Switch Mode

Chapter – 142

အမျိုးသမီး ဆိုင်ပိုင်ရှင်အား နှုတ်ဆက်ခြင်း (၁)

အပိုင်း ၁၄၂
အမျိုးသမီး ဆိုင်ပိုင်ရှင်အား နှုတ်ဆက်ခြင်း (၁)

ဝမ်ရှန်းသည် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့၏။ ရတနာစံအိမ်မှ ထပ်မံ စေလွှတ်ထားသည့် အစေခံ နှစ်ယောက်သည် ရိုးသားကြပေသည်။ သူတို့သည် ဝမ်ရှန်း၏ အခန်းအတွင်း၌သာ နေကြပြီး မည်သည့် အနှောင့်အယှက်မှ မပြုလုပ်ခဲ့ကြပေ။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်နယ်မြေ အတွင်း၌ ယခင်က မဖြစ်စဖူး ထူးကဲစွာ သက်ဝင် လှုပ်ရှားနေခဲ့၏။ ထောင်နှင့်ချီသည့် ချီဝမ်နဂါးများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းမှ ပို့လွှတ်သည့် ပြင်ပဝိညာဉ် စွမ်းအားများကို အားရပါးရ ဝါးမျိုနေကြသည်။

လင်ချွမ်းမြို့တွင် ရှိစဉ်က သူ၏ ချီဝမ်နဂါးများသည် ပထမဆုံး ကြီးမားသော တောင်ကို ဝါးမျိုပြီးသည့် အချိန်မှစ၍ ပြင်ပဝိညာဉ် စွမ်းအားများအား ဝါးမျိုရာ၌ မည်သည့် သက်ရောက်မှုမှ မရှိတော့ပေ။ ထို့ကြောင့် ဝမ်ရှန်းသည်လည်း သူတို့အား ခွင့်ပြုပေးထားလိုက်၏။

ယခုအချိန်တွင် ဝမ်ရှန်းသည် ထိုကြေးစားအဘိုးအို၏ တိုက်ခိုက်မှုကြောင့် သွေးအန်ကာ ဒဏ်ရာရရှိ ခဲ့ရသည်။ သို့ရာတွင် ဤအဖြစ်အပျက်သည် သူ၏ ချီဝမ်နဂါးများ အတွက်မူ ပြင်ပမှ စွမ်းအားများ ရရှိစေလေရာ ထိုစွမ်းအားများကို သူတို့သည် ကြီးမားသည့် ပါးစပ်များဖြင့် ဝါးမျိုနေကြသည်။

ကြေးစား အဘိုးအိုသည် ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်၏။ ယခင်က ဝမ်ရှန်းသည် တတိယအဆင့်နှင့် တတိယအဆင့်အောက် ဝိညာဉ်သခင်များ၏ တိုက်ခိုက်မှုများကိုသာ ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့် ဝိညာဉ်သခင်တစ်ယောက်၏ အော်ရာ တိုက်ခိုက်မှုများသည် သူ့ချီဝမ်နဂါးများ အတွက် ထူးဆန်းမှု တစ်ခုဖြစ်လာကာ သက်ဝင် လှုပ်ရှား စေလိမ့်မည်ဟု သူ မသိထားခဲ့ချေ။

ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဆိုသည်မှာ သူ၏ဝိညာဉ် စွမ်းအားက အနည်းဆုံး ပြောင်းလဲမှုအဆင့် ငါးခုနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်ကြောင်း ဆိုလိုခြင်းပင် ဖြစ်၏။ ထို့ကြောင့် သူ၏ဝိညာဉ် စွမ်းအားသည် အလွန်မြင့်မားကာ ပထမ၊ ဒုတိယ၊ တတိယအဆင့် ဝိညာဉ်သခင်များ၏ စွမ်းအားအဆင့်နှင့် ကွာခြားလှပေသည်။ ဤသည်မှာ ချီဝမ်နဂါးများ၏ ပြင်ပဝိညာဉ် စွမ်းအားများကို အားရပါးရ ဝါးမျိုနေသည့် အကြောင်း တစ်ခုပင်။

ဝမ်ရှန်း၏ ဒဏ်ရာများသည် တကယ်ကို ပြင်းထန်လှ၏၊ သို့သော် ချီဝမ်နဂါးများ၏ အားရပါးရ ဝါးမျိုမှုအောက်တွင် ဝမ်ရှန်းအား ဒဏ်ရာရစေသည့် ထူးဆန်းသော အော်ရာများ တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားနေကာ သူတို့အတွက် အစာအာဟာရများ ဖြစ်လာနေခဲ့သည်။

အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အတွင်းဒဏ်ရာများသည် ကုသရန် ခက်ခဲခြင်းက အဓိက မဟုတ်ပေ။ သို့သော် ထိုပြင်ပမှ အဆင့်မြင့် အော်ရာများ ခန္ဓာကိုယ် အတွင်း စုပုံလာခြင်းမှာ ပြဿနာဖြစ်၏။

ထိုပြင်းထန်သည့် အော်ရာများ ပျောက်ကွယ် သွားမှသာ ခန္ဓာကိုယ် ပြန်လည် သက်သာလာအောင် ပြုလုပ်၍ ရမည်ဖြစ်သည်။

ချီဝမ်နဂါး တစ်ကောင်းချင်း စီတိုင်းသည် အော်ရာ အမျှင်တန်း တစ်ခုစီကိုသာ မျိုချနိုင်၏။ သို့သော် ထောင်ကျော်သည့် ချီဝမ်နဂါးများသည် ထိုအော်ရာကို ဝါးမျိုစဉ်မှာပင် အစာကြေကာ ထပ်ခါ ထပ်ခါ ဝါးမျိုနေကြသည်။

နောက်တစ်နေ့ မနက်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် ပြင်ပအော်ရာများ ပျောက်ကွယ် သွားတော့သည်။ သူ၏ အသားအရောင်သည်လည်း ယမန်နေ့ည သူ အိပ်ရာ မဝင်ခင်ကထက် များစွာ တောက်ပခဲ့လေပြီ။

ထိုအခိုက်အတန့်၌ ဝမ်ရှန်း မမျှော်လင့်ထားသည့် ဧည့်သည် တစ်ယောက်အား တွေ့လိုက်ရသည်။ စုန့်ရန်၏ သစ္စာရှိ ဘဏ္ဍာထိန်း စုန့်လောင်ယုပင် ဖြစ်၏။

“ဒါကို ငါတို့ စုန့်မိသားစုက လုပ်တာ မဟုတ်ဘူး”

ဝမ်ရှန်းအား မြင်သည်နှင့် စုန့်လောင်ယုမှ ချက်ချင်းပင် ပြောလိုက်သည်။

ပြောရမည်ဆိုလျှင်၊ ဝမ်ရှန်း သူ၏မူလဝိညာဉ် တိုးတက်မှုဖြစ်စဉ် လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားမည်ကို တားမြစ်ချင်သည့် လူများထဲတွင် စုန့်မိသားစုသည် သံသယ အရှိခံရဆုံးပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် အဓိကအချက်များကို စုန့်ရန်နှင့် စုန့်လောင်ယုတို့ကိုသာ ပြောထားသောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်၊ သူတို့သည် ဝမ်ရှန်း သူတို့အား ပြောပြစဉ် အခါက သူတို့ ယုံကြည်မှု လုံးဝ မရှိခဲ့ကြပေ။ သို့သော် ဝမ်ရှန်းဘက်မှ ကြည့်မည်ဆိုလျှင် စုန့်ရန်နှင့် စုန့်လောင်ယုတို့သည် ထိုအကြောင်းကို သိသည် ဆိုမှတော့ သူတို့ အခြားသူများကို မသိစေချင်သည်မှာ ပုံမှန်ပင်ဖြစ်၏။

ထို့အပြင် စုန့်လောင်ယုသည် ယမန်နေ့ကမှ ဝူရုံမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အားလုံး၏ သံသယများသည် စုန့်မိသားစုပေါ်သို့ ကျရောက် သွားခဲ့တော့၏။ စုန့်မိသားစုမှ ဝူရုံမြို့သို့ ရောက်လာသည်နှင့် ဝမ်ရှန်း မတော်တဆမှု ဖြစ်ခဲ့သည်။ ဤအရာထက်ပိုပြီး တိုက်ဆိုင်သည့်အရာ ရှိနိုင်ပါတော့မည်လော…

ထို့ကြောင့် စုန့်လောင်ယုသည် မနက်စောစော၌ ရှင်းပြရန် ရောက်လာခဲ့ခြင်း ဖြစ်၏။ သူသည် မနေ့ည ကတည်းက လာခဲ့သော်လည်း ခြံပြင်၌ပင် သူ အတားဆီး ခံလိုက်ရ၏။

