Switch Mode

Chapter – 136

မြို့အရှင်စံအိမ်၏ စီးပွားရေးအသစ် (၁)

အပိုင်း ၁၃၆
မြို့အရှင်စံအိမ်၏ စီးပွားရေးအသစ် (၁)

ဆေးဆိုင်ပိုင်ရှင်သည် အလွန် ပျော်ရွှင်ကာ ဘာပြောရမည်ပင် မသိတော့ပေ။ သူသည် အမှာစာကို လက်ခံကာ သူတို့အား အလျင်အမြန် ထိုင်စေလိုက်ပြီး မေးလိုက်၏။

“သူက ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ထိ အများကြီး လိုသွားတာလဲ။ သူ့မှာ ဘာအကြံကောင်းတွေ ရှိနေလို့လဲ”

“အထီးကျန် ဝံပုလွေက ဒါတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေ လုပ်နေတာ”

ဆိုင်သို့ ရောက်လာသည့် ဧည့်သည်သည် လျှို့ဝှက်ချက်ကို ကြာကြာ ထိန်းထား၍ မရကြောင်း သိပေသည်။ ထို့ကြောင့် သူသည် ဆိုင်ပိုင်ရှင်အား ပြောပြလိုက်တော့၏။

“ခင်ဗျား ဉာဏ်ကောင်းတယ်ဆိုရင် ဒီပစ္စည်းတွေကို မြန်မြန် ဝယ်စုထားတာက ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် တော်ဝင်ရတနာ စံအိမ်နဲ့ ရတနာစံအိမ်တို့က လက်ဦး သွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါဗျာ…”

ဆိုင်ပိုင်ရှင်၏ မျက်လုံးများသည် တလက်လက် တောက်ပနေလျက် ရှိ၏။ သူသည် ပုတ်သင်ညိုကဲ့သို့ အဆက်မပြတ် ခေါင်းညိတ် နေခဲ့တော့သည်။

လာနောက် နေတာများလား…

ဆေးဝါးများကို အစားအသောက်၌ အသုံးပြု၍ ရပါ၏လော…

နေ့တိုင်း ဆေးများကို စားနေရမည် ဆိုလျှင် မည်သူက အဆင်ပြေ လိမ့်မည်နည်း…

သို့သော် ဤကိစ္စသာ အဆင်ပြေပြေ ဖြစ်သွားမည် ဆိုလျှင် အနာဂတ်တွင် ဤဆေးပစ္စည်းများသည် ကြီးမားသည့် ဝင်ငွေ ဖြစ်လာပေလိမ့်မည်။ ဤကမ္ဘာမှ လူအများသည် ထိုဆေးဝါးများကို စားသုံးစရာ အဖြစ် အသုံးပြုကြမည် ဆိုလျှင် မည်ကဲ့သို့ ဖြစ်လာမည်ကို ဆိုင်ပိုင်ရှင်သည် တွေးဆ၍ပင် မရနိုင်ပေ။ ထိုကဲ့သို့ ဖြစ်လာရန် ဆိုင်ပိုင်ရှင်မှာလည်း အလွန် မျှော်လင့် နေခဲ့သည်ပင်။

အချိန်တစ်ခု ကြာပြီးနောက် နောက်ဆုံးတွင် ထိုနေရာ၌ ရှိနေသည့် ဧည့်သည်များ သတိပြန်ဝင် လာခဲ့သည်။

ဧည့်သည်များထဲမှ တစ်ယောက်သည် အနည်းငယ် မယုံကြည်ဟန်ဖြင့်-

“ဒီကောင်လေးက ဝယ်ယူသူ နတ်ဘုရား ဆိုမှတော့ သူ တော်ဝင်ရတနာ စံအိမ်နဲ့ ရတနာစံအိမ်ဆီ သွားရင်ရော အဲ့က လူတွေကလည်း သူ့ကို ဒီလိုပဲ ဆက်ဆံကြတာလား”

“ဒါပေါ့၊ ဒါပေမယ့် သူတို့က ပိုက်ဆံတော့ မပေးဘူးပေါ့”

