Switch Mode

Chapter – 135

လက်မခံချင်ခြင်း (၂)

အပိုင်း ၁၃၅
လက်မခံချင်ခြင်း (၂)

ပစ္စည်းများ ဝယ်ယူရာတွင် ဤဆေးဆိုင်သည် ရွှေဒင်္ဂါးများကို လက်မခံခဲ့ရုံ သာမက သူကပင် ပြန်၍ ရွှေဒင်္ဂါးများ ပေးခဲ့သေးသည်တဲ့။

ဒါက ဘယ်လို အကြောင်းပြချက်မျိုးကြောင့်လဲ…

ဝန်ထမ်း ပြောသည့် စကားနှင့် ဆိုင်ပိုင်ရှင်၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် ဆိုင်ပိုင်ရှင် ပေးလိုက်သည့် ရွှေဒင်္ဂါးသည် ဈေးကွက် နိုင်ထက်စီးနင်းခြင်းမှ ကင်းလွတ်ရန် ပေးအပ်ရသည့် ကာကွယ်ခြင်း အဖိုးအခ မဟုတ်ကြောင်း သိသာပေသည်။ ဤနေရာသည် ဘာလို့ ဤမျှပင် ထူးဆန်း နေရသနည်း။

“သူ့ကို ဘာလို့ ဝယ်ယူသူ နတ်ဘုရားလို့ ခေါ်တာလဲ”

ဧည့်သည် တစ်ယောက်မှ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်၏။ ဤကဲ့သို့သော ဆိုင်ရှင်နှင့် ဈေးဝယ်သူတို့ကို သူ ယခင်က တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။ ထိုအခြင်းအရာသည် သိသိသာသာကြီးကို ပြောင်းပြန် ဖြစ်နေလေသည်။

“ဒီနေ့မှာ ဒီသခင်လေး ဝယ်ခဲ့တဲ့ ပစ္စည်းကို နောက်နေ့ကျရင် တခြားတစ်ယောက်က ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက် ဝယ်လိမ့်မယ်”

ထိုဝန်ထမ်းသည် သူ့ဆိုင်ရှင်သည် ကံကောင်းသည့် လူတစ်ယောက်အဖြစ် ဂုဏ်ယူစွာ ပြောလိုက်သည်။

ဂုဏ်မယူပဲ အဘယ်ကြောင့် နေနိုင်ပါမည်နည်း …

ယခင်က ဤဆေးပင်များကို ရွှေဒင်္ဂါး အနည်းငယ်ဖြင့်သာ ရောင်းချခဲ့၏၊ ထို့ပြင် တစ်မျိုးကို တစ်ခု နှစ်ခုလောက်သာ ရောင်းချ၍ ရပေသည်။ ဤသည်မှာ ပုံမှန်မျှသာ ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် ထိုပစ္စည်းများကို တစ်မျိုး ၁၀ ကီလိုဂရမ်စီ ဝယ်ယူခဲ့၏။ နောက်နေ့တွင် ထိုပစ္စည်းများ၏ အမျိုးအစား တစ်ခုသည်ပင် ၁၀၀ ကီလိုဂရမ် လောက်ထိ ရောင်းချရမည်မှာ ပြောစရာပင် မလိုပေ။

ထိုကဲ့သို့ဆိုလျှင် ရောင်းအားသည် အနည်းဆုံး အဆတစ်ရာ၊ အဆတစ်ထောင် မြင့်တက်သွားမည် ဖြစ်သည်။ ဤလို ကိစ္စမျိုးကိုမှ မပျော်ရွှင်ဘူးဆိုလျှင် ရူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“မဖြစ်နိုင်တာတွေ ပြောပြီး အာချောင် နေတာပဲ”

ဧည့်သည်များထဲမှ တစ်ယောက်သည် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ ဤနေရာသည် ဆေးဝါးပစ္စည်းများ ရောင်းချသည့် ဆေးဆိုင်ဖြစ်သည်။ မည်သူကများ ဆေးဝါးများကို ကီလိုဂရမ်နှင့်ချီ ဝယ်ယူလို့လဲ… တစ်မိသားစုလုံး နာမကျန်း ဖြစ်နေခြင်းတော့ မဟုတ်နိုင်လောက်ဘူးမလား…

