Switch Mode

Chapter – 132

ဝယ်ယူသူ နတ်ဘုရား (၁)

အပိုင်း ၁၃၂
ဝယ်ယူသူ နတ်ဘုရား (၁)

ဝမ်ရှန်းသည် သူ၏ပုံရိပ်ဖော်သည့် အရည်အချင်းက ကောင်းမွန်သည် ဆိုသော်လည်း တစ်ညတာ ကြာပြီးသည့် နောက်တွင် သူသည် အရသာ ဆယ်မျိုးကိုသာ ပုံဖော်နိုင်ခဲ့သည်။ ထိုဆယ်မျိုးလုံးသည် သူ ယနေ့၌ ပြုလုပ်ခဲ့သည့် စွပ်ပြုတ်ပင် ဖြစ်၏။

ဝမ်ရှန်းသည် သူ ယခင် တစ်ခါမှ မချက်ခဲ့ဖူးသည့် အရသာတို့ကိုလည်း ပုံဖော်ကြည့်ရန် မကြိုးစားခဲ့ခြင်း မဟုတ် ကြိုးစားခဲ့ပေသည်။ ရလဒ်အားဖြင့် ထိုသို့ မပြုလုပ် ဖူးသည်တို့အား ပုံဖော်ခြင်းက သူကိုယ်တိုင် ချက်ပြုတ် အောင်မြင်ခဲ့သည့် အစားအသောက်များကို ပုံဖော်ခြင်းထက် ဝိညာဉ်စွမ်းအား ဆယ်ဆမက ပိုမိုကုန်ခန်းကာ များစွာလည်း ခက်ခဲပေသည်။

ထိုအခြင်းအရာကို သိရှိပြီးနောက် ဝမ်ရှန်း စိတ်လျှော့ လိုက်တော့သည်။ သူသည် မနက်က သူ ချက်ပြုတ်ခဲ့သည့် စွပ်ပြုတ်ကိုသာ မြင်ယောင် ပုံဖော်လိုက်တော့၏။

ဤကမ္ဘာအတွက် ထူးဆန်းနေသည့် ရစ်ငှက်သားရဲ၏ အစွယ်များ၊ ခွာများ၊ သားရေများ အစရှိသဖြင့် ရစ်ငှက်၏ အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည် စွပ်ပြုတ်သည် အမှန်အားဖြင့် သူ၏ကမ္ဘာ၌ အသင့်ရနိုင်သည့် ကြက်ခြေထောက်များ၊ ဝက်လက်များနှင့် ဘဲလည်ဆစ်ရိုး အစရှိသည်တို့ဖြင့် ပြုလုပ်ထားသည့် စွပ်ပြုတ်ကဲ့သို့ပင် ဖြစ်သည်။

မိန်းမစိုးနှင့် ဘင်းလီတို့ နှစ်ယောက်သည် သူ၏စွပ်ပြုတ်ကို သဘောကျခဲ့ကြသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဝမ်ရှန်း၏ အချက်အပြုတ် စွမ်းရည်သည် ကမ္ဘာပေါ်၌ ထိပ်တန်း စားဖိုမှူးအဆင့် ရောက်နေခြင်းကြောင့် မဟုတ်ပေ။ သူတို့သည် ဟင်းခတ် အမွှေးအကြိုင် များစွာ ပါဝင်သည့် ဟင်းပွဲကို ယခင်က တစ်ခေါက်မှ မစားဖူးခြင်းကြောင့်သာ ဖြစ်၏။

ထိုထဲ၌ ပါဝင်သည့် အများစုမှာ  ဟင်းခတ် အမွှေးအကြိုင်များသာ ဖြစ်ကြောင်း သိလျှင် အားလုံးသည် ကွဲပြားခြားနားချက်ကို နားလည် သွားနိုင်ပေသည်။

မနက်ခင်းပိုင်းတွင် လေ့ကျင့်ခြင်းမှ အနားယူပြီးနောက် ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းရှိ ချီဝမ်နဂါးများထဲမှ ဆယ်ကောင်၏ ကိုက်ဖြတ် ဝါးမျိုသည့် နှုန်းထားမှာ အနည်းငယ် ပိုမြန်လာပြီ ဖြစ်၏။

ဝမ်ရှန်း သူ့ဘာသာသူ တွေးကာ ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် စစ်သား တစ်ယောက် အဖြစ်မှ စားဖိုမှူး တစ်ယောက်အဖြစ် ပြောင်းလဲ သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤအဖြစ်အပျက်သည် ဝမ်ရှန်း မျှော်လင့် ထားသည်ထက် အမှန်တကယ် ကျော်လွန် နေပေသည်။

မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းနှင့် ဟန်ဘင်းလီတို့သည် ဝမ်ရှန်းအား သေချာပေါက် အချိန်မရွေး နေရာမရွေး စောင့်ကြည့် နေပေလိမ့်မည်။

အရိပ်မိန်းမစိုးမှာ မည်သို့သော လူမျိုးဖြစ်နိုင်မည်ကို ဝမ်ရှန်း ယခုအချိန်၌ မပြောနိုင်သေးပေ။ သို့သော် တော်ဝင်မိသားစု၏ ထူးခြားဆန်းပြားသော ကိုယ်စားလှယ် ဖြစ်နေခြင်းကပင် ဝမ်ရှန်း ကြောက်ရွံ့ရန် လုံလောက်ပြီ ဖြစ်၏။

ကံကောင်းသည်မှာ သူ သာမန်လူ အဖြစ်မှ ပထမအဆင့် အထိသို့ တက်ရောက်နိုင်သည့် နည်းလမ်းကို မပြောသေးမချင်း ဝမ်ရှန်းသည် သူ၏ ဘေးကင်း လုံခြုံမှုအတွက် အချိန်အတော်ကြာ စိုးရိမ်နေစရာ မလိုသေးပေ။ မြို့အရှင်သည် သူ့အား ထိခိုက်အောင် မည်သူ့ကိုမှ လုပ်ခွင့်ပေးမည် မဟုတ်ပေ။

ခြံဝန်းအတွင်းတွင် ကြွက်သား လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ဝမ်ရှန်း ခြံပြင်သို့ ထွက်လာလိုက်၏။ ဝမ်ရှန်းအား အံ့သြသွားစေသည်မှာ ယခင်က လူ သိပ်မစည်သည့် မြို့အတွင်းပိုင်းမှ လမ်းမများသည် ယနေ့တွင် လူများ ရှိနေခြင်းပင်။

စည်ကားနေသည် ဟုလည်း အတိအကျပြော၍ မရပြန်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်အသံမှ မရှိသောကြောင့်ဖြစ်၏။ ဝမ်ရှန်း၏အိမ်နှင့် အနီးတစ်ဝိုက်ရှိ အိမ်များ၏ ရှေ့တွင် အိမ်သားများ တစ်ယောက်စီ ရပ်နေကြ၏။

ထိုထဲတွင် အမျိုးသားများ၊ အမျိုးသမီးများ၊ လူကြီးလူငယ်မရွေး ပါဝင်ပေသည်။ သူတို့သည် မတ်တပ်ရပ်ရုံသာ ရပ်နေခြင်း ဆိုသော်လည်း သူတို့ဘေး ပတ်ပတ်လည်တွင် လေထုသည် မယုံနိုင်လောက်အောင် မွန်းကျပ်ဖွယ် ကောင်းပြီး လူများအား ကြောက်ရွံ့သည့် ခံစားချက် ခံစားရစေပေသည်။

ဤလူများသည် ယခင်ကတည်းက ဤနေရာ၌ တောက်လျှောက် ရှိနေခြင်း မဟုတ်ဘဲ သူ ထွက်လာသည့် အချိန်မှသာ အာရုံခံ သိရှိပြီး ထွက်လာကြခြင်း ဖြစ်ကြောင်း ဝမ်ရှန်း သတိထားမိခဲ့ပေသည်။

ဤအခြေအနေသည် အဘယ်သို့သော အခြေအနေမျိုး ဖြစ်မလဲ…

“ကောင်လေး၊ မနေ့တုန်းက ရတဲ့အနံ့က ဘာအနံ့လဲ။ အဲဒါကို တစ်အိုးကို ရွှေဒင်္ဂါး ဆယ်ပြားနဲ့ ရောင်းရင်ရော”

ဝမ်ရှန်း လမ်းလယ်သို့ ရောက်လာသည့် အချိန်တွင် ထိုနေရာ၌ ရပ်နေသည့် အဘိုးအိုမှ ဝမ်ရှန်းအား ပြုံး၍ မေးလိုက်သည်။