ထိုလူမှ ဖြစ်နိုင်သည့် အရာတစ်ခုကို ရုတ်ခြည်း တွေးမိကာ ပြောလိုက်သည်။

“ဒါပေါ့၊ ဘာကိစ္စ ပေးရမှာလဲ။ အဲ့သခင်လေး သွားတဲ့ စီးပွားရေးတိုင်း အောင်မြင်သွားတယ် ဆိုတာက သေးငယ်တဲ့ စီးပွားရေးတွေ အတွက်တော့ ကံကောင်းမှု တစ်ခုပဲ။ ဒါပေမယ့် တော်ဝင်ရတနာ စံအိမ်နဲ့ ရတနာစံအိမ်တို့ ကျတော့ အဲ့လို မဟုတ်ဘူး၊ သူတို့ကို အဲ့လို အကွက်တွေ သွားသုံးလို့ရမှာ မဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် ထိုဧည့်သည်သည် အထက်စီး ရသွားသကဲ့သို့ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“အင်း”

ထိုဧည့်သည်၏ စကားကို ကြားသောအခါ ဆိုင်ဝန်ထမ်းသည် သူ့အား အထင်သေးဟန်ဖြင့် ကြည့်ကာ –

“သူတို့က ပိုက်ဆံ မပေးတာပဲရှိတာ။ ဒါပေမယ့် သခင်လေးက ကျန်းမာရေး ပြဿနာ နည်းနည်းလေး ရှိတော့ တော်ဝင်ရတနာ စံအိမ်ရဲ့ သခင်လေးက ဒီဝမ်သခင်လေးကို ကုသပေးဖို့ အင်ပါယာ မြို့တော်က တော်ဝင်သမားတော်နဲ့ တော်ဝင်ဆေးဆရာတွေ ကိုတောင် ဝူရုံမြို့ဆီ ဖိတ်ခဲ့တယ်။ ပြီးတော့ အဲ့ထဲမှာ ဝိညာဉ် သန့်စင်သူတောင် ပါသေးတယ်။ အဲ့ကုန်ကျစရိတ်တွေ အကုန်လုံးကို တော်ဝင်ရတနာ စံအိမ်ကပဲ ပေးတာနော်”

“ဟင်”

ထိုစကားကြား လိုက်ရသည့် လူများအားလုံး ကြက်သေ သေသွားခဲ့ကြသည်။ ဒီလို ကိစ္စမျိုး ရှိခဲ့တာလား။ အပြင်ဘက်ရှိ လူများသည်ပင် တော်ဝင်ရတနာ စံအိမ်၏ အဆင့်အတန်းကို မသိသည့်လူ မရှိပေ။

ထို့ကြောင့် သူတို့သည် ဤစကားကို ဘယ်လိုလုပ် ယုံကြည်နိုင်မည်နည်း။ ထိုအချိန်တွင် အခြားတစ်ယောက်မှ ရုတ်တရက် မေးလိုက်သည်။

“ရတနာစံအိမ်ကရော”

“သခင်လေးက သူနေမကောင်း ဖြစ်တာကို ကုဖို့အတွက် ရှားပါး ဆေးပစ္စည်းတွေ အများကြီး လိုတယ် ဆိုတာကိုလည်း ကြားရော ရတနာစံအိမ် ပိုင်ရှင်က မျက်တောင် တစ်ချက်တောင် မခတ်ဘဲနဲ့ အဲ့ပစ္စည်းတွေ အားလုံးကို သူ ပေးမယ်လို့ သဘောတူခဲ့တယ်။ ပြီးတော့ သူ့ဆီမှာလည်း တကယ်ပဲ လိုအပ်တဲ့ ဆေးပစ္စည်းတွေ အားလုံး ရှိနေတာပဲ”

ထိုလူမှ မေးခွန်း မေးလာသည့် လူအား နှာခေါင်းရှုံ့ကာ ကြည့်လိုက်၏။ ထို့နောက် သူသည် လက်မထောင်ကာ –

