အပိုင်း ၁၄၀
ဝူရုံမြို့ မြို့တွင်းပိုင်းတွင် မည်သူမှ လူသတ်၍မရ (၁)
ဝမ်ရှန်း သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း သူပြောလိုက်သည့် စကားလုံးများသည် ထိုနေရာ၌ ရှိနေသည့် လူများ၏ နားတွင်းသို့ မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ ဝင်ရောက် သွားခဲ့သည်။
ဒိုင်း ….
ထိုအခိုက်အတန့်တွင် အမှန်တကယ် မိုးကြိုးပစ်သံ အလား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အင်အားကြီးမားသည့် ကြေးစားအဘိုးအို၏ နောက်ကျောတွင် ကြီးမားသည့် အပေါက် တစ်ခု ဖြစ်သွားခဲ့၏။ သတ္တုကျည်ဖူးသည် အရှိန်ပြင်းစွာဖြင့် ကြေးစားအဘိုးအို၏ ခန္ဓာကိုယ်အား ဖောက်ထွက် သွားပြီး လေထုထဲသို့ အရှိန်မပျက် ဆက်လက် ထိုးခွင်း သွားခဲ့သည်။
ကြေးစားအဘိုးအို သေဆုံးသွားသော်လည်း ကျန်သုံးယောက်မှာ ဝမ်ရှန်းအား ဆက်လက် တိုက်ခိုက် ကြပြန်သည်။ ထိုနေရာရှိ အခြားသော သူများသည် ဤအဖြစ်အပျက်ကို ပြဇာတ်တစ်ခု အလား ကြည့်နေခဲ့ကြသည်။ ဝူရုံမြို့၌ နေထိုင်သည့် လူများ အားလုံးသည် ဤမြင်ကွင်းမျိုးနှင့် အကျွမ်းတဝင် ရှိနေကြပြီး ဖြစ်သည်။ ဤအရာမှာ တစ်စုံတစ်ယောက်သည် ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက်လာသူအား သတ်ပေးရန် ကြေးစား ငှားထားခြင်းပင် ဖြစ်၏။
သို့သော် ဝမ်ရှန်း၏ စကားအား ကြားလိုက်ရသည့် အချိန်တွင် အားလုံး၏ အကြည့်များသည် ဝမ်ရှန်း၏ ခြေထောက်ပေါ်သို့ ကျရောက်သွားခဲ့၏။ ထိုကြေးစား အဘိုးအိုသည် မည်ကဲ့သို့ ကျောပေါက် သွားသည်ကိုပင် သူတို့ မမြင်လိုက်ရပေ။
ဝမ်ရှန်း၏ ခြေထောက်သည် ဝူရုံမြို့ မြို့တွင်းပိုင်း ဖြစ်သည့် အနီရောင် မျဉ်းကြောင်း၏ အခြား တစ်ဖက်တွင်းသို့ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်သည်။
ဝူရုံမြို့ မြို့တွင်းပိုင်းတွင် အပြင်လူများကို ကလဲ့စားချေခွင့်နှင့် လူသတ်ခွင့်များ ဘယ်တော့မှ ခွင့်မပြုထားပေ။ ဤအရာသည် ဥပဒေဖြစ်၏။ ထိုအချက်ကြောင့်ပင် လူများသည် ဝူရုံမြို့တွင်းပိုင်း၌ နေထိုင်ခွင့်ရရန် ခေါင်းမွေးဖြူမတတ် အကြံထုတ်ကြခြင်း ဖြစ်ပေသည်။
ဤဥပဒေကို ဝူရုံမြို့ မြို့အရှင် တစ်ဦးတည်း သို့မဟုတ် ဝူရုံမြို့အတွင်းရှိ အင်အားစုများ၏ ဝိညာဉ်သခင် ခေါင်းဆောင်များသည်သာ စောင့်ထိန်း နေကြခြင်းမျိုး မဟုတ်ပဲ ဝူရုံမြို့ရှိ လူများအားလုံး စောင့်ထိန်းကြခြင်း ဖြစ်၏။
မြို့တွင်းပိုင်း၌ နေထိုင်နိုင်ရေးသည် ဝူရုံမြို့သို့ ထွက်ပြေးလာသည့် လူများအားလုံး၏ အိပ်မက် ဖြစ်ပေသည်။ မည်သူကမှ ဤအိပ်မက်ကို ဖျက်ဆီးခွင့် မပေးနိုင်ပေ။
