အပိုင်း ၁၄၃
အမျိုးသမီးဆိုင်ပိုင်ရှင်အား နှုတ်ဆက်ခြင်း (၂)
ဝမ်ရှန်း မျက်လုံး ဖွင့်လိုက်သည့် အချိန်တွင် ခြုံထည်ဖြင့် မျက်နှာအား ဖုံးအုပ်ထားဆဲ ဖြစ်သည့် အမျိုးသမီး ဆိုင်ပိုင်ရှင်အား တွေ့လိုက်ရသည်။ သူမသည် သူနှင့် သိပ်မဝေးသည့် နေရာ၌ ထိုင်နေကာ သူ့အား ကြည့်နေခြင်းဖြစ်၏။
ဝမ်ရှန်း တဒင်္ဂ ကြောင်အ သွားပြီးနောက် ရယ်မောလိုက်၏။ သူမ ဤနေရာသို့ ရောက်လာသည်မှာ တကယ်ပဲ မထူးဆန်းသည့် အရာတစ်ခု ဖြစ်သည်။ အစေခံနှစ်ယောက်သည် ရတနာစံအိမ်မှ စီစဉ်ပေးထားသည့် လူများဖြစ်လေရာ အမျိုးသမီး ဆိုင်ပိုင်ရှင်သည် ဤနေရာသို့ သိုသိုသိပ်သိပ် ရောက်လာနိုင်ရန် အတွက် သိပ်ပြီး ခက်ခဲလှမည် မဟုတ်ချေ။
“ဘာရယ်တာလဲ”
ဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဒေါသ ထွက်နေဟန်ရှိ၏။ သူမသည် ဒေါသတကြီးဖြင့်-
“ဝူရုံမြို့ထဲမှာ နင်က တော်တော်ကို ကြီးပွားချမ်းသာပြီး ကောင်းကောင်း လုပ်နိုင်နေတာပဲ… မြို့အရှင်စံအိမ်က အိမ်တော်ထိန်းနဲ့တောင် အစ်ကိုကြီးတွေ ညီလေးတွေ ခေါ်နေပြီ။ ကံဆိုးတာက ငါတို့ ရတနာစံအိမ်မှာက နင်ကြိုက်တဲ့ ခြေတံရှည် အလှလေးတွေ မရှိနေတာဘဲ။ အဲဒါကြောင့် နင့်အတွက် စိတ်တော့ မကောင်းပါဘူး၊ မကောင်းတဲ့အကောင်”
သူမသည် ဝမ်ရှန်းအား လှောင်ပြောင်ရန် အကောင်းဆုံး ကြိုးစားနေခြင်း ဖြစ်၏၊ သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ပျံ့နှံ့နေခဲ့သည့် ခြေတံရှည် အမျိုးသမီးများ အကြောင်း ပြောကာ ဝမ်ရှန်း၏ ဂုဏ်သိက္ခာအား လှောင်ပြောင် နေခဲ့သည်။ ဤအမျိုးသမီး ဆိုင်ပိုင်ရှင်သည် အလွန်ကို မပျော်မရွှင် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။
“ရပါတယ်”
ဝမ်ရှန်းမှ လူယုတ်မာ အပြုံး ပြုံးကာ “ခြေတံရှည်ရှည်လေးတွေ မရှိလည်း ရပါတယ်၊ ငါက ရင်သားကြီးပြီး ခါးသေးတဲ့ ကောင်မလေးတွေကိုလည်း ကြိုက်ပါတယ်”
သူ အမျိုးသမီး ဆိုင်ပိုင်ရှင်အား ကြည့်ကာ ပြုံးလိုက်သည်။
အမျိုးသမီးဆိုင်ရှင်၏ မျက်လုံးများထဲတွင် ရုတ်တရက် မီးပွင့်များ ပေါက်ကွဲ ထွက်သွားသည်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းသည် အလွန် လှပ၏။ အထူးသဖြင့် သူမ၏ ရင်ဘတ်ပေါ်မှ ရင်မွှာနှစ်စုံပင် ဖြစ်သည်။ ထိုအရာသည် သူမအား အမြဲတမ်း ဂုဏ်ယူစေခဲ့သလို အနှောင့်အယှက်လည်း ဖြစ်စေခဲ့သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းက သူမအား ကြည့်ကာ ထိုကဲ့သို့ ပြောလာသည့် အတွက်ကြောင့် သူမသည် ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း။
သို့သော် ထိုဒေါသထွက်သည့် အမူအရာသည် တစ်ခဏသာ ကြာမြင့်ပြီး သူမ၏ မျက်လုံးများကို မှိတ်ကာ ပြန်ဖွင့်လိုက်သည့် အချိန်တွင် ထိုဒေါသ အရိပ်အယောင်များ ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် သူမသည် ဆွဲဆောင်မှုရှိစွာ ပြုံးလျက် ဝမ်ရှန်းအား ကြည့်လိုက်ပြီး –