“ဒီလို လူမျိုးက ဝယ်ယူသူ နတ်ဘုရား မဟုတ်ဘူးဆိုရင် ဘယ်လိုလူမျိုးက ဝယ်ယူသူ နတ်ဘုရား ဖြစ်မှာလဲ အဟမ့်”

ဤဧည့်သည်များသည် ထိုဝမ်သခင်လေးက ဘယ်က လာကြတာလဲ ဆိုတာကို မသိကြပေ။ ထို့ကြောင့် ဝူရုံမြို့ အတွင်းတွင် ရေထဲ၌ ရှိနေသည့် ဘဲတစ်ကောင်နှင့် တူသော လူတစ်ယောက်၏ သြဇာတိက္ကမက ဘယ်လောက်ထိ ကြီးမားလဲ ဆိုတာကို သူတို့ ဘယ်လိုလုပ် တွေးကြည့် နိုင်မည်နည်း…

ယနေ့တွင် ထိုဆေးဆိုင်မှ ဝန်ထမ်းသည် စကားအများကြီး ပြောခဲ့ရကာ ထိုသို့ ပြောနေစဉ်မှာပင် သူသည် အံ့အားသင့်သည့် စိတ်ဖြစ်ပေါ် နေခဲ့ပေသည်။

ယခု ရက်ပိုင်းတွင် သူ၏ ဇာတ်ကြောင်းများကို သုံးကာ သူ၏ဂုဏ်သတင်း အကြောင်းကို မသိသေးသည့် လူများအား ပညာပြ၍ ရသည်ကို ဝမ်ရှန်း ကိုယ်တိုင်ပင် မသိနေပေ။ ဝမ်ရှန်းသည် လိုအပ်သည့် အရာများ အားလုံးကို ဝယ်ခြမ်းပြီး ဖြစ်သည့် အတွက်ကြောင့် အမှာစာများအား ချက်ပြုတ်ရန် သူ၏ခြံဝန်းထံသို့ အလျင်အမြန် ပြန်သွားလိုက်သည်။

ကိစ္စရပ်များက ပိုရှုပ်ထွေးလာလေ နောက်ပြန် ပိုသွားရလေဆိုသည်မှာ မှန်ပေသည်။ ဂုဏ်သတင်း ကြီးမားခဲ့သည့် အေ့စ်စနိုက်ပါသမား တစ်ယောက်သည် ယခုအချိန်တွင် အချက်အပြုတ် ခေါင်းဆောင် တစ်ယောက် ဖြစ်နေရလေပြီ။ လတ်တလော အလိုက်သင့် နေထိုင်ရန် အတွက် ကြုံရတဲ့ အခြေအနေအား ဇာတ်လမ်းဆင် ကနေရခြင်းပင်တည်း။

ပြန်သည့်လမ်း တစ်လျှောက်တွင် ဝမ်ရှန်းသည် ဟင်းသီးဟင်းရွက်များကိုလည်း မမေ့မလျော့ ဝယ်ယူခဲ့သည်။ အစားအသောက် စားသောက်ရာတွင် အသားနှင့် အသီးအရွက်များကို ညီတူညီမျှ စားသုံးမှသာ ပို၍ အစားမြိန်စေပြီး အသားချည်းသာ စားသုံးပါက ခဏကြာသည်နှင့် အီဆိမ့် သွားနိုင်ပေသည်။ ထို့ကြောင့် အအီပြေစေရန် အသီးအရွက် အရောအနှော တစ်ခုခု လိုအပ်ပေသည်။

ဝမ်ရှန်း အိမ်ပြန်ရောက်သည့် အချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ ကြက်သေ သေသွားခဲ့သည်။ အိမ်တော်ထိန်း၏ လှုပ်ရှားမှုများသည် တကယ်ကို မြန်ဆန်လှ၏။ ဝမ်ရှန်းမှ ဟင်းခတ် အမွှေးအကြိုင်များနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူ နေစဉ်မှာပင် အိမ်တော်ထိန်းသည် ချက်ပြုတ်ရန် အတွက် လိုအပ်သည့် ပစ္စည်းများ အားလုံးကို ယူခဲ့ပြီး ဖြစ်သည်။

