အပိုင်း ၁၄၁
ဝူရုံမြို့မြို့တွင်းတွင် မည်သူမှ လူမသတ်ရ (၂)
ယခုလိုမျိုး အချိန်တွင် မည်သူက ကိုယ့်သေတွင်းကို ကိုယ်တူးမည်နည်း။ ဝမ်ရှန်းသည် သူ့အား သတ်ချင်သည့် လူများက မည်သူမည်ဝါ ဖြစ်ကြောင်းကို သူမသိပေ။ သို့သော် ကောက်ချက် တစ်ခုတော့ ချမိပေသည်။ ထိုလူများသည် သူ သူ၏ဝိညာဉ်ကို အဆင့်တက်အောင် လုပ်ခဲ့သည့် နည်းလမ်းအား ထုတ်ဖော် မပြောကြားစေချင်သည့် လူများပင် ဖြစ်ရပေမည်။
တကယ်ကို ရယ်ချင်စရာ ကောင်းလှ၏၊ ထိုလူများသည် ဝမ်ရှန်းသည် ဘာကို ပြောပြမည်ကိုပင် မသိကြပဲ ထိုအကြောင်း ထုတ်ဖော် ပြောကြားမှာကို မည်သည့် အတွက်ဖြင့် ဤမျှ ကြောက်နေကြသနည်း။ သို့သော် ဝမ်ရှန်းသည် သူ့ရှေ့၌ ရှိနေသည့် ကြေးစားအဘိုးအို၏ အလောင်းအား ကြည့်ကာ တုန်လှုပ်ချောက်ချားစိတ်များ စဝင်လာခဲ့တော့သည်။
ဝမ်ရှန်းသည် သေဘေးမှ လွတ်မြောက်လာတိုင်း အချိန်အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့တတ်၏။ ဤအရာသည် လူသား သဘာဝပင်ဖြစ်ကာ လွန်ဆန်၍ မရပေ။ သို့သော် အခြားသူများနှင့် မတူသည်မှာ ဝမ်ရှန်းသည် အဖြစ်အပျက်များ ဖြစ်သွားပြီးနောက် တုန်လှုပ်နေမိ တတ်သော်လည်း အဖြစ်အပျက် ဖြစ်ပျက်နေစဉ်တွင် သူသည် လုံးဝကို တည်ငြိမ်နေတတ်၏။
ကြေးစားအဘိုးအိုသည် အလွန်သန်မာပြီး နီးကပ်သည့် အကွာအဝေး အတွင်းတွင် ပထမဆုံး ဝမ်ရှန်း၏ G – 17 သည် ဘာမှ မဖြစ်မြောက်ပေ။ ထိုကြေးစားအဘိုးအို ကြုံသလို ပစ်လွှတ်လိုက်သည့် ကျည်ဆန် သုံးထောင့်သည်သာ ဝမ်ရှန်း၏ ချိုစောင်းထက်၌ သေးငယ်သည့် အဖု အချိုင့်များ ဖြစ်ပေါ်စေခဲ့လေသည်။ ထိုပြင်းအားကြောင့် ဝမ်ရှန်းသည် ယခုအချိန်ထိပင် ခေါင်းထဲ၌ တဝီဝီ မြည်နေ၏။
ကံကောင်းစွာပင် ထိုအဘိုးအိုမှာ ဝမ်ရှန်း သူ၏စနိုက်ပါ ရိုင်ဖယ်ကို အသုံးပြု ပစ်လိုက်ချိန် ထိမှန်သေဆုံးသွားခြင်း ဖြစ်သည်။ သို့ရာတွင် ပိန်ပိန်ပါးပါးနှင့် လူသည် လေထုထဲမှ ကျည်ဆန်အား ယင်ကောင် တစ်ကောင်ကဲ့သို့ ဖမ်းလိုက်သည့် အခြေအနေမှာ ဝမ်ရှန်းအား အလွန်စိုးရိမ်ပူပန် သွားစေခဲ့၏။
ယခုအချိန်တွင် ဝမ်ရှန်းသည် ဤကြေးစားအဘိုးအို၏ ဝိညာဉ်အဆင့်ကို မသိရပေ။ သို့သော် သူသည် တတိယအဆင့်ထက်တော့ နိမ့်မည် မဟုတ်ပေ။ ထို့အတူ ပိန်ပိန်ပါးပါးနှင့် လူ၏ ဝိညာဉ်အဆင့်သည်လည်း မြင့်မားသည့် အနေအထား တစ်ခု၌ ရှိနိုင်ပြီး ထိုလူအပေါ်တွင် သူ၏စနိုက်ပါ ရိုင်ဖယ်သည် အလုပ်မဖြစ်နိုင်ဟု ဝမ်ရှန်း တွေးမိလိုက်၏။