“နင် ကြိုက်တယ်ဆိုရင် နင်ကြိုက်တဲ့ ရင်သားကြီးပြီး ခါးသေးတဲ့ ကောင်မလေးတွေကို ငါ နင့်ဆီ ပို့ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် ဝူရုံမြို့ထဲက ဟင်းခတ် အမွှေးအကြိုင် စီးပွားရေးကို နင် ငါ့ကိုပေးရမယ်၊ ဘယ်လိုလဲ”
“ရတယ်လေ”
ဝမ်ရှန်း ဘာကန့်ကွက်မှုမှ မပြောခဲ့ပေ၊ သူသည် ပွင့်ပွင့်လင်းလင်းပင် – “မင်း မြို့အရှင်စံအိမ်နဲ့ သွားဆွေးနွေးကြည့်ပေါ့၊ သူ သဘောတူတယ်ဆိုရင် ငါလည်း ကိစ္စမရှိပါဘူး”
ထိုစကားကြောင့် အမျိုးသမီး ဆိုင်ပိုင်ရှင်၏ မျက်နှာထက်မှ ဆွဲဆောင်မှုရှိသော အပြုံးသည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ် သွားခဲ့သည်။ သူမသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ ထိုခေါင်းစဉ် အကြောင်း ပြောသည်ကို ရပ်လိုက်၏။
ဝမ်ရှန်းသည် လာနှောက်နေခြင်းပင် ဖြစ်သည်။ မြို့အရှင်သာ သဘောတူနိုင်သည်ဆိုလျှင် သူမသည် ဝမ်ရှန်းနှင့် ဘာကိစ္စ စကား လာပြောနေတော့မည်နည်း။ အရင်ကတည်းက ဝမ်ရှန်းကို အဖက်မလုပ်ဘဲ နေနေခဲ့မည်သာ။
သို့သော် ထိုအေးစက်မှုသည် တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်သာ ကြာမြင့်ခဲ့သည်။ လျှပ်တစ်ပြက် အတွင်းမှာပင် ထိုအမျိုးသမီး၏ မျက်လုံးများ အတွင်း၌ ညှို့ဓာတ်များ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့၏။
လှပသည့် မျက်ဝန်းများသည် ရုတ်တရက် နူးညံ့လာကာ အရောင် တလက်လက် တောက်ပလာခဲ့သည်။ သူမ၏ ထိုမျက်လုံးများကို မြင်လိုက်ရသောအခါ ဝမ်ရှန်း လန့်သွားခဲ့ရသည်။ သူမ၏ မျက်နှာကို ခြုံလွှာဖြင့် ဖုံးထားသော်လည်း မျက်လုံးများသည်ပင် ဤမျှအထိ ဆွဲဆောင်မှု ရှိနေပြီဖြစ်၏။ ခြုံလွှာကိုသာ ဖယ်လိုက်မည်ဆိုလျှင် သူမသည် မည်မျှပင် ရင်ဖိုစရာ ကောင်းနေလိမ့်မည်နည်း။
“ဟင်းခတ် အမွှေးအကြိုင် စီးပွားရေးက စီးပွားရေးကြီး တစ်ခုပဲ၊ အဲဒါကြောင့် ဒီကောင်မလေး ဝင်မပါတော့ပါဘူး”
ပြောရင်းဆိုရင်း ဆိုင်ပိုင်ရှင် အမျိုးသမီးမှ ဝမ်ရှန်းနား ကပ်လာလေသည်။ သူမ၏ ခန္ဓာကိုယ်မှ မွှေးပျံ့သည့် ရနံ့သည် ဝမ်ရှန်း၏ နှာခေါင်းထိပ်၌ လာရောက် ကလူကျီစယ် နေသည်။
“ဒါပေမယ့် မြို့အရှင်က တစ်ခုခု မေ့နေတယ် ဆိုတာကို ဒီကောင်မလေး သတိထားမိခဲ့တယ်”
ထိုအမျိုးသမီးသည် ဝမ်ရှန်း၏ မျက်နှာအား ညှို့ငင်စွာ ကြည့်ကာ ဝမ်ရှန်း တစ်ခုခုများ ထူးခြားသွားလား ဆိုတာကို မျက်ဝန်းနက်တို့ဖြင့် အကဲခတ် နေခဲ့၏။ ဟုတ်ပါသည်၊ ဝမ်ရှန်းသည် မည်သည့် အရိပ်အယောင်ကိုမှ ပြမည်မဟုတ်ပေ။ သူသည် ထိုအမျိုးသမီးအား တည်ငြိမ်စွာသာ ကြည့်နေခဲ့၏။
အမျိုးသမီးသည် ဤနည်းလမ်း သုံးကာ သူ့အား ဖြားယောင်းသည်ဆိုလျှင် ခြုံလွှာခြုံထားသည့် သူမသည် အလွန် ရင်ခုန်စရာ ကောင်းကာ သူမ၏ အဆင့်အတန်းကလည်း စိတ်လှုပ်ရှားစရာ ကောင်းကြောင်း ဝမ်ရှန်း ဝန်ခံပေသည်။ သို့သော် သူမ စကားပြောသည့် ပုံစံသည် အနည်းငယ် ဆိုးဝါးနေလေ၏။ မဆိုစလောက်လေး ဆိုးရွားသည်ဟု ပြောလည်း ရပေသည်။ သို့သော် သူမသည် ဝမ်ရှန်း၏ စိတ်နှလုံး အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။
“ဘာမေ့နေလဲ ပြောပါဉီး..”