ကြေးစားအဘိုးအိုနှင့် ပူးပေါင်းသည့် ကြေးစားလူငယ် သုံးယောက်သည် ပန်းပဲဖိုဆိုင်၏ အခြားအစွန်း တစ်ဖက်မှ ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် လေထဲသို့ ပျံတက်သွားကာ သူ့လက်ထဲမှ ဓားဖြင့် ဝမ်ရှန်း၏ လည်ပင်းအား ထိုးစိုက် လိုက်လေသည်။ သို့သော် ထိုအချိန်မှာပင် ပန်းပဲဖိုဆိုင် အတွင်းမှ ကျောက်ထုသည့် တူတစ်ချောင်း ပျံထွက်လာလျက် ထိုကြေးစား၏ ခေါင်းအား တည့်တည့် ထိမှန် သွားခဲ့လေ၏။
ဒုန်း …
လေထဲ၌ ရှိနေသည့် ထိုကြေးစားသည် ကျောက်ထုတူ၏ အရှိန်ဖြင့် ထိရိုက်မိကို ခံရကာ သူ၏ခေါင်းမှ ဉီးနှောက် အပိုင်းအစများမှာ တစ်မုဟုတ်ချင်းပင် လွင့်စင် ထွက်သွားတော့၏။
ဒုတိယမြောက် ကြေးစားသည် ပထမလူနှင့် ရှေ့နောက်ဆင့်လျက် ကပ်လိုက်လာခဲ့ပြီး သူသည် ပထမကြေးစား၏ လက်ကြားထဲမှနေ၍ ဝမ်ရှန်း၏ ရင်ဘတ်အား သူ၏ဓားရှည်ဖြင့် ထိုးရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူ၏ အနောက်ဘက်မှ ကြိုးတစ်ချောင်း ပျံထွက်လာကာ သူ၏လည်ပင်းအား တင်းကျပ်စွာ ရစ်ပတ် သွားခဲ့တော့သည်။
သူ၏လည်ပင်းတွင် ကြိုးရစ်ပတ် သွားသောကြိုးသည် သူ၏ အရှိန်နှင့် ခန္ဓာကိုယ်ကို အရှေ့သို့ ဆက်သွားစေပြီး သူ၏ခေါင်းနှင့် လည်ပင်းသည် အနောက်၌ ကျန်ရစ်စေခဲ့လေသည်။
ဂျွတ်…
ထိုအချိန်တွင် အရိုးကျိုးသံ ထွက်ပေါ်လာခဲ့ကာ သူ၏လည်ပင်းရိုးများ ကျိုးသွားလေသည်။
သူ့ရှေ့မှ နှစ်ယောက်၏ အဖြစ်အပျက်ကို မြင်လိုက် ရသောအခါ တတိယမြောက် ကြေးစားသည် အလွန်အမင်း ကြောက်ရွံ့သွားတော့သည်။ သူသည် ဝမ်ရှန်းနှင့် အဝေးဆုံး၌ ရှိနေခြင်းဖြစ်ကာ တိုက်ခိုက်ရန် ပြင်နေရာမှ ရုတ်ခြည်းပင် အရှိန်လျှော့လိုက်၏။
သူ့ရှေ့မှ နှစ်ယောက်၏ အဖြစ်အပျက်ကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရလေပြီ။ ပြောရမည်ဆိုလျှင် ဝမ်ရှန်းမှ “မြို့တွင်းပိုင်း” ဟူသည့် စကား ပြောလာသည်ကို ကြားလိုက်ရသည့် အချိန်၌ပင် အခြေအနေ မကောင်းတော့ကြောင်း သူ နားလည်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဉာဏ်ကောင်းစွာပင် သူသည် အရှေ့သို့ ထပ်မတက်တော့ဘဲ တစ်ဖက်သို့ လှည့်ကာ ထွက်ပြေး လိုက်တော့သည်။
သို့သော် နှစ်လှမ်းမျှသာ လှမ်းနိုင်လိုက်ပြီး သူသည် လူတစ်ယောက်အား တည့်တည့် ဝင်တိုက် မိသွားခဲ့၏။ ထိုလူသည် သူ့ထက်ပင် ပိန်သေးသော်လည်း သူ့ထက် များစွာ သန်မာနေ၏။ ထိုလူနှင့် တိုက်မိ လိုက်ရုံဖြင့် တတိယမြောက် ကြေးစားသည် လေထဲသို့ လွှင့်ထွက် သွားလေ၏။ သူ မြေပြင်ပေါ်သို့ ပြန်မကျသေးခင်မှာပင် ရေခဲအလင်းတန်း ၁၃ ခု ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်အား ဖောက်ထွက် သွားခဲ့တော့သည်။ မြေပြင်ပေါ်သို့ ကျလာသည့် အချိန်တွင် သူသည် အသက်မပါတော့ပေ။