“ဒီဘက် အနောက်လမ်းက လက်သမားဆရာ အဘိုးကြီး လျိုထောက်ကို သိလား။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ဒီသခင်လေးက သူ့ဆီမှာ ပုခက်ကုလားထိုင် တစ်လုံး သွားဝယ်ခဲ့တယ်။ ဒါပေမယ့် အဘိုးကြီး လျိုထောက်ဆီမှာ အဲ့လိုပစ္စည်းမျိုး မရှိနေဘူး။ အဲ့ဒါကြောင့် ဒီသခင်လေးက အဘိုးကြီးကို ကုလားထိုင်ပုံစံကို ပြောပြပြီး လုပ်ခိုင်းခဲ့တယ်”

နာမည်နှင့် မျိုးရိုးနာမည်၊ အချိန်နှင့်နေရာများ ပါဝင်သောကြောင့် သူပြောသည့် အဖြစ်အပျက်မှာ အမှန်ဖြစ်နိုင်သည်ဟု ထိုနေရာရှိ ဧည့်သည်များ တွေးလိုက်ကြသည်။

“သူ အဲ့လိုလည်း မှာပြီးသွားရော ဘာဆက်ဖြစ်တယ် ထင်လဲ”

“ဘာဆက်ဖြစ်လဲ”

ဧည့်သည်များသည် အမှန်တကယ်ကို စိတ်ဝင်စားနေကြပြီ ဖြစ်ကာ ချက်ချင်းပင် မေးလိုက်၏။

“ဒီသခင်လေး ဆိုင်က ထွက်သွားပြီး နေ့တစ်ဝက်တောင် မရှိသေးဘူး လူတွေ ရာနဲ့ချီ သခင်လေး မှာသွားတာနဲ့ တစ်ပုံစံတည်းတူတဲ့ ပုခက်ကုလားထိုင်တွေ လာမှာသွားတယ်”

ဆေးဆိုင် ဝန်ထမ်းသည် သူ၏ပါးစပ်က နားရွက်တက်ချိတ် လုနီးပါး ဖြစ်နေပြီဖြစ်၏။ ထို့နောက် ချက်ချင်းပင် သူ ဆက်ပြောလိုက်သည်။

“အဲ့မှာ အဘိုးကြီး လျှိုထောက်က ကုလားထိုင် တစ်လုံးကို ရွှေဒင်္ဂါး ၁၀ ပြားစီ စရန်ကောက်ပြီး အမှာစာတွေကို လက်ခံလိုက်တယ်။ ပြီးတော့ အဘိုးကြီး လျှိုထောက်က သူသခင်လေးကို ကုလားထိုင် သွားပို့တဲ့ အချိန်မှာ သူကိုယ်တိုင် ရွှေဒင်္ဂါး ၅၀၀ ယူသွားပြီး သခင်လေးကို သွားပေးခဲ့တယ်။ အဲဒါပြီး နောက်တစ်နေ့မှာလည်း ကုလားထိုင် အများအပြား ထပ်ရောင်း ရသေးတာကြောင့် အဘိုးကြီး လျှိုထောက်က သခင်လေးကို နောက်ထပ် ရွှေဒင်္ဂါး ၅၀၀ ထပ်ပေးခဲ့တယ်”

ထိုစကား ကြားလိုက် ရသောအခါ ထိုနေရာ၌ ရှိနေသည့် ဧည့်သည်များမှာ ကြောင်အ သွားကုန်ခဲ့သည်။

သစ်သားဖြင့် ပြုလုပ်ထားသည့် ပုခက်ကုလားထိုင် တစ်လုံး…

သူတို့သည် ထိုကုလားထိုင်ကို မမြင်ဖူးသော်လည်း ထိုအရာသည် ကုလားထိုင် တစ်လုံးသာ မဟုတ်ပါလား။ ထိုအရာကို ရွှေဒင်္ဂါး ၁၀ ပြားဖြင့် ရောင်းချသည်တဲ့လား…

ဝူရုံမြို့တွင် ကုန်ဈေးနှုန်း မြင့်မားကြောင်း သိသော်လည်း ဤပမာဏကတော့ အလွန်ပင် လက်ခံနိုင်စရာ မကောင်းချေ။

အဆိုးဆုံးမှာ ဝမ်ရှန်းသည် ရွှေဒင်္ဂါးတစ်ပြားမှ မပေးခဲ့ရဘဲ ထိုအစား ရွှေဒင်္ဂါးတစ်ထောင် ပြန်ရရှိခဲ့ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် ဆေးဆိုင်ပိုင်ရှင်ကလည်း ဝမ်ရှန်းအား ရွှေဒင်္ဂါးတစ်ထောင် ပေးချင်သည်မှာ အံ့သြစရာ မရှိတော့ချေ။ ထိုအရာသည် ဈေးကွက်ပေါက်ဈေး ဖြစ်နေခြင်းပင် ဖြစ်၏။