သူမ၏ပုံစံကြောင့် ဝမ်ရှန်းမှာ ရယ်မောလိုက်၏။ သို့သော် ရယ်လိုက်သည့် အတွက်ကြောင့် သူ၏ရင်ဘတ်မှ ဒဏ်ရာအား နောက်တစ်ကြိမ် ထိမိသွားကာ သူသည် နာကျင်စွာ ပြုံး၍သာ မေးလိုက်၏။
“ဆား”
အမျိုးသမီး ဆိုင်ရှင်မှ သူမ၏ ရည်ရွယ်ချက်ကို တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။
“အဲ့အသားနပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲဒါတွေက တကယ်ပဲ အရသာရှိပါတယ်၊ ဒါပေမယ့် အဲ့ဟင်းခတ် အမွှေးအကြိုင်တွေအပြင် ဆားလည်း ပါသေးတယ်။ မြို့အရှင်က အဲ့အချက်ကို သတိမထားမိခဲ့ဘူး။ ဒါပေမယ့် ဒီကောင်မလေးက သတိထားမိခဲ့တယ်။ သန့်စင်ပြီးသားဆား စီးပွားရေး သေးသေးလေးကို ရတနာစံအိမ်ဆီ လွှဲပေးလို့ ရမလား”
“ငါ့အတွက်က ဘာပြန်ရမှာလဲ”
ဝမ်ရှန်းသည် လက်ခံ၏၊ မလက်ခံ၏ မပြောဘဲ အခြေအနေအား အရင်ဆွေးနွေးရန် အတွက် ပွင့်ပွင့်လင်းလင်းသာ မေးလိုက်သည်။
“နင်လိုချင်တဲ့ အချောအလှလေးတွေ ပေးမယ်။ နင် ခြေတံရှည်လေးတွေ လိုချင်တယ်ဆိုရင် ခြေတံရှည်လေးတွေ ရမယ်၊ ကြီးကြီးမားမား အကိတ်တွေ လိုချင်တယ် ဆိုရင်လည်း အကိတ်တွေရမယ်၊ ဘယ်လိုလဲ”
ထိုအမျိုးသမီးမှ သူမ အခြေအနေအား ကမ်းလှမ်း လိုက်သည်။
“ထားလိုက်စမ်းပါ”
ဝမ်ရှန်းသည် တကူးတကကြီး ခေါင်းခါချင်စိတ်ပင် မရှိပေ။ သူသည် တဲ့တိုးသာ ငြင်းလိုက်၏။
“ငါ့အတွက် မိန်းမလှလေးတွေကို ထိန်းသိမ်းထားဖို့ ဆိုတာက တော်ပြီ၊ ပင်ပန်းတယ်… ပြီးတော့ တစ်ယောက်ယောက်ကသာ ပိုက်ဆံတွေ အများကြီးနဲ့ ခန်းဝင်ပစ္စည်းတွေ အများကြီးနဲ့ ထိုက်တန်တယ်လို့ မထင်ဘူးလား”
စကားပြောနေစဉ်တွင် ဝမ်ရှန်းသည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အား အထက်အောက် စုန်ချည်ဆန်ချည် ကြည့်နေခဲ့သည်။ အထူးသဖြင့် ထိုအမျိုးသမီး၏ ရင်သားများကို ပိုမိုစူးစိုက်စွာ ကြည့်နေခြင်း ဖြစ်၏။ သူ၏မျက်လုံးများသည် ထိုအမျိုးသမီး၏ အဝတ်အစားများအား ဖောက်ထွင်း မြင်နေရသကဲ့ပင်ဖြစ်၏။
ဝမ်ရှန်း၏ ခက်ထန်သော စူးရှရှ အကြည့်ရိုင်းများ၏ စုန်ချည် ဆန်ချည် ကြည့်နေမှုကို ခံလိုက်ရသောအခါ ထိုအမျိုးသမီး ပိုင်ရှင်သည် သူမသည် ဝမ်ရှန်းရှေ့၌ အဝတ်ဗလာဖြင့် ထိုင်နေရသည့်အလား ခံစားလိုက်ရသည်။ ချက်ချင်းပင် သူမ၏မျက်နှာ ရဲတက်သွားကာ သူမလက်ဖြင့် သူမ၏ရင်ဘတ်ကို အလိုအလျောက် ကာလိုက်၏။