M 200 သေနတ်၏ ကျည်ဆန်သည် ကြေးစားအဘိုး၏ ခန္ဓာကိုယ်အား ဖောက်ထွက် သွားခဲ့သော်လည်း အရှိန်ဖြင့် ဆက်သွားနေဆဲဖြစ်၏။ အဘိုးကြီး၏ ခန္ဓာကိုယ်သည် ၃၀၀ မီလီမီတာ သံမဏိပြားလောက် မသန်မာပေ။ ထိုအချိန်တွင် ပိန်သွယ်သည့် လက်တစ်ဖက်သည် လေထုထဲမှ ကျည်ဆန်အား ဖမ်းဆုပ်လိုက်၏။ ထိုသို့ ဖမ်းလိုက်သည့် အချိန်တွင် ပြင်းထန်သည့် အရှိန်ကြောင့် သူ၏လက်သည် အနည်းငယ် တုန်ခါ သွားခဲ့လေသည်။
ဝမ်ရှန်းသည် အနောက်သို့ လွင့်သွားသည့် အချိန်တွင် နံရံနှင့် ဆောင့်ရိုက်မိရန် အနည်းငယ်သာ လိုတော့လေ၏။ ကြေးစားအဘိုးအို၏ သေစေနိုင်လောက်သော တန်ပြန် တိုက်ချက်မှုကြောင့် နံရံနှင့်သာ ဆောင့်ရိုက် သွားခဲ့မည်ဆိုလျှင် သူ၏လက်ရှိ ခန္ဓာကိုယ် အင်အားအရ သူသည် အသက်ပင် ထွက်သွား နိုင်ပေသည်။
ကံကောင်းစွာပင် ဝမ်ရှန်း နံရံနှင့် မထိခဲ့ပေ။ မမျှော်လင့်ထားသော လက်တစ်စုံမှာ သူ့အား အချိန်မီ ဖမ်းဆွဲထားလိုက်သည်။ ထိုမျှသာမက ထိုလက်ပိုင်ရှင်သည် နံရံနှင့် ဆောင့်ရိုက်မည့် ဝမ်ရှန်း အစား သူ၏ခန္ဓာကိုယ်နှင့်ခံကာ နံရံအား ဖောက်ထွက် သွားစေလိုက်၏။
ထို့နောက် ဝမ်ရှန်း၏ လွင့်ထွက်နေသည့် အရှိန်ကို သူ၏ခန္ဓာကိုယ်ဖြင့် တဖြည်းဖြည်းချင်း ထိန်းပေးလိုက်သည်။ အရှိန်ရပ်သွားသည့် အချိန်၌ ဝမ်ရှန်းတွင် ဒဏ်ရာ ကြီးကြီးမားမား မထိခိုက်ခဲ့ချေ။
ဝမ်ရှန်း သူ့နောက်၌ ရှိနေသည့် လက်ပိုင်ရှင်၏ ကြင်နာမှုကို ခံစားလိုက်ရသည်။ သို့သော် ထိုသူသည် ထိုက်ချီ နည်းလမ်းကို သိရှိနားလည်ဟန် မပေါ်ပေ။ သို့မဟုတ်ပါက သူသည် နံရံနှင့် ဆောင့်တိုက်သည့် နည်းလမ်း ကဲ့သို့သော ရူးသွပ်သည့် နည်းလမ်းမျိုး အသုံးပြုမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ့နောက်မှ ကူညီလိုက်သူကို အလွန် ကျေးဇူးတင်မိပေသည်။ ထိုလူကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် သူသည် ဒုက္ခ အကြီးအကျယ် ရောက်နေပြီဖြစ်၏။
ထိုအခိုက်အတန့်အတွင်း ဝမ်ရှန်းသည် M 200 ကို သူ၏သိုလှောင် လက်စွပ်အတွင်းသို့ ပြန်သိမ်း လိုက်၏။ ထိုနေရာ၌ ရှိနေသည့် လူအများစုသည် မြို့အတွင်း နယ်နိမိတ် စဉ်းမျဉ်းအတွင်းရှိ ဝမ်ရှန်း၏ ခြေထောက်ထံသို့ အာရုံရောက်နေကြရာ အနည်းအကျဉ်းသည်သာ M200 ၏ ပုံစံတစ်ခုလုံးကို အပြည့်အဝ တွေ့မြင်ခဲ့ကြရသည်။
