Switch Mode

Chapter – 138

လမ်းမထက်၌ လုပ်ကြံမှု (၁)

အပိုင်း ၁၃၈
လမ်းမထက်၌ လုပ်ကြံမှု (၁)

ဝမ်ရှန်း၏ ခြံဝန်းထဲတွင် အပြင်လူများ တစ်ယောက်မှ မရှိတော့ပေ၊ ဝမ်ရှန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ သို့သော် ဝမ်ရှန်းသည် သူ တစ်ဖက်သို့ လှည့်လိုက်သည့် အချိန်တွင် အရိပ်မိန်းမစိုးအား သူ၏ခြံဝန်း အတွင်း၌ တွေ့လိုက်ရ၏။

“မင်း နှစ်အိုးစာလောက် ချက်ထားတာပဲ။ အဲဒါကြောင့် ငါ နည်းနည်းလောက် ယူသွားဦးမယ်”

မိန်းမစိုးမှ ဝမ်ရှန်းအား ပြောလိုက်၏။ ထို့နောက် ဝမ်ရှန်းသည် ထိုမိန်းမစိုးမှာ သူ အိုးအတွင်းရှိ စွပ်ပြုတ်များအား ယူသွားသည်ကို ဘာမှ မတတ်နိုင်ဘဲ လက်ပိုက်သာ ကြည့်နေ လိုက်တော့သည်။ မိန်းမစိုးသည် စွပ်ပြုတ်ကို ပန်းကန်များ တစ်ပန်းကန်ပြီး တစ်ပန်းကန် ထည့်နေခဲ့၏။

ထူးဆန်းစွာပင် ထိုပန်းကန်များသည် တစ်ပန်းကန်ပြီး တစ်ပန်းကန် လျင်မြန်စွာ ပျောက်သွားခဲ့၏။ ထိုမြင်ကွင်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မိန်းမစိုးထံ၌လည်း သိုလှောင်လက်စွပ် ရှိရလိမ့်မည်ဟု ဝမ်ရှန်း သိလိုက်သည်။

သို့သော် ဤအရာသည် အမွှေးအကြိုင် အနည်းငယ်နှင့် စွပ်ပြုတ် အိုးတစ်အိုးသာ ဖြစ်၏။ ဒါက မလွန်လွန်း နေဘူးလား။ ဤစွပ်ပြုတ်ကို သယ်ရန်အတွက် ဘာလို့များ ဤကဲ့သို့ အဆင့်မြင့် ပစ္စည်းမျိုးကို အသုံးပြု နေရတာလဲ…။

ဤစွပ်ပြုတ်သည် ကမ္ဘာပေါ်ရှိ ဆိုင်တစ်ဆိုင်မှ နှစ်ပေါင်း ရာနှင့်ချီ လက်ဆင့်ကမ်း လာသည့် နည်းလမ်းဖြင့် ချက်ပြုတ်ထားသည့် စွပ်ပြုတ် ဆိုလျှင်လည်း ထားလိုက်ပါ။ သို့သော် ဤစွပ်ပြုတ်သည် သူ ယမန်နေ့နှင့် ဤနေ့ နှစ်ရက် ချက်ပြုတ်ခဲ့သည့် ရိုးရိုးသာမန် စွပ်ပြုတ်သာ ဖြစ်သည်။

ဝမ်ရှန်း ပြောနိုင်သည်မှာ ဤလူများ အားလုံးသည် ကောင်းမွန်သည့် မည်သည့် အရာကိုမှ မမြင်ဖူးသည့် သနားစရာ ကောင်းသည့် လူများပင်ဖြစ်၏။ ဤကမ္ဘာကြီးမှ မြို့အရှင်များ သို့မဟုတ် ဧကရာဇ်များသည်ပင် ရှင်းရှင်းလင်းလင်း ဘယ်အရာမှ မသိမမြင် ဖူးကြပေ။ သူတို့ အားလုံးသည် တောသားများပင် ဖြစ်သည်။

မိန်းမစိုးသာ အမှန်တကယ် သစ္စာရှိသည်ဆိုလျှင် သူသည် ဤစွပ်ပြုတ်အိုးကို သူ၏အရှင်ဖြစ်သည့် ဧကရာဇ်အား ဆက်သမည်မှာ ပြောစရာပင် မလိုပေ။ စဉ်းစားကြည့်လျှင် ဤလုပ်ရပ်သည် သမရိုးကျ ဆန်လွန်းလှသည်။