ထပ်တစ်ဖန် ဝမ်ရှန်းအား မော့ကြည့် လိုက်ချိန် ဝမ်ရှန်း၏ ပြီတီတီအပြုံးအား မြင်လိုက် ရသောအခါ အမျိုးသမီးပိုင်ရှင် အစွမ်းကုန် ဒေါသထွက် သွားခဲ့သည်။ သူမသည် သူမ၏ရင်ဘတ်ကို ဖုံးထားသည့် လက်အား ဖယ်လိုက်ပြီး ရင်ဘတ်ကို တမင်သက်သက် ကော့ကာ ရန်စသည့် အပြုံးဖြင့် နှာခေါင်းရှုံ့ လိုက်၏။ သို့သော် သူမ၏ အပြုအမူကြောင့် ဝမ်ရှန်း၏ မျက်လုံးများက မည်မျှပင် မျက်စိပသာဒ ဖြစ်သွားလိုက်ရလဲ ဆိုတာ သူမ မသိပေ။
“အတွေးကတော့ ကောင်းသားပဲ၊ မြေခွေးလိုကောင်”
ထိုသို့ပြောကာ အမျိုးသမီးဆိုင်ရှင်မှ ဆတ်ခနဲ တစ်ဖက်သို့ လှည့်လိုက်သည်။
“မကောင်းပါဘူး၊ ငါက ဘာကိစ္စမင်းကို ကတိပေးရမှာလဲ”
သူမ၏စကားကို ဝမ်ရှန်း ဒေါသမထွက်ခဲ့ပေ။ သူ ပျင်းရိပျင်းတွဲဖြင့် –
“မင်းက ငါ့အပိုင် မဟုတ်ဘူး။ ဘာပဲပြောပြော စုန့်ရန်က အမြဲတမ်း သူမကိုယ်သူမ ငါ့သတို့သမီးလောင်းလို့ ပြောနေတာပဲ”
“နင် ဆားကို ငါတို့ ရတနာစံအိမ်ဆီ ရောင်းပေးမယ်ဆိုရင် ငါတို့က နင့်ကို နှစ်ဆပိုပေးမယ်လို့ အာမခံတယ်၊ အဲဒါဆိုရင်ရော ဘယ်လိုလဲ”
အမျိုးသမီးဆိုင်ရှင်မှ တစ်ဖက်သို့ လှည့်ရင်း ခက်ထန်စွာ ပြောလိုက်၏။ ဤရွေးချယ်မှုသည် လွတ်လပ်စွာ ရွေးချယ်နိုင်သည့် ရွေးချယ်မှုဖြစ်သည်။ ရလဒ်သည် ဝမ်ရှန်း သဘောတူမတူ ပေါ်သာ မူတည်၏။
“ငါက ရွှေဒင်္ဂါး အများကြီးကို ဘာလုပ်ဖို့ လိုမှာလဲ”
ထိုကမ်းလှမ်းချက်ကို ကြားသော အခါတွင်လည်း ဝမ်ရှန်းသည် စိတ်ဝင်စားဟန် မရှိသေးပေ။ သူသည် ပျင်းရိပျင်းတွဲသာ ပြန်မေးလိုက်၏။
“ငါ့မှာ ရွှေဒင်္ဂါးတွေ မရှိဘူးလို့ မင်း ထင်နေတာလား”
ဆိုင်ရှင်အမျိုးသမီးမှ တစ်ခဏမျှ ပြောစရာ စကားများ ဆွံ့အသွားခဲ့သည်။ ယခုရက်ပိုင်း ဝူရုံမြို့အတွင်း၌ ဝမ်ရှန်း၏ လုပ်ဆောင်မှုများသည် ပိုက်ဆံရှာရန် တကယ်ပဲ မခက်ခဲလှပေ။ ထိုကိစ္စများကို သူမသည် ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်အား သဘောတူအောင် လုပ်ရန် မည်သည့်အရာ ကမ်းလှမ်းရမည်ကို သူမ စဉ်းစား၍ မရတော့ချေ။
“နင့်ကိုလုပ်ကြံတဲ့ လူက ဘယ်သူလဲ ဆိုတာကို ငါ ကူပြီး ရှာပေးမယ် ဆိုရင်ရော”
