အပိုင်း ၁၃၄
လက်မခံချင်ခြင်း (၁)
ဝယ်ယူသူနတ်ဘုရား ဟုတ်လား…
ဈေးဝယ်များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင် သန်မာသည်မှလွဲ၍ အခြားမည်သည့် အားသာချက်ကိုမှ သူတို့ မတွေ့ပေ။ ထို့ကြောင့် ဝမ်ရှန်းတွင် ဤကဲ့သို့ ရှုပ်ထွေးသည့် ဂုဏ်ပုဒ်မျိုး ဘာကြောင့် ရှိနေသည်ကို သူတို့ တကယ်ပင် နားမလည်နိုင်ချေ။
ဝမ်ရှန်းသည်လည်း ဤကဲ့သို့ ဂုဏ်ပုဒ်မျိုး ရရှိနေခြင်းအား သူ့ကိုယ်သူပင် သိမည် မဟုတ်ချေ။
“ကျုပ်တို့ ဆိုင်ရှင်က ဘာလို့ အဲ့နေရာမှာ မှေးနေတာလဲဆိုတာ ခင်ဗျားတို့ သိလား”
ထိုလူ၏ မျက်လုံးများထဲမှ တောက်ပမှုသည် မမှေးမှိန် သွားခဲ့ပေ၊ စကားပြောနေရင်းဖြင့် ပိုပို၍သာ တောက်ပလာခဲ့၏။
“မသိဘူး၊ ဘာလို့လဲ”
ဈေးဝယ်များထဲမှ တစ်ယောက်မှ သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။ ဆေးဆိုင်ပိုင်ရှင် သူ့ဘာသာသူ မှေးနေသည်ကို ဘာလို့ မိမိတို့အား လာမေး နေရသနည်း။ သူသည် ဒီတိုင်းပဲ မှေးနေခြင်း မဟုတ်ဘူးလား… မည်သူကရော မအိပ်ငိုက်ဖူးတဲ့လူ ရှိလို့လဲ…
သို့သော် အကြောင်းအရင်းကို သိရရန်အတွက် သူတို့သည် စကားနောက်လိုက်ကာသာ မေးလိုက်ကြသည်။
“ဘာလို့လဲဆိုတော့ မနေ့တုန်းက ဆေးဆိုင်ပိုင်ရှင် မရှိတဲ့အချိန်မှာ ဒီကောင်လေးက ဆေးတွေ လာဝယ်သွားလို့ပဲ”
ထိုလူသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် သူ၏ပါးစပ်ကို အုပ်ကာ အကြောင်းအရင်းအား တီးတိုး ပြောပြလိုက်သည်။
“ဆိုင်ပိုင်ရှင်က သူ ပြန်လာတဲ့ အချိန်မှာ အဲ့ကောင်လေး ဈေးလာဝယ်သွားတယ် ဆိုတာကိုလည်း သိရော စိတ်လှုပ်ရှားလွန်ပြီး တစ်ညလုံး အိပ်မရ ဖြစ်သွားတာပဲ။ အဲဒါကြောင့် သူ အခု မှေးနေတာ”
“အဲ့လိုလား”
ဈေးဝယ်သူများသည် အကြောင်းအရင်းအား သိသွားကာ ရုတ်တရက် တစ်စုံတစ်ခုအား နားလည် သွားခဲ့ကြတော့သည်။
ဤဝယ်ယူသူ နတ်ဘုရားဆိုသည့် လူသည် ဈေးကွက်ကို အနိုင်ကျင့်သည့် လူစားမျိုး ဖြစ်ရပေမည်။ ထိုကဲ့သို့သော လူမျိုးများသည် နေ့ခင်းပိုင်းတွင် ပစ္စည်းများကို လုယက်သကဲ့သို့ ဝယ်ယူကာ ပိုက်ဆံ မပေးကြပေ။ သို့သော် သူတို့က အင်အားကြီး သောကြောင့် ဆိုင်ပိုင်ရှင်များက သူတို့အား မဆန့်ကျင်ရဲကြသည်မှာ ပုံမှန်ပင်ဖြစ်၏။
ဝူရုံမြို့တွင် ဤကဲ့သို့သော လူမျိုးရှိသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ပြောင်းပြန်ပင် ဝူရုံမြို့ အတွင်း၌ ဤကဲ့သို့သော လူမျိုးမရှိမှ သာလျှင် လူများသည် အံ့သြရမည်ဖြစ်၏။ ကြေးစားများဖြင့် ပြည့်နှက်နေသည့် မြို့တွင် နိုင်ထက်စီးနင်း လုပ်ခြင်းများ မရှိဘူးဆိုခြင်းက ဟာသသာ ဖြစ်ပေလိမ့်မည်…
