အပိုင်း ၁၃၉
လမ်းမထက်၌ လုပ်ကြံမှု (၂)
ဝမ်ရှန်း၏ အနောက်ဘက် သိပ်မဝေးသည့် ဆိုင်၌ ဈေးစစ်နေဟန် ပြုနေသည့် လူငယ် တစ်ယောက်သည် ရုတ်တရက် ခုန်ထွက်လာပြီး ဝမ်ရှန်း၏ ရင်ဘတ်အား သေးငယ်သည့် ဒူးလေး တစ်ချောင်းဖြင့် ပစ်လိုက်သည်။
သေးငယ်သည့် ဒူးလေးဟု ဆိုသော်လည်း ထိုဒူးလေး၏ အတုတ်သည် သာမန်လူ တစ်ယောက်၏ လက်ဖျံ အရွယ်အစား ရှိနေကာ အလွန်လည်း အားပြင်း လှပေသည်။
ရွှီး….
ထိုဒူးလေးမှ အရှိန်ပြင်းစွာ ထွက်လာသည့် မြားတံသည် လေထုအား ဖောက်ထွက်လျက် ချက်ချင်းပင် ဝမ်ရှန်းထံ တည့်တည့်မတ်မတ် ရောက်လာခဲ့၏။
ဝမ်ရှန်း၏ တုံ့ပြန်မှုမှာ သွက်လက် လျင်မြန် လှပေသည်။ သူသည် ဘယ်ဘက်လက်၌ ကိုင်ထားသည့် ဟော့ပေါ့အိုးကို ချက်ချင်းပင် သူ့ရင်ဘတ်ရှေ့၌ ကာလိုက်၏။
ထိုအခိုက်အတန့်မှာပင် သူ တန်ပြန် ပစ်လိုက်သည့် သေနတ်ပစ်ချက်များမှာ ထိုကြေးစားအား တိုက်ရိုက် ထိမှန် သွားလေသည်။
ဝူရုံမြို့ မြို့ပြင်ပိုင်း၌ လူသတ်သည့် ဖြစ်စဉ်များသည် မရှိခဲ့ခြင်း မဟုတ် ရှိခဲ့ဖူးပေသည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်သည့် လူများသည် ကြီးမားသည့် တန်ကြေးကို ပေးဆပ်ရ၏။ လုပ်ကြံမှု မအောင်မြင်ခဲ့ပါက အတုံ့အလှည့် အနေဖြင့် သူတို့သည် သေချာပေါက် အသတ်ခံရပြီး အောင်မြင်ခဲ့သော် ဝူရုံမြို့အား ဒဏ်ကြေးများစွာ ပေးဆောင်ရမည် ဖြစ်၏။
ဝမ်ရှန်းသည် သူ၏အသက်ကို မည်သူက လိုချင်နေသည်ကို သူ မသိပေ။ သူ ဝူရုံမြို့သို့ မလာခင်တွင် သူသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကာ အင်အားစုများစွာပေါ် အပြစ်ကျူးလွန်ခဲ့၏။ ထို့ကြောင့် အင်အားစု တစ်ခုခုမှ သူ့အား လုပ်ကြံရန်အတွက် လူများ စေလွှတ်သည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
သို့သော် ယခုအချိန်၌ လုပ်ကြံခြင်းသည် အလွန် ထူးဆန်းပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ယွမ်ဝိညာဉ်အား သာမန်လူ အဖြစ်မှ ပထမအဆင့် ဝိညာဉ်သခင်အဖြစ် အဆင့်မြင့်တင်မှုကို ကြေညာတော့မည့် အချိန်ဖြစ်၏။ အဓိက အင်အားစုများ အားလုံးသည် ထိုအကြောင်း သိချင်နေကြပြီး သူတို့သည် သေချာပေါက် ဝမ်ရှန်းအား လုပ်ကြံမည် မဟုတ်ပေ။
လုပ်ခဲ့မည် ဆိုလျှင်ပင် ဝမ်ရှန်း ထိုအကြောင်းကို ကြေညာပြီး အချိန်အတန်ကြာ ပြီးမှသာ ဖြစ်နိုင်ပေသည်။