အရှင်ဧကရာဇ်အား ဆက်သသည့် လက်ဆောင် ပဏ္ဍာသည် ဤကဲ့သို့ သာမန်ကျသည့် အစားအသောက် ဖြစ်သည်တဲ့လား… ဤတော်ဝင် မိသားစုသည် တကယ်ကိုပင် သနားစရာ ကောင်းလှပေသည်။

ဝမ်ရှန်းသည် ဘာမှမပြောဘဲ အိမ်တော်ထိန်း ချန်ရစ်ထားခဲ့သည့် သေတ္တာထံသို့သာ သွားလိုက်သည်။ ထိုသေတ္တာကို ဖွင့်လိုက်သည်နှင့် ထွက်ပေါ်လာသည့် တောက်ပသော ရွှေဝါရောင် အလင်းများကြောင့် ဝမ်ရှန်းသည် သူ၏မျက်လုံးများပင် ကျိန်းစက် သွားသည်ဟု ခံစားလိုက်ရ၏။

ထို့နောက် ဝမ်ရှန်း သေတ္တာအား ချက်ချင်း ပြန်ပိတ်လိုက်သည်။ ဤအဖြစ်အပျက်ကို သူ မူလနေထိုင်ရာ ကမ္ဘာမြေတွင် ဆိုပါက ထိုသို့နည်းဖြင့် အသားငါးများ ချက်ပြုတ် ရောင်းချကာ ကီလိုဂရမ် ရာချီနှင့် ညီမျှသည့် မြောက်မြားစွာသော ရွှေဒင်္ဂါးများ ရရှိခဲ့သည်ဟု ပြောလျှင် အားလုံးသည် သူ့အား အရူးဟု ပြောဆို ကြပေလိမ့်မည်။

သို့သော် သေချာတွေးတော စဉ်းစားကြည့်မည် ဆိုလျှင် ဝမ်ရှန်းသည် ဝူရုံမြို့က ဟင်းခတ် အမွှေးအကြိုင် ၁၃ မျိုး ရောင်းချမည်ကို သူ၏စိတ်ထဲ၌ လှောင်ပြောင် မိလိုက်သော်လည်း တကယ်တမ်းတွင် ထိုအရာသည် စိတ်ဝင်စားစရာ ကောင်းသည့် စီးပွားရေး တစ်ခုပင်ဖြစ်၏။ သေချာပေါက် ကြွယ်ဝ ချမ်းသာနိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ထောင်နှင့်ချီသည့် ရွှေဒင်္ဂါးများမှာ သူတို့အတွက် မဆိုစလောက်မျှသာ ဖြစ်ပေသည်။

နောက်တစ်နေ့ မနက် ဝမ်ရှန်း နှိုးလာသည့် အချိန်တွင် သူသည် အသားပြုတ်ထားသော အနံ့ကို ရလိုက်သည်။ ဝမ်ရှန်း ခြံပြင်မှ ထွက်ကာ လမ်းပေါ်သို့ ရောက်သည်နှင့် ပြောစရာ စကားများ ဆွံ့အသွားစေမည့် မြင်ကွင်း တစ်ခုအား တွေ့လိုက်ရသည်။

မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းရှိ နေရာ တော်တော်များများတွင် “ဝူရုံမြို့ အသားနှပ်” ဟူသည့် ဆိုင်းဘုတ်ဖြင့် ပေါ်ပေါ်ထင်ထင် ရောင်းချ နေကြသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။

ထို့ပြင် ဝမ်ရှန်း ဟင်းခတ် အမွှေးအကြိုင်များ ဝယ်ယူခဲ့သည့် ဈေးဆိုင်တွင် ယခုအချိန်၌ တန်းစီနေသည့် လူအုပ်ကြီး ရှိနေကြသည်။ ထိုဆိုင်သည် ဆေးဆိုင် မဟုတ်တော့ပေ၊ ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် ဟင်းခတ် အမွှေးအကြိုင် ရောင်းသည့်ဆိုင် ဖြစ်လာပြီဖြစ်၏။

“ဝူရုံမြို့မှ အရသာရှိသော ဟင်းခတ် အမွှေးအကြိုင်များ” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲ ထားလေသည်။ ရောင်းချနေသည့် ဟင်းခတ် အမွှေးအကြိုင် များသည်လည်း အချိုးကျကျ ရောစပ်ထားပြီးသား ဟင်းခတ် အမွှေးအကြိုင်များပင် ဖြစ်၏။