“အားလုံးပဲ ကျုပ်ပြောတာ မယုံဘူးဆိုရင် နောက်တစ်ခု ပြောပြလို့ ရသေးတယ်။ ဒီလမ်းအဆုံးမှာ ရှိတဲ့ ပန်းပဲဖိုမှာ မနေ့တုန်းက ဒီသခင်လေးက ပစ္စည်းတစ်စုံ သွားမှာခဲ့သေးတယ်။ အဲ့တုန်းကလည်း ပန်းပဲဖို ပိုင်ရှင်ကလည်း စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းပဲ ရွှေဒင်္ဂါးငါးရှာပြီး သခင်လေးကို ပေးခဲ့တယ်”

ထိုလူမှ ပန်းပဲဖိုရှိရာ လမ်းအပြင်ဘက် အခြားတစ်လမ်းအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောစမ်းပါ၊ အဲ့အကြောင်း ကြားတုန်းက ပန်းပဲဖိုပိုင်ရှင်က ဘုမသိဘမသိနဲ့ လှည့်စား ခံလိုက်ရတာ နေမှာ”

အစောပိုင်း၌ မေးခွန်းထုတ်ခဲ့သည့် ဧည့်သည်သည် လုံးဝကို မယုံနိုင်ဘဲ  ပြန်လည် ချေပလိုက်၏။

“အဲ့အဘိုးကြီး လျှိုထောက်နဲ့ ဒီသခင်လေးက တစ်အုပ်စုတည်း နေမှာ၊ အဲ့ဒါကို အဲ့ပန်းပဲဖိုပိုင်ရှင်က မသိလိုက်ဘဲ…”

“ပန်းပဲဖိုပိုင်ရှင်သာ ခင်ဗျား ပြောတာ ကြားမယ်ဆိုရင် ခင်ဗျားကို အရမ်းတွေ ကျေးဇူးတင်တော့မှာပဲ”

ဆေးဆိုင်ဝန်ထမ်းမှာ မဲ့ရွဲ့ကာ ပြောလိုက်၏။ သူသည် ဘာမို့လို့ ဝမ်ရှန်းအား အတင်း ပြောရဲသနည်း။ သူသည် ယခုအချိန်တွင် ဝူရုံမြို့တွင်း၌ ဝမ်ရှန်းအား အတင်း ပြောရဲနေသည်မှာ သူ အသက်ရှင်ရတာ ပျင်းလာလို့လား…

“ပန်းပဲဖိုပိုင်ရှင်က ဝူရုံမြို့ထဲ ဝင်လာတဲ့ အချိန်မှာ ကန့်မိသားစုက တတိယအဆင့် ဝိညာဉ်သခင် ခုနစ်ယောက်၊ ရှီဝေ့ အကျဉ်းထောင်က အကျဉ်းသား သုံးယောက်၊ ဝူရုံမြို့က ကြေးစား ၁၂ ယောက်ကို သတ်ခဲ့တယ်၊ အဲ့ထဲမှာ လေးယောက်က တတိယအဆင့် ဝိညာဉ်သခင်တွေပဲ”

လမ်းမထက်၌ အချိန်အတော် ကြာအောင် အလုပ်များ လုပ်ပြီးနောက်တွင် သူသည် အချို့လူများ၏ အကြောင်းကို အသေးစိတ်ကို သိရှိခဲ့ပြီးဖြစ်၏။

“အဲ့ပန်းပဲဖို ပိုင်ရှင်က အပြင်မှာ နာမည်ပြောင်တစ်ခု ရှိသေးတယ် ‘သွေးသတ်ဝံပုလွေ’ တဲ့။ ခင်ဗျား အချိန်ရှိတယ်ဆိုရင် ပန်းပဲဖိုဆိုင် သွားပြီး ခင်ဗျား အခုပြောခဲ့တဲ့ စကားတွေကို သူ့ကို သွားမေးလို့ ရတယ်”

အရောင်းဝန်ထမ်းသည် လေလုံးထွား ပြောဆိုနေခြင်း မဟုတ်ပေ။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝူရုံမြို့တွင်းသို့ ဝင်လာသည့် လူများသည် မြို့တွင်းသို့ ဝင်လာသည့် အချိန်၌ မည်သူကများ သွေးမုန်တိုင်း မဖြစ်စေခဲ့လဲ၊ ဤမြို့သို့ ထွက်ပြေးလာသည့် လူများတွင် မည်သူကများ အားနည်းသလဲ စသဖြင့် သိလိုစိတ်များ ရှိကြပေသည်။

