အပိုင်း ၁၃၃
ဝယ်ယူသူနတ်ဘုရား (၂)
မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းသည် ဝိညာဉ်အဆင့်ပင် မရှိသေးသည့် သာမန်လူ တစ်ယောက်ကို နှုတ်ဆက်ရန် အတွက် အကြောင်းပြချက် မရှိဘဲ လမ်းမထက်၌ ပေါ်လာမည် မဟုတ်ပေ။
ထို့ပြင် သူသည် ဝမ်ရှန်းအား မျက်နှာသာ ပေးကာ သူ့ကိုယ်သူ အစ်ကိုကြီးဟု ခေါ်ခိုင်းခဲ့သေးသည်။ သူ့အား အမှန်တကယ် ယုံကြည်ခဲ့ပါက ဝမ်ရှန်းသည် အရင်ကတည်းက သေနေလောက်ပြီပင်။ အမှန်ကို သိနိုင်ရန် ခက်ခဲသူ တစ်ယောက်ပင်တည်း။
သွက်လက် ဖော်ရွေနေသည့် အိမ်တော်ထိန်းသည် အရင်နေ့တွေကနှင့် မတူပေ။ ယခုအချိန်တွင် တစ်စုံတစ်ရာ ပြောင်းလဲနေ၏။ ထိုကဲ့သို့ ပြောင်းလဲခြင်း၏ အကြောင်းပြချက်သည် ဝမ်ရှန်း ယမန်နေ့၌ အိမ်ပြောင်း လာခြင်းကြောင့် ဖြစ်နိုင်ပေသည်။
မည်သည့် အရာက အိမ်တော်ထိန်းကို သူ့အား အာရုံစိုက်အောင် လုပ်ခဲ့သနည်း…
ဝမ်ရှန်း ထိုအကြောင်းကို စဉ်းစား ကြည့်လိုက်သည့် အချိန်တွင် အနည်းငယ် အရသာရှိသည့် သူချက်ခဲ့သော ညကဟင်းပွဲ မှလွဲ၍ အခြားအရာ မဖြစ်နိုင်ပေ။
ဟန်ဘင်းလီသည် မြို့အရှင်စံအိမ်မှ ဖြစ်သည့် အတွက်ကြောင့် ယမန်နေ့မှ စွပ်ပြုတ်မှာ မည်မျှပင် အရသာ ရှိကြောင်းကို သူ မြို့အရှင်နှင့် အိမ်တော်ထိန်းတို့အား သေချာပေါက် ပြောပြပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် အိမ်တော်ထိန်း ဤနေရာ၌ ပေါ်လာခြင်းမှာ ဘယ်လိုလုပ် မနေ့ကိစ္စနှင့် မဆိုင်ဘဲ နေမည်နည်း။
“ပြောတာ ပြောလိုက်စမ်းပါ”
အိမ်တော်ထိန်းသည် သူ့ရင်ဘတ်ကိုသူ ပုတ်ကာ အားရပါးရ ပြောလိုက်၏။
“ဘာပြဿနာပဲဖြစ်ဖြစ် ဒီအစ်ကိုကြီး ကူညီပေးနိုင်တယ် ဆိုရင် ဒီအစ်ကိုကြီးက ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူး”
ဝမ်ရှန်းသည် စိတ်အိုက်သည့် အပြုံးဖြင့် သူ၏အခက်အခဲများကို ရှင်းပြလိုက်သည်။ ဟုတ်ပါသည်။ ထိုထဲတွင် သူ အဓိက ပြောခဲ့သည်မှာ တစ်ရက်အတွင်း များပြားသည့် ပမာဏကို မချက်ပြုတ်နိုင်သည့် အခက်အခဲပင် ဖြစ်၏။
သူသည် အခြားသူများကို ဖိနှိပ် အနိုင်ကျင့်ရန် အိမ်တော်ထိန်းပေါ်၌ မမှီခိုချင်ပေ။ ထိုအရာသည် လူများကို စော်ကားခြင်းသာ ရောက်ပေလိမ့်မည်။
“ဘာများလဲလို့”
အိမ်တော်ထိန်းမှ ပြုံးကာ ဝမ်ရှန်းအား အကြံပေးလိုက်၏။
“တစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုရင် အဲ့လိုလုပ်ဖို့ ဘာလို့ လူနည်းနည်းလောက် မရှာလိုက်လဲ။ အိုးတစ်အိုးက မလောက်ဘူး ဆိုရင်လည်း အိုးတွေ ထပ်ဝယ်လို့ ရတာပဲ”