ဝမ်ရှန်း၏ သေနတ် ပစ်ချက်သည် အလွန် လျင်မြန်လှပေသည်။ ခြောက်ချက် ဆက်တိုက်ပစ်ကာ ပထမ တစ်ချက်သည် လူငယ်၏ ရင်ဘတ်ကို ဦးတည်ပြီးနောက် နောက် အချက်များမှာ မျက်လုံးများကို ဦးတည်ပစ်ခြင်း ဖြစ်ပေသည်။ အမှန်တကယ်ပင် ထိုကြေးစားအား ပထမ နှစ်ချက်ဖြင့်ပင် အသက်ထွက် သွားစေခဲ့ပြီး ဖြစ်လေသည်။
ဝူရုံမြို့အတွင်း၌ လှုပ်ရှားရဲသည့် လူများသည် ဘယ်တော့မှ သာမန်လူများ မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှန်းသည် သူ၏ ပစ္စတိုသေနတ်မှ ကျည်များ ကုန်သည် ဆိုလျှင်ပင် ထိုလူအား ချက်ချင်း သတ်မည်ပင်။
သေနတ်ပစ် သံများသည် ထိုနေရာရှိ လူများ အားလုံးကို ကြက်သေ သေသွားစေခဲ့သည်။ သူတို့သည် ဝမ်ရှန်း၏ လက်ထဲရှိ ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသော လက်နက်ကိုသာ မှင်သက်စွာ စိုက်ကြည့် နေကြ၏။ ထိုလက်နက်က ဘာလဲဆိုတာ သူတို့ ဘယ်လိုမှ တွေးကြည့်၍ မရပေ။
ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင် မြေပြင်ပေါ်ရှိ သွေးအိုင်ထဲ၌ ကြေးစားလူငယ်သည် သွေးသံတရဲရဲ လဲကျနေလေသည်။ ဝမ်ရှန်း၏ ပထမဆုံး ပစ်ချက်သည် သူ၏ရင်ဘတ်အား ထိမှန်စေခဲ့ပြီး ထိုလူငယ်သည် အတွင်းတွင် ဒိုင်းကာ ဝတ်ဆင်ထားလေရာ ကျည်ဆန်မှာ သူ့ပေါ် ဘာသက်ရောက်မှုမှ ကြီးကြီးမားမား မရှိခဲ့ပေ။ သို့သော် ဒုတိယ ပစ်ချက်ဖြစ်သည့် ကျည်မှာတော့ သူ၏ဘယ်ဘက် မျက်လုံးကို ထိသွားလေသည်။ ထိုအခိုက်အတန့်မှာပင် ဤကြေးစား လူငယ်သည်လည်း အသက်ထွက်သွားပြီး ဖြစ်လေ၏။
ဝမ်ရှန်း၏ သေနတ် ပစ်ချက်များသည် အလွန်တိကျ မှန်ကန်ပြီး ဒုတိယမြောက် ပစ်ချက်သည် ဘယ်ဘက်မျက်လုံးအား ထိမှန်ခဲ့ကာ တတိယမြောက် ပစ်ချက်သည် ညာဘက်မျက်လုံးကို ထိမှန်ခဲ့လေသည်။ ဤနှစ်ချက်သည် ထိုကြေးစား၏ ရှင်သန်မှုကို လုံးဝ ချုပ်ငြိမ်း သွားစေသည့် ပစ်ချက်များပင် ဖြစ်သည်။
နောက်ပိုင်း ပစ်ချက် သုံးချက်သည် ဒူးလေးနှင့် ပစ်ခဲ့သည့် လူငယ်အား တန်ပြန် ပစ်ခဲ့ခြင်း မဟုတ်ချေ၊ ထိုလူငယ်နောက်၌ ရှိနေသည့် မည်သည့် လူသတ်ငွေ့နှင့် မည်သည့် ပြောင်းလဲမှုမှ မရှိသည့် အဘိုးအိုအရွယ် အမျိုးသား တစ်ယောက်အား ပစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အနေအထား အရ ထိုအဘိုးအိုအရွယ် အမျိုးသားသည် သူ့ထက်ပင် သာမန်လူ တစ်ယောက်အလား ထင်ရပေသည်။ သူသည် မီးခိုးရောင် ဆံပင်နှင့် ဆင်းရဲနွမ်းပါးသည့်ပုံ ပေါက်ကာ ရာသီဥတု၏ ရိုက်နှက်မှုဒဏ်ကို ခံနေရသည့် လူတစ်ယောက်ပုံလည်း ပေါ်နေ၏။ အခြားနေရာဖြစ်ခဲ့ပါက ဤပုံစံနှင့် လူမျိုးသည် သာမန်မျှပင် ဖြစ်ပေမည်။ သို့သော် ဝူရုံမြို့ ကဲ့သို့သော နေရာမျိုးတွင် ဤသဏ္ဌာန်မှာ မည်သို့မျှ သာမန် မဖြစ်နိုင်ပေ။