ယခု ဤဈေးဝယ်သူများကို ထူးဆန်းစေသည့် အကြောင်းရင်းမှာ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့ အနိုင်ကျင့်သည့် လူများသည် ခွန်အား ကြီးမားသည့် ဝိညာဉ်သခင်များ ဖြစ်ကြ၏။
သူတို့သည် ဝမ်ရှန်းကို ဘယ်လိုပင် ကြည့်စေကာမူ ဝမ်ရှန်းသည် ခွန်အား ကြီးမားသည့် လူတစ်ယောက်နှင့် အနည်းငယ်မျှ တူမနေချေ။ သူ၏ခန္ဓာကိုယ်သည် ကျစ်လျစ် သန်မာဟန်သာ ရှိသည်။ သို့သော် ဤအချက်သည် ဝိညာဉ်သခင်များ လောကတွင် အမှန်တကယ် အသုံးမဝင်ပေ။ ခွန်အားကြီးခြင်း မကြီးခြင်းက ဝိညာဉ်အဆင့် ပေါ်နိုင်သာ မူတည်ခြင်း ဖြစ်သည်။
ထိုစဉ် ဆိုင်ပိုင်ရှင်သည် ပြုံး၍ပြောကာ ဝမ်ရှန်းအား ထိုင်ခိုင်းလိုက်၏။ ယခု ဝမ်ရှန်း ပြောလိုက်သည့် စကားကို သူ နားမလည်လိုက်ပေ။ ထို့ကြောင့် သူသည် ပြုံး၍ နောက်တစ်ကြိမ် ပြန်မေးလိုက်၏။
“အခု သခင်လေး ပြောတာကို မကြားလိုက်လို့ နောက်တစ်ခေါက်လောက် ပြန်ပြောပေးပါလား”
“မနေ့က ကျွန်တော် ဝယ်သွားတာတွေ အားလုံးကို ၁၀ ကီလိုဂရမ်စီ ထပ်ထုပ်ပေးပါ”
ဝမ်ရှန်းသည် စိတ်မရှည် မဖြစ်သွားခဲ့ပေ။ သူသည် သူ၏ တောင်းဆိုမှုကိုသာ နောက်တစ်ကြိမ် ပြန်ပြောလိုက်သည်။
“ထိုင်ပါ၊ ထိုင်ပါ၊ ခဏလောက် ထိုင်ပါဦး။ ချက်ချင်း ပြင်ပေးပါ့မယ်”
ဆိုင်ပိုင်ရှင်သည် ဆေးဝါးများ သောက်သုံး လိုက်သကဲ့သို့ ရုတ်တရက် သိသိသာသာပင် စိတ်လှုပ်ရှား လာခဲ့၏။ သူသည် ပစ္စည်းများ ပြင်ဆင်ရန် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်မတတ် လျှောက်သွား လိုက်သည်။ ထိုနေရာ၌ ရှိနေသည့် ဈေးဝယ်များသည် ထိုမြင်ကွင်းအား မြင်လိုက် ရသောအခါ တစ်ခဏတာ ဆွံ့အ သွားကြတော့သည်။
အနိုင်ကျင့် ခံရတာကို ပျော်နေသည့် ဤကဲ့သို့သော ဆိုင်ရှင်မျိုးကို သူတို့ တစ်ခေါက်မှ မမြင်ဖူးကြပေ။
ထိုနေရာ၌ ရှိနေသည့် ဈေးဝယ်များထဲမှ တစ်ယောက်သည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်၏၊။ ထို့ကြောင့် ဤဆိုင်ရှင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သူ ကောင်းကောင်း နားလည်ပေသည်။
စီးပွားရေး လုပ်ပြီဆိုလျှင် အေးအေးချမ်းချမ်းဖြင့် ပိုက်ဆံရှာရန်သာ လိုအပ်၏။ သို့သော် ဈေးကွက်အား နိုင်ထက်စီးနင်း လုပ်သည့် ဤကဲ့သို့သော အနိုင်ကျင့်သည့် လူနှင့် တွေ့သည့် အချိန်တွင် သူတို့၏ နောက်ခံအင်အားကို မတွန်းလှန် နိုင်သောကြောင့် နာနာခံခံဖြင့် ကာကွယ်မှု အခကြေးငွေ ပေးကာ အေးအေးချမ်းချမ်း ဈေးရောင်းခွင့် ရရန်ကိုသာ တောင်းဆိုရသည်။