“ဟုတ်တယ်၊ အဲ့နည်းလမ်းပဲ ရှိတာပဲ”
ဝမ်ရှန်း ခေါင်းညိတ် လိုက်၏။
“ကျွန်တော် ကြေးစားခန်းမဆီ သွားပြီး လူအကူခေါ်ဖို့ အလုပ်သွား ကြော်ငြာလိုက်မယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
အိမ်တော်ထိန်းမှ ဝမ်ရှန်းအား တားမြစ်လိုက်သည်။
“မင်းက အလုပ် ကြော်ငြာ ရဦးမယ်ဆိုရင် ဒီအစ်ကိုကြီးက မင်းကို ကူညီရာ ဘယ်ရောက်တော့မလဲ။ စိတ်မပူပါနဲ့၊ နာရီဝက်အတွင်း မင်း လိုအပ်တာတွေ အားလုံး ရစေရမယ်။ ပြီးတော့ မင်းလိုတဲ့ လူတွေကိုလည်း ငါ မင်းအတွက် ရှာပေးမှာပေါ့”
“အဲဒါဆိုလည်း အစ်ကိုကြီးကိုပဲ ဒုက္ခပေး ရတော့မှာပဲ…”
ဝမ်ရှန်းသည် အိမ်တော်ထိန်း၏ အပြောကို မငြင်းဘဲ ချက်ချင်း ကျေးဇူးတင် လိုက်တော့သည်။ အိမ်တော်ထိန်းသည် ထိုဟင်းပွဲကို မြို့အရှင်အတွက် ဝယ်ယူချင်သည်ဆိုလျှင် ဝမ်ရှန်းအား ကူညီရန်အတွက် သေချာပေါက် ကြုံရာလူ ခေါ်၍ မရပေ။ သူတို့ ယုံကြည်ရသည့် လူပင် ဖြစ်ရမည်ဖြစ်၏။
ထို့ကြောင့် ဝမ်ရှန်းသည် ထိုကိစ္စတွင် ဝင်မပါတော့ဘဲ အိမ်တော်ထိန်းကို သူကိုယ်တိုင်သာ လူရှာခိုင်း လိုက်တော့သည်။ ထိုကဲ့သို့ဆိုလျှင် မြို့အရှင်သည်လည်း သူ့အား သံသယ ဝင်တော့မည် မဟုတ်ပေ။
“စိတ်မပူပါနဲ့ ညီလေး။ အကုန်လုံးက မင်း သဘောကျတဲ့ ခြေတံရှည်ရှည်နဲ့ အလှလေးတွေပဲ ဖြစ်စေရမယ်”
အိမ်တော်ထိန်းသည် သူ့ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်၏။
သို့သော် အိမ်တော်ထိန်း၏ စကားသည် ဝမ်ရှန်းအား မြေကြီးပေါ်သို့ ပစ်လဲချင်စိတ်ပင် ပေါက်သွား စေခဲ့သည်။
“ခြေတံရှည် အလှလေးတွေက ကျုပ်အကြိုက်လို့ ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်တာလဲ။ ခြေတံရှည်ရှည်လေးတွေက အမြင်အာရုံအတွက် တကယ်ပဲ ကျေနပ်စရာ ကောင်းတယ် ဆိုပေမယ့်… တကယ်ပါပဲ သူတို့ကိုတော့ လက်လှန်တယ်”
ဝမ်ရှန်း စိတ်ထဲမှနေ၍ တွေးလိုက်သည်။
“တခြားရော ဘာလိုသေးလဲ”
အိမ်တော်ထိန်းသည် ဝမ်ရှန်းချက်မည့် ဟင်းလျာကို အမှန်တကယ်ပင် မြို့အရှင်အတွက် ဝယ်ယူချင်ဟန် ရှိ၏။ သူသည် အသေးစိတ်ကို မေးမြန်း နေတော့သည်။
“သားရဲကောင်တွေတော့ လိုသေးတယ်…”
အခြေအနေက ဤကဲ့သို့ ဖြစ်နေသည် ဆိုမှတော့ ဝမ်ရှန်းသည်လည်း ပျော်ပျော်ရွှင်ရွှင်ပင် အလုပ်ရှုပ် သက်သာသည့် နည်းလမ်းကို ရွေးလိုက်တော့သည်။