အစပိုင်းတွင် ဝမ်ရှန်း၏ မီးဖိုဆောင် အတွင်း၌ မီးဖိုတစ်ခုသာ ရှိသည်။ မီးဖိုတစ်ခုတည်းဖြင့် အမှာစာများ အားလုံးကို ချက်ပြုတ်ရန် မလုံလောက်ပေ။ ထို့ကြောင့် အိမ်တော်ထိန်းသည် ဝမ်ရှန်း၏ ခြံဝန်း အတွင်းတွင် မီးဖိုငါးခု ချက်ချင်း ပြင်ဆင် ခိုင်းစေခဲ့၏။

ထို့နောက် မီးစွမ်းအား ကျင့်ကြံသည့် ဝိညာဉ်သခင်များကို သူတို့၏ မီးအော်ရာဖြင့် မီးဖိုများအား ခြောက်သွေ့အောင် လုပ်စေလိုက်သည်။ ဝမ်ရှန်း အထဲသို့ ဝင်လာသည့် အချိန်တွင် မီးစွမ်းအား ဝိညာဉ်သခင်များသည် မီးဖိုအား ခြောက်သွေ့အောင် ပြုလုပ်နေဆဲ ဖြစ်၏။

အသစ် တည်ဆောက်ထားသည့် မီးဖိုသည် ပူနေဆဲဖြစ်ကာ အထဲ၌ ရှိနေသည့် ရေစက်များသည် မီးစွမ်းအား ဝိညာဉ်သခင်များ၏ မီးအော်ရာကြောင့် တစ်ခဏ အတွင်းပင် ချက်ချင်း အငွေ့ပျံ သွားတော့သည်။

ဤအရာသည် အလွန် ချဲ့ကားလွန်းရာ ရောက်ပေသည်…

ဤမြင်ကွင်းအား ကြည့်ကာ ဝမ်ရှန်းသည် ဘာပြောရမည်မှန်း တကယ်ကို မသိတော့ပေ။ ဤမီးဖိုသည် ရေစိုနေသည့် မီးဖိုလေး တစ်ခုပင် မဟုတ်ပါလား… ဤကဲ့သို့ လုပ်ရလောက်တဲ့ အထိ တန်ပါရဲ့လား… ဤမီးစွမ်းအားသည် သူတို့၏ အဓိက ကိုယ်ပိုင် အသက်မွေးမှု စွမ်းအား မဟုတ်ပါလား…

အခြား ဘေးတစ်ဖက်သို့ ကြည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်း နောက်တစ်ကြိမ် ပြောစရာ စကားများ ဆွံ့အ သွားခဲ့သည်။ အပြင်ခြံဝန်း၏ နံရံတစ်ဖက်တွင် အရှည်နှင့်အထူ အတူတူလောက် ဖြစ်သည့် ထင်းချောင်းများ အပုံလိုက် ရှိနေလေ၏။ ထိုထင်းချောင်း ပမာဏသည် ဝမ်ရှန်း တစ်လလောက် အသုံးပြုရန် လုံလောက်ပေသည်။

သို့သော် ထိုထင်းချောင်းများကို တွေ့လိုက်ရသည့် အချိန်တွင် ဝမ်ရှန်းသည် သူ မေ့လျော့ နေခဲ့သည့် အချက်ကို သတိရ သွားခဲ့၏။ သူသည် ထင်းချောင်းများကို မေ့နေခဲ့ခြင်းပင် ဖြစ်သည်။ ဤကမ္ဘာ အတွင်းတွင် လောင်စာ ဓာတ်ငွေ့များရှိ၏။ သို့သော် အသုံးပြု၍ ရသည့် သဘာဝ လောင်စာ ဓာတ်ငွေ့များ မရှိပေ။

အားလုံးသည် ချက်ပြုတ်ရန် အတွက် ထင်းချောင်းများကိုသာ အသုံးပြုကြ၏။ ဒယ်အိုး များစွာကို တစ်ပြိုင်နက်တည်း ချက်ပြုတ်ရန် အတွက်ဆိုလျှင် ဝမ်ရှန်း၏ အိမ်၌ ရှိနေသည့် ထင်းချောင်း အရေအတွက်သည် ရေဆူအောင် တည်ရန်ပင် မလုံလောက်ပေ။