လတ်တလော သူ အသုံးပြု ပစ်ခတ်လိုက်သည့် ပစ္စတိုသေနတ် ကျည်ဆန်များသည် နောက်ဆုံး လက်ကျန် ခြောက်ထောင့်ပင်ဖြစ်၏၊ ယခုအချိန်တွင် သူသည် ထိုကျည်ဆန်များ အားလုံးကို အသုံးပြုလိုက်ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ Glock – 17 သည် ယခုအချိန်မှစ၍ သံအပိုင်းအစ တစ်ခုသာ ဖြစ်တော့သည်။
ဝမ်ရှန်း သူ၏ကမ္ဘာမြေပေါ်မှ ယူလာသည့် ပစ္စည်းများသည် နည်းသထက် နည်းလာပြီ ဖြစ်သည်။ ထို့ပြင် ခွန်အားကြီးမားသည့် ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ထိုလက်နက်များ အသုံးမဝင်မည်ကိုလည်း ဝမ်ရှန်း စိုးရိမ်မိပေသည်။
ဝူရုံမြို့တွင်းမှ လူများသည် ဝမ်ရှန်း သူ၏ရန်သူအား သတ်သည်ကို ကူညီကြပေလိမ့်မည်။ သို့သော် ကိစ္စပြီးနောက်တွင်မူ သူတို့သည် ဝမ်ရှန်းအား ဆက်ပြီး ကူညီတော့မည် မဟုတ်ပေ။ ဝမ်ရှန်းသည် နံရံအား မှီထားကာ တဖြည်းဖြည်းချင်း အားပြန်ပြည့် လာရန် အနားယူ နေလိုက်၏။
ဤအဖြစ်အပျက်သည် ကြေးစားခန်းမ တည်ရှိရာ လမ်းအတွင်း၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေရာ မြို့အရှင်စံအိမ်၊ ရတနာစံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်မှလူများ လျင်မြန်စွာ ရောက်ရှိ လာခဲ့ကြ၏။
သို့သော် ထိုသုံးနေရာတွင် ရတနာစံအိမ်သည် ဝမ်ရှန်းနှင့် အနီးကပ်ဆုံး ရှိနေခြင်း ဖြစ်သောကြောင့် ဆိုင်ပိုင်ရှင်သည် လူအချို့ ခေါ်ကာ ဝမ်ရှန်းထံသို့ အရင်ဆုံး ရောက်လာခဲ့၏။ သူတို့သည် ဝမ်ရှန်းအား စောင့်ကြပ်ပေးနေသည့် အချိန်တွင် မြို့အရှင် စံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်တို့မှ ဝိညာဉ်သခင်များလည်း အပြေးအလွှား ရောက်လာခဲ့ကြတော့သည်။
ယခုတစ်ကြိမ်တွင် မည်သူမှ သတိလက်လွတ် မပြုမူရဲကြတော့ပေ။ ရတနာစံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်တို့သည် မြို့ပြင်ပိုင်း၌ တည်ရှိနေခြင်းဖြစ်လေရာ တစ်စုံတစ်ယောက်က ဤအဖြစ်အပျက်ကို အခွင့်ကောင်း ယူလျက် သူတို့အား မလုပ်ကြံနိုင်ဟု မည်သူမှ အာမ မခံနိုင်ချေ၊
ထို့ကြောင့် ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင်သည် ဝမ်ရှန်းကို သူ၏အိမ်သို့သာ ပြန်ပို့ရန် ပြင်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ မြို့တွင်းပိုင်းသည် လုံခြုံပေသေးသည်။ တော်ဝင်ရတနာ စံအိမ်မှ လူများမှာမူ တော်ဝင်သမားတော်နှင့် ဆေးဆရာများကို အလျင်အမြန် သွားပင့်ဖိတ်လိုက်၏။