အစောပိုင်းတွင် ထိုလူ၏ မျက်နှာသည် အေးစက် နေသော်လည်း ဝမ်ရှန်းနှင့် စကားပြောသည့် အချိန်တွင် သူ၏မျက်နှာထက်၌ အပြုံးများဖြင့် ပြည့်နှက် သွားတော့၏။ ထိုအပြုံးသည် အလွန်ကိုမှ ဖော်ဖော်ရွေရွေ ရှိလှကာ ခက်ထန်သည့် ကြေးစားတစ်ယောက် အဖြစ်မှ သဘောကောင်း ကြင်နာသည့် အဘိုးအို တစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲ သွားသကဲ့ပင် ဖြစ်သည်။ သူ၏အပြုံးသည် အလွန်ကို နွေးထွေးလွန်းသောကြောင့် ဝမ်ရှန်းသည် ထိတ်လန့် သွားခဲ့၏။

သူပြောလိုက်သည့် စကား တစ်ခွန်းတည်းဖြင့် ဝမ်ရှန်း နားလည် သွားခဲ့သည်။ ပြောရမည်ဆိုလျှင် ယမန်နေ့က သူ ချက်ပြုတ်သည့် ရနံ့သည်  တစ်နေ့လယ်ခင်းလုံးနှင့် တစ်ညလုံး လမ်းတွင်း၌ ပျံ့နှံ့နေခဲ့ခြင်းဖြစ်၏၊

သို့သော် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့သာ စားခွင့်ရခဲ့သည်။ ထို့ပြင် သူတို့ သုံးယောက်သည် သိုသိုသိပ်သိပ် စားသောက်ခြင်း မဟုတ်ပေ။ သူတို့ စားသောက်သည့် အသံများကို မီတာတစ်ရာ အတွင်းရှိ ဝိညာဉ် အဆင့်နိမ့်သည့် လူများပင် ကြားနိုင်ခဲ့သည်။

အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ကို စားသောက်သည်ထိ ဆွဲဆောင်နိုင်ခဲ့သည့် အရာ၏ အနံ့က အလွန် မွှေးပျံ့လှသည်။ ဤလူများသည် ထိုအစားအသောက်ကို မစားရဘူးဆိုလျှင် ကျေနပ်နိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် မနက်စောစော၌ ဝမ်ရှန်း အပြင် ထွက်လာမည်ကို စောင့်ကာ သူ့ထံမှ ဝယ်ယူရန်လည်း ပြင်နေကြမည် မဟုတ်ပေ။

“ရပါတယ်ခင်ဗျ၊ ပြဿနာ မရှိပါဘူး”

ဝမ်ရှန်းမှ သဘောတူကာ အလျင်အမြန် ခေါင်းညိတ် လိုက်သည်။ ဈေးဝယ်သူသည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက ဘာလို့ ငြင်းနေရမည်နည်း။ ဤနည်းလမ်းသည် သူ့ကိုယ်သူအတွက် အကာအကွယ် ဖန်တီးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပေသည်။

“ကျွန်တော် အခုလည်း လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်ပြီး ပြန်လာရင် ချက်မလို့ပါပဲ”

ဝမ်ရှန်းသည် ထိုလူ၏အိမ်ကို အလျင်အမြန် မှတ်လိုက်ကာ –

“ချက်ပြီးသွားရင် လူကြီးမင်းအိမ်ကို လာပို့ ပေးလိုက်ပါမယ် ခင်ဗျ…”

“ဟုတ်ပြီ”

ထိုအဘိုးအိုသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ လက်နောက်ပစ်၍ သူ
ခြံဝန်း အတွင်းသို့ ပြန်ဝင် သွားတော့သည်။

ထိုသူ အစပြုလိုက်သည့် အတွက်ကြောင့် ကျန်သည့် လူများသည်လည်း ဝမ်ရှန်းအား ပြောဆိုရန် ပိုမို လွယ်ကူသွားခဲ့သည်။

“ကျုပ်လည်း တစ်အိုး မှာမယ်ဗျို့”

“ကျုပ်အတွက်လည်း တစ်အိုးလောက် မှတ်ပေးပါဗျို့”

“မင်းအိမ်ရဲ့ ဘယ်ဘက် တစ်အိမ်ကျော်က အိမ်ကိုလည်း လာပို့ဖို့ မမေ့နဲ့ဦးနော်”

“မင်းရဲ့မျက်နှာချင်းဆိုင် အိမ်ရဲ့ ဘယ်ဘက် တတိယမြောက် အိမ်ကိုလည်း တစ်အိုးနော်”