“ကျွန်တော့်မှာ အသားတွေ အများကြီး ရှိတယ် ဆိုပေမယ့် လုံလုံလောက်လောက်တော့ မရှိဘူး”
“အဲဒါက လွယ်ပါတယ်”
အိမ်တော်ထိန်းမှ ပေါ့ပေါ့ပါးပါးပင် လက်ချောင်းများ ချိုးလိုက်သည်။
“ညီလေး ဒါကို အမဲလိုက်တာလို့ ခေါ်တယ်။ ဒါနဲ့ အသားက အချိန်ကြာတာထက် လတ်ဆတ်လေ ပိုကောင်းလေပဲ မလား။ ညီလေး အဆင်ပြေတယ်ဆိုရင် ကုန်လှောင်ရုံထဲက ယူလိုက်”
“ရပါတယ်၊ ရပါတယ်ဗျာ…”
အိမ်တော်ထိန်း၏ ရက်ရောမှုကြောင့် ဝမ်ရှန်း ကြက်သေ သေသွားခဲ့သည်။ ကြက်ခြေထောက်၊ ဘဲလည်ပင်းနှင့် ဝက်ခြေလက်များကို စားသောက်ရခြင်းက ပို၍ မကောင်းပေဘူးလား…
သို့သော် အိမ်တော်ထိန်း နောက်ကွယ်မှ လူအကြောင်းကို စဉ်းစားမိသွားသည့် အချိန်တွင် သူ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
“အဲဒါဆို အစ်ကိုကြီးက နည်းနည်းလောက် ပိုလတ်ဆတ်တဲ့ အသားတချို့ကိုပဲ ယူခဲ့လိုက်ပါ။ ကျန်တာတွေက ကျွန်တော့်ဟာ သုံးလို့ရတယ်၊ ပြီးတော့ အရသာကလည်း ဘယ်လောက်မှ သိပ်ကွာမှာ မဟုတ်ပါဘူး။ အများဆုံး အနေနဲ့ ဝိညာဉ်စွမ်းအား နည်းနည်းလောက် လျော့သွားရုံပဲ ရှိမှာပါ”
ဝမ်ရှန်းစကားကို အိမ်တော်ထိန်းမှ ချက်ချင်း ခေါင်းညိတ် လိုက်သည်။ ဝမ်ရှန်းသည် အကြံဉာဏ်ကောင်းများ ထုတ်တတ်ပေသည်။ သူသည် မြို့အရှင် အတွက် လတ်ဆတ်သည့် အသားများကို အသုံးပြုကာ အခြားသူများ အတွက် သူ့ထံ၌ ရှိသည့် အသားများကို အသုံးပြုမည် ဖြစ်၏။ ဤကောင်လေးသည် တကယ်ကိုပဲ စဉ်းစားတွေးခေါ် တတ်ပေသည်။
အိမ်တော်ထိန်း၏ ကတိကြောင့် ဝမ်ရှန်းသည် အခြေအနေက များစွာ ပို၍ လွယ်ကူ သွားသည်ဟု ခံစားလိုက်ရ၏။ သူသည် ကိစ္စ တော်တော်များများကို သူကိုယ်တိုင် လုပ်ရန် လိုအပ်နေခြင်း ဖြစ်သည။ သို့သော် ယခုအချိန်တွင် အခြားလူ တစ်ယောက်က ကူညီ ပေးလိုက်သည့် အတွက်ကြောင့် သူ တော်တော်ကို သက်သာ သွားရသည်။
ဟင်းချက်နည်းနှင့် ပတ်သက်သည့် ကောလာဟလ အချို့အတွက်မူ ဂရုစိုက်စရာ လိုပါသလား… ဤကမ္ဘာပေါ်တွင် အရသာရှိသည့် အစားအသောက်များ ပိုမို၍ ပေါ်ထွက် လာခြင်းမှာ ကောင်းမွန်သည့် အရာတစ်ခုပင် ဖြစ်ပေသည်။ ထိုကဲ့သို့ဆိုလျှင် ယွမ်ဝိညာဉ်သည်လည်း မကြာမီတွင် အစားကြီးသည့် ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
အိမ်တော်ထိန်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဝမ်ရှန်းသည် တော်ဝင်ရတနာ စံအိမ်ထံသို့ နောက်တစ်ကြိမ် လျှောက်သွား လိုက်သည်။