ဤအဖြစ်အပျက် အကြောင်း ကြားသိပြီးနောက် မြို့အရှင် စံအိမ်မှ လူများ အလွန်ကို ဒေါသထွက် သွားခဲ့ကြသည်။ အထူးသဖြင့် သတင်းကြားကြားခြင်း ပြေးလာသည့် အိမ်တော်ထိန်းပင် ဖြစ်၏။ ယခုလို အရေးကြီးသည့် အချိန်ကာလမျိုးတွင် ဝမ်ရှန်းသာ အသတ်ခံ လိုက်ရမည် ဆိုပါက မြို့ပြင်၌ အသတ်ခံလိုက်ရခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အိမ်တော်ထိန်းသည်လည်း ခေါင်းကြိမ်း ရပေလိမ့်မည်။
“စုံစမ်းကြစမ်း”
ထိုစကားလုံးသည် ရိုးရှင်းသည့် စကားလုံးများသာ ဖြစ်၏၊ သို့သော် ထိုထဲတွင် အိမ်တော်ထိန်း၏ ပြင်းထန်သည့် ဒေါသများ ပါဝင်နေပေသည်။ ထို့ကြောင့် မရေမတွက်နိုင်သည့် ဝိညာဉ်သခင်များသည် ထိုကြေးစားတို့၏ နောက်ကြောင်း အသေးစိတ်နှင့် သူတို့၏ ဇာစ်မြစ်များကို စုံစမ်းစစ်ဆေးရန် စတင်ပြေးလွှား လှုပ်ရှား လိုက်ကြတော့သည်။
ဝမ်ရှန်းအား သတ်ခဲ့သည့် ကြေးစားများထဲမှ နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများကို ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင် ကိုယ်တိုင် ဝမ်ရှန်းရှေ့၌ ရှာဖွေလိုက်သည်။ အလောင်းကောင်များကိုမူ အိမ်တော်ထိန်းအား လွှဲပြောင်း ပေးအပ်လိုက်၏။ အိမ်တော်ထိန်းသည် လူအချို့ ခေါ်လာကာ ဝမ်ရှန်းအား သေချာဂရုတစိုက် အိမ်ပြန်ပို့ ပေးလိုက်လေသည်။
တော်ဝင်ရတနာ စံအိမ်၏ ဖိတ်ကြားခြင်းကို ခံခဲ့ရသည့် တော်ဝင် သမားတော်နှင့် ဆေးပညာရှင် တို့သည်လည်း အပြေးအလွှား ရောက်လာကာ ဝမ်ရှန်း၏ ခန္ဓာကိုယ်အား အတွင်းအပြင် စစ်ဆေးလိုက်ကြသည်။ ထို့နောက် တွေ့ရှိချက်တို့ကို သူတို့ ဆွေးနွေးလိုက်ကြပြီး နောက်ဆုံး သုံးသပ်ချက် ထွက်ပေါ် လာခဲ့သည်၏။
ဝမ်ရှန်းသည် အတွင်းဒဏ်ရာ ရခဲ့၏။ ဟုတ်ပါသည်၊ ဤကိစ္စနှင့် ပတ်သက်၍ အထွေအထူး ပြောနေစရာပင် မလိုပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် ထိုနေရာ၌ပင် နှစ်ကြိမ် သွေးအန်ခဲ့ပြီး သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်သည်လည်း ယခုထက်တိုင် နာနေဆဲဖြစ်ကာ ဉီးခေါင်းလည်း တဝီဝီမြည်နေဆဲ ဖြစ်ပေသည်။