ဤအရာသည် ဈေးရောင်းသူ တစ်ယောက် အသက်ရှင်သန်ရခြင်း၏ ဥပမာပင် … ယမန်နေ့တွင် အနိုင်ကျင့်သူသည် ဆေးပစ္စည်းများ လာရောက် ဝယ်ယူကာ ပစ္စည်းတန်ဖိုး ပေးသွားခဲ့သည်။ သို့သော် ယနေ့တွင် သူသည် အလကား ပေးရတော့မည်ဖြစ်၏။
မည်သူကများ ဆေးပစ္စည်းများကို ၁၀ ကီလိုဂရမ်ဖိုး ဝယ်ယူကြသနည်း။ ပြီးလျှင် တစ်မျိုးကို ၁၀ ကီလိုဂရမ်စီ ဖြစ်နေသည်။ ဤလူငယ်မှာ ဆေးဝါးများကို သောက်သုံးကာ ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လား…
စီးပွားရေး လုပ်သည့် နေရာတိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး ရှိပေသည်။ ဝူရုံမြို့ အတွင်းမှာပင် ကမ္ဘာကြီးသည် ညအမှောင်ယံကဲ့သို့ မှောင်မိုက်ပေ၏။ ထိုစီးပွားရေး လုပ်ငန်းရှင် ဈေးဝယ်သူသည် ခေါင်းခါယမ်းကာ စိတ်ထဲ၌သာ သက်ပြင်း ကျိတ်ချလိုက်၏။
ထို့နောက် စီးပွားရေး လုပ်ကိုင်ရခြင်းက မလွယ်ကူကြောင်း ညည်းညူ လိုက်သည်။ ကမ္ဘာပေါ်၌ ဖြစ်ပျက်နေသည့် ဤကဲ့သို့ မကောင်းသည့် အရာများအတွက် သူ ဘာမှလုပ်နိုင်စွမ်း မရှိသည့် အတွက်လည်း သူ့ကိုယ်သူ မုန်းသွားခဲ့၏။
“ကြည့်ရတာ ဈေးဝယ်သူတွေက တစ်ခုခုကို အထင်လွဲနေကြပြီ ထင်တယ်”
ဆိုင်ပိုင်ရှင်မှ ဝမ်ရှန်းအား ရိုသေစွာ ပြောဆို ဆက်ဆံနေသည်ကို ကြည့်ကာ ဧည့်သည်များ၏ သက်ပြင်း ချသံကြောင့် အရောင်းဝန်ထမ်း၏ အာရုံများက ဧည့်သည်များထံ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ သူ ထိုဧည့်သည်များ ဘက်သို့ လှည့်ကြည့် လိုက်သည့် အချိန်တွင် သူတို့ အထင်လွဲနေပြီ ဖြစ်ကြောင်း သိလိုက်ရကာ အလျင်အမြန်ပင် သူသည် ပြင်ဆင် ပြောလိုက်၏။
ထိုစကား ကြားလိုက် ရသောအခါ ထိုနေရာ၌ ရှိနေသည့် ဧည့်သည်များ သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဤကဲ့သို့ ရိုးရှင်းပြီး ရှင်းလင်းနေသည့် အရာကို သူတို့က ဘာကို အထင်လွဲရမည်နည်း။
ဤကောင်လေး၏ နောက်ခံအင်အားက အလွန်ကို တောင့်တင်းနေခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့်သာ သနားစရာ ကောင်းသည့် ဆိုင်ပိုင်ရှင်သည် ကြောက်လန့်နေပြီး ဘာမှမပြောရဲမဆိုရဲ ဤကဲ့သို့ ဖြစ်နေခြင်း မဟုတ်ပါလား…
“ဒါက ဓားပြတိုက်နေတာ မဟုတ်ပါဘူး။ သူက အမြဲတမ်း တန်ကြေးအတိုင်းပဲ ပေးပါတယ်”
