့ဆားသန့်စင်တဲ့ နည်းကို ငါကိုယ်တိုင် နင့်ကိုရေးပေးမယ်”
ထိုပုံစံဖြင့်ပင် ရိုးရှင်းသည့် အပေးအယူ တစ်ခု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဆိုင်ရှင် အမျိုးသမီးသည် အလွန် ကျေနပ်စွာဖြင့် ထွက်ခွာ သွားလိုက်၏။ သူတို့နှစ်ယောက် ယခုလေးတင် ပေါ့ပါးသည့် စကားဝိုင်းတစ်ခု ပြောဆိုခဲ့ကြောင်း မည်သူမှ မသိပေ။ သို့သော် ထိုစကားဝိုင်းသည် တိုင်းပြည် စီးပွားရေးနှင့် လူများ ပတ်သက်သည့် ကြီးမားသော စီးပွားရေးကို ဆုံးဖြတ်ချက်ချသည့် စကားဝိုင်းပင်ဖြစ်သည်။
ဆိုင်ရှင် အမျိုးသမီးနှင့် ဝမ်ရှန်းတို့ စီးပွားရေး အကြောင်း ဆွေးနွေးနေကြသည့် အချိန်တွင် ရတနာစံအိမ်မှ အစေခံ နှစ်ယောက်သည် ဝမ်ရှန်း၏ အခန်းအတွင်းမှ ထွက်ကာ အခန်းအပြင်၌သာ စောင့်ကြပ် နေကြ၏။ ဆိုင်ရှင်အမျိုးသမီး ထွက်သွားသည့် အချိန်မှသာ သူတို့သည် ဝမ်ရှန်း၏အခန်း အတွင်းသို့ ပြန်ဝင် လာလိုက်ကြ၏။
တစ်ခုရှိသည်မှာ ဝမ်ရှန်းသည် ဆိုင်ရှင်အမျိုးသမီး၏ နာမည်ကို ယခုအချိန်အထိ မသိသေးခြင်း ဖြစ်သည်။ သူမ၏မျိုးရိုး နာမည်က ဘာလဲဆိုတာပင် ဝမ်ရှန်း မသိပေ။ သူမသည် ဆွဲဆောင်မှု ရှိသော မျက်ဝန်းများနှင့် မျက်နှာကို အချိန်ပြည့် ခြုံလွှာဖြင့် ကာထားသည့် အမျိုးသမီး တစ်ယောက်သာ ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် သူမက လူအုပ်အတွင်း၌ ရှိနေမည် ဆိုလျှင်ပင် သူ သူမကို သေချာပေါက် မှတ်မိလိမ့်မည်မှာ သေချာပေသည်။
ထိုဆိုင်ရှင်အမျိုးသမီး ပြန်သွားပြီးနောက် ဝမ်ရှန်းသည် အချိန်အတော် ကြာအောင် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့၏။ ထို့နောက် နေ့လယ်ပိုင်းတွင် ဝမ်ရှန်းသည် သူ့အိမ်ပေါက်ဝသို့ ရောက်လာသည့် ဧည့်သည် နောက်တစ်ဉီးကို ထပ်မံ ကြိုဆိုရပြန်သည်။
တော်ဝင်ရတနာ စံအိမ်မှ လုဝမ်ဟုန်နှင့် လင်းအာတို့ ရောက်လာခဲ့ခြင်းပင်။ သူတို့နှင့်အတူ အစေခံအချို့လည်း ပါလာပေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ လုဝမ်ဟုန်သည် သူ လာသည့် အချိန်တွင် ဝမ်ရှန်း ပန်းပဲဖို၌ မှာယူထားသည့် ချက်ပြုတ်ရေး မီးဖိုချောင်သုံး ပစ္စည်းများကိုပါ တစ်ပါတည်း ယူလာခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်း လုပ်ကြံခံရသည့် အချိန်၌ ဒူးလေးအား ခုခံကာကွယ်ရန် အသုံးပြုခဲ့သည့် အပေါက်ဖြစ်သွားသာ ဟော့ပေါ့အိုးကိုပင် ပြန်လည် ပြုပြင်ပြီး အရောင်တင်ကာ ယူလာခဲ့ပေသည်။
ထို့အပြင် ပန်းပဲဖိုပိုင်ရှင် တကျူးဇီသည် လုဝမ်ဟုန်အား ဝမ်ရှန်းအတွက် ရွှေဒင်္ဂါးများ မပါအဖြစ် ယူလာပေး စေခဲ့သည်။ ကြည့်ရသည်မှာ ဝမ်ရှန်းသည် သူ ဈေးဝယ်ရာ၌ ရွှေဒင်္ဂါးများ ပြန်ရသည်မှာ သူ့အတွက် စည်းမျဉ်း တစ်ခုလို ဖြစ်နေဟန်ပင်။