သူသည် ဖြည်းဖြည်းချင်း လျှောက်နေရင်း မြို့တွင်းရှိ နေရာအနှံ့၌ ပျံ့နှံ့နေသည့် သတ်ဖြတ်လိုမှု အော်ရာကို ခံစားကာ ထိုအော်ရာနှင့် နေသားတကျ ဖြစ်ရန်နှင့် သူ၏ဝိညာဉ်အား လှုံ့ဆော်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
ယခုတစ်ကြိမ်တွင် သူသည် ဆေးပြားများ ရရှိရန်အတွက် တော်ဝင်ရတနာ စံအိမ်သို့ သွားခဲ့ခြင်း ဖြစ်သည်။ တော်ဝင်သမားတော်၊ ဆေးဆရာနှင့် ဝိညာဉ်သန့်စင်သူတို့သည် ဝမ်ရှန်း၏ ဖျတ်လတ် တက်ကြွမှုကို ပြုပြင်နိုင်ရန် ဆေးပြားများ ပူးပေါင်း ဖော်စပ်ခဲ့ကြသည်။
တစ်ညအတွင်း သူတို့၏ ဆေးပြားများ သန့်စင်ခြင်းသည် အနည်းငယ်သာ ရရှိခဲ့သော်လည်း ဝမ်ရှန်းအတွက်မူ နှစ်ရက် သုံးရက်စာမျှ အသုံးပြု၍ ရပေသည်။ နောက်ထပ် နှစ်ရက်သုံးရက် အကြာတွင် သူတို့သည် ဆေးပြားများအား နောက်တစ်ကြိမ် ပြန်လည် သန့်စင်ပြီး ဖြစ်လေသည်။
ဖျတ်လတ် တက်ကြွမှုကို ပြန်လည် ပြုပြင်ခြင်းသည် အချိန်တိုအတွင်း အကျိုးသက်ရောက်မှု ရှိနိုင်သည့် အရာမဟုတ်ပေ။ အချိန် အတော်အတန်ကြာ လိုအပ်ပေသည်။ ဟုတ်ပါသည်၊ ဤသို့ သန့်စင် ဆေးပြားမှာ သောက်သုံးခြင်းဟူသည် ဝမ်ရှန်းအတွက် ဆင်ခြေဆင်လက် တစ်ခုသာဖြစ်၏။
အမှန်အားဖြင့် ဝမ်ရှန်းသည် သူတို့ဖော်စပ်သည့် ဆေးပြားများကို တစ်လုံးပင် သောက်မည် မဟုတ်ပေ။ သို့သော် ချီဝမ်နဂါးများသည် အစားအသောက် များများ စားလာသည်နှင့် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်မှာ တိုးတက်လာမည် ဖြစ်ရာ ထိုအချက်ကို ဤဆေးပြားများအား အကြောင်းပြ၍ ဖုံးကွယ်မှု ပေးနိုင်ပေသည်။ ဖျတ်လတ် တက်ကြွမှုကို ပြန်လည် ပြင်ဆင်ပြီးသည်နှင့် သဘာဝ ကျင့်စဉ်သည်လည်း တိုးတက်လာမည် ဖြစ်၏…
မြို့တွင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အကြောင်းကို မြို့ပြင်မှ လူများသည် အနည်းအကျဉ်းသာ သိကြပေသည်။ မြို့တွင်းမှ သတင်းများသည် မြို့ပြင်သို့ များများစားစား ပြန်ပျံ့လေ့ မရှိပေ။
တော်ဝင်ရတနာ စံအိမ်သို့ ရောက်သည်နှင့် လင်းအာ သူ့ထံ လျှောက်လာ နေသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။ လင်းအာသည် သူ့အား ဆေးပုလင်းသာ ပေးပြီး ယခင်ကကဲ့သို့ ရန်စခြင်းမျိုး မရှိတော့ပေ။
ဝမ်ရှန်းသည် ဆေးပြားရပြီ ဖြစ်သည့် အတွက်ကြောင့် အိမ်ပြန်ရန် ပြင်လိုက်၏။ ထိုအခိုက်အတန့်တွင် မနေ့က သူ ဝယ်လာသည့် ဟင်းခတ် အမွှေးအကြိုင်များမှာ များပြားသည့် ဟင်းအိုးများကို ချက်ပြုတ်ရန် မလုံလောက်ကြောင်း သူ ရုတ်တရက် အမှတ်ရ သွားခဲ့သည်။