ဤကဲ့သို့သော အတွင်းဒဏ်ရာမျိုး အတွက် ချက်ချင်း ကုသပေးနိုင်သည့် ဆေးမျိုးမရှိပေ။ တဖြည်းဖြည်းချင်း အားပြန်ပြည့် လာရန်သာ ပြုလုပ်ရမည်ဖြစ်၏။ အစောပိုင်း၌ ဝမ်ရှန်း သောက်ခဲ့သည့် ဆေးများသည် သူ လတ်တလော ရရှိထားသော ဒဏ်ရာများအတွက် သင့်တော်နေပြီး ဆေးထပ်ပြောင်းစရာ မလိုတော့ပေ။
နောက်ဆုံးတွင် တော်ဝင် သမားတော်နှင့် ဆေးဆရာများလည်း ပြန်သွားကြသည်။ ဝမ်ရှန်းအား ပြုစုပေးရန် ရတနာစံအိမ်မှ ချန်ထားခဲ့သည့် နှစ်ယောက်သည်လည်း ဝမ်ရှန်းအိမ်မှ ပြန်သွားကြပြီဖြစ်၏။
ဤနေရာသည် မြို့တွင်းပိုင်းဖြစ်ပြီး မည်သူမှ လူမသတ်ရဲကြပေ။ အထူးသဖြင့် သူတို့ထံတွင် နောက်ကြောင်း ပြန်လိုက်၍ ရသည့် မျိုးရိုးအမည်နှင့် နာမည်ရှိမည်ဆိုလျှင် တားမြစ်ချက်ကို ချိုးဖောက်ရန် ပို၍ပင် မဖြစ်နိုင်ပေ။
အိမ်တော်ထိန်းသည်လည်း ဝမ်ရှန်းအား နှစ်သိမ့်ပေးပြီး ပြန်သွားလေသည်။ ထို့နောက်မှာမှ နောက်ဆုံးတွင် ဝမ်ရှန်းသည် စိတ်အေးလက်အေး အနားယူနိုင်ပြီး သူ၏ဒဏ်ရာများကို ကုသနိုင်တော့သည်။
ဝမ်ရှန်း ဤနေရာ၌ အနားယူနေစဉ်တွင် မြို့အတွင်းပိုင်းရှိ နေရာ တစ်နေရာတွင် ဝိညာဉ်သခင် အုပ်စုတစ်စုသည် ဝမ်ရှန်း သတ်ခဲ့သည့် အလောင်းနှစ်လောင်းအား စစ်ဆေးနေကြ၏။
ပထမဆုံး လူငယ် ကြေးစားသည် သုံးချက် ပစ်ခံခဲ့ရ၏။ ပထမတစ်ချက်သည် သူ့ရင်ဘတ်အား ထိမှန်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ သေစေနိုင်သည့် အနေအထား မဟုတ်ပဲ မျက်လုံးနှစ်ဖက်မှ ဒဏ်ရာများကသာ သူ့အသက်အား ပျောက်သွားစေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူတို့သည် မျက်လုံးနှစ်ဖက် အတွင်းရှိ ကျည်ဆန် ထိပ်ဖူးများကို ဖယ်ထုတ်ခဲ့ပြီး ဖြစ်သည်။ ကျန်သည့် ကျည်ဆန်ထိပ်ဖူး လေးခုကိုလည်း ရှာတွေ့ခဲ့ပြီးဖြစ်ကာ လေ့လာ စိစစ်ရန်အတွက် ဤနေရာသို့ ယူလာခဲ့ပြီးဖြစ်၏။
ကြေးစားအဘိုးအို၏ အလောင်းလည်း ထိုနေရာ၌ ရှိနေပေသည်။ သူ၏ရင်ဘတ်နှင့် ကျောပေါ်မှ အပေါက်သည်လည်း ဤဝိညာဉ်သခင်များ ရှေ့၌ ဟောင်းလောင်းပွင့်လျက် ရှိနေ၏။ ထိုမျှသာမက ထိုအချိန်၌ ပိန်ပိန်ပါးပါး အမျိုးသားမှ ဖမ်းယူခဲ့သည့် စနိုက်ပါရိုင်ဖယ် ကျည်ဆန်ကိုလည်း ပစ္စတိုကျည်ဆန်များ နှင့်အတူ ထိုနေရာ၌ ရှိနေသည့်လူများ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးခဲ့ပြီးဖြစ်သည်။
“ဒီလို ခြောက်ထောင့်ထဲက ထွက်လာတဲ့ ပစ္စည်းသေးသေးလေး တစ်ခုနဲ့ ပစ်လိုက်တာပဲ”