“ဒါတွေက ကြည့်ရတာ ချက်ပြုတ်တဲ့ နေရာမှာ သုံးဖို့အတွက် ထင်တယ်”
လုဝမ်ဟုန်မှ ဝမ်ရှန်းအား နှုတ်ဆက်မေး မေးလိုက်သည်။ ထို့နောက် ဝမ်ရှန်း ကိုယ်တိုင် မှာယူထားသည့် မီးဖိုချောင်သုံး ချက်ပြုတ် ပစ္စည်းများအပေါ် စကားလမ်းကြောင်း လွှဲကာ –
“ဒီနေရာမှာ ငါ မင်းကို ဘယ်လောက်မှ များများစားစား မကူညီပေးနိုင်ဘူး၊ အဲဒါကြောင့် မင်းအတွက် စားဖိုမှူး တချို့ပဲ ခေါ်လာခဲ့လိုက်တယ်။ မင်းက ဒဏ်ရာ ရနေတာဆိုတော့ ချက်ပြုတ်ဖို့က မသင့်တော်ဘူးလေ။ အဲဒါကြောင့် မင်း စားချင်တာရှိရင် သူတို့ကို ပြောပြီး လုပ်ခိုင်းလိုက်လို့ ရတယ်။ သူတို့ကို တချို့နေရာတွေမှာ ထောက်ပြမယ် ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့။ အဲ့လိုဆိုရင် နောက်ကျရင် ငါလည်း အစားကောင်း အသောက်ကောင်း စားရတာပေါ့”
ရောက်လာသည်နှင့် စီးပွားရေးအကြောင်း တန်းပြောသည့် ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးနှင့် ကွဲပြားစွာပင် လုဝမ်ဟုန်သည် ဝမ်ရှန်းအား သူငယ်ချင်း တစ်ယောက် အနေဖြင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်း နေမကောင်းစဉ်၌ အစားအသောက် စီစဉ်ပေးရန် အတွက်ပင် လူများ ခေါ်လာခဲ့သေး၏။ ဟုတ်ပါသည်၊ ထိုမီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုသည့် နည်းလမ်းအား သင်ကြားပေးရန် အတွက် ဝမ်ရှန်းအား တောင်းဆိုရန် သူ့ထံ၌ အခွင့်အရေး မရှိပေ။
ဝမ်ရှန်း ကိုယ်တိုင် မှာယူသည့် သီးသန့် ပစ္စည်းများက အသုံးမဝင်ဘဲ နေလိမ့်မည် မဟုတ်ချေ။ ထိုအချက်သည် ဝူရုံမြို့တွင်းရှိ လူများအားလုံး တညီတညွတ်တည်း သဘောတူကြသည့် အချက်ပင်ဖြစ်၏။ တော်ဝင်ရတနာ စံအိမ်မှ စားဖိုမှူး နှစ်ယောက်သာ ထိုပစ္စည်းများ အသုံးပြုပုံကို အခြားသူများထက် ကြိုပြီး သိထားခဲ့မည် ဆိုလျှင် ထိုအရာသည် တော်ဝင်ရတနာ စံအိမ်အတွက် များစွာ အကျိုးရှိ ပေလိမ့်မည်။
ဤနေရာတွင် လုဝမ်ဟုန်သည် သက်သောင့်သက်သာ ရှိလှသည်။ သူသည် သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ် ထားမနေပေ၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။ သို့သော် သူသည် စီးပွားရေးဆန်ဆန် ပြောခဲ့ခြင်း မဟုတ်ဘဲ သူငယ်ချင်းအား ဂရုစိုက်ပေးသည့် ပုံစံမျိုးဖြင့် ပြောခဲ့ခြင်းဖြစ်၏။
အစမှအဆုံးထိ လင်းအာက ဝမ်ရှန်းအား မျက်နှာသာ မပေးခဲ့ခြင်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် ဝမ်ရှန်းနှင့် လုဝမ်ဟုန်တို့ကြားမှ ဆက်ဆံရေးကို အဖုအထစ် ကင်းသည်ဟု ပြော၍ ရပေသည်။
ဟုတ်ပါသည်၊ မည်သည့်အရာမှ ပြီးပြည့်စုံသည်ဟူ၍ မရှိပေ။ ထို့ကြောင့် လုဝမ်ဟုန်သည် ဝမ်ရှန်းအိမ်မှ ထွက်လာသည့် အချိန်တွင် အနည်းငယ်လည်း စိတ်မကောင်း ဖြစ်မိသွားပေသည်။
***