ဆိုင်မှ အရောင်းဝန်ထမ်းသည် အလျင်အမြန် ရှင်းပြလိုက်၏။ ဈေးဝယ်သူ ဧည့်သည်များ နားလည်မှု လွဲသွားမည်ဆိုလျှင် ဖြောင့်မတ် မှန်ကန်သူ တစ်ယောက် အနေဖြင့် သူ အမှန်တရားကို ချပြရမည်။ ထို့ပြင် သူ၏ဆရာအား သနားစရာအဖြစ် မြင်နေခြင်းမှလည်း ကာကွယ် ပေးရမည်ပင်။
ပစ္စည်းများဝယ်ယူရန် ပိုက်ဆံပေးသည် ဟုတ်လား…
ဧည့်သည်များ နှာခေါင်းရှုံ့ လိုက်ကြ၏၊ ဤအရာသည် ရိုးရှင်းသည့် အရာတစ်ခုပင် ဖြစ်သည်။ မည်သူက ဤကဲ့သို့ မလုပ်ဘဲ နေနေသနည်း။ ဤကဲ့သို့သော လူမျိုးကို ဝယ်ယူသူ နတ်ဘုရားဟု ခေါ်သည်ဆိုလျှင် သူတို့ အားလုံးသည်လည်း ဝယ်ယူသူ နတ်ဘုရားများပင် ဖြစ်၏။
“ဒီလူက အခေါက်တိုင်း အများကြီး ဝယ်လို့လား”
သူတို့ထဲမှ တစ်ယောက်သည် သဲလွန်စအား ရှာတွေ့ကာ မေးလိုက်၏။
ဤနေရာသည် ဆေးဆိုင်ဖြစ်သည်။ ဆေးဝယ်သည့်လူ မည်သူမဆို အနည်းငယ်သာ ဝယ်ယူလေ့ ရှိကြ၏။ သိပ်ပြီး များများစားစား ဝယ်လေ့ မရှိကြပေ။ သို့သော် ဝမ်ရှန်းသည် ပစ္စည်း တစ်မျိုးချင်းစီကို ၁၀ ကီလိုဂရမ် ဝယ်ယူကာ ကုန်ကျစရိတ် ဈေးနှုန်း အတိုင်းလည်း ပေးသေးသည်။ သူသည် ဤကဲ့သို့ အဖိုးတန်သည့် ဈေးဝယ်သူ၊ တစ်နည်းအားဖြင့် ဝယ်ယူသူ နတ်ဘုရား အမည်တွင် လာသူပင် ဖြစ်နိုင်၏…
ချက်ချင်းပင် သူတို့အမြင်တွင် ဝမ်ရှန်းသည် ဈေးကွက်အား နိုင်ထက်စီးနင်း လုပ်သည့် အနိုင်ကျင့်သမား အဖြစ်မှ ငွေသုံးကြမ်းသည့် သူဌေးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တော့သည်။
ဤကဲ့သို့ ကောင်းမွန်သည့် လူတစ်ယောက်၊ ဈေးဝယ်ကောင်း တစ်ယောက်သည် ဝယ်ယူသူနတ်ဘုရား ဟူသည့် ဂုဏ်ပုဒ်ကို ပေးအပ် ခံရသည်မှာ သိပ်တော့ မလွန်ပေ…
ထိုဆိုင်ရှင် နေရာတွင် သူတို့ဆိုလျှင်လည်း ဝမ်ရှန်းအား သေသေချာချာ ဆုပ်ကိုင် ထားမည်ဖြစ်၏။ ဝမ်ရှန်းအား မျက်နှာချိုသွေး မြှောက်ပင့် ပြောဆိုကာ ရွှေဒင်္ဂါး အများအပြား အသုံးပြု ဝယ်ယူအောင် ပြုလုပ်မည် ဖြစ်သည်။
သူတို့သည် ယခုလေးတင် ဝမ်ရှန်းအား မုန်းတီးခဲ့ကြ၏၊ သို့သော် ယခုအချိန်တွင် သူတို့၏ အတွေးများက အရူးအတွေးများသာ ဖြစ်ကြောင်း သူတို့ နားလည် သွားခဲ့သည်။ ဤကဲ့သို့သော ဈေးဝယ်သူမှာ သူ၏ဆိုင်မှ ဝယ်သူသာ ဖြစ်မည်ဆိုလျှင် အဘယ်မျှပင် ကောင်းလိမ့်မည်နည်း…
“အများကြီး ဝယ်တယ် ဟုတ်လား”
ထိုဝန်ထမ်းမှ ခေါင်းခါ ယမ်းလိုက်၏။
“ကျွန်တော်တို့ ဆိုင်ရှင်က ဒီကောင်လေး အများကြီး ဝယ်လို့ ပျော်တာ မဟုတ်ဘူး။ သူက သူ့ဆိုင်မှာ မရှိတဲ့ဟာကို ဝယ်တာကို ပျော်နေတာ”