တစ်ခဏ တိတ်ဆိတ် သွားပြီးနောက် ဆိုင်ရှင်အမျိုးသမီးမှ ရုတ်တရက် ထမေးလိုက်သည်။
“အဲဒါဆိုရင်တော့ ငါ တော်တော်ကို ကျေးဇူးတင်မိမှာပါ။ ဒါပေမယ့် ဒီသန့်စင်ပြီးသား ဆားကိစ္စထဲကို ငါ မင်းတို့ ရတနာစံအိမ်ကို ဝင်မပါစေချင်ဘူး”
ဝမ်ရှန်းမှ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ဘာလို့လဲ”
ဆိုင်ရှင်အမျိုးသမီးမှ ခေါင်းထောင်လာကာ နားမလည်နိုင်စွာ မေးလိုက်၏။
“ဘာလို့လဲဆိုတော့ မင်းတို့ ရတနာစံအိမ်က မဆိုးဘူး၊ အဲဒါကြောင့် ငါ မင်းတို့ကို အရှင်းမခံရစေချင်ဘူး”
ဝမ်ရှန်းမှ ပြန်ဖြေလိုက်သည်။
“မင်းတို့စီးပွားရေးက အေးချမ်းနေပြီ၊ ဒါပေမယ့် ဒီကိစ္စထဲ ဝင်ပါမယ်ဆိုရင် အဲဒါက မင်းတို့သေတွင်းကို မင်းတို့တူးလိုက်တာပဲ။ စီးပွားရေး လုပ်ငန်းကြီး လုပ်တာက အဆင်ပြေတယ်၊ ဒါပေမယ့် မင်းတို့ခေါင်းကို ပျောက်သွားစေနိုင်တဲ့ စီးပွားရေး လုပ်ငန်းမျိုးကိုတော့ မင်းတို့ လုပ်လို့ မရဘူး”
ဝမ်ရှန်းသည် သူ့ထံတွင် အခြား အတွေးများ မရှိပေ။ သူသည် စေတနာဖြင့် ပြောခြင်းသာဖြစ်၏။ ကမ္ဘာမြေပေါ်မှ တရုတ်ပြည် သမိုင်းကြောင်းထဲတွင် ဆားနှင့် သံစီးပွားရေး လုပ်ငန်းများသည် အမြဲတမ်း ပြည်နယ်၏ သီးသန့် ထိန်းချုပ်မှု အောက်၌ ရှိနေခဲ့သည့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။
ထိုအရာများသည် တိုင်းပြည် စီးပွားရေး၏ အသက်သွေးကြောနှင့် လူတန်းစားမျိုးစုံ၏ စားဝတ်နေရေး၌ အရေးပါသည့် အရာများဖြစ်သည်။ ထိုအရာများကို သာမန်စီးပွားရေး လုပ်ငန်းရှင်များက ဘယ်လိုလုပ် ထိန်းချုပ် နိုင်မည်နည်း။ ဝမ်ရှန်း ဤကမ္ဘာသို့ ရောက်ရှိလာသည့် အချိန်အထိ ဆားသည် ပြည်နယ်၏ အထူးသီးသန့် စီးပွားရေး ဖြစ်နေသေးပေသည်။ ဤကမ္ဘာအတွင်းတွင် ဤလိုပစ္စည်းမျိုးက ရိုးရှင်းပါမည်လော။
သို့သော် ဝမ်ရှန်း၏ စကားများက အကျိုးမရှိ ဖြစ်သွားသည်မှာ နှမြောစရာပင်။ ဆိုင်ရှင် အမျိုးသမီး၏ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ တဖြည်းဖြည်းချင်း ထွက်ပေါ် လာခဲ့သည်။ သူမ၏ပုံစံကို ကြည့်ခြင်းအားဖြင့် ဘာတွေပဲ ဖြစ်လာဖြစ်လာ သူမသည် ကြောက်စရာ ကောင်းသည့် အရာကို အမှန်တကယ်ပဲ ထိတွေ့ချင်ဟန် ပေါ်နေ၏။
***