ဝမ်ရှန်းသည် ဒဏ်ရာ အပြင်းအထန် ရသောကြောင့် အနားယူနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်သည် ဝမ်ရှန်းနှင့် တွေ့ရန် သင့်တော်သည့် အချိန် မဟုတ်ပေ။ ထို့ပြင် စုန့်မိသားစုကသာ ဝမ်ရှန်းနှင့် တွေ့ဆုံရန် အတင်း ဝင်ရောက်ခဲ့မည် ဆိုလျှင် ထိုအရာသည် ဝူရုံမြို့ တစ်ခုလုံးအား စော်ကားလိုက်ရာ ရောက်ပေမည်။

ယခု ဝမ်ရှန်းနှင့် တွေ့ချိန်၌ပင် ဝမ်ရှန်း၏ အိမ်နီးနားချင်း ဟန်ဘင်းလီသည် သူ့နောက် တကောက်ကောက် လိုက်နေခဲ့လေသည်။ ဟန်ဘင်းလီသည် သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကာ စုန့်လောင်ယုသည် တတိယအဆင့်သာ ရှိသေးသည့် ဂျူနီယာ တစ်ယောက်လည်း ဖြစ်၏။ တစ်ခုခု မှားသွားသည်နှင့် ဟန်ဘင်းလီသည် စုန့်လောင်ယုအား ရေခဲတုံးအဖြစ် ချက်ချင်း ပြောင်းလဲပစ်မည် ဖြစ်သည်။

“ကျွန်တော်သိပါတယ်…”

ဝမ်ရှန်းသည် အိပ်ရာထက်၌ လှဲနေရင်းဖြင့် စုန့်လောင်ယုအား ပြန်ဖြေလိုက်သည်။ စုန့်ရန်က ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ဟု သူ တွေးမိလိုက်သည်။ စုန့်မိသားစု၏ လက်ရှိ အကြီးအကဲများကလည်း ထိုကဲ့သို့ လုပ်ရလောက်သည်အထိ အမြင် ကျဉ်းမြောင်းလိမ့်မည် မဟုတ်ပေ။

“ပထမအကြီးအကဲ ပြောတာ မင်းက ငါတို့ စုန့်မိသားစုရဲ့ သားမက်ပဲ တဲ့”

စုန့်လောင်ယုမှ တဲ့တိုးပင် ပြောလိုက်၏။ သူသည် သတင်းပေးရန် အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်ကျိုးအတွက် လာခဲ့ခြင်း မဟုတ်ပေ။ သို့သော် စုန့်မိသားစုတွင် စုန့်ရန်မှလွဲ၍ သူ့အပြင် ဝမ်ရှန်းအား စကားပြောသည့် လူမရှိပေ။ ထို့ကြောင့် စုန့်လောင်ယု တစ်ယောက်တည်းသာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“ပြီးတော့ အကြီးဆုံး မမလေးပြောတယ် မင်း ဝူရုံမြို့က ထွက်လာမယ့် နေ့ကို သူမ စောင့်နေတယ်တဲ့”

စုန့်လောင်ယုသည် စုန့်ရန်အပေါ်၌ အလွန်သစ္စာ ရှိပေသည်။ စုန့်မိသားစု အတွက်ကြောင့် မဟုတ်ဘူး ဆိုလျှင်တောင် စုန့်ရန်က သူ့အား အမှာစကား ပါးချင်သည့် တစ်ခုတည်း အတွက်ကြောင့်နှင့်လည်း သူ ဝူရုံမြို့သို့ လာမည်ဖြစ်၏။

ထိုစကားကို ဝမ်ရှန်းမှ ခေါင်းညိတ်ရုံသာ ညိတ်လိုက်သည်။ စုန့်ရန်၏ စကားများသည် ဝမ်ရှန်းအပေါ်သို့ အမှန်တကယ် ဘယ်လောက်မှ သက်ရောက်မှု မရှိခဲ့ပေ။ ဝမ်ရှန်းနှင့် စုန့်ရန်တို့၏ ဆက်ဆံရေးသည်လည်း ပြောရလောက်သည်အထိ ကောင်းမွန်သည် မဟုတ်ချေ။

စုန့်ရန်သည် သူက သူမ၏ သတို့သားလောင်း ဖြစ်သည်မှာ အကာအကွယ် အဖြစ်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် စုန့်မိသားစုသည် ထိုစကားကို အတည်ပြုကာ အခြေခိုင်ချင်နေခြင်း ဖြစ်၏။ သို့သော် ထိုမျှလောက် မလွယ်ကူပေ။