“ကောင်လေး၊ မင်း သေတော့ မသေသေးဘူးမလား”
ဝမ်ရှန်း၏ အနောက်မှ အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။ ထိုလူသည် ထိုသို့ ပြောပြီးနောက် ဝမ်ရှန်းအား လွှတ်ပေးကာ ရှေ့သို့ လျှောက်လာလိုက်၏။ ဤလူသည် သူ ယခင်က တစ်ခေါက်မှ မမြင်ဖူးသည့် လူဖြစ်ကြောင်း ဝမ်ရှန်း သေချာ သတိပြုမိ လိုက်သည်။
“ကျေးဇူးတင်ပါတယ်ဗျာ…”
ဝမ်ရှန်းမှ ထိုလူအား ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။
“အခုအချိန်ထိတော့ မသေသေးဘူးပဲ”
“ရပါတယ်…”
ထိုလူမှ ပြုံး၍ ပြန်ပြောလိုက်သည်။ သူ၏မျက်နှာ ထက်တွင် မျက်လုံးထောင့်မှ နှုတ်ခမ်းထောင့်အထိ ရှည်လျားသည့် အမာရွတ်တစ်ခု ရှိနေခဲ့သည်။ ထိုအမာရွတ်က ခုတ်ခံထားရခြင်း သို့မဟုတ် ကုတ်ခံထားရခြင်း မည်သို့ ဖြစ်မည်ကို ဝမ်ရှန်းမသိပေ။ သို့သော် သူ၏ အပြုံးသည် အလွန် အကျည်းတန် လှပေသည်။
“မြို့တွင်းပိုင်းမှာ ဘယ်သူမှ လူသတ်လို့ မရဘူးကွ”
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤစကားသည် ယနေ့တွင် ဝမ်ရှန်း သဘောအကျဆုံး စကားပင်ဖြစ်၏။
မြို့တွင်းပိုင်းတွင် မည်သူမှ လူသတ်၍မရ…
ဤစကားကြောင့်သာ ဝမ်ရှန်းသည် ကြေးစားအဘိုးအို အပါအဝင် ကြေးစား လေးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက် နိုင်ခဲ့ခြင်းဖြစ်၏။ ဝမ်ရှန်းသည် သူ သေသည်အထိ ဤစကားကို သဘောကျ သွားမည်ပင်။
ထိုအချိန်တွင် ပန်းပဲဆိုင်ထဲမှ ပန်းပဲဆရာ ထွက်လာကာ စောနက သူ ပစ်လိုက်သည့် ကျောက်ထုသည့်တူအား လက်တစ်ဖက်ဖြင့် ကောက်လိုက်၏၊ ထို့နောက် သူသတ်ခဲ့သည့် ကြေးစား၏ ခြေထောက်ကို အခြားလက်တစ်ဖက်ဖြင့် ဆွဲကာ သူ့ဆိုင်အတွင်းသို့ ပစ်ထည့် လိုက်သည်။ သူသည် ထိုကြေးစားကို သတ်ခဲ့သည့် လူပင်။ ထို့ကြောင့် ထိုကြေးစားထံ၌ ရှိသည့် ပစ္စည်းများကို သူ ပိုင်ဆိုင်ပေသည်။
ထိုပုံစံအတိုင်းပင် ကြိုးရှည် ပိုင်ရှင်သည်လည်း ဒုတိယမြောက် ကြေးစား၏ လည်ပင်းအား စွပ်ထားသည့် ကြိုးကို တဖြည်းဖြည်းချင်း ဆွဲလိုက်၏။ ထိုကြေးစား၏ အလောင်း သူ့နားသို့ ရောက်လာသည့် အချိန်တွင် သူသည် ထိုကြေးစား၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများအား ရှာဖွေလိုက်သည်။
လူအုပ်စုတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် တတိယမြောက် ကြေးစားအတွက်မူ ပို၍ အလုပ်ရှုပ်ပေသည်။ ထိုကြေးစားအား သတ်ရာ၌ ပါဝင်ခဲ့သည့် ထိုလူများသည် ဝေစုကို ခွဲဝေရမည် ဖြစ်၏။