ဝူရုံမြို့တွင် ဈေးဆိုင် ဖွင့်နိုင်သည်နှင့် ခွန်အား ကြီးမားသူများ မဟုတ်ကြပေ။ သူတို့၏ အခြား အကျင့်စရိုက် တစ်ခုမှာ သူတို့သည် မည်သည့် ဈေးဝယ်သူကို မဆို အလွန် ချိုသာရင်းနှီးစွာ ဆက်ဆံတတ် ကြခြင်းပင်။
သို့သော် ယခု အဘိုးအိုသည် မျက်နှာသေနှင့်ဖြစ်ပြီး ဘဝရှင်သန် နေထိုင်ရန် တွန်းအားပေး ခံနေရသူ အလား ဖြစ်သည်။ သူ၏မျက်နှာထက်တွင် မည်သည့် အပြုံးအရယ်မှ ရှိမနေပေ။ ဝူရုံမြို့၏ အနေအထားအရ အဘိုးအို၏ မျက်နှာမျိုးသည် ဆိုင်ပိုင်ရှင် တစ်ယောက်၏ မျက်နှာမျိုး မဟုတ်ပဲ မည်သည့် ခံစားချက်မျှ သက်ဝင် လှုပ်ရှားမှု မရှိသော မျက်နှာသေမျိုး ဖြစ်ပေသည်။
ဒုတ်…
ဝမ်ရှန်း၏ သေနတ်ပစ်သံ နှင့်အတူ တစ်ဖက်လူငယ်၏ ဒူးလေးမှ မြားသည်လည်း ဝမ်ရှန်း၏ လက်တွင်းရှိ ဟော့ပေါ့အိုးကို ထိမှန် သွားခဲ့တော့သည်။ မြားတံ၏ ထိပ်သည် ချွန်မြနေပြီး ဟော့ပေါ့အိုးအား လာရောက် ထိမှန်သည့် အခိုက်အတန့်တွင် ဝမ်ရှန်း၏ လက်မှာ တုန်ခါသွားခဲ့၏။
ချွန်ထက်မှုနှင့် ပြင်းထန်သည့် အရှိန်တို့ကြောင့် မြားတံသည် ဟော့ပေါ့အိုးအား ဖောက်ထွက်သွားကာ ဝမ်ရှန်း၏ ရင်ဘတ်ကိုပင် ထိသွားခဲ့လေသည်။
ဤအနေအထား၌ မြားတံသည် ရှေ့ဆက်ပြီး မထိုးဖောက် နိုင်တော့ဘဲ ရပ်တန့် သွားခဲ့၏။ အားလုံး တွေးလိုက်သည်မှာ ဒူးလေး၏ မြားသည် ဟော့ပေါ့အိုးကို ဖောက်ထွက် သွားပြီးနောက် ရပ်တန့်သွားခြင်း ဖြစ်သည်ဟုပင်။
သို့သော် သူ၏ခန္ဓာကိုယ် အတွင်းရှိ အရည်ကြည် ဒိုင်းကာမှာ သူ၏အသက်ကို ကယ်တင်သွားခြင်း ဖြစ်ကြောင်း ဝမ်ရှန်း တစ်ဉီးတည်းသာ သိပေသည်။
အဘိုးအိုသည် ဝမ်ရှန်း ဦးတည် ပစ်လိုက်သော ပစ်ချက် သုံးခုလုံးကို မရှောင်တိမ်းဘဲ သူ၏ဘယ်ဘက် လက်သည်သာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ဝမ်ရှန်း၏ ကျည်ဖူး သုံးခုသည် သူ၏လက်တွင်းသို့ ရောက်ရှိ သွားခဲ့လေသည်။
တစ်ဆက်တည်းမှာပင် အဘိုးအိုသည် သူ့ရှေ့၌ ရှိနေသည့် လူငယ်၏ အလောင်းကို သူ၏ညာဘက်လက်ဖြင့် ညင်သာစွာ တွန်းထုတ် လိုက်လေရာ ထိုအလောင်းသည် အမြှောက်ဆန် တစ်ခုကဲ့သို့ ဝမ်ရှန်းထံသို့ အရှိိန်ပြင်းစွာ ဦးတည် သွားခဲ့လေသည်။
ဤသည်ကို မြင်လိုက်သည့် အခိုက်အတန့်၌ ဝမ်ရှန်းသည် အနောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ သို့သော် ထိုအဘိုးအို၏ ဝိညာဉ်အဆင့်သည် အလွန် မြင့်မားလေရာ ဝမ်ရှန်း နောက်သို့ ဆုတ်သည့် အရှိန်သည် ထိုအဘိုးအို၏ အလောင်းကို ရုတ်တရက် တွန်းထုတ် လိုက်သည့် အရှိန်ကို မမီခဲ့ချေ။