စုန့်လောင်ယုသည် အလွန် တဲ့တိုးဆန်လှ၏။ ထိုစကားများ ပြောပြီးသည်နှင့် သူသည် တစ်ဖက်သို့ လှည့်ကာ တန်းထွက်သွား လိုက်တော့၏။ စုန့်လောင်ယု၏ ပထမစကားသည် ဝမ်ရှန်းသည် မကျေနပ်ချက် ကြီးမားသည့် အခြားမိသားစု တစ်ခုအပေါ် သံသယများ ကျရောက် သွားစေခဲ့သည်။ ဟုတ်ပါသည် သိုက်မိသားစုပင်ဖြစ်၏။

သို့သော် ဝမ်ရှန်းသည် ထိုအကြောင်း စဉ်းစားနေရန်ပင် အချိန်မရလိုက်။ အဘယ်ကြောင့်ဆိုသော် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းသည် သူ့အိမ်အတွင်းသို့ ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ သူသည် စုန့်လောင်ယု ထွက်သွားသည်နှင့် ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိမ်တော်ထိန်းသည် တံခါးဘေး၌ နေကာ အတွင်းမှ လှုပ်ရှားမှု ပြောဆိုနေမှုများ အားလုံးကို နားထောင် နေသည်လားဟုပင် သံသယဝင် သွားမိသည်။

“အဲ့စုန့်မိသားစုက တော်တော်ကို အတွက်အချက် တော်တာပဲ။ မင်းက စုန့်မိသားစုရဲ့ သားမက်ဆိုတာကို သူတို့ ဝန်ခံလိုက်ပြီ ဆိုမှတော့ သူတို့ကို ဆွဲချပစ်မဲ့ သဘောသက်ရောက်တဲ့ လူသတ်သမားကို ဘာကိစ္စ လွှတ်တော့မှာလဲလို့ ပြောချင်တဲ့ သဘောပေါ့”

အိမ်တော်ထိန်းသည် သူ ခိုးနားထောင်ခဲ့ကြောင်းကို မဖုံးကွယ် ထားခဲ့ပေ။ ထို့ပြင် သူသည် ရှက်လည်း မရှက်ခဲ့ချေ။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ –

“ညီလေး၊ မင်း တခြားလူတွေကို အမြဲတမ်း သတိထားလို့တော့ ငါ မပြောနိုင်ဘူး။ ဒါပေမယ့် အားလုံးကိုတော့ မယုံနဲ့”

“ကျေးဇူးတင်ပါတယ် အစ်ကို၊ အ…”

ဝမ်ရှန်းမှ အိမ်တော်ထိန်းအား ပြုံး၍ ပြောလိုက်သည်။ သို့သော် ထိုသို့ ပြောလိုက်စဉ်မှာပင် သူ၏ရင်ဘတ်မှ ဒဏ်ရာအား နာကျင်သွားစေကာ ဝမ်ရှန်း နာကျင်စွာ ညည်းလိုက်၏။

“ရပါတယ် .. ရတယ်..”

အိမ်တော်ထိန်းသည် ဝမ်ရှန်းအား အထူးယဉ်ကျေးစရာ မလိုအပ်ကြောင်း လက်ဟန်ခြေဟန် ပြလိုက်၏။

“အေးဆေးနားလို့ ရတယ်။ မြို့တွင်းမှာ မင်းကို ဘယ်သူမှ ဘာမှ မလုပ်ရဲဘူး။ မင်းကို လုပ်ကြံခဲ့တဲ့ လူတွေက ဘယ်သူတွေလဲ ဆိုတာသိရင် ငါ မင်းကို ပြောလိုက်မယ်”

ဝမ်ရှန်း လုပ်ကြံခံရသည့် သတင်းသည် ဝူရုံမြို့တွင်း၌ တစ်ညလုံး ဂယက်ထ နေခဲ့သော်လည်း ထိုလုပ်ကြံသည့် လူများက မည်သူမည်ဝါဆိုပြီး မထွက်ပေါ်ခဲ့ပေ။ ဤအရာသည်လည်း ပုံမှန်ပင်ဖြစ်၏။ ကြေးစားအဆင့်သည် ပိုက်ဆံ အတွက်သာ သတ်မှတ်ထားခြင်း ဖြစ်၏။ သူတို့သည် ကြေးစားများ၏ မူလဇာစ်မြစ် အမှန်ကို ဘယ်လိုလုပ် မှတ်တမ်းတင် ထားမည်နည်း။ ဝမ်ရှန်းက နာမည်ကျော်ကြား နေခြင်းကြောင့်သာ သူ့အကြောင်း လူသိများ နေခြင်းဖြစ်၏။ ဝူရုံမြို့မှ ကြေးစား အများစု၏ အမည်အရင်းကို သိသည့် လူများ သိပ်မရှိကြချေ။

“ကျေးဇူးပါ အစ်ကို”