ကံကောင်းသည်က အိမ်တော်ထိန်းသည် အကွက်ကျကျ စဉ်းစား တွေးခေါ်နိုင်စွမ်း ရှိပေသည်။ သူသည် ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ပေးထား၏။ ခြံဝန်း၏ အခြား တစ်ဖက်တွင်လည်း အမျိုးမျိုးသော သားရဲများစွာ ရှိနေသည်။ သားရဲများ၏ အရွယ်အစားသည် မကြီးမားပေ။ ထို့ပြင် သူတို့၏ အဆင့်ကလည်း မြင့်ပေ။

သို့သော် သူတို့သည် လုံလောက်နေပြီ ဖြစ်၏။ ဤပမာဏသည် ကမ္ဘာမြေပေါ်တွင် လူအုပ်စု တစ်စုကို ကောင်းကောင်း ချက်ပြုတ် ကျွေးနိုင်သည်ဟု ဝမ်ရှန်း ထင်သည်။

“ညီလေး၊ ဒီပစ္စည်းတွေ ဘယ်လိုနေလဲ”

ဝမ်ရှန်းမှ ကြက်သေ သေနေသည့် အချိန်တွင် သူ့နောက်မှနေ၍ အိမ်တော်ထိန်း၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ဝမ်ရှန်း အနောက်သို့ လှည့်ကြည့် လိုက်သည့် အချိန်တွင် အိမ်တော်ထိန်းသည် အခါတိုင်း ပြုံးနေကျ အပြုံးအား တွေ့လိုက်ရပြီး ၎င်း၏ နောက်မှ လူအုပ်စုကို မြင်လိုက်ရသည့် အချိန်တွင် သူ ရုတ်ခြည်းပင် မှင်သက်မိ သွားခဲ့တော့၏။

အရပ်အမောင်း ကောင်းသည့် မိန်းမပျို ခြောက်ယောက်သည် ဘောင်းဘီရှည်များ နှင့်အတူ အရောင်မတူသည့် အင်္ကျီအဝတ်အစားများ ဝတ်ဆင်ထားကြကာ လှပစွာဖြင့် အိမ်တော်ထိန်း အနောက်၌ သုံးယောက်စီ စုရပ်နေကြလေသည်။

ဝမ်ရှန်း သူတို့ဘက်သို့ လှည့်လာသည်ကို မြင်လိုက် ရသောအခါ ကောင်မလေး ခြောက်ယောက် တစ်ပြိုင်နက်တည်း ဒူးထောက်ချကာ ပြိုင်တူ အော်ဟစ် လိုက်ကြ၏။

“သခင်လေးကို နှုတ်ခွန်း ဆက်ပါတယ်”

ထိုကောင်မလေး ခြောက်ယောက် နောက်တွင် တစ်ချက် ကြည့်လိုက်ရုံဖြင့် သန်မာထွားကြိုင်းကြောင်း သိသာသည့် အမျိုးသား ငါးယောက်သည်လည်း ဦးညွှတ် အရိုအသေ ပေးကာ ပြိုင်တူ ပြောလိုက်ကြသည်။

“သခင်လေးကို နှုတ်ဆက်ပါတယ်”

ဝမ်ရှန်း လုံးဝကို ပြောစရာ စကားများ ဆွံ့အ သွားခဲ့တော့သည်။ အိမ်တော်ထိန်းသည် ခြေတံရှည် အလှလေးများ အကြောင်းကို ပြောကာ အမှန်တကယ်ပင် ခြေတံရှည် အလှလေးများအား ခေါ်ယူလာခဲ့၏။ သူသည် ထိုမိန်းမပျိုများကို အချိန်တို အတွင်း၌ပင် ရှာခဲ့ခြင်း ဖြစ်သည်။

“အကုန်လုံးကို မင်းတစ်ယောက်တည်း မလုပ်နိုင်ဘူး ဆိုတာသိလို့ အကူတချို့ ရှာလာခဲ့တာ”