ယခုအချိန်တွင် ဤဆေးဆိုင်၏ နောက်ကွယ်မှ ပိုင်ရှင်သည် ဝူရုံမြို့၏ မြို့အရှင် ဖြစ်ကြောင်းကိုတော့ ပြောစရာပင် မလိုတော့ချေ။ ဟုတ်လည်း ဟုတ်ပါသည်၊ ဘာပဲပြောပြော သူသည် ဝူရုံမြို့အား အမှန်တကယ် ထိန်းချုပ်ထားသည့် လူပင်ဖြစ်၏။ ထို့ကြောင့် ဤအချက်ကို ပြောစရာပင် မလိုတော့ပေ။

ဆေးဆိုင်ပိုင်ရှင်သည် ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် သူ့အဖေ အရင်းအား မြင်လိုက်ရသည် ထက်ပင် ပို၍ ပျော်ရွှင် သွားခဲ့သည်။ သူ တစ်ခုခု မှားယွင်းမှု ရှိမရှိကို ကြည့်ပေးရန်သာ ဝမ်ရှန်းအား အဆက်မပြတ် တောင်းဆိုနေခဲ့၏။

ဝမ်ရှန်းသည် သူ ရောင်းချနေသည့်ထဲမှ လက်တစ်ဆုပ်စာခန့် ကောက်ယူကာ လျှာဖျားဖြင့် တို့ကြည့်လိုက်သည်။ ထို့နောက် ပြန်ထွေးထုတ်ကာ ခေါင်းညိတ် လိုက်ပြီး –

“အရသာက အတူတူ နီးပါးပါပဲ၊ ပစ္စည်းတွေလည်း ကောင်းတယ်။ ဒါပေမယ့် ဒီလိုမျိုး ရောင်းနေတာ အပြင်က တခြားလူတွေ အတုခိုးပြီး လိုက်ရောင်းမှာကို မကြောက်ဘူးလား”

“ဝူရုံမြို့ထဲမှာ အဓိက စီးပွားရေး လုပ်ငန်း နှစ်ခုရှိတယ်။ သူတို့ ဒါတွေကို အတုခိုး လိုက်တုမှာကို မကြောက်ပါဘူး”

ဆိုင်ပိုင်ရှင်သည် ဝမ်ရှန်းအား ဘာမှဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။ သူသည် လျင်မြန်စွာသာ ပြန်ဖြေလိုက်၏ ။

“အဲဒါနဲ့ ပတ်သက်ပြီး မြို့အရှင် ကိုင်တွယ်လိမ့်မယ်။ နောက်ကျရင် ဒါက စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာပါ”

“စားဖိုမှူးကောင်းတွေ ရှာလိုက်။ ပြီးရင် ဒီဟင်းခတ် အမွှေးအကြိုင်တွေကို အချိုးအဆ မတူအောင် ရောလိုက်၊ ပြီးရင် အဲဒါတွေနဲ့ ချက်ကြည့်ပြီး အရသာ မြည်းကြည့်။ အရသာ ကောင်းတယ်လို့ ထင်ရင် နောက်ထပ် ထုတ်ကုန် အသစ်တစ်ခု ထပ်ထုတ်လိုက်လို့ ရတာပေါ့”

ဝမ်ရှန်းသည် သူရရှိခဲ့သည့် ရွှေဒင်္ဂါးတို့မှာ များလွန်းသည်ဟု ထင်မြင်သောကြောင့် အကြံဉာဏ် တချို့ကို မမေ့မလျော့ ပေးလိုက်လေသည်။ ထို့နောက် ဆက်လက်၍ –

“ဆိုင်တစ်ဆိုင်ဆိုတာက တစ်မျိုးတည်းချည်းပဲ ရောင်းနေလို့ မရဘူးလေ၊ ဟုတ်တယ်မလား”

“အခုချက်ချင်းပဲ လုပ်ကြည့် လိုက်ပါမယ်”

ဤအကြံသည် ရွှေချထားသင့်သည့် အကြံဉာဏ်ကောင်း တစ်ခုပင်ဖြစ်၏။ အခြား ဘာအပိုစကားမှ မပြောဘဲ ဆိုင်ပိုင်ရှင်သည် ဝမ်ရှန်း၏ စကားအား ချက်ချင်း သဘောတူ လိုက်သည်။