ပုံမှန်ဟင်းခတ် အမွှေးအကြိုင် များသည်လည်း ကောင်းမွန်ပေသည်။ သို့သော် ဆေးဆိုင်သည် အခြား နေရာများထက် ဟင်းခတ် အမွှေးအကြိုင် ပိုမိုများပြားကာ ထိုနေရာမှ ဝယ်လျှင် အခြားအရာများအား ထပ်မံ၍ ရှာနေစရာ မလိုတော့ပေ။ ထို့ကြောင့် သူသည် ဆေးဆိုင်ရှိရာဆီသို့ ဉီးတည်၍ သွားလိုက်သည်။
“ဆိုင်ရှင်၊ ကျွန်တော့်ကို ကျွန်တော် မနေ့က ဝယ်သွားတာလိုမျိုး တစ်မျိုးကို ဆယ်ဆ လောက် ထုတ်ပေးစမ်းပါ”
ဝမ်ရှန်းသည် အထဲသို့ ဝင်သွားသည့် အချိန်တွင် မှိန်းနေသည့် ဆေးဆိုင် ပိုင်ရှင်နှင့် ဈေးဝယ်သူ အချို့အား တွေ့လိုက်ရ၏။ ထိုဈေးဝယ်သူများသည် ဈေးဝယ်ရန်သာ ရောက်လာကြခြင်း ဖြစ်သည်။ မည်သည့် ထူးခြားမှုမှ မရှိပေ။ ဝမ်ရှန်းသည်လည်း သူတို့အား ဂရုစိုက်မနေဘဲ ဆိုင်ရှင်ကိုသာ တိုက်ရိုက် အော်ပြောလိုက်၏။
ဆေးဆိုင်ပိုင်ရှင်သည် သူ မှေးနေသည့် အချိန်တွင် ဝမ်ရှန်း၏ ကျယ်လောင်သော အသံကြောင့် ရုတ်တရက် လန့်နှိုး သွားရပြီး ဒေါသတကြီး ထခုန်လိုက်သည်။
“အိပ်နေတဲ့ လူထက် အရက်မူးနေတဲ့ လူကို ရန်စရတာကမှ တော်သေးတယ်”
ဟူသည့် ဘိုးဘေးများ ပြောခဲ့သည့် ရှေးရိုး စကားအတိုင်းပင် ဖြစ်၏။ ဆိုလိုရင်းမှာ အရက်မူးနေသော သူသည် ဘာကိုမှ မသိပေ၊ သူကို ပြဿနာ ရှာလျှင်လည်း သူက ပြဿနာ ပြန်ရှာရုံသာ ဖြစ်သည်။ သို့သော် အိပ်စက်နေသည့် သူသည် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အချိန်တွင် နှိုးခံလိုက်ရမည် ဆိုပါက သေချာပေါက် တစ္ဆေတစ်ကောင်အလား ပေါက်ကွဲ ပေလိမ့်မည်။
ထိုဆေးဆိုင်ပိုင်ရှင်၏ ပုံစံအား မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဈေးဝယ်များသည် စိတ်လှုပ်ရှားစရာ ကောင်းသည့် အဖြစ်အပျက်များ ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း ချက်ချင်း နားလည် သွားခဲ့ကြ၏။
ထိုဈေးဝယ်သူတို့သည် လည်ပတ်ရန် အတွက် ဝူရုံမြို့သို့ ရောက်လာခဲ့သည့် လူများဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဝမ်ရှန်းကို တစ်ခေါက်မှ မမြင်ဖူးခဲ့ကြပေ။ သူ့အကြောင်းကို အနည်းငယ်မျှလည်း မကြားဖူးချေ။ ဝူရုံမြို့အတွင်း၌ နေထိုင်နေသည့် လူတိုင်းသည် သူတို့၏ သတင်း အချက်အလက်များကို အပြင်လူများ လွယ်လွယ်ကူကူ မသိစေသည့် လူများဖြစ်ကြသည်။