ဘုန်း…
ဝမ်ရှန်းနှင့် လူငယ်အလောင်းတို့ ထိတိုက် မိသွားသည်။ အလောင်းကောင်၏ ရိုက်ခိုက်လာမှု အရှိန်ကြောင့် ဝမ်ရှန်းသည် နံရံနှင့် ဆောင့်ရိုက်လု နီးပါးပင် ဖြစ်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် ထိုအလောင်းကောင်၏ ချိုင်းကြားမှ အလွန် ပါးလျသည့် ဆူးချွန်တစ်ချောင်း ပေါ်ထွက်လာကာ ဝမ်ရှန်း၏ ရင်ဘတ် တည့်တည့်အား ထိုးစိုက် သွားခဲ့သည်။ ဆူးချွန်ထိပ်မှာ ဝမ်ရှန်း၏ ရင်ဘတ်နှင့် ထိတွေ့သွားသည်ကို မြင်လိုက်ရသည်နှင့် ထိုကြေးစား အဘိုးအို၏ မျက်နှာထက်တွင် အောင်မြင်သည့်အပြုံး ဖြစ်ပေါ်လာခဲ့သည်။
ဒုတ်…
သို့သော် ဆူးချွန်သည် အလွန် မာကျောသည့် အရာတစ်ခုနှင့် ထိတွေ့သွားပြီး ရှေ့ဆက်၍ မရ မထိုးဖောက်နိုင် ဖြစ်သွား၏။ ထိုကြေးစား အဘိုးအို၏ ကြိုးပမ်းမှုသည် ဝမ်ရှန်းကို အနောက်သို့ ဆုတ်ရုံသာ စွမ်းဆောင်နိုင်ခဲ့ပြီး သူ၏ဆူးချွန်က ဝမ်ရှန်းခန္ဓာကိုယ် အတွင်းသို့ အပြည့်အဝ ထိုးစိုက်သွားအောင် မလုပ်နိုင်ခဲ့ချေ။
ကြေးစားအဘိုးသည် ဤအဖြစ်အပျက်ကို မယုံကြည်နိုင်ဟန် ရှိနေ၏၊ သူသည် ဘယ်ဘက်လက်အား တစ်ဖန် လွှဲယမ်းလိုက်ပြီး ဝမ်ရှန်း သူ့အားပစ်ခဲ့သည့် ကျည်ဖူး သုံးခုကို ဝမ်ရှန်း၏ ခေါင်းသို့ ဦးတည်ကာ ပြန်ပစ်လိုက်လေသည်။
သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးသည် အလွန် နီးကပ်ပေရာ ဝမ်ရှန်းသည် ထိုပစ်ချက်ကို လွတ်ကင်းစွာ မရှောင်နိုင်ခဲ့ချေ။ ကျည်ဆန်တို့မှာ သူ၏ခေါင်းအား ဖောက်ထွက် သွားတော့မည့် အခိုက်အတန့်၌ ဝမ်ရှန်းသည် သိုလှောင်လက်စွပ်ထဲမှ သူ၏ သံမဏိ ခေါင်းဆောင်းကို ရုတ်ခြည်း ထုတ်ယူ လိုက်လေသည်။
ဒုန်း ဒုန်း ဒုန်း…
ကျည်ဖူး သုံးခုလုံး ဝမ်ရှန်း၏ ခေါင်းထက်ရှိ သံမဏိ ခေါင်းဆောင်းအား ထိမှန်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကြေးစားလူငယ်၏ ရုပ်အလောင်းသည်လည်း အောက်သို့ ပြုတ်ကျ သွားခဲ့သည်။ ထိုခန္ဓာကိုယ်သည် ဝမ်ရှန်းနှင့် ကြေးစား အဘိုးအိုတို့ ကြား၌ အတားအဆီး တစ်ခု အဖြစ် ရှိမနေတော့ချေ။ ထိုအချိန်ကျမှသာ ကြေးစား အဘိုးအိုသည် သူ၏ဆူးချွန်မှာ ဝမ်ရှန်း၏ ခန္ဓာကိုယ်၌ စိုက်နေသည်ကို မြင်လိုက်ရလေသည်။
ဆူးချွန်သည် ခန္ဓာကိုယ်အား တစ်ဆုံးတိုင် မထိုးဖောက် နိုင်ခဲ့သော်လည်း အပေါ်ယံမျှ ဖောက်ဝင် သွားသည်။ ထို့ကြောင့် ထိုဆူးချွန်၏ အစွမ်းတို့ ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်နှင့် …
ဖွီး….