အိမ်တော်ထိန်းမှ ပြုံး၍ ပြောလိုက်သည်။

“ဒီကောင်မလေး ခြောက်ယောက်က တော်တော်ကို ပေါ့ပါး သွက်လက်တယ်။ သူတို့ထဲမှာ ဝိညာဉ်အဆင့်က ဒုတိယ အထွတ်အထိပ်ပဲ ပါတာမဟုတ်ဘူး၊ တချို့က တတိယအဆင့် ရောက်တော့မှာ။ ဒါပေမယ့် သူတို့ကို တောင်းဆိုနေစရာ မလိုဘူး။ ခိုင်းစရာရှိရင် သူတို့ကို ခိုင်းသာခိုင်းလိုက်”

ဒုတိယအဆင့် အထွတ်အထိပ် ဟုတ်လား…

ဝမ်ရှန်း သူ့ထက် အသက်ငယ်သည့် ထိုကောင်မလေးများအား ကြည့်လိုက်သည်။ သူတို့အားလုံးသည် ဒုတိယ အထွတ်အထိပ် အဆင့်ဖြစ်၏။ ထို့သို့ဆိုလျှင် သူတို့သည် စုန့်မိသားစု၏ အကြီးဆုံး မမလေး စုန့်ရန်နှင့် အဆင့် အတူတူပင် ဖြစ်သည်။

ဝူရုံမြို့ရှိ မြို့အရှင် စံအိမ်သည် တကယ်ကိုပင် မရိုးရှင်းပေ။ အစေခံများသည်ပင် ဤအဆင့် ရှိနေပြီဖြစ်၏။ ဝူရုံမြို့၏ အင်အားသည် စုန့်မိသားစုထက် မနည်းလောက်ချေ။

အိမ်တော်ထိန်းမှ ထိုကဲ့သို့ ပြောလာသည့် အတွက်ကြောင့် ဝမ်ရှန်းသည် အခြား ဘာပြောနိုင်ဦးမည်နည်း။ ဘာများ ထပ်ပြောလို့လဲ ရဦးမည်နည်း…

သူသည် သူ၏လက်ကို လွဲယမ်းကာ အသံကျယ်ကျယ်သာ ပြောလိုက်၏။

“အဲ့ဒါဆိုလည်း ရေနွေးအိုး အရင် သွားတည်လိုက်ကြ”

ဝမ်ရှန်း ထိုကဲ့သို့ ပြောလိုက်သည်နှင့် အနောက်၌ ရပ်နေကြသည့် လူသန်ကြီးများ လှုပ်ရှား လိုက်ကြသည်။ သူတို့သည် မီးမွေးကာ ရေနွေးတည်ရန် ပြင်လိုက်ကြ၏။ သို့သော် ခြေတံရှည် အလှလေး ခြောက်ယောက်သည် သူတို့လှပသည့် မျက်ဝန်းများဖြင့် ဝမ်ရှန်းအား ကြည့်နေကြဆဲ ဖြစ်သည်။

သူတို့သည် ဝမ်ရှန်း၏ အမိန့်ကို စောင့်နေကြပြီး ရေနွေးအိုး တည်ခြင်းသည် ထိုလူသန်ကြီးများ၏ အလုပ်ပင်တည်း။

ဤလှပသည့် အလှဘုရင်မများသည် လူသတ်ရာ၌ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ရှိပြီးဖြစ်သော်လည်း မီးဖိုချောင် ကိစ္စဝိစ္စများကို သူတို့ လုပ်နိုင်ပါမည်လော…

ဝမ်ရှန်း၏ မျက်နှာထက်တွင် မယုံကြည်မှုများက အထင်းသား ထွက်ပေါ်နေ၏။ သို့သော် အိမ်တော်ထိန်းမှ စောင့်ကြည့်နေသည့် အတွက်ကြောင့် သူသည် လက်လွှဲယမ်းရင်းသာ “ခင်ဗျားတို့က ကျွန်တော်နဲ့အတူ သားရဲတွေကို ဆေးကြော သန့်ရှင်း ကြမယ်”
***

Comment

Leave a Reply

Options

not work with dark mode
Reset