စနိုက်ပါရိုင်ဖယ် ကျည်ဆန်အား ဖမ်းခဲ့သည့် ပိန်ပိန်ပါးပါးနှင့် အမျိုးသားမှ ပြောလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် သူမြင်ခဲ့သည့် သေနတ်ပုံစံအား ပုံစံတူ ရေးဆွဲထားသည့် တိရစ္ဆာန်သားရေတစ်ခု ကိုင်ထားခဲ့၏။
“ဒါက အရည်အသွေးမြင့် သံထည်ပစ္စည်းကို ပုံဖော်ထားတာပဲ၊ ပြီးတော့ သူ့စွမ်းအားကလည်း အလယ်အလတ်တန်းစား ရှိတယ်။ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်”
“သိုက်မိသားစုက ဝမ်ရှန်း သတ်တာကို ခံခဲ့ရတာလို့ ပြောလို့ရတဲ့ သိုက်ဟွမ်ကလည်း ဒီလိုပစ္စည်းမျိုးနဲ့ အသတ်ခံခဲ့ရတာပဲ”
အခြားတစ်ယောက်မှ ချက်ချင်း ထပြောလိုက်သည်။ စုန့်မိသားစုနှင့် သိုက်မိသားစုတို့သည် ဝမ်ရှန်းအား လိုက်သတ်ရန် အတွက် လူရှာခဲ့ကြ၏၊ သူတို့သည် ဝမ်ရှန်း သုံးခဲ့သော လက်နက်သည် ဘယ်လို လက်နက်မျိုးလဲဆိုတာ အတည်ပြုပေးရန် အတွက် ဝူရုံမြို့မှ လူများအား တောင်းဆိုခဲ့သေးသည်။ ယခု ထိုတောင်းဆိုချက်အတွက် ထိုနေရာသို့ သွားခဲ့သည့် လူများမှ ပြောလိုက်သော စကားများပင်ဖြစ်၏။
“ဒီနေ့ ဝမ်ရှန်းကို လုပ်ကြံခဲ့တဲ့ လူတွေထဲက တချို့က ဝူရုံမြို့က မဟုတ်ဘူး”
အိမ်တော်ထိန်းမှ ပြောလိုက်၏။ ထို့နောက် သူသည် သူ၏စုံစမ်း စစ်ဆေးမှု၏ ရလဒ်ကို ပြောပြလိုက်သည်။
“ဒီအဘိုးကြီးက အနည်းဆုံး ပဥ္စမအဆင့်ရှိတယ်”
အားလုံးသည် ထိုကြေးစား အဘိုးအို၏ ရင်ဘတ်မှ အပေါက်ကို ကြည့်ကာ ကျောချမ်း သွားခဲ့ကြလေသည်။ ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် ဝိညာဉ်အဆင့်ပင် မရှိသည့် သာမန်လူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ဝမ်ရှန်း၏ လက်ထဲမှ လက်နက်သည် မည်မျှပင် စွမ်းအား ကြီးမားသနည်း…
“အရှည်နဲ့ တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူး။ တော်တော်ရှည်တယ် ဆိုတာကိုပဲ မြင်လိုက်တယ်”
အခင်းဖြစ်ပွားရာ နေရာ၌ ရှိနေခဲ့သည့် ပိန်ပါးသည့် အမျိုးသားသည် ကြေးစားအဘိုးအို၏ ကာဆီးထားခြင်းကို ခံရသည့် အတွက်ကြောင့် M 200 က ဘယ်လိုပုံစံလဲ ဆိုတာကို သူ သဲသဲကွဲကွဲ မမြင်လိုက်ရပေ။ သို့သော် ထိုပစ္စည်းက ရှည်လျားကြောင်းသာ သူ ပြောနိုင်၏။
“အဲ့ပစ္စည်းက ထွက်လာတဲ့ အားက တော်တော်လေးကို ပြင်းတယ်”
“အဲ့ပစ္စည်းက ထွက်လာတဲ့ ဒီအတောင့်လေးကလည်း တော်တော်ကို မယုံနိုင်စရာ ကောင်းတယ်”
ပိန်ပါးသည့် အမျိုးသားသည် စနိုက်ပါ ရိုင်ဖယ်ကျည်ဆန်အား ထောင်ပြကာ အားလုံးအား ပြလိုက်၏။