စကားဆုံးသည်နှင့် ဆိုင်ဝန်ထမ်းသည် ဆိုင်ရှင်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာ အမူအရာအား ကြည့်ကာ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့သည်။ သူ့ဆိုင်ရှင်၏ ပုံစံကြောင့် သူသည်လည်း နားမလည်နိုင် ဖြစ်သွားကာ ကြောင်အ သွားပေသည်။
ထိုဝန်ထမ်းသည် နားမလည်နိုင် ဖြစ်နေစဉ် ထိုနေရာ၌ ရှိနေသည့် ဧည့်သည်များမှာ ပို၍ပင် ရှုပ်ထွေး နေခဲ့ကြ၏။ ဒါတွေက ဘာတွေလဲ။ ပစ္စည်းဝယ်သည့် အချိန်တွင် ပစ္စည်းဝယ်လျှင်ရပြီ မဟုတ်ပါလား… အဘယ်ကြောင့် ဆိုင်၌မရှိသည့် ပစ္စည်းကို ဝယ်ဖို့ လိုအပ်သနည်း…
ဤအရာသည် အလုပ်ရှုပ်အောင် လာလုပ်နေခြင်းပင် မဟုတ်ပါလား…
ပုံမှန်နေရာမျိုးဆိုလျှင် ထိုလူငယ်မှာ အရိုက်ခံရပြီ ဖြစ်၏။ သို့သော် ဆိုင်ပိုင်ရှင်သည် ဤကဲ့သို့သော လူမျိုးကို အလျင်အမြန်ပင် စီးကြိုခဲ့သည်။ ဤဖြစ်ရပ် တစ်ခုလုံးကို သူတို့အားလုံး ဘယ်လိုမှ နားမလည်နိုင်တော့ပေ။
“ခင်ဗျားတို့က ဒီနေရာက မဟုတ်တာကြောင့် ခင်ဗျားတို့ နားလည်မှာတော့ မဟုတ်ဘူး”
ဆိုင်ဝန်ထမ်းသည် ဧည့်သည်များအား ဆက်၍ ရှင်းပြလိုက်သည်။ သူ၏စကားသည် ဧည့်သည်တို့ကို ပို၍ ပဟေဋ္ဌိ ဆန်သွားစေခဲ့သည်။ လူအုပ်ကြီးမှ ပိုပို၍ နားမလည်နိုင် ဖြစ်လာနေသည့် အချိန်တွင် ထိုလူမှ “သိပြီ၊ ဆိုင်ရှင်က သူ့ကို ရွှေဒင်္ဂါး ဘယ်လောက်ပေးဖို့ စီစဉ်ထားလဲ ကြည့်ကြတာပေါ့”
အရောင်းဝန်ထမ်းအား ကြည့်နေသည့် ဧည့်သည်များ၏ အကြည့်သည် ဝမ်ရှန်းအား ကြည့်သည့် အကြည့်ထက်ပင် ပို၍ နားမလည်နိုင်သည့်ပုံ ပေါက်သွားခဲ့သည်။
ဒုတိယမြောက် အရူးပဲ… ဒီနေရာက တကယ်ပဲ ဒီလိုမျိုးတွေ ထူးဆန်း နေတတ်တာလား…
ဝူရုံမြို့တွင်းသို့ ဝင်လိုက်သည့် အချိန်တွင် သူတို့သည် အရူးများ ဖြစ်သွားကြပြီလား။ မည်သည့် ဆိုင်ကများ ပစ္စည်း ရောင်းကာ ဆိုင်ရှင်က ပစ္စည်းတန်ဖိုး ပြန်ပေးသည့်ဆိုင် ရှိပါသနည်း။ သူတို့ထံတွင် ဤစီးပွားရေးကို ဆက်လုပ်စရာ အကြောင်းပြချက် မရှိတော့ဘူးလား…
အားလုံးမှ မခံမရပ်နိုင် ဖြစ်နေသည့် အချိန်တွင် ဆိုင်ရှင်သည် အိတ်တစ်လုံးဖြင့် ဆိုင်နောက်မှ ထွက်လာခဲ့သည်။ သူ ထိုအိတ်ကို ဝမ်ရှန်းရှေ့သို့ ချပေးလိုက်သည့် အချိန်တွင် အိတ်ထဲမှနေ၍ ရွှေဒင်္ဂါးများ ပွတ်တိုက်သည့် အသံများ ထွက်ပေါ်လာခဲ့၏။
ဆိုင်ရှင်သည် ပြုံးကာ “မနေ့တုန်းက သခင်လေးကို ဈေးရောင်း ပေးလိုက်တဲ့ လူက ဘာမှ မသိနားမလည်လို့ပါ။ ကျေးဇူးပြုပြီး ဒီရွှေဒင်္ဂါး တစ်ထောင်ကို ကြည်ကြည်ဖြူဖြူပဲ လက်ခံပေးပါ”
“တွေ့လား”
ဆိုင်ဝန်ထမ်းမှ ဧည့်သည်များအား မေးငေါ့ပြကာ “ဝယ်ယူသူ နတ်ဘုရားဆိုတာ ဘာလဲ။ ဒီလိုမျိုးကို ပြောတာပဲ”
***