လမ်းတစ်လျှောက် လျှောက်ကြည့်ရင်း အရသာ မြည်းစမ်းကြည့်ရန် အတွက် ဝမ်ရှန်းသည်  ဆိုင်နှစ်ဆိုင်မှ အသားနှပ်များကို ဝယ်ယူလိုက်သည်။ ပြောရမည်ဆိုလျှင် ဆိုင်နှစ်ဆိုင်မှာ ဟင်းနှစ်ပွဲမှာ သူ့အတွက် များသွားသည်ဟု ပြောရမတတ်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသားနှပ်များသည် ယမန်နေ့က စွပ်ပြုတ်ကို မှီငြှိမ်းကာ ပြုလုပ်ထားခြင်း ဖြစ်လေရာ အရသာမှာ ကွာခြားမှု မရှိပေ။

လမ်းတစ်လျှောက် သူသည် ခြေတံရှည် အမျိုးသမီးများကို မတွေ့ခဲ့ပေ။ သူတို့သည် လေ့လာရန် အတွက်သာ သူ့ထံသို့ ရောက်လာခဲ့ခြင်း ဖြစ်နိုင်၏၊ ထို့နောက် အခြားသူများကို ပြန်လည် ပြသပေးခြင်းလည်း ဖြစ်နိုင်ပေသည်။

ဝမ်ရှန်းသည် ဤအဖြစ်အပျက်များကို ဂရုမစိုက်ချေ။ သူ မှာယူထားသည့် မီးဖိုချောင်သုံး ပစ္စည်းများ ရမရဆိုတာကို သိရရန်အတွက်သာ ယနေ့ သူအပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။

ယမန်နေ့ည၌ ဝမ်ရှန်းသည် သူ၏ဝိညာဉ် နယ်မြေ အတွင်းတွင် အစားအသောက် အမျိုးအစား ဆယ်မျိုးကို နောက်တစ်ကြိမ် ပုံဖော်ကာ ချီဝမ်နဂါး ဆယ်ကောင်ကို ထပ်ကျွေးခဲ့၏။ သို့သော် ဝမ်ရှန်းသည် ဟင်းလျာ အသစ် အသစ်များကို ဖန်တီး မချက်ပြုတ် နိုင်ပါက သူ၏ ချီဝမ်နဂါးများကို အဆင့်မြှင့်တင် နိုင်မည် မဟုတ်ပေ။

ချီဝမ်နဂါးတို့ကို ကျွေးရန် လေထုအတွင်းတွင် အရသာရှိသည့် ဟင်းလျာတစ်မျိုး ပုံစံအတိအကျ ထွက်ပေါ်လာအောင် အာရုံစိုက် တွေးရခြင်းက အလွန် ခက်ခဲပေသည်။

သို့သော် ထိုဟင်းလျာကို ကိုယ်တိုင် ချက်ပြုတ် နိုင်ပါက ပုံဖော်ခြင်းသည်လည်း အလွန် ရိုးရှင်းလာလေသည်။

အကြောင်းပြချက် တချို့ကြောင့် ဝမ်ရှန်း အချိန်တို အတွင်းမှာပင် စားဖိုမှူး တစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။ ထိုအရာသည် သူ၏ စားချင်စိတ်ကို ပြီးပြည့်စေရုံ သာမက ချီဝမ်နဂါးတို့အား အဆင့်မြင့်တင်ရန် ပုံဖော်ရာတွင် လွယ်ကူ စေနိုင်သည့် အတွက် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းလည်း ဟုတ်ပေသည်။

ပန်းပဲဖိုသည် ဝမ်ရှန်း မှာယူထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို ယနေ့၌ အပြီး အချောသတ် နေသည်။ သူသည် အချိန်ဆွဲ နေခြင်းကြောင့် ကြန့်ကြာနေခြင်း မဟုတ်ချေ။ ဝမ်ရှန်းမှာ ပစ္စည်းများစွာ လိုချင်ခဲ့ပြီး သူလိုချင်သည့် မီးဖိုချောင်သုံး ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်သည့် သံများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ ဖြစ်ပေသည်။

သို့ဖြစ်၍ ထိုအနေအထားရရန် အသုံးပြုမည့် သံထည်များကို ရရှိနိုင်ရန် အတွက် နေ့တစ်ဝက် ကြာပြီး ပန်းပဲဆရာမှာ နှစ်ရက်အတွင်း ၎င်းတို့ကို ပြီးစီးအောင် ကြိုးစား အားထုတ်ခဲ့လေသည်။