“ပန်းပဲဆရာ တော်တော်များများ ဒါကို မြင်ဖူးကြလိမ့်တယ်။ ဒါပေမယ့် ဒါက ဘယ်လို ပစ္စည်းမျိုးလဲ ဆိုတာကို သူတို့ မပြောနိုင်ကြဘူး။ အရည်အသွေး ကောင်းတဲ့ သာမန် သံမဏိပစ္စည်း မဟုတ်တာတော့ သေချာတယ်။ ကျုပ် ကြိုးစားကြည့်ပြီးပြီ။ ဒါက လေးပြီး မာတယ်။ ဒီလို ပစ္စည်းမျိုးကို ဓားမြှောင်ထိပ်မှာ လုပ်လိုက်မယ်ဆိုရင် အဲဒါက တော်တော်ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်တယ်”
ချပ်ဝတ် တန်ဆာများကိုပင် ဖောက်ထွက်နိုင်သည့် ကျည်ဆန် ထိပ်ဖူးသည် အမှန်အားဖြင့် သိပ်သည်းမှုများကာ မာကျောသည့် သတ္ထုများသုံး၍ ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ဤကမ္ဘာပေါ်တွင် အနုစိတ်ကျသည့် ဓာတုဗေဒ ခွဲခြမ်းစိတ်ဖြာမှုများ မရှိပေ။ ထိုအရာက သတ္တုတစ်မျိုးမျိုး ဖြစ်ကြောင်းကိုသာ ပြောနိုင်ကြ၏။ သို့သော် ထိုထဲ၌ ပါဝင် ဓာတ်ပြုထားသည့် ပစ္စည်းများ အကြောင်းကို အသေးစိတ် ပြောနိုင်ရန် မဖြစ်နိုင်ပေ။
“ဒီပစ္စည်းက ဒီလူကို ဖောက်ထွက် သွားပြီးတော့မှ ဖမ်းခဲ့တာ”
ထိုပိန်ပိန်ပါးပါးနှင့် လူမှာ အဘိုးအို တစ်လောင်းအား လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ ထို့နောက် –
“အဲ့ဒါတောင်မှ သူ့ထဲမှာပါတဲ့ စွမ်းအားကို ခံစားလို့ ရနေတုန်းပဲ၊ တော်တော်ကို အားကောင်းတာ”
“ကျုပ် အကြမ်းဖျင်း ခန့်မှန်းရသလောက်တော့ ပဥ္စမအဆင့် ဝိညာဉ်သခင်တွေတောင် ဒါကို မခုခံနိုင်ဘူးပဲ”
ထိုပိန်ပိန်ပါးပါးနှင့် လူ၏ ဝိညာဉ်အဆင့်သည် မနိမ့်ပေ၊ သူ၏ အနေအထားမှာ အဆင့်အတန်း တစ်ခုရှိပြီး သူ၏စကားများသည်လည်း သြဇာအာဏာ ရှိပေသည်။
“သတင်းကောင်းက ဆဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်သာ သံချပ်ကာ ကောင်းကောင်းဝတ်ထားမယ် ဆိုရင် နောက်ပြီး သူ့ရဲ့ခန္ဓာကိုယ် အကာအကွယ် အော်ရာကလည်း ကောင်းနေမယ်ဆိုရင် ဒီလိုမျိုး မဖြစ်လာနိုင်ဘူးလို့ အာမခံနိုင်တယ်။ ဆဌမအဆင့် အထက် ဆိုရင်တော့ ဒီပစ္စည်းက ကျုပ်တို့အတွက် ဘာအန္တရာယ်မှ မရှိဘူး”
“ကောင်းတယ်”
အိမ်တော်ထိန်း၏ မျက်နှာသည် တစ်ခေါက်မှ မဖြစ်စဖူး လေးလံနေခဲ့ရာ ထိုစကားကို ကြားမှသာ သူသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။
“အင်း… ဝမ်းရှန်း… ဝမ်ရှန်း… သူ့ဆီမှာ ပစ္စည်းတွေ ဘယ်နှခု၊ ဘယ်နှမျိုး လောက်တောင် ရှိနေမလဲ မသိဘူး”
***