အားလုံး၏ အသံသည် သိပ်မကျယ်ပေ၊ သို့သော် သူတို့အသံကို ဝမ်ရှန်း ရှင်းရှင်းလင်းလင်း ကြားရပေသည်။ အားလုံးသည် ပရမ်းပတာ မဟုတ်ဘဲ အစဉ်လိုက်သာ မှာယူကြခဲ့၏။

မှာယူသည့် လူများထဲတွင် မည်သူကမှ ရွှေဒင်္ဂါးများ ကြိုမပေးခဲ့ပေ။ သို့သော် သူတို့အား စွပ်ပြုတ်သွားပို့သည့် အချိန်တွင် သူ သေချာပေါက် ရွှေဒင်္ဂါးများ ရလိမ့်မည် ဆိုတာကို ဝမ်ရှန်း ယုံကြည်ပေသည်။

မြို့တွင်း၌ နေထိုင်သည့် ဝိညာဉ်သခင် တစ်ယောက်သည် ရွှေဒင်္ဂါးပမာဏ အနည်းငယ်လောက်ကို ဘာလို့ ကပ်၍ တွက်နေမည်နည်း။

သူတို့၏ မှာယူမှုများကို သဘောတူကြောင်း ပြသသည့် အနေဖြင့် ဝမ်ရှန်းသည် ခေါင်းသာ ညိတ်ခဲ့၏။ သူ လမ်းမှ ထွက်လာသည့် အချိန်မှစ၍ တွက်ချက် လိုက်လျှင် သူသည် အိုးပေါင်း ၂၀ ကျော် အမှာစာ ရရှိခဲ့ပြီးဖြစ်သည်။

သို့သော် ယခုတွင် ကြီးမားသည့် ပြဿနာတစ်ခု ရှိပေသည်။ ဝမ်ရှန်း ချက်ပြုတ်သည့် အိုးသည် မသေးပေ၊ ထိုအိုးသည် အချင်းတစ်မီတာ၊ နှစ်မီတာခန့်သာ ရှိသည့် ကြီးမားသော အိုးတစ်လုံး ဖြစ်၏။ ဤအကျယ်အဝန်းသည် သိပ်မသေးသော်ငြား ယခု သူလက်ခံ ရရှိထားသော အမှာများက များပြားသည့် အတွက်ကြောင့် ထိုအိုးလေးနှင့် သူ ဘယ်လိုလုပ် ချက်နိုင်ပါမည်နည်း။

မှာယူသူတို့ အိုးတစ်လုံးက သေးငယ်သည့် အိုးဖြစ်ပြီး သူတို့၏အိုး ၅ လုံးသည် ဝမ်ရှန်း ချက်ပြုတ်မည့် အိုးကြီး၏ တစ်အိုးစာရှိမည် ဆိုပါက မှာယူသူ အိုး ၂၀ အတွက် အနည်းဆုံး ချက်ပြုတ်ရန် အိုးကြီး ၅ လုံး လိုအပ်ပေလိမ့်မည်။

သို့သော် ထိုကဲ့သို့ ဆိုလျှင်ပင် အချိန် အကန့်အသတ်ကြောင့် ဝမ်ရှန်းသည် တစ်ရက်တည်းတွင် ၅ အိုးမချက်နိုင်။

သူ မည်သူ့ကို အရင် ပေးရမည်နည်း…

ထိုအရာသည် နောက်မှရသည့် လူများကို စော်ကားရာ ရောက်သွားနိုင်သည့် ပြဿနာပင် ဖြစ်၏။ ဤနေရာသည် ဝူရုံမြို့ ဖြစ်သည်။ ဤမြို့တွင်းမှ လူများသည် သူ မြို့ပြင်ဘက်၌ စော်ကားခဲ့သည့် လူများနှင့် သေချာပေါက် ကွဲပြားပေသည်။ မြို့အတွင်းပိုင်းတွင် ကြေးစား ၂၀ ကျော်ရှိ၏။ သူတို့ အားလုံးသည် အရိပ်မိန်းမစိုး သို့မဟုတ် ဟန်ဘင်းလီ အဆင့်ကဲ့သို့ ရှိပေမည်။ ထို့ကြောင့် သူ၏လက်ရှိ အဆင့်ဖြင့် သူတို့အား ရင်ဆိုင်ရန် မလုံလောက်သေးပေ။

ဝမ်ရှန်း စိတ်အိုက်စွာ မချိပြုံး ပြုံးလိုက်ပြီး ခေါင်းမော့ လိုက်သည့် အချိန်တွင် အဝေးမှနေ၍ သူ့အား ပြန်ပြုံးပြနေသည့် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းအား သူ မြင်လိုက်ရသည်။