လူသစ်တစ်ယောက် ဝူရုံမြို့သို့ ရောက်လာသည်နှင့် ဝမ်ရှန်း မြို့တွင်းသို့ ဝင်လာသကဲ့ပင် ထိုလူသစ်အား အာရုံစိုက်သည့် လူများ သေချာပေါက် အများအပြား ရှိပေသည်။

“သွေးသတ်ဝံပုလွေ ဟုတ်လား”

ထိုနာမည်အား ကြားလိုက် ရသောအခါ ဝမ်ရှန်း အတင်း ပြောသည့် ဝိညာဉ်သခင် ချက်ချင်း စိတ်ဓာတ်ကျ သွားခဲ့သည်။ အပြင်ဘက်တွင် ဂုဏ်သတင်း ကြီးမားခက်ထန်သည့် လူတစ်ယောက်သည် ဝူရုံမြို့တွင်းတွင် ပန်းပဲသမား တစ်ယောက်အဖြစ် လုပ်ကိုင် နေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ဤအရာသည် လျော်ကန်ပါရဲ့လား…

ထိုကဲ့သို့သော ပန်းပဲဆရာအား မျက်နှာချင်းဆိုင် သွားမေးရမည် ဟုတ်လား… ထိုပန်းပဲဆရာသည် သူ့အား အပြစ်မယူသည့်တိုင် သူသည် ဤကဲ့သို့ လုပ်ရဲသည် အထိ အသိစိတ် ကင်းမဲ့နိုင်မည် မဟုတ်ပေ။

“အဲ့ပန်းပဲဆရာက ရွှေဒင်္ဂါး ၅၀၀ ပေးပြီးတော့ ဘာဆက်ဖြစ်လဲ”

ထိုလူ၏ အပေါင်းအပါ တစ်ယောက်မှ မေးလိုက်သည်။

“အဲ့သခင်လေး ပန်းပဲဖိုရဲ့ အရှေ့တံခါးကနေ ပြန်ထွက်လာတာနဲ့ တခြား တစ်ယောက်က အနောက်တံခါးကနေ သခင်လေး မှာသွားတဲ့ ပုံစံအတိုင်း တစ်ထပ်တည်းပဲ ရာနဲ့ချီ မှာလိုက်တာပဲ”

ထိုလူသည် ခေါင်းမော့ ရင်ကော့ကာ ဂုဏ်ယူစွာဖြင့် – “တစ်စုံကို ရွှေဒင်္ဂါး ၅၀ နဲ့ရောင်းတာ။ အစုံတစ်ရာဆိုတော့ ဘယ်လောက်လဲ ဆိုတာကိုတော့ ခင်ဗျားဘာသာ ခင်ဗျားပဲ တွက်ကြည့် လိုက်ပေါ့။ ထပ်ပြောဦးမယ်နော်… ပန်းပဲဆရာက သခင်လေးကို ပစ္စည်းတွေ သွားပို့တဲ့အချိန် သူက ရွှေဒင်္ဂါး ၅၀၀ အပြင် သခင်လေးကို အဲ့ထက်တောင် ထပ်ပေးချင်နေတာ၊ ဒါပေမယ့် သခင်လေးက လက်မခံမှာကို စိုးလို့သာ မပေးလိုက်တာ”

အားလုံးသည် အံ့သြကြခြင်း နှင့်အတူ တစ်ချိန်တည်းမှာပင် သိချင်စိတ်လည်း အလွန် ပြင်းထန်နေခဲ့ကြ၏။ တစ်ယောက်မှ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“သူ့ကို ရွှေဒင်္ဂါးမပေးဘဲ သူ့ဆီကနေပဲ ရခဲ့တဲ့လူရော ရှိသေးရဲ့လား”

“ဒါပေါ့၊ ရှိတာပေါ့”

ထိုအချိန်တွင် ဝန်ထမ်းသည် ပို၍ပင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဟုတ်ပါသည် ကျန်းထျယ်ထုန့်၏ နာမည်ကို မည်သူမှ ထုတ်ဖော် မပြောဆိုရဲပေ။ အပြင်ကမ္ဘာတွင် သူသည် ဗြောင်းဆန်သွားအောင် မွှေနိုင်ခဲ့သည့် လူပင်ဖြစ်၏။