ဝမ်ရှန်းမှ အိမ်တော်ထိန်းအား နောက်တစ်ကြိမ် ကျေးဇူးတင် လိုက်သည်။ ထို့နောက် အိမ်တော်ထိန်းသည် ဝမ်ရှန်း၏ လက်ရှိ ဒဏ်ရာ အခြေအနေအကြောင်း မေးမြန်းကာ ပြန်ရန်ပြင်လိုက်၏။

“အစ်ကိုကြီး”

အိမ်တော်ထိန်း သူ၏အိပ်ခန်းအတွင်းမှ ထွက်ခါနီး အချိန်တွင် ဝမ်ရှန်းမှ အိမ်တော်ထိန်းအား ခေါ်လိုက်သည်။

ဝမ်ရှန်း သူ့အား ခေါ်လိုက်သည့် အချိန်တွင် အိမ်တော်ထိန်းမှ ဝမ်ရှန်းအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သို့သော် ဝမ်ရှန်း ဘာမှဆက်မပြောကြောင်း တွေ့လိုက်ရသည့် အချိန်တွင် အိမ်တော်ထိန်း နားလည်သွားခဲ့ပြီး အစေခံနှစ်ယောက်အား ထွက်ခွာသွားရန် လက်ပြလိုက်၏။

ထိုအမျိုးသမီး နှစ်ယောက် ထွက်ခွာ သွားပြီးနောက်တွင် “ဆက်ပြော” ဟူသည့် အကြည့်ဖြင့် အိမ်တော်ထိန်းမှ ဝမ်ရှန်းအား ကြည့်လိုက်သည်။

“ဤအတောအတွင်းမှာ အစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက အထူးဝိညာဉ်ကျင့်စဉ် တချို့ကို ကျင့်ကြံဖို့ နည်းလမ်း ရှာနေခဲ့တယ်”

ဝမ်ရှန်းသည်လည်း အိမ်တော်ထိန်းအား အမိအရ ဖမ်းဆုပ်ရန် အခွင့်အရေး တစ်ခု ပေးလိုက်သည်။

“အဲ့ကျင့်စဉ်က ပိုပြီးရှုပ်ထွေးလေ၊ ပိုကောင်းလေပဲ။ ပြီးတော့ အဲဒါက နည်းနည်းတော့ အကူအညီ ပေးနိုင်မှာပါ”

အိမ်တော်ထိန်းသည် ဉာဏ်ပြေးသည့် လူတစ်ယောက်ပင် ဖြစ်၏။ သူသည် ဘာစကား တစ်ခွန်းမှ မပြောဘဲ ခေါင်းသာ ညိတ်လိုက်သည်။ လျှို့ဝှက်ချက်သည် ရှေးဟောင်းဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းများထဲမှ တစ်ခုနှင့် ဆက်နွှယ်နေသည်ဟု ဝမ်ရှန်းမှ သူ့အား ပေါ်တင် ပြောပြလိုက်ခြင်းပင် ဖြစ်သည်။ ဘာမှနားမလည်စရာ အကြောင်း မရှိပေ။

ထို့နောက် အိမ်တော်ထိန်းသည် ပျော်ရွှင်မှု အပြည့်ဖြင့် ထွက်ခွာ သွားလိုက်တော့၏။

ဝမ်ရှန်းသည်လည်း မျက်လုံးများမှိတ်ကာ အနားယူရန် ပြင်လိုက်သည်။ တစ်ခဏ ကြာပြီးနောက် အထဲသို့ ဝင်လာသည့် အသံကို သူကြားလိုက်ရသည်။ အစေခံနှစ်ယောက် ပြန်ဝင်လာခြင်း ဖြစ်ပေမည်။ သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ ဤနေရာသည် ဝူရုံမြို့ မြို့တွင်းပိုင်း ဖြစ်ပြီး လူများကို စိတ်သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးနိုင်သည့် လုံခြုံသော နေရာဖြစ်သည်။

“ခိုးကြောင်ခိုးဝှက် လာလုပ်နေတယ်၊ ရှင် အဲ့မြေခွေးအိုကြီးကို ဘာတွေ ပြောပြလိုက်တာလဲ”

ဝမ်ရှန်း သူ၏ မျက်လုံးများ မှိတ်ထားစဉ်တွင် ရုတ်တရက် ရင်းနှီးသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံသည် ရတနာစံအိမ်၏ ဆိုင်ပိုင်ရှင် အမျိုးသမီး၏ အသံပင်ဖြစ်သည။
***

Comment

Leave a Reply

Options

not work with dark mode
Reset