ဝဝဖြိုးဖြိုးနှင့် အိမ်တော်ထိန်းသည် ပြုံးကာ ဝမ်ရှန်းအား နွေးထွေးစွာ နှုတ်ဆက် လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ”

“မင်း မနေ့တုန်းက အရသာရှိတဲ့ အစားအသောက် တချို့လုပ်ခဲ့ပြီး မြို့တွင်းမှာရှိတဲ့ လူတစ်ဝက်လောက်က အဲ့အနံ့ကြောင့် မင်းကို ချီးကျူးကြတယ်လို့ ကြားတယ်”

အိမ်တော်ထိန်းသည် အနည်းငယ် ထေ့ငေါ့သည့် လေသံဖြင့် –

“ကောင်းပါတယ်။ ဒါပေမယ့် တစ်ခုခု စားတာကို ဘာလို့ ဒီအစ်ကိုကြီးကို မခေါ်တာလဲကွ”

အိမ်တော်ထိန်းသည် လာသည်နှင့် သူ့ကိုယ်သူ အစ်ကိုကြီးဟု ပြောခဲ့၏။ ဤကဲ့သို့ ရင်းနှီးမှုမျိုးကို ဝမ်ရှန်း ရိုးနေပြီ ဖြစ်သည်။ အိမ်တော်ထိန်းအား ကြည့်ကာ ဝမ်ရှန်း၏ စိတ်အိုက်သော အပြုံးသည် ပိုပို၍ ပြင်းထန်လာခဲ့၏။

သူသည် လမ်းထဲမှ လူများနှင့်ပင် ခေါင်းခြောက်နေပြီ ဖြစ်၏။ သို့သော် ယခုအချိန်တွင် အိမ်တော်ထိန်းမှ ထပ်မံ ရောက်ရှိ လာပြန်ပြီ။ သူ၏ စောင့်ကြည့်မှု နောက်တွင်လည်း မြို့အရှင် ရှိနေပေမည်။ ထိုထဲတွင် သူ ဆန့်ကျင်၍ မရသည့် လူများလည်း များပြားစွာ ရှိပေသည်။

“ကျွန်တော်က ဒီတိုင်း စမ်းကြည့်ရုံပါပဲ”

ဝမ်ရှန်းမှ စတင်၍ ညည်းတွား လိုက်သည်။

“ရလဒ်ကတော့ မဆိုးပါဘူး။ ဒါပေမယ့် စွပ်ပြုတ်က အသစ် ဖြစ်နေတာကြောင့် အရသာက လုံလောက်အောင်တော့ မကောင်းသေးဘူး။ နောက်ထပ် ရက်နည်းနည်းလောက် ထပ်ချက်ပြီး သွားရင်တော့ အရသာ ပုံမှန်ဖြစ်သွားမှာပါ။ အဲ့ချိန်ကျရင် ပိုကောင်းသွားပြီ။ ပြီးတော့ အဲ့ချိန်ကျရင် လူကြီးမင်းလည်း မြည်းစမ်းကြည့်လို့ ရပါပြီ”

“ဘာလူကြီးမင်းလဲ၊ ငါက အစေခံ တစ်ယောက်ပါပဲ”

အိမ်တော်ထိန်း၏ သဘောထားသည် အံ့သြဖွယ် ကောင်းစွာပင် အလွန် နှိမ့်ချတတ်ပေသည်။

“နောက်ကျရင် မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ရတယ်၊ ဘာ လူကြီးမင်းမှ ခေါ်မနေနဲ့။ မဟုတ်ရင် မင်းက ငါ့ကို မျက်နှာသာ မပေးတာပဲ”

“အစ်ကိုကြီး”

ဝမ်ရှန်းမှ ချက်ချင်း အခေါ်အဝေါ် ပြောင်းလိုက်၏။ ဝမ်ရှန်းသည် အစောပိုင်း၌ သူ တွေးနေသည့် ပြဿနာအကြောင်းကို ပြန်တွေးမိသွားကာ အိမ်တော်ထိန်းအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။

ထို့နောက် “အစ်ကိုကြီး၊ ကျွန်တော့်မှာ ပြဿနာ နည်းနည်းလေး ရှိနေလို့။ အစ်ကိုကြီး ကျွန်တော့်ကို ကူညီပေးနိုင်မလား”
***

Comment

Leave a Reply

Options

not work with dark mode
Reset