ဝမ်ရှန်း၏ ပါးစပ် တစ်ခုလုံးမှာ သွေးများဖြင့် ပြည့်သွားပြီး သူသည် ကြေးစား အဘိုးအို၏ မျက်နှာထက်သို့ ထွေးထုတ် လိုက်လေသည်။
ကြေးစား အဘိုးအိုသည် အတွေ့အကြုံ ကြီးမားသူ ပီသစွာ ရန်သူအား စိတ်ရှုပ်ထွေး သွားစေသည့် ဝမ်ရှန်း၏လုပ်ရပ်ကို ကြိုတင် ခန့်မှန်းမိလေသည်။ ဝမ်ရှန်းက သူ၏မျက်နှာထက်သို့ သွေးများ ထွေးထုတ် လိုက်သော်လည်း ထိုကြေးစား အဘိုးအိုသည် မျက်တောင်တစ်ချက်ပင် မခတ်သွားခဲ့ပေ။
သူသည် အနားသို့ ရုတ်ခြည်း တိုးလာပြီး ဆူးချွန်ကို ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်း ပို၍ နစ်ဝင်သွားစေရန် ဖိချလိုက်ရာ ဝမ်ရှန်းမှာ တစ်မုဟုတ်ချင်းပင် နံရံဘက်သို့ လွင့်စင် ထွက်သွားတော့၏။
ထိုအချိန်တွင် ကြေးစားအဘိုးအိုသည် ယုံကြည်ချက် အပြည့် ရှိသွားခဲ့သည်။ သူသည် ဆူးချွန်ကို ဝမ်ရှန်း၏ ခန္ဓာကိုယ်အား တစ်ဆုံးတိုင် ဖောက်ထွက်သွားအောင် မလုပ်နိုင်ခဲ့သော်ငြား အဆုံး၌ ဝမ်ရှန်းအား အသက်ထွက်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သွားခဲ့၏။
သူ စတင် တိုက်ခိုက် လိုက်သည့် အခိုက်အတန့်မှာပင် နောက်ထပ် ကြေးစား သုံးယောက်သည်လည်း သူနှင့်အတူ ပူးပေါင်းကာ ဝမ်ရှန်းအား ဦးတည် တိုက်ခိုက် လိုက်တော့သည်။
ကြေးစားအဘိုးအိုသည် သူ၏ လုပ်ကြံမှု အောင်မြင်တော့မည်ကို သိလိုက်ချိန်တွင် ဝမ်ရှန်းသည် ထိုနေရာ၌ ရှိနေသည့် နံရံနှင့် လေး၊ ငါးမီတာခန့်သာ ဝေးတော့၏။ ထိုကြေးစား အဘိုးအိုသည် ဝမ်ရှန်း၏ အသက်ကို နုတ်ယူရန်မှာ အများဆုံး တစ်စက္ကန့်၊ နှစ်စက္ကန့်ခန့်သာ ကြာမြင့် နိုင်ပေသည်။
သို့သော် ထိုအခိုက်အတန့်၌ ဝမ်ရှန်း၏ သွေးစွန်းနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မြို့အတွင်းပိုင်းထဲ ရောက်နေပြီကွ”
ဝမ်ရှန်းမှ ထိုစကားလုံးများကို ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သူ၏လက်တွင်း၌ မော်ဒယ် 200 သေနတ်တစ်လက် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် သေနတ်ကို ထိုကြေးစား အဘိုးအို ရင်ဘတ်အား ချိန်ကာ မောင်းခလုတ်ကို ဆွဲလိုက်တော့၏။
***