ထိုပစ္စည်းများမှာ ဝမ်ရှန်းအတွက် ပြုလုပ်ထားခြင်းဖြစ်ပြီး ဝမ်ရှန်းက သန့်ရှင်း သပ်ရပ်မှုကို ကြိုက်နှစ်သက်သောကြောင့် ပန်းပဲဆရာသည် သူ ပြုလုပ်ခဲ့ပြီးသည့် ပစ္စည်းများ အားလုံး အိုးများ၊ ဇွန်းများ ပါမကျန် အကုန်လုံးကို အရောင်တင်‌ ပေးနေသည်။

ထိုအခြင်းအရာတို့ကြောင့် ဝမ်ရှန်း အလွန် ကျေနပ်သွားခဲ့သည်။ ဝမ်ရှန်းသည် ထိုပစ္စည်းတို့အား အလျင်လို လှသော်လည်း သူတို့ပြုလုပ်နေသည့် ပုံစံကို တွေ့မြင် ပြီးနောက် ဝမ်ရှန်း ထိုအကြံအား လက်လွှတ် လိုက်သည်။

ကျန်သည့် ပစ္စည်းများကို ဆက်လက် အရောင်တင်စေကာ ဝမ်ရှန်းသည် အရိုးရှင်းဆုံး ဟော့ပေါ့အိုးကိုသာ သူ့ဘာသာသူ သယ်လာလိုက်၏။ မည်သို့ပင်ဆိုစေ ဟော့ပေါ့သည် လုပ်ရ အလွယ်ဆုံးပင် ဖြစ်သည်။

ဝူရုံမြို့၏ မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းကို ခြားထားသည့် မျဉ်းကြောင်းသည် ကြေးစားခန်းမ ရှေ့ရှိ လမ်းထက်၌ တည်ရှိနေခြင်းပင်။ ထိုလမ်း၏ အလယ်တွင် အနီရောင် မျဉ်းကြောင်း တစ်ကြောင်း ရေးဆွဲထားပေသည်။

အနီရောင် မျဉ်းကြောင်းကို ဖြတ်လိုက်သည်နှင့် ဂျင်ဒီနယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် မြို့တွင်းပိုင်းသို့ ရောက်သွားမည် ဖြစ်ကာ အနီရောင် မျဉ်းကြောင်း၏ အပြင်ဘက်သည် မြို့ပြင်ပိုင်း ဖြစ်ပေသည်။

ကြေးစားခန်းမ၊ တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့သည် မြို့ပြင်ပိုင်း၌ တည်ရှိနေခြင်း ဖြစ်၏။

မြို့တွင်းပိုင်းတွင်မူ ဆိုင်များ များများစားစား သိပ်မရှိပေ။ မြို့တွင်းပိုင်း၌ ရှိနေသည့် အဆောက်အဦး အများစုသည် ဝိညာဉ်သခင်များ၏ သီးသန့် အဆောက်အဦးများသာ ဖြစ်သည်။ ဝမ်ရှန်းကဲ့သို့ လမ်းမဘက် မျက်နှာမူထားသည့် ဆိုင်ပါရှိသော ခြံဝန်းမျိုးကား အလွန်ရှားပါး၏။

ဝမ်ရှန်း ပစ္စည်းများ မှာယူသည့် ပန်းပဲဖိုသည်လည်း မြို့ပြင်ပိုင်း၌ တည်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် မြို့ပြင်သို့ ပစ္စည်းများ ယူရန် ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတူ မြို့တွင်းမှ လူများသည် တစ်ခုခု ဝယ်လိုပါက မြို့ပြင်ဘက်သို့သာ လာရောက် ကြရပေသည်။

ဝမ်ရှန်းသည် ဟော့ပေါ့အိုးဖြင့် ပန်းပဲဖိုဆိုင်မှ ထွက်လိုက်သည်နှင့် လူသတ်ငွေ့ တစ်ခုကို ချက်ချင်း ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ် သွားခဲ့သည်။ သို့သော် မည်သည့် မူမမှန်မှုကိုမှ သူ သတိမထားမိပေ။

ထို့ကြောင့် သူသည် ဂရုမစိုက်ဘဲသာ နေနေလိုက်၏။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူ ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏လက်တွင်း၌ Glock 17 ပေါ်လာခဲ့ပြီး ရုတ်ခြည်းပင် အဆက်မပြတ် ပစ်ထည့် လိုက်တော့သည်။

ဒိုင်း .. .ဒိုင်း .. .ဒိုင်း..
***

Comment

Leave a Reply

Options

not work with dark mode
Reset