ဝမ်ရှန်းအား ကူညီပေးခဲ့သည့် လူသန်ကြီးသည် အစောပိုင်း၌ သူသတ်ခဲ့သည့် အလောင်းနှင့် ကြေးစားအဘိုးအို၏ အလောင်းတို့ကို သူ့ဘေး၌ ထားလိုက်သည်။ သူသည် ကြေးစားအဘိုးအို၏ ရင်ဘတ်ပေါ်မှ ကြီးမားသည့် အပေါက်အား ကြည့်ကာ သူ၏မျက်လုံးထဲ၌ ထူးဆန်းသည့် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက် သူသည် ဝမ်ရှန်းအား သူက ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် ဒဏ်ရာမျိုးဖြစ်အောင် ဘယ်လိုများ လုပ်နိုင်တာလဲ ဟူသည့် နားဝေတိမ်တောင် အကြည့်ဖြင့် ကြည့်လိုက်၏။
သို့သော် ထိုလူသန်ကြီးသည် ဝမ်ရှန်းအား ထိုကဲ့သို့ ကြည့်ရုံသာ ကြည့်ခဲ့ကာ ဘာမေးခွန်းမှ မမေးခဲ့ပေ။ လူတိုင်းတွင် သူတို့ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိ၏။ သူတို့ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်အတွက် ဝူရုံမြို့သို့ ထွက်ပြေးလာသည့်လူ များစွာရှိပေသည်။ ထိုအချိန်တွင် မေးခွန်းတစ်ခု သွားမေးလိုက်မည် ဆိုပါက တစ်ဖက်လူ၏ သေသည်အထိ လိုက်လံ တိုက်ခိုက်ခြင်းကို ခံနိုင်ရပေသည်။
ဝမ်ရှန်း၏ စနိုက်ပါ ကျည်ဆန်အား ဖမ်းလိုက်သည့် လူသည် ဘာမှထူးခြားဟန် မရှိသည့် ပိန်သွယ်ပါးလျသော အမျိုးသား တစ်ယောက်ဖြစ်၏။ သူသည် ဘာမှမပြောခဲ့ပေ။ ဝမ်ရှန်းရှိရာဘက်ပင် မကြည့်ခဲ့ပဲ ဒီတိုင်းသာ ထွက်သွားလိုက်၏။ သို့သော် သူက ကျည်ဆန်ကို သူ၏လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင် ထားသည်ကိုတော့ ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ သူသည် ထိုကျည်ဆန်ကို လေ့လာရန်အတွက် ပြန်ယူသွားခဲ့ခြင်းပင်။
ဝမ်ရှန်းသည် သူ၏ ရင်ဘတ်နှင့် ဗိုက်မှ ပြင်းထန်သည့် နာကျင်မှုကို သက်သာစေရန် အတွက် သိုလှောင်အိတ် အတွင်းမှ ဆေးပြားအချို့ကို ထုတ်ကာ နှစ်လုံးကို အရင်သောက်လိုက်၏။ ထို့နောက် နံရံအား မှီထိုင်ကာ စိတ်ကို အနားပေး လိုက်တော့သည်။
ယခုအချိန်တွင် သူသည် မြို့တွင်းပိုင်း၌ ရှိနေပြီဖြစ်၏။ ဤနေရာတွင် မည်သူမှ ဘာမှ မလုပ်ရဲပေ။ လုပ်ရဲသည့် လူများသည်လည်း ကြေးစား အဘိုးအို၏ အုပ်စုကဲ့သို့ အဆုံးသတ် သွားမည်ဖြစ်သည်။ သူတို့သည် အားလုံးအတွက် ဥပမာ ပြသွားခြင်းပင် ဖြစ်၏။
မြို့အရှင်နှင့် ဝူရုံမြို့မှ ရဲအရာရှိများ ရောက်လာမည်ကို စောင့်နေစရာပင် မလို အားလုံး၏ တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည့် လူများသည် ထိုနေရာ၌ ရှိနေသည့် လူများ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ဝူရုံမြို့ရှိ လူများအားလုံး၏ အိပ်မက်ကို မည်သူ တစ်ဦးတစ်ယောက်ကမှ ဖျက်ဆီးပစ်၍ မရပေ။
***