ထို့ကြောင့် ထိုဈေးဝယ်သူတို့ ဝမ်ရှန်းအား မသိသည်မှာ ပုံမှန်ပင်ဖြစ်၏။ ယခု ဤအခြေအနေအား မြင်လိုက်ရသည့် အချိန်တွင် သူတို့သည် အနည်းငယ် အားရဝမ်းသာစိတ် ဖြစ်သွားကြသည်။
သူတို့သည် ဝမ်ရှန်းအကြောင်း မသိသော်လည်း ဝူရုံမြို့အကြောင်း တော်တော်များများ သိပေသည်။ အထူးသဖြင့် ဝူရုံမြို့တွင်းမှ ကုန်သည်များမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် သဘောကောင်းဟန် ရှိကြပေသည်။
ဟုတ်ပါသည်၊ ဝူရုံမြို့မှ ဆိုင်များသို့ လာကြသည့် အပြင်ဘက်ပိုင်းမှ သူတို့မှာ ကြမ်းကြမ်းတမ်းတမ်း မပြုမူရဲကြပေ။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် မှေးနေသည့် ဆိုင်ပိုင်ရှင်အား ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ် ပြောဆိုခဲ့ခြင်း ဖြစ်၏။ ဤမြင်ကွင်းသည် သူတို့အား ကြည့်၍ ကောင်းစေမည့် မြင်ကွင်းတစ်ခု ဖြစ်လာမည် မဟုတ်ပါလား…
အားလုံးသည် ဒေါသထွက်နေသည့် ဆိုင်ပိုင်ရှင်က ဆေးဆိုင်ပိုင်ရှင် အဖြစ်မှ ဝိညာဉ်သခင် တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ဝင်လာသည့် ဝမ်ရှန်းအား ရိုက်နှက်ပြီး ဝူရုံမြို့မှ စည်းမျဉ်းစည်းကမ်းများ အကြောင်းကို သူ သိအောင် ဘယ်လို လုပ်ပြမလဲ ဆိုတာ ကြည့်နေကြသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် သူတို့သည် ယုံကြည်နိုင်စရာ မကောင်းသည့် မြင်ကွင်း တစ်ခုအား မြင်လိုက်ရတော့သည်။
ဆိုင်ပိုင်ရှင်၏ ဒေါသတကြီး အရှေ့တက်သွားသည့် ပုံစံတွင် သူ၏အလျင်နှင့် လှုပ်ရှားမှုတို့သည် ဝိညာဉ်သခင် တစ်ယောက်နှင့် သေချာပေါက်ကို တူပေ၏။ သို့သော် ဝမ်ရှန်းရှေ့ ရောက်သွားသည့် အချိန်တွင် သူ၏ ဒေါသထွက်နေသည့် မျက်နှာ အမူအရာသည် အရည်မွန်ဆုံး အပြုံးအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။
သူ၏ခန္ဓာကိုယ်သည် ၉၀ ရာခိုင်နှုန်း အထိ ဦးညွှတ်လု နီးပါး ဖြစ်နေပြီဖြစ်ကာ သူသည် ဝမ်ရှန်းအား အခယဆုံး လေသံဖြင့် “ဟိုး ဧည့်သည်တော် ရောက်လာတာပဲ ကြွပါ၊ ကြွပါဗျာ”
ဘာလိုတွေလဲ…
ဘာလဲ ဟ…
စိတ်လှုပ်ရှားစရာ ကောင်းသည့် မြင်ကွင်းအား ကြည့်ရန် စောင့်နေကြသည့် လူများ ရှုပ်ထွေး သွားခဲ့ကြသည်။ ဆေးဆိုင်ရှိ ဝန်ထမ်းများထဲမှ တစ်ယောက်မှာ သူတို့အား တီးတိုး ပြောပြ လိုက်လေသည်။
“မင်းတို့ သူ့ကို မသိဘူးလား”
ထိုလူသည် ချီးကျူးမှု အပြည့်ဖြင့် –
“သူက ငါတို့ဝူရုံမြို့ရဲ့ ဝယ်ယူသူ နတ်ဘုရားပဲကွ”
***