ထိုဆေးဆိုင် ဝန်ထမ်းသည် ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ပြီး –

“ရှိတယ် အဲသူက ကျန်းထျယ်ထုန့်ပဲ။ ဒါပေမဲ့ အစတုန်းက ကျန်းထျယ်ထုန့်လည်း ရွှေဒင်္ဂါးတွေ ပေးမလို့ပဲ၊ ဒါပေမယ့် ကြေးစားခန်းမက အစ်မချင်းဝေက အဲ့လိုလုပ်ဖို့ မလိုဘူးလို့ ပြောခဲ့လို့ မပေးလိုက်တာ။ အခုလေးတင် ဝင်လာခဲ့တဲ့ သခင်လေးက မြို့ထဲမှာဆိုရင် ရတနာ တစ်ပါးလိုပဲ။ အစ်မချင်းဝေက အဲ့သခင်လေးအတွက် ကြေးစား တံဆိပ်ပြား လုပ်ပေးခဲ့ဖူးတာကြောင့် သခင်လေးနဲ့ ရင်းနှီးမှု နည်းနည်းရှိတယ်။ အဲ့ဒါကြောင့် ကျန်းထယ်ထုန့်က မပေးလိုက်တာ”

“မင်းပြောတာတွေက အမှန်ပဲဆိုရင် ဒီကောင်လေးက တကယ် အံ့သြစရာ ကောင်းတာပဲကွ”

ဆေးဆိုင်ဝန်ထမ်း၏ စကားများကို နားထောင်ပြီးနောက် ထိုနေရာ၌ ရှိနေသည့် ဧည့်သည်များသည် ရူးလောက်စရာ ကောင်းသည့် ဝမ်ရှန်း၏ ဈေးဝယ်သည့် အရည်အချင်းကို နားလည် သွားခဲ့ကြတော့သည်။

ဆိုင်ပိုင်ရှင်သည် ဝမ်ရှန်း လိုချင်သည့် ဟင်းခတ် အမွှေးအကြိုင်များကို ပြင်ဆင်ကာ စုစုပေါင်း ၁၀၀ ကီလိုဂရမ် ပေါင်း ထုတ် လိုက်၏။ ထို့နောက် ဆိုင်ပိုင်ရှင်သည် ဝမ်ရှန်းအား တံခါးဝထိ သူကိုယ်တိုင် လိုက်ပို့ကာ အလွန်အကျူး နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

ဝမ်ရှန်း၏ပုံရိပ် မပျောက်ကွယ် သွားခင် အချိန်အထိ ဆိုင်ပိုင်ရှင်သည် လက်ပြ နှုတ်ဆက်နေဆဲ ဖြစ်သည်၊ သူ့ကို ကြည့်ရသည်မှာ သူသည် ဝမ်ရှန်း ထွက်သွားသည်ကို မလိုလားသည့် ပုံစံမျိုးပင် ဖြစ်သည်။

ဧည့်သည်များသည် သူက အလွန်ကို ဖျတ်လတ် တက်ကြွနေသည်ဟု ထင်နေကြသည်။ သို့သော် ဝမ်ရှန်း ထွက်ခွာ သွားပြီးနောက်တွင် ဆိုင်ပိုင်ရှင်သည် အစော၌ သူ မှေးနေသည့် ထိုင်ခုံထံသို့ ပြန်မလာခဲ့ပေ။

ဝမ်ရှန်း ထွက်သွားသည်နှင့် လူနှစ်ယောက်သည် ဆိုင်တွင်းသို့ ဝင်လာကာ အော်ဟစ် လိုက်သည့် အသံကို ကြားလိုက်ကြရသည်။

“ဆိုင်ပိုင်ရှင် ‘အထီးကျန်ဝံပုလွေ’ မှာသွားတဲ့ဟာတွေ အားလုံးကို ၁၀ ဆထုပ်ပိုးပြီး မြို့အရှင်စံအိမ်စီ ပို့ပေးလိုက်”

ဘုန်း…

ထိုလူများ၏ အမှာစာအား ကြားလိုက် ရသောအခါ ဧည့်သည်တစ်ယောက် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျ သွားခဲ့တော့သည်။

ဝယ်ယူသူ နတ်ဘုရား …. ၊ ဘုရားရေ… သူက ဒီလောက်တောင် အစွမ်းထက်တယ်တဲ့လား…
***

Comment

Leave a Reply

Options

not work with dark mode
Reset